အိမ့်ကြည်ဖြူ - ဖြူဖြူ မကြောက်တော့ပါ

ဖြူဖြူ မကြောက်တော့ပါ
အိမ့်ကြည်ဖြူ
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၈
           
အသက်၂၁ နှစ်ပြည့်ပြီဖြစ်တဲ့ ဖြူဖြူဟာ သတင်းဌာနကြီးတခုရဲ့လှေကားရင်းမှာ ရပ်နေတယ်။ သူမရဲ့ လက်ထဲမှာ ဖိုင်တခုကို ကိုင်ထားတယ်။ အဲဒီဖိုင်ထဲမှာ ပညာရေး ဝန်ကြီးဌာနကပေးလိုက်တဲ့ဘွဲ့လက်မှတ် တခု၊ ခရီးသွားလုပ်ငန်းကပေးလိုက်တဲ့အသိအမှတ်ပြုကတ်ပြားတခုနဲ့ တခြားစာရွက်စာတမ်း အနည်းငယ် လည်း ပါတယ်။ သူမဟာ သတင်းဌာနကြီးရဲ့ဆိုင်းဘုတ်ကို လည်ပင်းကအကြောလေးတွေ တင်းသွားတဲ့ အထိ မော်ကြည့်လိုက်တယ်။ ပြီးတော့ ပထမဆုံးလှေကားထစ်ကို စပြီးနင်းတက်လိုက်တယ်။

သူမဟာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ သတင်းဌာနရဲ့ ကြော်ငြာကို တွေ့ခဲ့ရတာဖြစ်တယ်။ အဲဒီကြော်ငြာ ထဲမှာ အလုပ်သင်သတင်းထောက်တွေအလိုရှိတဲ့ အကြောင်း ပါတယ်။ အဲဒီအထဲမှာ ဖြူဖြူသဘောကျမိတဲ့ အချက်ပါတယ်။ အဲတာက ဘွဲ့တခုခုရထားစရာမလိုဘဲ ဆယ်တန်းအောင်ရုံနဲ့ လျှောက်ထားနိုင်လို့ပါ။ ဆယ်တန်းဆိုတာ လူငယ်ဘဝရဲ့ အတားအဆီးလို ဖြစ်နေတယ်။ အဲတာကိုတော့ ကျော်ဖြတ်နိုင်ရမယ်။ ဘွဲ့အကြောင်းစဉ်းစားမိတော့ အော်ဟစ်ရယ်မောလိုက်ချင်ပြန်ရော။ ဖြူဖြူ့သူငယ်ချင်းတွေထဲမှာ ဘွဲ့ရပြီးပေ မဲ့ သတင်းစာတစ်စောင်မှ မဖတ်ဖူးသူတွေအများကြီးပဲ။

ခြေထောက်တွေထဲမှာ အားအပြည့်ထည့်ပြီး လှေကားထစ်တွေကို နင်းတက်လိုက်တယ်။

ဖြူဖြူ ဟာ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ကနေ ဘီအေ(ဂျာမန်)ဘွဲ့ကို ရရှိထားတာဖြစ်တယ်။ ကျောင်းပြီးတော့ ဖြူဖြူအပါအဝင် သူငယ်ချင်း အတော်များများဟာ ခရီးသွားလုပ်ငန်းကို စိတ်ဝင်စားပြီး ဧည့်လမ်းညွှန်လုပ်ဖို့ စဉ်းစားကြတယ်။ ဖြူဖြူကတော့ ပုဂံဒေသဧည့်လမ်းညွှန်သင်တန်းကို သွားတက်ထား လိုက်ပါတယ်။ အဲဒီကနေ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အဖြစ် အသိအမှတ်ပြုပေးတဲ့ ကတ်ပြားလေးတခုရခဲ့ တယ်။ လိုင်စင်ရဧည့်လမ်းညွှန်တစ်ယောက်ဖြစ်လာဖို့တော့ ဝမ်းစာဗဟုသုတနဲ့ဘာသာစကားကျွမ်းကျင်မှု ကို ဖြည့်တင်းရအုံးမှာပါ။

