ကျော်ကျော် (မြရည်စမ်း) ● သမီးဖြူကို အဆန်ခရီးအကြောင်း ပြောပြခြင်း

 ကျော်ကျော် (မြရည်စမ်း) ● သမီးဖြူကို အဆန်ခရီးအကြောင်း ပြောပြခြင်း
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၈

သမီးဖြူရေ ....
ဧည့်လမ်းညွှန်တတ်ယောက်အဖို့ ဝစနာလင်္ကာရဆိုတဲ့ နှုတ်မှုအတတ်ကို တတ်ကျွမ်းဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းကို ဖေ ဖေ ပြောမပြလည်း သမီးဖြူသိမှာပေါ့။  အဲဒီလောက်နဲ့တော့ ဖေဖေက ရပ်မနေစေချင်ဘူး။  ရှေးတုန်းက သမိုင်းတွေကို ဖတ် နေတဲ့အခါ အနားမှာမြေပုံလေးချထားသင့်သလိုပဲ တစုံတယောက်ကို လမ်းညွှန်မှုပေးပြီး စကားတွေပြောပြနေတဲ့အခါ မှာလည်း အဖြူနဲ့အမည်းထက်ပိုပြီး နှလုံးသားထဲက သိထားသင့်တယ်လို့ ဖေဖေယူဆမိပါတယ်။  အခြေအနေအရပ်ရပ်တွေ ကြောင့် အဖြူနဲ့အမည်းပဲပြောထွက်ရပေမဲ့ အဖြူနဲ့ဆက်စပ်တဲ့ ဆင်စွယ်ရောင်လေးတွေ၊ အဝါဖျော့ဖျော့လေးတွေကို သိထား သင့်တာပေါ့။  ပြီးတော့ အမည်းရောင်အကြောင်းပြောပြတော့မယ်ဆိုရင်လည်း မီးခိုးရောင်လေးကအစ၊ ညိုပုပ်ပုပ်ရောင်လေး ကအဆုံး စိတ်ထဲကသိနေသင့်တယ်လို့ ဖေဖေထင်ပါတယ်။

ခရီးစဉ်တစ်ခုအတွက် ဘယ်လိုယာဉ်ရထားကိုစီးစီး  ရည်ရွယ်ရာကိုရောက်ဖို့သာ အဓိကလို့ ဖေဖေယူဆမိပါတယ်။  မြေကြီး ပေါ်မှာဆိုရင်တော့ ကားနဲ့ရထားပေါ့။  ရေလမ်းခရီးဆိုရင်တော့ လှေ၊ သင်္ဘော။  ဝေဟင်ပေါ်မှာဆိုရင်တော့ လေယာဉ်ပျံကြီး။  ဘယ်လိုယာဉ်နဲ့မှ သွားချင်ပါတယ်လို့ ရွေးချယ်စရာမရှိတဲ့ခရီးတွေကိုလည်း ရှေ့ဆက်မယ့်လမ်းတွေမှာ သမီးဖြူ  ကြုံရအုံးမှာ ပါ။

ဒီနေ့မနက် ကိုးနာရီတိတိမှာ သမီးဖြူက "ရထားကြီးထွက်ပြီ ဖေဖေ့ရေ" လို့ ဖုန်းဆက်ခဲ့တော့ ရထားကြီးက ဘယ်ဆိုးလို့လဲ သတ်မှတ်ထားတဲ့အချိန်မှာ ထွက်ပေးနိုင်ခဲ့သားပဲလို့တွေးရင်း သမီးမေမေလက်ထဲကို ဖုန်းထည့်ပေးလိုက်ပါတယ်။  သမီးဖြူ မေမေကတော့ တစ်နေ့လုံးစီးလာရမယ့် အိမ်အပြန်ခရီးတစ်လျှောက် ရထားကြီးပေါ်မှာ နေပူနေ၊ အိုက်စပ်နေမှာ စိုးတယ် ထင်ပါရဲ့။  ဘယ်လိုနေ ဘယ်လိုထိုင် လှမ်းပြောနေသံ ကြားနေရတယ်။  ဖေဖေကတော့ အဲတာတွေကို လုံးဝမပူပန်မိတော့ပါ ဘူး။  သမီးဖြူက ဧည့်လမ်းညွှန်တစ်ယောက်ရဲ့ဘဝကိုတောင် ရွေးချယ်ခဲ့ပြီးပြီပဲ။  နေပူတာလောက်တော့ စာဖွဲ့စရာမလိုတော့ ဘူးလို့ သတ်မှတ်ပေးထားလိုက်ပါပြီ။  သမီးဖြူစီးလာတဲ့ရထားဟာ သူထွက်မယ်လို့ကြေညာထားတဲ့အချိန်အတိုင်း ထွက်လာ နိုင်ခဲ့ပြီပဲ။  သမီးဖြူလည်း အဲဒီရထားနဲ့ လိုက်ပါမယ်လို့ဆုံးဖြတ်ပြီး လိုက်ပါလာခဲ့ပြီပဲ။

