ခင်လွန်း ● မြန်မာ့ဘောလုံး လုံးဖို့ဆိုရင်...

ခင်လွန်း ● မြန်မာ့ဘောလုံး လုံးဖို့ဆိုရင်...
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၁၈


(ဒီဗွီဘီက ပြုလုပ်မယ့် ဒီဘိတ်မှာ မြန်မာ့ဘောလုံးအကြောင်းဆိုတော့ ကိုယ်လဲ ဝင်လုံးချင်လာတာနဲ့ရေးပါတယ်)
-
မြန်မာတွေ ဘောလုံးစကန်တော့ မျက်နှာဖြူတွေအောက်မှာ သူတို့ရင်ဘောင်တန်းပြီး ကန်ခဲ့ကြတာ။ အဲဒီ့မှာ သူတို့ဆီကနေ အသင်းလိုက်အတွက်ရော တဦးချင်းအတွက်ရော ဘောလုံးနည်းပညာ၊ စနစ်၊ ဘောလုံးအတွေး၊ ဘောလုံးဉာဏ် (စိတ် တွက်)၊ ဖန်တီးမှု (အကွက်မြင်မှု) တွေရခဲ့တယ်။ ဘောလုံးသမားအတွက်ရော ဘောလုံးနည်းပြအတွက်ရော ကောင်းမွန်တဲ့ အတွေ့အကြုံပညာတွေပါ။

လွတ်လပ်ရေးရချိန်ကနေ နောင် အနှစ် ၂၀- အစိတ်ထိ အဲဒီ့အလျင်လေးအရှိန်လေးဟာ ကျန်နေသေးတယ်။ ကျွန်ဘဝကနေ လွတ်လပ်လာတဲ့ လူမျိုးအဖြစ် မာန်လေးကလဲရှိနေသေး၊ တိုင်းပြည်စီးပွားရေးကလဲ အိမ်နီးချင်းတွေထဲမှာ တော်တော်လေး ကောင်းနေသေးတော့ လူတွေက စားနိုင်သောက်နိုင် အာဟာရပြည့်စုံနေသေးလို့ သန်တယ်၊ မြန်တယ်၊ မာတယ်။ ဇွဲနဘဲ ကောင်းတယ်။ ဆိုလိုတာက ဘောလုံးရဲ့စိတ်ဘာဝ၊ ရုပ်ဘာဝ ၂ မျိုးလုံး အမြင့်ဆုံးမှာရှိတယ်။

မြန်မာတွေဘောလုံးဘယ်လောက်မြင့်လဲဆိုရင် အိမ်နီးချင်းနိုင်ငံတွေက မြန်မာပြည်က ဘောလုံးအကျော်အမော် ဗဟာဒူးတို့ လှဌေးတို့ ဂိုးသမားတင်အောင်တို့၊ အေးမောင်ကြီး အေးမောင်လေးတို့ကို အခုလူငယ်တွေ မက်ဆီတို့ ဒိုလေးတို့ကို နှုတ်ခမ်း ဖျားပေါ်တင်ထားသလို စွဲနေကြ မှတ်မိနေကြတာ။

လက်ရှိ ထိုင်းမှတောင် စတားလေးဖြစ်နေတဲ့ အောင်သူလောက်ကို မဆိုထားပါနဲ့၊ ၁၉၇၀ များခေတ်က ကမ္ဘာ့အဆင့် ဂျာမနီ မြူးနစ်အိုလံပစ်ပွဲမှာ မြန်မာနိုင်ငံလက်ရွေးစင်အသင်းဝင်ပြိုင်ရတော့ ကစားသမား ၄ ယောက်လောက်ကို ဂျာမာန်က ကလပ် တွေက အငှားခေါ်ဖူးတယ်။ ဒုတိယတန်း တတိယတန်းကလပ်တွေလောက်လို့ မှတ်မိတယ်။ စစ်အာဏာသိမ်းအစိုးရဆိုတော့ ပြည်ပကိုပေးမလွှတ်ခဲ့ကြလို့ပေါ့။ အာဆီယံလောက်နိုင်ငံက ထိုင်းကလောက်မဟုတ်ဘူးနော်၊ ဂျာမနီလို ဘောလုံးဖွံ့ဖြိုးပြီး နိုင်ငံကပါ။ (ကိုအောင်သူလေးကို အဆင့်နှိမ့် ပြောဆိုချင်တာမဟုတ်ရပါ၊ မြန်မာဘောလုံးအဆင့်အတန်းကို အကျဉ်းမျှချဉ်း ကပ်ပြချင်လို့)