ပညာဆက်ဆည်းပူးလိုတဲ့စိတ်ရယ်၊ စိတ်ပါဝင်စားတဲ့လုပ်ငန်းခွင်တခုမှာ အတွေ့အကြုံရှာလိုစိတ်ရယ် ကြောင့် ရန်ကုန်မြို့ကို လွန်ခဲ့တဲ့လကပဲ ဖြူဖြူရောက်လာခဲ့တယ်။ ဖြူဖြူတို့သင်ခဲ့ရတာက ဘာသာစကား ရယ်၊ အခြေခံဧည့်လမ်းညွှန်ပညာရပ်ရယ်ပါ။ ရန်ကုန်မြို့ကြီးက ခရီးသွားလုပ်ငန်းတွေအားလုံးနီးပါးဟာ ရေခဲတုံးကြီးတွေလိုအေးစက်နေကြတယ်။ ဖြူဖြူ့သူငယ်ချင်းတယောက်ကတော့ အစိုးရရုံးတရုံးမှာ အလုပ် ဝင်သွားတယ်။ သူငယ်ချင်းက ပြောတယ်။ "ဖြူဖြူရေ ငါလဲ ကြာလာရင် ဂျာမန်စာတွေရော စကားတွေပါ မေ့သွားတော့မယ် ထင်ပါတယ်" တဲ့။ သူငယ်ချင်းရဲ့စကားဟာ ဖြူဖြူအတွက် အများကြီးကို စဉ်းစားစရာ ဖြစ်လာခဲ့တယ်။

ဖြူဖြူစဉ်းစားမိတာက ဒီလိုပါ။ အခုလို ဘာသာစကားနဲ့ပတ်သက်တဲ့ဘွဲ့တခုကိုရဖို့ လေးနှစ်လုံးလုံး ကြိုးစား ခဲ့ကြရတယ်။ ဖြူဖြူတို့နေစရာအဖြစ် အစိုးရကျောင်းဆောင်မရခဲ့ပါဘူး။ မန္တလေးမြို့ရဲ့နန်းရှေ့တဝိုက်မှာပဲ အပြင်ဆောင်ငှားနေကြရတယ်။ အစိုးရက အဆောင်တောင်မပေးမှတော့ ထမင်းကျွေးဖို့ဆိုတာ အဝေးကြီး ပေါ့။ အပြင်မှာပဲ အဆင်ပြေ သလို ဝယ်စားခဲ့ကြရတယ်။ ဖေဖေနဲ့မေမေက ဖြူဖြူ အဆင်ပြေပြေနဲ့ စာကျက် နိုင်ဖို့ အတန်းတက်နိုင်ဖို့ ပိုပြီးအလုပ်လုပ်ပေးခဲ့ကြရတယ်။ ဖြူဖြူတို့ကျောင်းတက်စဉ်ကာလ တစ်လကုန် ကျစရိတ်ဟာ နည်းမှမနည်းပဲ။ အဲဒီနောက်တော့ သင်ထားတဲ့ပညာလေးကို လုပ်ငန်းခွင်မှာအသုံးပြုဖို့ ဧည့် လမ်းညွှန်သင်တန်းဆက်တက်ခဲ့တယ်။

ဖြူဖြူတို့လိုဘာသာစကားနဲ့ဘွဲ့တခုရပြီးကာစ သူတွေမှာ လက်တွေ့လုပ်ငန်းခွင်အလုပ်တွေက ရှားပါးနေဆဲ ပါ။ ဘာသာပြန်လုပ်ငန်းတွေလုပ်ဖို့ဆိုတာကလည်း ဆက်လက်ဆည်းပူးရအုံးမှာပါ။ တက္ကသိုလ်ပညာရေး လေးနှစ်တာမှာ မပြည့်ခဲ့သေးတာတွေကို ဖြည့်ရအုံးမှာပါ။ ဖြူဖြူ ရန်ကုန်ရောက်ရောက်ချင်း ခရီးသွား ကုမ္ပဏီတွေမှာ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ဖို့ ကြိုးစားကြည့်ပါသေးတယ်။ 
 