ရထားပြတင်းပေါက်ကနေ မျှော်ကြည့်လိုက်ရင် ဖျတ်ခနဲ ဖျတ်ခနဲ ပြောင်းလဲသွားရတဲ့ ရှုမျှော်ခင်းတွေကို သမီးဖြူ ကြည့်လာခဲ့ လိမ့်မယ်။  နေခြည်နုနုလေး ကျလာကာစ မြင်ကွင်းတွေကစပြီး နေခြည်ရင့်လာတဲ့အထိ တဖြည်းဖြည်းပြောင်းလဲလာတတ်တဲ့ ရှုမျှော်ခင်းတွေရဲ့ အနေအထားကို သမီးဖြူ ဆင်ခြင်လာခဲ့မိလိမ့်မယ်။  တစ်ဘူတာနဲ့ တစ်ဘူတာကြားမှာ အမှတ်မထင်မြင်တွေ့ ရတဲ့ လူမှုဘဝ မြင်ကွင်းတွေဟာ အမှတ်သညာထဲမှာ မသိလိုက်ဘဲ တွယ်ငြိနေခဲ့လိမ့်မယ်။  ဘဝတူ ရထားစီးခရီးသည်တွေကို ကြည့်မိတဲ့အခါ မတူကွဲပြားတဲ့ ဟန်ပန်အမူအရာတွေရှိနေကြတာကို သတိထားမိလာလိမ့်မယ်လို့ ဝမ်းသာနေမိတယ်။  အဲ တာတွေဟာ သမီးဖြူအတွက် ခရီးကပေးတဲ့ ဘဝအသိတွေပါပဲ။  ရထားပြတင်းပေါက်နေ နေရောင်ပူပူတွေ ဝင်လာတတ်တာ ကိုလည်း ဖေဖေသိပါတယ်။  အဲဒီနေရောင်ပူပူကို လက်လေးနဲ့ မခို့တရို့ ကာပြီး ပြတင်းအပြင်ဖက်ကို လှမ်းကြည့်မိတဲ့အခါ နေပူစပ်ခါးမှာ သွားလာလှုပ်ရှားနေကြသူတွေကို သမီးဖြူ မြင်မိလိမ့်မယ်။  အဲသည်အချိန်လေးမှာ မခို့တရို့ ကာထားတဲ့ လက်ကိုဖြုတ်ချ၊ အခိုက်အတန့်လေးဝင်လာတတ်တဲ့ နေရောင်ပူပူကို ရဲရဲရင်ဆိုင်ပြီး နေပူစပ်ခါးက ဘဝတွေထဲကို စိတ်ကူးနဲ့ ဝင်ကြည့်စေချင်မိပါတယ်။ စားပွဲနဲ့ကုလားထိုင်ကြားက စာအသိတွေနဲ့ရထားပြတင်းက မြင်လိုက်ရတဲ့ဘဝအသိတွေကို ယှက် လိမ် တွေးဆ စေချင်မိပါတယ်။
     
သမီးဖြူလိုက်လာတဲ့ ရထားဟာ စစ်ကိုင်းတံတားပေါ် ဖြတ်ပြီဆိုရင်ကိုပဲ စပြီးတော့ အတွေးတွေပွားနိုင်ပါပြီလေ။  စစ်ကိုင်း တောင်ရိုးပေါ်က ဆွမ်းဦးပုညရှင်စေတီတော်ကို ရထားကြီးပေါ်က လှမ်းပြီးတော့ ဖူးမြော်ကြည်ညိုနိုင်နေပြီ။  ဖူးမြော်ရုံနဲ့ ပြီး ရော့တဲ့လား။  ဆွမ်းဦးပုညရှင်စေတီတော်ကို ဘယ်နှခုနှစ်က ဘယ်မင်းက တည်ထားခဲ့သလဲဆိုတာကို သမီးဖြူ  စဉ်းစားရ လိမ့်မယ်။  စဉ်းစားကြည့်လို့ မသိတဲ့အခါမှာ သိအောင်ကြိုးစားရလိမ့်မယ်။  ကသိုဏ်းဝန်းထဲမှာ မြင်နိုင်တဲ့အရာတစ်ခုလည်း ရှိနေလိမ့်မယ်။  အဲတာက ရုပ်/သံလွှင့်တိုင်ကြီးပေါ့။  အဲဒီရုပ်/သံလွင့်တိုင်ကြီးကို ဘယ်နှခုနှစ်လောက်က တည်ဆောက်ခဲ့ကြ တာလဲ။  ဘယ်လို အစိုးရမျိုးအုပ်စိုးနေတဲ့ကာလလဲ။  အဲဒီအချိန်မှာ နိုင်ငံသူ နိုင်ငံသားတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ ရေး၊ ပညာရေးတွေအပေါ် အစိုးရရဲ့ထောက်ပံ့ပေးမှုက ဘယ်လိုလဲ။  ဖြေဖျော်ရေး တစ်ခုလည်းဖြစ်နိုင်သလို အစိုးရရဲ့ ဝါဒ ဖြန့်ချိရေးတစ်ခုလည်း ဖြစ်နိုင်တဲ့ ရုပ်မြင်သံကြားအပေါ်မှာ နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်အားထက်သန်မှုက ဘယ်လိုလဲဆို တာကို သမီးဖြူ ဆက်ပြီးစဉ်းစားသင့်တယ်။

