လင်းငယ် - ဗာရာဏသီ ကျောက်ဖြူ - ပစ္စုပ္ပန် အတိတ် နဲ့ အနာဂတ်



mapio.net မှ ကူးယူပါသည်။

ဗာရာဏသီ ကျောက်ဖြူ - ပစ္စုပ္ပန် အတိတ် နဲ့ အနာဂတ်
လင်းငယ်

(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၈

ကျနော် ကျောက်ဖြူရဲ့လက်ရှိအမြင့်ဆုံးလူနေအဆောက်အဦဖြစ်တဲ့ ဗာရာဏသီဟိုတယ်အမိုးပေါ်မှာ ရောက်နေတာ ပဲ။ အပေါ်ကိုရောက်နေရင် လူတွေဟာ အောက်ကိုသာကြည့်ကြတာမို့ ကျနော်လည်း ကြည့်ဖြစ်လိုက်ပါတယ်။ အောက်မှာနေခဲ့ရစဉ်တုန်းကတော့ ဒီအမိုးပေါ်ကို တက်ကြည့်ချင်စိတ်ပေါက်မိတာခဏခဏပါ။ အခု အမိုးပေါ်က ကြည့်မိတော့ မြင်ကွင်းတချို့ မြင်ရတယ်။ မြင်ကွင်းတွေထဲက လူတွေကတော့ သူ့ဘာသာ သူ့အလုပ် သူလုပ်နေကြ တာပါပဲ။ ကျနော်ကတော့ ကြည့်သူပီပီ မြင်တာကို တွေးကြည့်မိရုံပါပဲ။

အချိန်က မနက် ၈ နာရီကျော်ကျော်မှာ ဆောင်းဝင်စ၊ မိုးကလည်း ထူးထူးခြားခြားအုံ့မှိုင်းတဲ့ နေ့တနေ့ပေါ့။ ကလေး တွေ စာစီစာကုံးရေးသလို နေမင်းကြီးက အရှေ့အရပ်က ပြူထွက်လာသည်ဆိုတာမျိုးမရှိပါဘူး။ မိုးအုံ့နေတာကိုး။ မိုးအုံ့နေလို့လည်း ကျနော်ဟာ မြင်ကွင်းတွေကို နေပူဒဏ်မခံရဘဲ၊ အာရုံအထူးမစိုက်ရဘဲကြည့်နိုင်တာပါ။ အထူး သဖြင့် ဒီအချိန်ဆိုနေအလင်းတွေလာတတ်တဲ့အရှေ့အရပ်ကို တည့်တည့် ကြည့်ဖို့ က အကြာကြီးလုပ်လို့ မရပါဘူး။ အခုတော့ဖြင့် ကျနော်ဟာ အကြာကြီး (နာရီဝက်နီးပါးလောက်ကို) လက်ထဲမှာ ရေနွေးကြမ်းခွက်ကိုင်ရင်း ရပ်ကြည့် နေမိပါတယ်။ တယောက်တည်းဆိုတော့ ကိုယ့်ဘာသာ ပြန်ပြီး မေးခွန်းထုတ်၊ အဖြေရှာကြည့်နဲ့အတွေးနဲ့သာ နေရပါ တယ်။ စိတ်လိုလက်ရရှိလာတော့ မြင်ကွင်းကိုကြည့်ရင်း ဝင်းကိုခိုင်ရဲ့ပင်လယ်လမ်းကို ယူကျူ့ကဖွင့်ပြီး တခေါက်နား ထောင်ရင်း ခပ်တိုးတိုးလိုက်ငြီးမိပါသေး တယ်။