ခရီးသွားလုပ်ငန်းတွေအများစုဟာ ဝန်ထမ်းတွေကိုသာလျှော့ချဖို့ ကြိုးစားနေကြရပါတယ်။ "ခရီးသွားလုပ်ငန်းဟာ ပိန့်ရှုံ့နေတဲ့ပေါင်မုန့်မာမာကြီးကို ဝိုင်းကိုက်နေကြရသလိုမျိုး" လို့ ဧည့်လမ်းညွှန် အလုပ်ကိုလည်းလုပ်ကိုင်သလို တဖက်မှာလည်း ဘာသာပြန်လုပ်ငန်းလုပ်ကိုင်နေတဲ့ ဂျာမန်ဘာသာစကား ကျွမ်းကျင်သူဆရာတယောက်က ပြောပါတယ်။

ရန်ကုန်မှာဆက်နေပြီး ပညာဆက်လက်သင်ယူဖို့အတွက် အလုပ်ကလေးတခုရှိရမယ်လို့ ဖြူဖြူကယူဆမိပါ တယ်။ အဲဒီအလုပ်ဟာလည်း ဖြူဖြူသင်ကြားခဲ့ရတဲ့ ပညာနဲ့တော့ အနည်းနဲ့အများ ဆက်စပ်ပတ်သက်နေရ မယ်လို့ယူဆမိပါတယ်။ ဖြူဖြူရပ်မနေချင်ပါဘူး။ လေယာဉ်တစင်းဟာ အပေါ်လည်းမတက်၊ ရှေ့လည်းခရီး မဆက်နိုင်ပဲရပ်နေရင် ကြောက်စရာကောင်းနေတဲ့အကြောင်း ဖြူဖြူဖတ်ခဲ့ဖူးတယ်။ ဖြူဖြူက အဲဒီလေယာဉ် ကြီးလို အောက်ကိုပြုတ်မကျသွားချင်ပါဘူး။ နောက်ပြီးတော့ လူရောစိတ်ပါအပင်ပန်းခံပြီး တက္ကသိုလ်ပညာ ရေးအတွက် ထောက်ပံ့ပေးခဲ့ကြတဲ့ ဖေဖေနဲ့မေမေကိုအားနားတဲ့စိတ်ဟာ ဖြူဖြူ့ကိုအနှိပ်စက်ဆုံးလို့ ဖြူဖြူ ကယုံကြည်နေပါတယ်။

လှည်းတန်းအဆောင်လေးက ဖြူဖြူ့အိပ်ရာဘေးမှာ စာအုပ်တွေပုံထားတယ်။ ခရီးဆောင်အိပ်လေးထဲမှာ အင်္ကျီအဝတ်အစားကတဝက်၊ စာအုပ်တွေက တဝက်ထည့်ပြီး ခရီးတခုကိုဆက်လှမ်းဖို့ ဖြူဖြူ ထွက်လာခဲ့ တာပါ။ ဖြူဖြူက အသားဖြူဖြူ အရပ်မြင့်မြင့်နဲ့ မိန်းကလေးတယောက်။ သာမန်အားဖြင့်တော့ အလှအပနဲ့ ကျောင်းပညာရေးကလွဲရင် ပြင်ပလောက၊ လူနေမှုဘဝတွေကို စိတ်ဝင်စားလိမ့်မယ်မထင်ရပါဘူး။
 