နောက်ထပ်ဆက်ပြီး စူးစမ်းသင့်တာက အဲဒီကာလရဲ့ နောက်ပိုင်းမှာ ရုပ်မြင်သံကြားကနေ ဘယ်လိုဖြေဖျော်ရေးအစီအစဉ် တွေနဲ့ ပြည်သူလူထုကို အပန်းပြေစေခဲ့သလဲ။  ဒါမှမဟုတ် မှိုင်းမိစေခဲ့သလဲဆိုတာကိုပေါ့။  စိတ်ဆိုတာ မြန်လွန်းတယ်တဲ့။  အတွေးဆိုတာကလည်း တွေးတဲ့သူအပေါ်မူတည်ပြီး ကျယ်ပြန့်သွားနိုင်တာပါပဲ။  သမီးဖြူအနေနဲ့ ရထားပေါ်မှာနေနေရင်းနဲ့ စစ်ကိုင်းတောင်ပေါ်ကို စိတ်နဲ့ဖျတ်ခနဲ ရောက်သွားနိုင်တာပေါ့။  စစ်ကိုင်းတောင်ပေါ်ကနေ ဧရာဝတီမြစ်ကြီးထဲကိုတောင် လှမ်းငေးပြီး နေနိုင်သေးတယ်။  ဧရာဝတီထဲကထွက်လာပြီး ဧရာဝတီထဲ ပြန်ငုပ်သွားတဲ့ နေမင်းကြီးကအစပြုလို့ ဘုန်းမီးနေလတောက်ပခဲ့ကြဖူးပါတယ်ဆိုတဲ့ သမိုင်းစာမျက်နှာတွေကနေ အဖက်ဖက်ကနိမ့်ကျသွားတဲ့ အနေအထားအထိ အတွေးတွေ ပွားနေလို့ရပါတယ်။ ဧရာဝတီမြစ်ထဲကို လှမ်းကြည့်လိုက်ရုံနဲ့ မြစ်တွေရဲ့ ဝင်္ကန္တသဘောကို နားလည်စပြုလာလိမ့်မယ်။

စစ်ကိုင်းတံတားကြီးပေါ်ကနေ လွန်ခဲ့တဲ့နှစ်က ဖေဖေဖြတ်ခဲ့ရတော့ ဆရာမင်းသစ်ရဲ့ စစ်ကိုင်းအက်ပီဂရမ် ကဗျာရှည်တစ်ပိုင်း တစ်စ ရွတ်ဖတ်ခဲ့ဖြစ်တာကို အခုစာလေးရေးရင်းနဲ့ သတိရနေမိပြန်တယ်။  ရထားက အခုသမီးဖြူစီးလာတဲ့ အဆန်ရထားလို နေ့ရထားတော့ မဟုတ်ဘူးပေါ့။ မန္တလေးဘူတာကြီးကနေ ရက်ပျက်ထွက်တဲ့ ညရထားကြီး။  ဘယ်လိုဆိုဆို အပြင်ကိုမြင်ရတာ မမြင်ရတာအပထား လွမ်းချင်သတိရချင်အောက်မေ့ချင်ရင်တော့ နေရာတိုင်းအချိန်တိုင်းဟာ ဒိုင်ယာရီစာမျက်နှာတွေပါပဲ။

ဆရာမင်းသစ်ကလေ...
"ခုနစ်စင်ကြယ်ပြောင်
အမြှီးထောင်လို့
 သန်းခေါင်ကျော်လို့ သန်းလွဲ
 ကြယ်မှုန်ဖွဲဖွဲ
လရောင်မွဲမွဲအောက်မှာ
ဧရာဝတီပေါ်က  လှေငယ်တစ်စင်း
အင်းဝဘက် တဖြည်းဖြည်းချဉ်းကပ်
ယင်းရဲငူ ကျောက်ဆောင်ဆိပ်မှာ
ရိပ်ခနဲ ခုန်ပျံလွှား
ဗိုလ်တက်ပြားဆိုတဲ့ ပစ္စည်းမဲ့ရွှေတိုက်စိုး
မိုးလင်းမှ စစ်ကိုင်းကိုပြန်
သူ့နည်း သူ့ဟန်နဲ့ တော်လှန်ရေးလုပ်
ဟုတ်ကဲ့ ....
ကျွန်ုပ် ဦးညွတ်လိုက်ပါတယ်"   တဲ့။