အရှေ့အရပ်ကို ကိုးဆယ်ဒီဂရီမျက်နာမူထားရင် ဘယ်ဘက် ၄၅ ဒီဂရီလောက်မှာ အဆောက်အဦ တော်တော်မြင့်မြင့် ၃ ခုမြင်ရပါတယ်။ အနီးဆုံးက နောက်ထပ်ဟိုတယ်တလုံး၊ နောက်တခုက ဘာမှန်းမသိတဲ့ ပုံစံဆန်းဆန်းအဆောက် အဦနဲ့ အဝေးဆုံးမှာက ကုမ္ပဏီအဆောက်အဦတခုကို ကျနော့်နေရာကကြည့်ရင် အစဉ်လိုက် မြင်ရပါတယ်။ ညာ ဘက် ၁၃၅ ဒီဂရီလောက်မှာတော့ ဆောက်လက်စ ၄ ထပ်တိုက် ရှိပါတယ်။ လေးထပ်တိုက်ကိုလွန်ရင် နောက်ထပ် ဆောက်လက်စအဆောက်အဦနဲ့အပြာရောင် အမိုးအသစ်တွေမိုးထားတဲ့ အဆောက်အဦအစုကို မြင်ရပါတယ်။ ဆေး ရုံနဲ့ဝန်ထမ်းတွေနေဖို့ တိုက်ခန်းတွေ ဆောက်လုပ်နေတာပါ။

တည့်တည့်ကိုကြည့်မယ်ဆိုရင်တော့ ကျနော်နဲ့အနီးဆုံး အောက်နားမှာ (ကျနော့ နေရာကနေဆို ခေါင်းမိုးသာမြင်ရ တဲ့) အရင်ခေတ်က အရာရှိ နေအိမ်လိုမျိုး အုပ်ကြွပ်မိုးထားတဲ့ တစ်ထပ်တိုက်ပုလေးရှိတယ်။ ပြီးရင် မြေကွက်လပ်နဲ့ ခြင်းခတ်တဲ့ ကစားကွင်းသေးသေးတခု။ တိုင် ၂ တိုင်မှာ ပိုက်တခုတွဲထားလို့သာ ခြင်းခတ်တယ်လို့ခန့်မှန်းရတာ။ သစ်ပင်တွေကတော့ အုံ့ဆိုင်း ပြည့်ကျပ်နေတယ်။ နည်းနည်း ဆက်သွားရင် အလုပ်သမားတန်းလျားဆိုတာသိသာတဲ့ ခေါင်းမိုးမဲမဲ အလျားလိုက်တန်းစီဆောက်ထားတဲ့အဆောက်အဦတွေကို မြင်ရတယ်။ ဟိုဘက်ကိုလွန်ရင်တော့ မြစ် ကမ်းနားရောက်သွားပြီ။ ကြားထဲမှာတော့ သစ်ပင်တွေခပ်စိပ်စိပ်နဲ့ အိမ်ခေါင်မိုးညိုမွဲမွဲတွေကို မြင်ရတယ်။ ပိုပြီး သိ သာတာက သူတို့နေတဲ့ပတ်ဝန်းကျင်မှာက မြက်တွေ ခြုံတွေ တောထနေပြီး ရှင်းထားတာမရှိဘူး။ သေချာကြည့် လိုက်ရင် ယိုင်နဲ့နဲ့ ရေလောင်းအိပ်သာ ၃ လုံးကိုပါ တွဲလျက်လိုင်းခန်းတွေနဲ့ ခပ်လှမ်းလှမ်းလေးမှာ မြင်ရမယ်။

မြစ်ထဲကိုကြည့်လိုက်ရင်တော့ လှေဆိပ်ကို မြင်ရမယ်။ လှေဆိပ်ဆိုတာကလည်း ရောက်ဖူးတာရယ်၊ လှေတချို့ကပ် ထားတာရယ်ကို မြင်ရတာကြောင့်သာ ပြောနိုင်တာ။ တစိမ်းတယောက်ဆို တံငါရွာလို့ထင်ကောင်းထင်မှာ သေချာ တယ်။ လှေတွေဆိုတာကလည်း ကိုယ့်ရပ်နေတဲ့နေရာကကြည့်ရင် တကယ့် သေးသေးမွှားမွှားလေးတွေဖြစ်တဲ့ အပြင် ခေတ်မီတဲ့ပုံစံတချက်မှမထွက်တဲ့ လှေအဟောင်းတွေလို့ မြင်ရတယ်။

အခုထိက ကျနော်မြင်ရတဲ့မြင်ကွင်းကိုပဲပြောပြဖို့ကြိုးစားနေတာ။ ပြောပြရတာအားတော့မရဘူး။ ဒါနဲ့ ဖုန်းကင်မရာကို ထုတ်ပြီး ဗီဒီယိုရိုက်ထားလိုက်တယ်။ ဒါမှ နောက်ပိုင်း ပြန်တွေးရင်းကြည့်လို့ရမလား၊ ပြန်ကြည့်ရင်း တွေးလို့ရမလား လို့ စဉ်းစားမိလို့ပဲ။