စာအုပ်တွေဖတ်လိုက်၊ စာကျက်လိုက်၊ ဗိုက်ဆာလာတဲ့အခါတခုခုဆင်းစားလိုက်နဲ့ လှည်းတန်းအဆောင် လေးရဲ့နေ့ရက်တချို့ကို ဖြူဖြူ ကျော်ဖြတ်ခဲ့ပါတယ်။ ညအချိန်ရောက်ရင် ကချင်တောင်တန်းတွေရဲ့တနေ ရာမှာရောက်နေတတ်တဲ့ဖေဖေ့ဆီက ဖုန်းဝင်လာတတ်တယ်။ " အလုပ်လုပ်နေပြီလားသမီး၊ ဘာအလုပ် ဖြစ်ဖြစ်ဆိုတာမျိုးတော့ ဝင်မလုပ်စေချင်ဘူး။ လစာငွေကြေးအရ နည်းချင်နည်းပါစေ၊ သိက္ခာရှိတဲ့အလုပ် မျိုးတော့ ဖြစ်ရမယ်။ ပြီးတော့ သင်တန်းတွေဆက်တက်ရင်း ပညာတိုးလာတာမျိုးကို ဖေဖေလိုလားတယ်။ ရရာအလုပ်ဝင်လုပ်ရင်း ကိုယ့်ဘဝကိုယ် နာကျင်နေရတဲ့အဖြစ်မျိုး မဖြစ်စေနဲ့" ဆိုတဲ့ ဖေ့ဖေ့အသံဟာ အနီး နားလေးမှာ လာပြောနေသလို ပဲ။

အဲဒီနေ့ကတော့ ဖြူဖြူ့ ဖေဖေနဲ့ဖုန်းဆက်အပြီးမှာ အိပ်ရာဘေးက ဂျာနယ်တွေကို လျှောက်ဖတ်နေမိတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေပါတဲ့ဂျာနယ်ထဲမှာလည်း ဖြူ ဖြူနဲ့အဆင်ပြေမယ့် အလုပ်လိုအပ်ချက်မျိုး ပါ မလာပါဘူး။ အဲဒီအချိန်မှာ မီဒီယာတစ်ခုက သတင်းစာတစောင်မှာ အလုပ်သင်သတင်းထောက်ခေါ်တဲ့ သတင်းကိုတွေ့မိလိုက်တယ်။ အိပ်ရာထဲပြန်လဲပြီး နဖူးပေါ်လက်တင်ရင်း သတင်းထောက်တွေအကြောင်း ကို စဉ်းစားနေမိပါတယ်။ မြန်မာပြည်ကသတင်းထောက်တွေအကြောင်းရော ကမ္ဘာပေါ်က သတင်းထောက် တွေ အကြောင်းရောပါပါတယ်။ ဗီဒီယိုဇာတ်ကားတွေထဲက စစ်မြေပြင်သတင်းထောက်တွေအကြောင်းကို ပါ တမျှော်တခေါ်ကြီး တွေးနေမိတော့တယ်။ ဖေဖေရဲ့ "သိက္ခာရှိတဲ့အလုပ်"ဆိုတဲ့အသံကိုလည်း ပြန်ပြန် ကြားနေမိတော့တယ်။