ရထားပြတင်းဝကနေ မှောင်မည်းနေတဲ့ ဧရာဝတီမြစ်ပြင်ကို ငေးမောကြည့်ရင်း သူ့နည်းသူ့ဟန်နဲ့တော်လှန်ရေးလုပ်သွားတဲ့ဗိုလ်တက်ပြားနဲ့ ဆရာမင်းသစ်တို့ကို သတိရနေမိခဲ့တယ်။  ဖေဖေပြောလိုရင်းက အတွေးတွေဟာ ဆက်စပ်ကျယ်ပြန့်သွား တတ်တဲ့ အကြောင်းပေါ့။  ခဏလေးနေရင် သမီးဖြူရဲ့ရထား ငါးမည်ရတဲ့ရွှေဘိုမြို့ကြီးရဲ့ဘူတာကိုပဲ ဝင်တော့မယ်လေ။

မြို့ရဲ့ပြယုဂ်တစ်ခုလိုဖြစ်နေတဲ့ ကန်တော်ရယ် ထန်းတောညို့ညို့တွေရယ်ကိုမြင်လာခဲ့ရပြီး ဒံပေါက်ပူပူလေးရမယ်ဆိုတဲ့ အသံနဲ့အတူ ရထားပြတင်းဝကနေ ဈေးသည်လေးတစ်ချို့ ဟီးလေးခိုလိုက်လာတတ်တာမျိုးကို ကြုံရတတ်ပါတယ်။ ကန်တော်ရဲ့ရေအနေအထားကို ဖေဖေမမှန်းဆတတ်ပေမဲ့ ထန်းတောတွေဟာ ဖေဖေတို့ငယ်ငယ်တုန်းကလောက် မညို့မှိုင်း မအုံ့ဆိုင်းနေတော့မှန်း ဖေဖေမြင်ခဲ့ရပြီးပါပြီ။  သမီးဖြူ အခုမြင်ရတာက တန်ဖိုးရှိလွန်းတဲ့ "ထန်း" ကို ကမ္ဘာ့ဈေးကွက်ဝင်အောင် မတင်တတ်ကြတော့ (အစိုးရရဲ့အထောက်အပံ့ကလည်း အားနည်းခဲ့တော့) ထန်းလျက်နဲ့အချိုကုန်ခဲ့ရာကစပြီး ပါးလျသွားတဲ့ အနေအထားပေါ့။  မိရိုးဖလာထန်းလုပ်ငန်းဆောင်ရွက်သူ လူငယ်အများစုကလည်း ရေကြည်မယ် မြက်နုမယ် ထင်တဲ့နေရာ တွေကို စမ်းတဝါးလျှောက်သူလျှောက်ရင်း နေရပ်ပြန်လာချိန်မှာ တောပျောက် တောင်ပျောက်ဘဝတွေ မနည်းခဲ့ရှာပါဘူး။  သူတို့ကိုတော့ အပြစ်မဆိုသာဘူးလို့ ဖေဖေက ယူဆပါတယ် သမီးဖြူ။ ။