တကယ်တော့ ကျနော်ဒီနေရာမှာ အခုလိုအပေါ်စီးကကြည့်ခွင့်ရတာကိုက အခွင့်ထူးခံဖြစ်နေလို့ပဲ။ သူများတွေနဲ့နှိုင်း ယှဉ်ရတာကို ကျနော်မကြိုက်ဘူး။ ဒါပေမဲ့ အခုဒီမှာရပ်ကြည့်နေရတဲ့အခိုက်အတန့်ကိုဖြင့် ကျနော် နှိုင်းယှဉ်လိုက် တယ်။ ကျနော့်ကိုယ်ကျနော်လည်း မာန်တက်လိုက်မိတယ်။ အခုလိုမနက်ခင်းမျိုးမှာ အေးအေးလူလူကော်ဖီသောက် ရင်း ရေနွေးကြမ်းလေးငုံရင်း နေထွက်ချိန်ရှုခင်းကို လူဘယ်နှယောက် (အထူးသဖြင့် ဒီမြို့ကလူတွေ) က ကြည့်ဖို့ အခွင့်အရေး ရနေမှာမို့လဲလေ။

လူတွေကတော့ ကျနော်ကြည့်နေတာ သိချင်မှသိမယ်။ သေချာပါတယ်။ သိမှာမဟုတ်ပါဘူး။ ဒါက အရေးတော့ လည်း သိပ်မကြီးပါဘူး။

ကျနော်ဟာ ရှေ့တည့်တည့်ကမြင်ကွင်းနဲ့ ဘေးဘီက မြင်းကွင်းနှစ်ခုကို နှိုင်းယှဉ်ကြည့်မိတော့ ခေတ်နှစ်ခေတ်ကို တခါတည်းရောက်သွားသလို ခံစားရပါတယ်။ ရှေ့တည့်တည်က မြင်ကွင်းဟာ ဟောင်းနွမ်းဆွေးမြေ့ပြီး ခေတ် နောက်ကျနေတဲ့ စိတ်ပျက်ဖွယ် မြင်ကွင်းပဲ။ ကျနော့ဘေးနား မှာသာ ရှေ့မီနာက်မီ လူကြီးတယောက်လောက်ရှိရင် မေးခွန်းတခုတော့ ကောက်မေးမိလိုက်မှာပဲ။ ဒီအဆောက်အဦ အဟောင်းအနွမ်းတွေဟာ ဘယ်ခေတ်ကဆောက်ခဲ့ တာလဲ၊ ကိုလိုနီခေတ်ကတောင် ဒီထက်ကြည့်ပျော်ရှုပျော် ရှိမယ်ထင်တယ်နော် လို့ မေးလိုက်မိမှာ သေချာတယ်။ တကယ်လည်း သိချင်မိတာပါ။

ကုန်ခဲ့တဲ့ ဆယ်စုနှစ် ၇ ခုလောက်ကို ပြန်ကြည့်ရင် ဘာတွေများ ပြောင်းလဲခဲ့သလဲ။ ကျနော်မြင်ရတဲ့ မြင်ကွင်းလေး ကတော့ ထူးထူးခြားခြား ပြောင်းလဲခဲ့မည်မထင်။ သို့သော် အပြောင်းအလဲ၏အရိပ်အငွေ့တွေတော့ တန်လျားဟောင်း လေး ရကောင်းရနေမယ်။ သူ့ဘေးနားမနီးမဝေးမှာ ဝန်းထမ်းအိမ်ရာအပါအဝင် အဆောက်အဦအသစ်တွေက ညာသံ ပေးချီတက်လာနေသည်ဟု ပြောလို့ရနိုင်တယ်။ တဆက်တည်းမှာပဲ ညာဘက်က ဝန်ထမ်းအိမ်ရာ တိုက်ခန်းအသစ် ကြီးပြီးသွားရင် ဝန်ထမ်းတန်းလျားမှာနေတဲ့သူတွေ အဆင်ပြေသွားကြမှာလား၊ ဒါမှမဟုတ် အခြားသူတွေပဲ တိုက် သစ်ကြီးမှာတက်နေကြမှာလားလို့ တွေးမိတယ်။ အစိုးရကဦးဆောင်တဲ့အခြေခံအဆောက်အဦလုပ်ငန်းတွေဟာ အခု နောက်ပိုင်းတွင် ပိုပြီးမြင်လာရတယ်။ ကောင်းခြင်းဆိုးခြင်းကို အပြည့်အဝမဝေဖန်လိုပေမယ့် ပိုပြီးလုပ်ဆောင်လာ တယ်လို့တော့ ပြောရင် ရနိုင်မယ်ထင်တာပဲ။ ဒီအပြောင်းအလဲ အတိုးအတက်တွေထဲ တန်လျားဟောင်းလေးမှ နေ တဲ့မိသားစုများဘဝပါ ပါဝင်ပါစေဟု မနက်လေအေးအောက်မှာ ကျနော်တယောက်တည်း ဆုတောင်းမိတယ်။