ဖြူဖြူက ငယ်ငယ်ကတည်းက ဖေ့ဖေ့စကားတွေကို နားရည်ဝခဲ့တာပါ။ ဖေဖေက စာရေးတယ်။ မဂ္ဂဇင်း တိုက်တွေကို ပို့တယ်။ အဲဒီတုန်းကလည်း ဖေဖေ့မျက်လုံးတွေ စာအကြာကြီးကြည့်ရင် ဝါးတတ်တာမို့ ဖြူဖြူ ပဲ အချောပြန်ကူးပေးရတယ်။ အဲဒီအချိန်တွေတုန်းကတော့ ကျောင်းစာတွေကတဖက်နဲ့မို့ ဖေဖေ့ကို စိတ်ခု ခဲ့ဖူးတယ်။ အခုအချိန်ကျတော့လည်း အဲတာတွေကို ကျေးဇူးတင်မိပါတယ်။ ဖြူဖြူနဲ့ဝေးတဲ့ဗဟုသုတ၊ ကျောင်းသင်ခန်းစာတွေထဲမှမပါတဲ့ သတင်းထောက်တွေအကြောင်းကို ဖေဖေ့စာတွေထဲမှာ ဖတ်ခဲ့ရတယ်။ ဖတ်ခဲ့ရတာမှ ကူးဖတ်,ဖတ်ခဲ့ရတာပါ။ မုံရွာမြို့မှာအလုပ်ကြံခံလိုက်ရတဲ့သတင်းထောက်အကြောင်း၊   သတင်းထောက်ကိုပါကြီးအကြောင်း၊ သတင်းထောက် ကိုကျော်စိုးဦးနဲ့ ကိုဝလုံး အကြောင်းတွေကို ဖြူဖြူ သိခဲ့ရဖူးတယ်။ မလိုသူတွေက လုပ်ကြံတာ၊ ဖမ်းဆီးနှိပ်စက်တာတွေကို ခံကြရတဲ့ နိုင်ငံရပ်ခြားက သတင်းထောက်တွေအကြောင်းကိုလည်း ရုပ်မြင်သံကြားမှာ ဖြူဖြူ ကြည့်ခဲ့ဖူးပါပြီ။ သူတို့ဟာ ဘာဖြစ်လို့များ အဲဒီလို ဖြစ်ခဲ့ကြရပါလိမ့်လို့ ဖြူ ဖြူတွေးမိပါတယ်။ ဖြူဖြူ့အတွေးထဲမှာ သတ်ဖြတ်တဲ့လူဟာ လူဆိုးတွေပါပဲ။ အသတ်ခံရသူက သူတို့ ဆိုးတဲ့အကြောင်းပြောလို့ဖြစ်မှာပေါ့။

ဖြူဖြူ့ဘေးနားက အိပ်ရာလေးကို ကုမ္ပဏီတခုမှာအလုပ်လုပ်နေတဲ့ သူငယ်ချင်းပြန်ရောက်လာချိန်မှာ အတွေးတွေ ပြတ်သွားခဲ့ရတယ်။ သူတို့ကို မြင်မိတော့လည်း အလုပ်ကိုလုပ်ချင်လာပါတယ်။ ဘေးက သူငယ်ချင်းက ဥပဒေနဲ့ကျောင်းပြီးထားပြီး မျက်မှန်ကုမ္ပဏီတခုမှာ အလုပ်ဝင်လုပ်နေတာပါ။

သူငယ်ချင်းဟာ အခုတော့လည်း ဥပဒေတွေ၊ နည်းဥပဒေတွေကိုမေ့ထားပြီး အစင်းပါတဲ့မှန်နဲ့ အစင်းမပါတဲ့ မှန် ခွဲခြားရတဲ့အလုပ်ကို လုပ်နေရပါတယ်။ ဖြူဖြူလည်း အလုပ်တခုကို လုပ်ချင်လာမိတယ်။