နောက်တခုက အဲဒီ့အချိန်မှာ မြန်မာတနိုင်ငံလုံးလိုလို ကျေးလက် မြို့ငယ်လေးတွေတိုင်းမှာတောင် ဘောလုံးကွင်းတွေရှိတယ်။ ဘောလုံးသမားတွေရှိတယ်။ အခုခေတ် တောရွာတွေမှာ ဘောလုံးကွင်းမရှိကြတာများတယ်။ ဘောလုံးလဲမကန်ကြတော့တာ များတယ်။ (အကြောင်းတရားတွေရှိမယ်နော်)။

မြို့ငယ်လေးတွေမှာတောင် စံမီ ပေမီ သုံးရာသီလုံးကစားနိုင်တဲ့ ဘောလုံးကွင်းတွေ မရှိကြတော့ဘူး။ လူငယ်တွေကလဲ ဘောလုံးမကန်ချင်ကြတော့ဘူး။ ဟိုခေတ်ကလို ဗဟာဒူးလိုအားကျစရာ ကိုယ့်အမျိုးသားစံဘောလုံးသမားက ရှိမှမရှိဘဲကိုး။
ဒီလိုပဲ ကျနော်ကြီးပျင်းခဲ့တဲ့ မြောက်ဥက္ကလာတဝို်က်မှာလဲ ဘောလုံးကွင်းတွေမရှိဘူး။ လူငယ်တွေ ဘောလုံးတခါကစားဖို့ နှစ်ဖက်သင်းသား ငွေလေးစုပြီး ကွင်းပတ်ငှားတာတောင် ငှားမရဖြစ်နေကြတယ်။ အဲဒီတော့ ကလေးတွေ ဘောလုံးကန်မယ့် စုငွေလေးကို သောက်စားပစ်တာမြင်ဖူးတယ်။

ကွင်းမရှိဘူးဆိုတော့ ဘောလုံးရောရှိလား၊ စံမီဘောလုံးအဆင့်မပြောပါနဲ့၊ အာသာပြေကန်ဖို့ဘောလုံးတလုံးများ လွယ်လွယ် ရှိမလား၊ ကျနော်ရောက်ဖူးခဲ့တဲ့မြို့ငယ်လေးတမြို့မှာဆို လော်စပီကာတပ်ပြီး ဘောလုံးရှိရင် ခဏငှားပေးပါဆိုတာတောင် မရခဲ့ဖူးတာရှိတယ်။

ဘောလုံးပြီးပြန်တော့ ဖိနပ်၊ ဘောကန်ဖိနပ်၊ တချို့ဘောလုံးသိပ်ကောင်းတယ်။ ဖိနပ်မဝယ်နိုင်၊ ဖိနပ်နဲ့မကစားတတ်၊ ဒီမှာ တင် ရတောင့်ရခဲ ဘောလုံးကောင်းတယ်ဆိုတဲ့ကစားသမားတယောက် ဆုံးရှုံးလိုက်ရ။

နောက် ဘောလုံးကန်ကြမယ်ဆိုတော့ အဆင့်လိုက်အဆင့်လိုက် ဘောလုံးနည်းပညာဖြည့်ဆည်းသင်ကြားပေမယ့်ဆရာ၊ နည်းပြ။ ဘောလုံးသမားတယောက်အဖြစ် စတင်ရမယ့် ပြိုင်ပွဲ၊ ကျောင်း၊ ကျေးရွာရပ်ကွက် မြို့နယ်၊ တိုင်းနဲ့ပြည်နယ် ...။