နေရောင်ပူပူတွေကြားမှာ သမီးဖြူ  ငေးခနဲမှေးခနဲ တရှိုက်လောက်ရသွားတတ်သေးတယ်။  "ခေါပုတ်ရမယ်၊ ပေါင်းတင်းရမယ်" ဆိုတဲ့ ဈေးသည်လေးတွေရဲ့အသံ။  "ခေါက်စားပွဲလေးတွေရမယ်၊ ခေါက်ကုလားထိုင်လေးတွေ ရမယ်" ဆိုတဲ့ ဈေးသည်လေး တွေရဲ့ အသံတွေကြားမှာ နိုးလာခဲ့ပြီဆိုရင်တော့  အဲတာကောလင်းဘူတာပေါ့။  မီးရထားနဲ့မြောက်ဘက်တောင်ကုန်းဒေသဆီကို ခရီးသွားရပြီဆိုရင်တော့ ကောလင်းဘူတာဟာ မီးရထားသွားလာရေး နည်းဥပဒေအရ တောင်ပေါ်ခရီးအစပေါ့။  အဲဒီ ဘူတာမှာ သမီးဖြူလိုက်ပါလာတဲ့ ရထားကြီးရဲ့ ကြံ့ခိုင်မှုကို မီးရထားတွဲစစ်တွေက သေသေချာချာ စစ်ဆေးကြပါလိမ့်မယ်။  တောင်အဆင်းအတက်တွေ ကြုံလာတော့မှာမို့ ရထားတွဲအောက်ပိုင်းကြံ့ခိုင်မှုတွေကို ဦးစားပေးပြီး စစ်ဆေးကြလိမ့်မယ်။  နောက်တစ်ချက်ကတော့ ယာဉ်ရထားဆိုတာ နှေးနှေးပဲသွားသွား မြန်မြန်ပဲသွားသွား ရပ်တံ့ဖို့လိုအပ်လာပြီဆိုရင် အချိန်မီ ရပ်တံ့နိုင်ရမှာမို့ ဘရိတ်တွေကိုလည်း စစ်ဆေးကြလိမ့်မယ်။  ရှေ့ဘူတာက သမိုင်းမှာ နာမည်တစ်လုံးရခဲ့တဲ့ ဝန်းသိုစော်ဘွား ဦးအောင်မြတ်ရဲ့ နယ်မြေပေါ့။  တကယ်တော့လည်း ကောလင်းနဲ့ဝန်းသိုဆိုတာ ဆက်စပ်မှုတွေ အများကြီးပါ။  အဲဒီအကြောင်း တွေကို သမီးဖြူဆီ နောက်ထပ်ရေးမယ့်စာတွေထဲမှာ ဖေဖေပြောပြဖြစ်မယ်ထင်ပါတယ်။  လူပုဂ္ဂိုလ်တစ်ယောက်ကို သမိုင်း အမြင်နဲ့ကြည့်ရင် တစ်ဖက်ထဲကြည့်လို့မရဘဲ ဘက်ပေါင်းစုံကနေကြည့်မှ အတော်ကျတဲ့ အကြောင်းလေးတွေလည်း ထည့် ရေးနိုင်မယ် ထင်ပါရဲ့။

ဝန်းသိုဘူတာကနေ ရထားဆက်ထွက်လာခဲ့မယ်ဆိုရင် သိပ်မကြာတဲ့အချိန်မှာ နမ်းခမ်းဘူတာကို ရောက်လိမ့်မယ်သမီးဖြူ။ အခု သမီးဖြူသွားရမယ့် ရထားခရီးမှာ ခက်ခက်ခဲခဲဖောက်လုပ်ခဲ့ရတဲ့ ရထားလမ်းပိုင်းနှစ်ခုရှိတယ်။ အဲတာက နမ်းခမ်း-ဘုံ ချောင်း လမ်းပိုင်းနဲ့ မော်ဟန်-ကာဒူ လမ်းပိုင်းပေါ့။  မြစ်တွေတင် ကွေ့သွားတတ်ကြတာမဟုတ်ဘဲ ရထားလမ်းတွေဟာလည်း ကွေ့သွားတတ်ရတယ်ဆိုတဲ့အကြောင်း သမီးဖြူ သိလာရမှာပေါ့။ အတားအဆီးတစ်ခုကို မထွင်းဖောက်နိုင်ခဲ့ဘူးဆိုရင် လည်း လှလှပပလေးတော့ ကွေ့သွားတတ်ရမယ်ဆိုတဲ့အသိကို ရထားစီးရင်းလည်း ဆင်ခြင်မိနိုင်တာပေါ့။ တစ်ချို့ကွေ့လေး တွေကျတော့ သပ်သပ်ရပ်ရပ်ခင်းကျင်းထားတဲ့ ကူးပြောင်းကွေ့ပြေပြေလေးကြောင့် ကွေ့သွားမှန်းကို မသိလိုက်ရသလိုပဲ ခံစားရလိမ့်မယ်။ တစ်ခုရှိသေးတယ်။ ရထားတွေဟာ ဒီဂရီကြီးမားတဲ့ ကွေ့ပေါ်မှာ ဖြတ်ရပြီဆိုရင် နှေးလို့လည်းမကောင်းသလို မြန်လို့လည်း မကောင်းပါဘူး။ သတ်မှတ်ပေးထားတဲ့ အမြန်နှုန်းနဲ့ ဖြတ်သန်းမှ စိတ်ချရသတဲ့။ အဲတာကတော့ လူ့ဘဝလိုပဲ နော်။ လူ့ဘဝလို့ ဆိုမှတော့ နိုင်ငံရေးလည်းပါတာပေါ့။ လူတွေရဲ့ ဆူကျုံနိမ့်မြင့်အနေအထားတွေအားလုံးဟာ နိုင်ငံရေးတွေပါ ပဲ။ ခေတ်အဆက်ဆက်ရဲ့ နိုင်ငံရေးကွေ့ဒီဂရီအပေါ်မှာ ဦးဆောင်မောင်းနှင်သူက ချိန်သားကိုက်မဖြတ်သန်းနိုင်ခဲ့ဘူးဆိုရင် ရထားတွဲနဲ့တူတဲ့လူနေမှုဘဝတွေဟာ သံလမ်းနဲ့တူတဲ့ နိုင်ငံသားတွေအပေါ်မှာ တတိတိပွန်းစားပစ်တတ်တာပေါ့လေ။ တိတိ ကျကျဖြစ်မယ်ဆိုရင် သံလမ်းတွေမပွန်းစားသလို ရထားကြီးလည်း လမ်းမချော်နိုင်တော့ဘူးပေါ့။

