မေဇော် ● အရောင်များ ...

မေဇော် ● အရောင်များ ...
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၈

၂၀၁၈ သြဂုတ်လထုတ် မိုးမခမဂ္ဂဇင်းတွင် ဖော်ပြပြီးဖြစ်သည်။

အရောင်တွေနှင့်ပတ်သက်၍ သူဆက်၍ တွေးကြည့်နေခဲ့မိသည်မှာကြာပြီ။ အရောင်တွေသည်မြင်နေရသည့် အရာတို့ အပေါ်က ထင်ဟပ်ပြနေသည်ထက် ပိုသည့်အနက်အဓိပ္ပါယ်များရှိနေလိမ့်မလားဟု အရောင်တွေကို ငေးကြည့်နေတိုင်း သူသိချင်နေလေ့ရှိသည်။

လက်ဆုပ်လက်ကိုင်ပြ၍မရသည့်အရာတို့နှင့် ထင်သာမြင်သာရှိလှသည့်အရောင်တို့ကြားက အဆက်အစပ်ကို သူက မဖြစ် မနေ ရှာဖွေကြည့်ချင်စိတ်လည်း ရှိနေပြန်သည်။

အောင်မြင်မှုဆိုသည်က မည်သည့်အရာမျိုးတွေ ဖြစ်မှာပါလိမ့်။ အောင်မြင်မှုဟု လူတို့သတ်မှတ်ထားကြသည့်အရာတို့ အ ကြောင်းကို သူသေသေချာချာ သိချင်နေခဲ့မိသည်မှာလည်း ကြာပြီ။ အောင်မြင်မှုသည် မည်သို့သော အရောင်အဆင်း၊ အနံ့ အရသာတို့ရော ရှိကြပါသနည်း။ ချိုသည်ဟူ၍ လူပြောများလှသည်ဆိုတော့ အောင်မြင်မှုမှာ အရသာတမျိုးမျိုးတော့လည်း သေချာပေါက် ရှိနေလိမ့်မည်ထင်သည်။

အောင်မြင်မှုများသည်ချဉ်၏ သို့မဟုတ် ခါး၏ ဟူ၍တော့လည်း ပြောသံ မကြားရဖူးသေးပါ။ ထိုသို့ ဆိုလျှင်တော့ အောင်မြင် မှုသည် သေချာပေါက် ချိုမြနေ၍လည်း ဖြစ်ကောင်းဖြစ်လိမ့်မည်။ အောင်မြင်မှုဟု သတ်မှတ်ထားကြသည့်အရာများအနီးသို့သူလည်း အများနည်းတူရောက်သွားခဲ့ဖူးသည်။ အများကလည်း ထိုအရာတို့သည် အောင်မြင်မှုများ ဖြစ်သည်ဟု ပြော ကြသည်။ အောင်မြင်မှုတွေဆီရောက်လျှင် ပြီးပြီဟူ၍တော့ သူလည်း ထင်မှတ်မှားခဲ့ဖူးပြီး မပျော်ရွှင်မှုများလည်း အဆုံး သတ်သွားလိမ့်မည်ဟု ထင်ခဲ့သည်။ အောင်မြင်မှုဆိုသည်တို့အပေါ် အရသာခံယူနိုင်စွမ်းကင်းမဲ့ခဲ့ရခြင်းသည် သူ့အရသာ ခံအာရုံ၏ ပြဿနာအစိတ်အပိုင်းသက်သက်လည်း ဖြစ်နိုင်ပါသည်။

အောင်မြင်မှုတို့တွင် အရောင်အဆင်းရော ရှိကြပါသလား။ အရောင်အဆင်းဆိုသည်ကတော့ ပို၍ပင် ပြောရခက်မည်ထင် သည်။ ရှေးတုန်းကတော့ အရောင်တို့သည် အနည်းငယ်သာရှိကြပြီး အရောင်တခုနှင့်တခုကြားက အကွာအဝေးကလည်း ပို၍ တိပပြတ်သားဟန်တူပြီး ရှုပ်ရှုပ်ထွေးထွေးလည်း နည်းသည်။ ထိုစဉ်အခါတွေ တုန်းကတော့ အောင်မြင်မှုကို အရောင်ဖြင့် ပိုင်းဖြတ်ရန်ဆိုသည်က လွယ်ချင်လည်း လွယ်နေလိမ့်မည်။ အောင်မြင်မှုတို့သည် မှေးမှေးမှိန်မှိန်အရောင်တို့နှင့်တော့ လိုက် မည်မထင်၊ တောက်ပလင်းလက်နေသည့်အရောင်တို့သည် အောင်မြင်မှုနှင့် လိုက်ဖက်လိမ့်မည်ထင်သည်။ ယနေ့ ခေတ်တွင် နည်းပညာနှင့်ပတ်သက်သောအရောင်အဖြစ် အပြာရောင်ကို ရာခိုင်နှုန်းအများဆုံး လူတို့အသုံးပြုကြသည်ဟုဆိုသည့်အခါ နည်းပညာခေတ်ကြီးထဲတွင် အောင်မြင်မှု၏အရောင်အဆင်းသည် အပြာရောင်လည်း ဖြစ်နေနိုင်ပါသည်။