ဘောလုံးသမားအဖြစ် အသက်အရွယ်အလိုက် မြှုပ်နှံကျင်လည်နိုင်ဖို့ အခြေအနေဖန်တီပေးထားမှု၊ (နိုင်ငံတချို့မှာ အလား အလာကောင်းတဲ့ကလေးတွေကို ကလပ်တွေကို သင့်ရာငွေပေးပြီးမွေးထားကြ၊ ထိုင်းတွေလဲ လုပ်နေတာကြာပြီပြောတယ်)

နောက် နိုင်ငံအဆင့်ကိုယ်စားပြုကစားဖူးသူတွေ၊ အဆင့်မြင့်တန်း ကစားဖူးသူ အရွယ်လွန်ဘောလုံးသမားကြီးတွေကို လူငယ် မျိုးဆက် သစ်တွေရဲ့ဘောလုံးအနာဂတ်အတွက် ထိုက်သင့်သလို ချီးမြှင့်ထောက်ပံ့ပြီး ဘောလုံးနည်းပညာ ဖြန့်ဝေ သူတွေဖြစ်ဖို့ လုပ်ပေး၊ (ဒီလိုပြောရတာက ကိုယ့်ဆရာသမားများက ဘောလုံးနားလိုက်ရင် ဘီယာဘက် ပြောင်း ဗိုက်ကလေး ရွဲ၊ ဘေးရောက်သွားဖြစ်ကုန်တော့) နိုင်ကြဖို့ပါ။

အရေးအကြီးဆုံးက ဘောလုံးသမားကို အမိန့်မပေးနဲ့ အမိန့်နဲ့ မအုပ်ချုပ်နဲ့၊ ဘောလုံးကို ဉာဏ်နဲ့ အားကစားစိတ်နဲ့မကန်ဘဲ ကျွန်လို ကျွဲလိုကန်တဲ့ကစားသမားဖြစ်သွားကြမှာစိုးရင်ပြောတာပါ။ (လွတ်လပ်တဲ့စိတ်ရှိရမယ် ဒါမှမှ စိတ်ကူးဉာဏ် ကွန့်မြူး ကစားတတ်တဲ့ ဘောလုံးသမားတွေ၊ အမိန့်သြဇာဖိအားမပဲ ပင်ကိုယ် အနိုင်မခံအရှုံးမပေးတဲ့စိတ်နဲ့ ကစားလာမယ့် သူရဲ ကောင်း အစစ်အမှန်လေးတွေပေါ်လာမှာ)

အများကြီးရှိသေးတယ်။ ဘောလုံးသမားကောင်းတွေလိုချင်ရင် ဘယ်လိုစိတ်နဲ့မွေးမြူ ထူထောင်ပေးရမလဲဆိုတာ။

အတိုဆုံးပြောရရင်တော့ ကျောက်သမားကသာ ကျောက်တလုံးကို အရည်အသွေးအကဲဖြတ်နိုင်သလို ဘယ်လိုတောက်ပ လင်းလက်အောင် သွေးရသလဲဆိုတာ သိနိုင်တာ။ ဓားရောင်း လှံရောင်း နွားပွဲစား ကျွဲပွဲစားလုပ်နေတဲ့လူတွေက ကျောက် တလုံးကို ဘယ်လိုအကဲဖြတ်တတ်ကြမှာလဲ။

မြင်းက မြင်းအလုပ်လုပ်၊ လူက လူအလုပ်မလုပ်တာတွေကြောင့်လဲ မြန်မာဘောလုံးဟာ လုံးဖို့ ခက်နေအုံးမှာပါပဲဗျား....။
-
လွန်း
ဒီဇင်ဘာ ၃၊ ၂၀၁၈
ည- ၁၁း၀၀ နာရီ
(ဓာတ်ပုံ - ဂူဂယ်က ယူပါသည်)

Comments