နမ်းခမ်းဘူတာနဲ့ဘုံချောင်းဘူတာကြားမှာ ရထားကြီးခုတ်မောင်းနေတဲ့အခါ လက်နဲ့လှမ်းထိလို့ရလောက်တဲ့ ကျောက်နံရံကြီး တွေကို သမီးဖြူတွေ့ရလိမ့်မယ်။ တစ်ဖက်မှာတော့ ငုံ့ကြည့်လိုက်တဲ့အခါ ခပ်ရေးရေးချောင်းကွေးကလေးကိုသာ မြင်ရတဲ့ ချောက်ကမ်းပါးနက်နက်ကြီး ရှိနေလိမ့်မယ်။ သမီးဖြူ လိုက်ပါလာတဲ့ရထားကြီး ဖြတ်သန်းနိုင်ဖို့အတွက် လမ်းအင်ဂျင်နီယာ တွေက အကောင်းဆုံးလမ်းအူကြောင်းကို ရွေးချယ်ခဲ့ကြဖူးမှာပါ။ ဒါပေမဲ့လည်း လမ်းကြောတအားခက်ခဲတဲ့အခါ အဆိုးဆုံး အနေအထားတွေထဲက အကောင်းဆုံးအနေအထားကို ရွေးချယ်ဖောက်လုပ်ပေးခဲ့ကြမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါ ဘူး။ လမ်းပိုင်းအနေအထားဟာ လုံးဝရာနှုန်းပြည့်စိတ်ချလုံခြုံတယ်လို့ ဖေဖေမဆိုလိုပါဘူး။ အကျပ်အတည်းတွေကြားမှာ အခက်အခဲတွေကြားမှာ ခရီးဆက်သွားဖို့ လိုအပ်လာတဲ့အခါ တစ်ဖက်မှာကျောက်ထရံ၊ တစ်ဖက်မှာ ချောက်ကမ်းပါးပေမဲ့ စွန့်စားခဲ့ရကြောင်းကို ဖေဖေပြောပြလိုတာပါ။ လူ့ဘဝတွေရဲ့ ခရီးရှည်ဖြတ်သန်းမှုဟာလည်း အဲဒီလိုပါပဲသမီးဖြူ။

ဘုံချောင်းဘူတာကနေ ရထားကြီးဆက်ထွက်လာတဲ့အခါ ဝါးရုံပင်ကြီးတွေ အပြိုင်းအရိုင်းပေါက်နေတဲ့ သစ်တောဝါးတောကြီး ကို မြင်ရလိမ့်မယ်သမီးဖြူ။ ဝါးရုံပင်ကြီးတွေနဲ့အတူ ကျွန်းပင်ကြီးတွေကိုလည်း မြင်နိုင်အုံးမယ်ထင်ပါတယ်။ တစ်ချိန်တစ်ခါ တုန်းကတော့ အခုထက်ပိုပြီး "တောကြီးဆိတ်ညံ" ဖြစ်ခဲ့ဖူးမှာပေါ့။ အခုမြင်နေရတာက လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက သစ်တွေဝါးတွေကို ညှာတာမှုကင်းကင်းနဲ့ ခုတ်ထစ်ရောင်းချခဲ့ကြလို့ မိတ်ကပ်လိမ်းထားသလိုသာ ကျန်နေတော့တဲ့ အနေအ ထားပါ သမီးဖြူရေ။ သစ်တောဌာနရဲ့ သုတေသနမှတ်တမ်းတွေအရရော ဒေသခံတိုင်းရင်းသားတွေရဲ့ မျက်ဝါးထင်ထင် အမြင်အရရော သစ်တွေဝါးတွေ အများကြီးပါးလျသွားပြီဆိုတာ ဘယ်လိုမှ မငြင်းပယ်နိုင်တော့ပါဘူး။ အဲသည်ခေတ်ကာလ တွေ တုန်းကဆိုရင် သမီးဖြူ  စောစောလေးကဖြတ်ခဲ့တဲ့ ဘုံချောင်း-နမ်းခမ်း ရထားလမ်းပိုင်းမှာ သစ်လုံးတင်စပါယ်ရှယ်တွဲဆိုင်းကြီးတွေ မရပ်မနားပြေးလွှားခဲ့ရတာပေါ့။ ဘုံချောင်း-နမ်းခမ်း ရထားလမ်းပိုင်းနဲ့ မော်ဟန်-ကာဒူ ရထားလမ်းပိုင်းဟာ ခုတ်မောင်းချိန်အတော်ကြာတယ်သမီးဖြူ။ အဲဒီတော့ သစ်လုံးတင်စပါယ်ရှယ်တွဲဆိုင်းကြီးတွေရဲ့ စုန်ဆင်းမှုကို အနှောက် အယှက်မဖြစ်စေဖို့ လူစီးရထားတစ်ချို့ဟာ ရောက်နေတဲ့ တစ်ဖက်ဘူတာမှာ ရပ်တံ့စောင့်ဆိုင်းပေးခဲ့ရဖူးတယ်။