နောက်ထပ်အပြောင်းအလဲအရိပ်အယောင်ကတော့ ၄၅ ဒီဂရီကအဆောက်အဦတွေဆီက ပြနေတဲ့နိမိတ်ပုံပဲ။ စစ် တွေမှာမရှိတဲ့ကုမ္ပဏီအဆောက်အဦတွေ၊ ဟိုတယ်အကြီးစားတွေ (ဒီဒေသရဲ့အနေအထားနဲ့ ပြောတာပါ) ဒီမြို့မှာ ရောက်လာနေပြီ။ စိနတိုင်းသားတွေ စီပွားရေးလုပ်ကြဖို့ ညာသံပေးချီတက်နေပြီ။ တကယ်တော့ နေရာအသင့် ယူထားပြီးပြီလို့တောင် ပြောချင်ရင်ပြောနိုင်တယ်။ အနီးအနားက မြေကွက်တွေကို ဘယ်သူတွေဝယ်ထားကြလဲလို့ မေးမိတဲ့မေးခွန်းနောက်မှာ အဖြေတချို့ရှိချင်ရှိမယ်။

ဒီလိုဆိုတော့ ကျနော်ဟာ ကျောက်ဖြူကို တွေးကြည့်မိပြန်တော့။ နောက်ဆယ်စုနှစ်တချို့ကြာလာရင် တသွေးတမွေး နဲ့ ကိုယ့်ဘာသာ အထင်ကြီးတတ်တဲ့ စစ်တွေနဲ့ စိနတို့ တော်ကောက်ခံရတဲ့ ကျောက်ဖြူတို့ ဘယ်လိုရှိနေမလဲ။ ဘာ တွေကွာခြားနေမလဲ။ ကျနော်ခန့်မှန်းကြည့်ဖို့ ကြိုးစားပါတယ်။ အနည်းဆုံးတော့ ဒီနေရာမှာ ပဋိပက္ခတွေ ဟင်းလင်း ပွင့်နေတာမရှိဘူး။ နောက်ပိုင်းတော့ လာချင်လာနိုင်မှာပေါ့။ တအုံ့နွေး နွေးကိစ္စတွေကတော့ ရှိနေတာသဘာဝပဲ။ ဖြေရှင်းတတ်ရင်တော့ ရန်လိုမုန်ထားတဲ့မီးပွားတွေကင်းစင်မှာပဲ။ အဝေးကြီးကိုကြည့်ဖို့ ကျနော်တတ်ထားတဲ့ မျက်မှန် က မမြင်နိုင်ဘူး။ ကျနော်ကြည့်နေတဲ့မြင်ကွင်းအဆုံးဆိုတာက ပင်လယ်ပြင်ပြာလဲလဲနဲ့ မှုန်ရီဝေးဝါးသွားတဲ့ ကောင်း ကင်နဲ့ ပင်လယ်ဆုံရာလောက်အထိပဲ။ အဲ့ဒီ ကောင်းကင်နဲ့ပင်လယ်ပြင်ဆုံတဲ့နေရာရဲ့အလွန် ဟိုမှာဘက်မှာ ဘာတွေ ရှိနေမလဲ။ ဘာတွေကို ကိုယ်တွေဆီကိုလာဖို့ တာစူနေသလဲဆိုတာ တွေးကြည့်ရတာပင်ပန်းတာပဲ။