"သိက္ခာရှိတဲ့အလုပ်" တခုပေါ့။ အလုပ်သင်သတင်းထောက်တွေခေါ်တဲ့ ကြော်ငြာလေးကို နောက်တခေါက် ပြန်ဖတ်မိတယ်။ အကြာကြီးတွေပြီးကြည့်နေမိတယ်။ ကြော်ငြာကွက်ကွက်လေးနေရာမှာ အဖမ်းအဆီး အနှိပ်စက်အသတ်ဖြတ်ခံခဲ့ရတဲ့ သတင်းထောက်တွေရဲ့ပုံရိပ်တွေ။ ပုံရိပ်တွေက သိက္ခာတွေနဲ့လင်းလင်း ချင်းချင်းကြီးပေါ်လာကြတယ်။ ဒါပေမဲ့ ဖြူ ဖြူ ကြောက်နေမိပါတယ်။ အဲဒီအလုပ်ကို ဖြူဖြူ စိတ်ဝင်စားမိ တယ်။ ဖြူဖြူကြောက်တယ်။ ကမ္ဘာလှည့်ခရီးသွားတွေကို လမ်းညွှန်ပေးနိုင်ဖို့ ဧည့်လမ်းညွှန်သင်တန်းကို ဖြူဖြူတက်ခဲ့ပါတယ်။ နိုင်ငံတော်ထဲကို ဝင်လာတဲ့ခရီးသည်တွေကို ဖြူ ဖြူလမ်းညွှန်ဖို့ အခွင့်မသာသေးပါ ဘူး။ ဖြူဖြူဟာ ဘယ်သူ့တွေကိုများ ဘယ်လိုလမ်းညွှန်ပေးရပါ့လို့ တွေးမိပါတယ်။ ပြီးတော့ အလုပ်လုပ်ချင် စိတ်တွေပေါ်လာတယ်။ ဖေဖေ့ဆီကို ဖုန်းဆက်လိုက်တယ်။

ဖုန်းလိုင်းမမိတမိဖြစ်နေတော့ ဖေဖေ့အသံက နည်းနည်းတုန်နေတယ်။ ဒါမှမဟုတ် ဝမ်းသာလို့ တုန်နေ တာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့  "ဟိုး...တောင်ပေါ်တက်ပြီး အင်တာနက်လိုင်းမိတဲ့နေရာကနေ သမီးဆီကို လင့်ခ်တစ်ခုပို့ပေးလိုက်မယ်" ဆိုတဲ့ အသံကတော့ ဂုဏ်ယူနေသလိုအသံကြီး။ နောက်ထပ်တစ်နာရီကျော်ကျော်လောက်ကြာတဲ့အခါမှာ ဖေဖေ့ဆီကနေ လင့်ခ်တစ်ခုရောက်လာတယ်။ ဖြူဖြူ ချက်ချင်းပဲဖွင့်ဖတ်မိပါတယ်။

"SEA Food from SLAVES" ဆိုတဲ့ ဆောင်းပါးခေါင်းစဉ်ရယ် မြန်မာသတင်းထောက် အက်စ်စတာထုဆန် ရယ်ဟာ ဖြူဖြူ့ကို စိတ်ကူးသစ်တွေရွက်ဖွင့်စေခဲ့တယ်။ အင်ဒိုနီးရှားကျွန်းတွေပေါ်မှာရှိတဲ့ ရေလုပ်ငန်းဆိုင် ရာလုပ်ငန်းခွင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ၊ ကျွန်ပြုစေခိုင်းခံနေရတဲ့ ရေလုပ်သား တွေအကြောင်းကို စုံစမ်းဖော်ထုတ်ပြီးရေးသားထားတဲ့ မြန်မာသတင်းထောက်အမျိုးသမီးတယောက်ရဲ့ ပူလစ်ဇာဆုရဆောင်းပါးပါ။ သူ့ရဲ့ရေးသားမှုကြောင့် သူများနိုင်ငံမှာသောင်တင်နေတဲ့ ရေလုပ်သားတွေကို ကယ်တင်နိုင်ခဲ့ကြတယ်။

သတင်းထောက်လုပ်ငန်းဆိုတာ လူတွေကို အသိပညာပေးရုံ၊ သတင်းပေးရုံတင်မကပဲ လွတ်မြောက်မှုကိုပါ ပေးနိုင်တဲ့လုပ်ငန်းပါလားလို့ ဖြူဖြူ သိလိုက်ရပါတယ်။

ဖြူဖြူ မကြောက်တော့ပါ။ လှေကားထစ်တွေကိုရဲရဲနင်းပြီး ဖြူဖြူဆက်တက်ခဲ့တယ်။ အခုတော့ ဘာကိုမှ ဖြူဖြူမကြောက်တော့ပါဘူး။

အိမ့်ကြည်ဖြူ
0