သစ်လုံးတွေကိုတော့ ဘယ်ကုမ္ပဏီ၊ ဘယ်အဖွဲ့အစည်းတွေက ပိုင်ဆိုင်ကြတယ်ဆိုတာ အတွင်းလူတွေပဲ အစင်းသိနိုင်မှာပါ။ နောက်ပြီးတော့ အဲသည်သစ်လုံးတွေကို ရောင်းချလိုက်တဲ့ အမြတ်ငွေစစ်စစ်ဟာ ဘယ်သူတွေကို အကျိုးရှိစေခဲ့သလဲဆိုတာ အတွင်းလူတွေကမှ အစင်းသိနိုင်မှာပါ။ ဖေဖေ မျက်ဝါးထင်ထင် မြင်ခဲ့ရတာကတော့ မှောင်မည်းနေတဲ့ ဘူတာရုံလေးတွေက ရထားတွဲအိုပေါ်မှာ ခြင်တဖျပ်ဖျပ်ရိုက်ရင်း ဖြတ်သန်းလာမယ့် သစ်လုံးစပါယ်ရှယ်တွဲဆိုင်းကြီးကို မျှော်တလင့်လင့် ဖြစ်နေကြ ရတဲ့ ခရီးသွားတွေပေါ့။ သူတို့က အဲဒီရထားကြီးပေါ်မှာ အကျိုးအမြတ်ပါလာမှာမို့ ငံ့လင့်နေကြတာလည်း မဟုတ်ပါဘူး။ အဲဒီရထားကြီး ဖြတ်သွားပြီးမှ လိုရာခရီးဆက်ခွင့်ရမှာကြောင့်မို့သာပါ။ တစ်လမ်းထဲရှိတဲ့ ဧကလမ်းစနစ်ဆိုတဲ့ ပြေးလမ်းပေါ်မှာ ရထားနဲ့ဖြတ်ရတဲ့အခါတိုင်း အခွင့်ထူးခံရထားတွေကို သာမန်ရထားလေးတွေက သီးခံစောင့်ဆိုင်းပေးရတတ်ပါတယ်။ ခြင် တွေ တဖျပ်ဖျပ်ရိုက်ရင်းပေါ့ သမီးဖြူ။ နောက်တော့လည်း ဆက်သွားခွင့် ရခဲ့တာပါပဲ။ ကိုယ်ရဲ့အချိန်တစ်ချို့ကတော့ သူ့ ကြောင့်မို့လို့ ပဲ့ကြွေသွားခဲ့ရတာပေါ့။ လောကရဲ့လမ်းတွေပေါ် လျှောက်ရတဲ့အခါမှာလည်း လမ်းကျဉ်းလေးတစ်ချို့မှာ အခုလိုအဖြစ်မျိုးတွေ ကြုံရတတ်တယ်သမီးဖြူရေ။