အဝေးကြီးမကြည့်တတ်တော့ ကျနော်ဟာ ကိုယ့်ဘာသာပဲ ပြန်ကြည့်လိုက်တော့တယ်။ ကျနော်ကိုယ့်ကျနော် အခွင့် ထူးခံလို့ထင်မိတာကို ပြောခဲ့တယ်။ တကယ်လည်း ကျနော်ကိုအခွင့်ထူးခံလို့အထင်ရောက်စေအောင် ကျနော့်အလုပ် ကပုံသွင်းပေးနေတာကိုး။ နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းလို့ နာမည်တပ်ထားတဲ့အဖွဲ့မှာ ဝန်ထမ်းတယောက် အနေနဲ့ အလုပ်လုပ်နေသူ၊ ခရီးသွားတိုင်း လေယာဉ်စီးရတယ်၊ ဟိုတယ်ခပ်ကောင်းကောင်းမှာ နေရတယ်။ ဇိမ်ကျ တယ်လို့တော့မပြောနိုင်ပေမယ့် သက်တောင့်သက်သာတော့ ဖြစ်စေတာအမှန်။ ဟိုနားဒီနား အလုပ်ကိစ္စနဲ့ခရီးသွား ရင် ဒေသခံတွေမျက်စိထဲမယ် ကားအကောင်းစားလို့ ပြောလို့ရတဲ့ ကားမျိုးတော့စီးရတယ်။ နယ်တွေကို လိုအပ်လို့ ဆင်းရရင်တော့ ကျောပိုးအိတ်ကိုမချတမ်း လွယ်ထား၊ ရေသန့်ဘူးကို လက်ကမချတဲ့ မြို့ကြီးသား စတိုင်နဲ့ အကျင့်ပါ နေပြီ။

အခုလည်း ကျနော်ဟာ ဒေသခံအဖွဲ့လေးတစ်ဖွဲ့ကို စီမံကိန်းဆွဲပေးဖို့ ရောက်နေတာ။ စီမံကိန်းခေါင်းစဉ်ကတော့ ဖွံ့ဖြိုး ရေးကို ဘယ်လိုဖော်ဆောင်မယ်ဆိုတာမျိုးပေါ့။ ကျနော့်အတွက်တော့ ရိုးအီနေပါပြီ။ ဒေသခံအဖွဲ့လေးတွေကတော့ အတွေ့အကြုံနည်းသေးတော့ တက်ကြွနေကြတယ်။

တကယ်လို့ စီမံကိန်းကိုအလှူရှင်အဖွဲ့ကသဘောတူရင် ထောက်ပံ့ ငွေကလည်း မြိုးမြိုးမြက်မြက်ရမယ်လေ။ ဒါပေမဲ့ ကျနော်တို့လိုဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေကို မေးခွန်းတွေ မမေးရဲပါ။ မေးလိုက်ရင် ကျနော့်အလုပ်ကိုထိခိုက်မှာ စိုးရိမ်ရပါသေးတယ်။ ကိုယ့်ဘာသာ တော့ ကျနော်လုပ်နေတာတွေက အမှန်တကယ်ပဲ ကျောက်ဖြူလို့ မြို့လေးပေါ် မှာ အရာထင်မှာလား။ ဒေသခံတွေရဲ့ပုံရိပ်တွေ ဘယ်လောက်ထိ ပြောင်းစေမှာလဲ။ ဒါမှမဟုတ် အပြောင်းအလဲတွေ အကြောင်းကို ဘယ်လိုခန့်မှန်းစေမှာလဲ။ မေးမိပါတယ်။ အဖြေရှာဖို့ ကျနော်မလုပ်တတ်ပါဘူး။ ကျနော် လုပ်တတ် တာကတော့ အခု ဒီစာကို ဟိုတယ်ခန်းထဲမှာထိုင်ရေးနေသလို အစီရင်ခံစာတွေ၊ ကြေငြာချက်တွေရေးတာနဲ့ ကြော် ငြာကောင်းစေမယ့် ဓာတ်ပုံမှန်တမ်းတချို့ ရိုက်ပေးတတ်တာမျိုးလောက်ပဲ။

မနက် ၉း၄၅၊ ကျောက်ဖြူ
၁၃ ဒီဇင်ဘာ ၂၀၁၈

Comments