သမီးဖြူ လိုက်လာတဲ့ရထားကြီး မလွဲမသွေဖြတ်သွားရမယ့် ရထားလမ်းပိုင်းကတော့ မော်ဟန်-ကာဒူ ရထားလမ်းပိုင်းပဲပေါ့။ ဆင်ခြေလျှောတွေရှိတယ်။ ကွေ့တွေရှိတယ်။ တချို့ဆင်ခြေလျှောတွေက မတ်စောက်သလို တချို့ကွေ့တွေကျပြန်တော့ အင်္ဂလိပ်အက္ခရာ "အက်စ်" ပုံသဏ္ဌာန်မကတော့ပဲ မြန်မာလို "လာ" နဲ့တောင် ခပ်ဆင်ဆင်ရယ်။ ပြီးတော့ ပေတစ်ရာနဲ့ပေ တစ်ရာအထက် တံတားကြီးတွေကလည်း ရှိကြသေးတယ်။ တံတားကြီးတွေကတော့ သဘာဝဘေး၊အ,သဘာဝဘေးကို ဖေဖေတို့ ဘိုးဘေးတွေလက်ထက်ကတည်းက ကြုံခဲ့ကြရရှာတာပါ။ ဆင်ခြေလျှောတွေကလည်း ဟိုးတစ်ချိန်ကဆိုရင် ပေငါးဆယ်ခရီးပေါက်တိုင်း တစ်ပေမြင့်တက်သွားတတ်တဲ့ မတ်စောက်ဆင်ခြေလျှောတွေပေါ့။ အခုသမီးဖြူ မန္တလေး ဘူတာကြီးကနေလာခဲ့တဲ့အခါ မော်ဟန်ဘူတာလေးကနေ ကာဒူတောင်ထိပ်အထိက အတက်ခရီး။ အဲဒီကနေ ကာဒူဘူတာ အထိက အဆင်းခရီးပေါ့။ အခုတော့ အဲသည်တုန်းကလောက် ဆင်ခြေလျှောတွေက မမတ်စောက်တော့ပါဘူး။ ဖေဖေသူငယ်တန်းကျောင်းသားအရွယ်လောက်က အဲသည်ဘက်မှာ ရထားလမ်းအူကြောင်းအသစ် ပြန်ရှာကြပြီး ဆင်ခြေလျှော ပြေပြစ်တဲ့ နေရာကနေ လမ်းအသစ်ဖောက်ခဲ့ကြတယ်။ နောက်လေးနှစ်လောက်ကြာတော့ လမ်းပိုင်းအသစ်ကနေ ရထား သွားလာနိုင်ခဲ့တယ်။ အခုတော့ ပေတစ်ရာခရီးပေါက်တိုင်းတစ်ပေမြင့်တက်သွားတဲ့ ခပ်ပြေပြေဆင်ခြေလျှော ဖြစ်သွားပါပြီ။ အခုထက်ပိုပြီး သွားရေးလာရေးအဆင်ပြေအောင် သံလမ်းအင်ဂျင်နီယာတွေက ခင်းကျင်းပေးချင်ကြမယ်ဆိုတာကို အကြွင်း မဲ့ ယုံကြည်လို့ ရပါတယ်သမီးဖြူ။ ဒါပေမဲ့လည်း အခြေအနေနဲ့အချိန်အခါအရ အခုအနေအထားလောက်ပဲ တတ်နိုင် သေးလို့ နေမှာပေါ့။ ရထားစီးနေရင်းနဲ့ အဆင်းကြမ်းကြမ်း အတက်ကြမ်းကြမ်း လမ်းခရီးမျိုး ကြုံခဲ့ရပြီဆိုရင် ငါတို့ဘိုးဘေးတွေ လက် ထက်က ဒီထက်ပိုပြီး ခရီးကြမ်းခဲ့တာပဲ ဆိုတဲ့အတွေးမျိုးက သတ္တိကို ဖြစ်စေပါလိမ့်မယ်သမီးဖြူ။ ဖေဖေကတော့ ခက်ခဲတဲ့ ခရီးကို သွားလာရတိုင်း ကျွဲညီနောင်လေယာဉ်ပျံရဲ့ စက်သေနတ်ကျည်ဆန်တွေကြားမှာ ခရီးသွားလာခဲ့ကြရတဲ့ အဖိုးအဖွား တွေအကြောင်းကိုပဲ ပြန်ပြန်တွေးမိတတ်ပါတယ်။ သမီးဖြူရေ ခိုင်မြဲတဲ့သတ္တိဆိုတာကလည်း ရင်ကမွေးမှ ရတတ်တာ မဟုတ်လား။

စာလည်းအတော်ရှည်သွားပြီ သမီးဖြူရေ...။ အဆန်ခရီးဟာ အခုစာလောက်နဲ့ မပြည့်စုံသေးပါဘူး။ နောက်ထပ်ရေးမယ့် စာတွေထဲမှာ ဧရာဝတီမြစ်ကြီးဟာ တောင်တန်းတွေနဲ့ယှဉ်ပြီး စီးဆင်းသွားရတဲ့အကြောင်းရယ်။ လူတွေတနေရာကနေ တနေရာကို စုန်လိုက်ဆန်လိုက်ကန့်လန့်ဖြတ်ကူးလိုက် ဖြစ်သွားကြရပုံ အကြောင်းရယ်ကို ဖေဖေပြောပြချင်သေးတယ်။
ခိုင်မြဲတဲ့သတ္တိကို ရင်ထဲကမွေးထုတ်နိုင်ဖို့ သမိုင်းဖြစ်ရပ်အမှန်တွေကိုပဲ  လေ့လာဆည်းပူးမိပါစေသမီးဖြူ။

ချစ်တဲ့ဖေဖေ
ကျော်စိုးမိုး

ကျော်ကျော် (မြရည်စမ်း)
0