တကယ်တမ်းကြတော့လည်း အပြာရောင်ဟု လူတို့ခေါ်သည့်အရောင်ကို အတိအကျ လက်ဆုပ်လက်ကိုင် ဆွဲထုတ်ပြရန်က ခက်သည်။ အပြာရောင်ဟုခေါ်ကြသည့် အရောင်တမျိုးတည်း၏ ခေါင်းစဉ်အောက်မှာ ရောင်စဉ်အမျိုးပေါင်း ၇၀ ကျော်ရှိပြီး ထိုအပြာများထဲတွင် ဒဂုန်တာရာ၏ ဝေါ့ဒစ္စနေးအပြာ ပါမှပါလေရဲ့လားသူမသိ။ အောင်မြင်မှုကို အပြာရောင်ဟု မဖြစ်မနေ သတ်မှတ်မည် ဆိုပါလျှင် သူကတော့ ဝေါ့ဒစ္စနေးအပြာကိုသာ သတ်မှတ်လိုသည်။ ဝေါ့ဒစ္စနေး၏ အပြာရောင်ကာတွန်းကား ကလေးများကို သူချစ်ခင်စွဲလန်းခဲ့ဖူးပြီး ထိုအရောင်တွေအောက်မှာ သူ ငြိမ်းချမ်းခဲ့ဖူးသည်။ ထိုအပြာရောင်နောက်ခံ ကာ တွန်းကားကလေးများသည် အောင်မြင်ခြင်းဆိုသည်ထက် သူ့ကိုကျရှုံးမသွားဖို့၊ ပြန်လည်တောင့်ခံနိုင်ဖို့ ပို၍ထောက်ပံ့ ပေး နိုင်ခဲ့ကြဟန်တူသည်။ မည်သို့ဆိုစေ အောင်မြင်မှုကို ရောင်စဉ်တန်းတခုတည်း တိတိကျကျသတ်မှတ်ဆွဲထုတ်ပြဖို့ ခက်မည် ထင်သည်။

မှေးမှိန်ဖျော့တော့မှုတွေကိုတော့ လူတို့သည် နှစ်လိုကြဟန်မရှိ။ လူတွေက လင်းလက်တောက်ပမှုတွေကိုသာ ပို၍ ငေးမော အားကျလိုသည် ထင်သည်။ ငေးကြည့်နေရသည့် သူတို့ကိုအောင်မြင်သည်ဟု သတ်မှတ်ကြတာလည်း ဖြစ်ကောင်းဖြစ် လိမ့်မည်။ ထိုသို့ဆိုပါလျှင် အာင်မြင်မှု၏ အရောင်အဆင်းသည် တောက်ပသော အရောင်များပဲဖြစ်လို့နေလိမ့်မည်လား။ ပန်းချီဆရာတွေကတော့ အရောင်တွေကို အပူရောင်၊ အအေးရောင်ဟု ထပ်၍ခွဲကြသေးသည်။ နေမင်းကြီး၏ အနွေးဓာတ်ကို သတိရစေသည့် အနီ၊ အဝါ၊ လိမ္မော်တို့သည် အပူရောင်များ ဖြစ်ကြ၍ သဘာဝတရားကြီးကို သတိရစေသည့် အပြာ၊ အစိမ်း နှင့် ခရမ်းရောင်တို့သည် အေးချမ်းသည့် အအေးရောင်တို့ဖြစ်ကြသည်တဲ့။ ထိုသို့ဆိုသည့်အခါ ချစ်သောသူအတွက် ရည်ရွယ် ခဲ့သည့် အေးချမ်းလှသည့် ခရမ်း ရောင်ပန်းချီကား ကလေး တကားကို သတိရရင်း ဟုတ်မှာပဲဟု ခပ်ပြုံးပြုံးတွေးမိသွားပြန်သည်။

မီးခိုးရောင်သည် အပူရောင်အဖြစ်ရော၊ အအေးရောင်အဖြစ်ပါ ကူးပြောင်းလွယ်စွမ်းရှိသည်ဟုဆိုသည့်အခါ သူက အောင်မြင် မှုကို မီးခိုးရောင်ဟု သတ်မှတ်ချင်မိပြန်သည်။ အောင်မြင်မှုသည် ကျရှုံးမှုဆီအလွယ်တကူ ကူးပြောင်းလွယ်စွမ်းရှိသည့် ခပ်ပါးပါး မီးခိုးရောင်အဆင်းလည်း ရှိနေနိုင်သည် မဟုတ်ပါလား။ လောကတွင် လူတို့သတ်မှတ်ကြသည့် အောင်မြင်မှု ဆို သည့်အရာတွေဆီကို သူလည်း အတော်များများ ချဉ်းကပ်ကြည့်ခဲ့ဖူးပြီ။ "အောင်မြင်မှုဆိုတဲ့အရာတွေက ပုံသေနည်းတွေ၊ မခက်လှဘူးသိလားကလေး၊ စိတ်လိုလက်ရ ပျော်တတ်ဖို့ကြမှခက်တာ သိလား" ထိုအကြောင်းကို သူရိပ်မိလာရသည့်အခါ ထုံထိုင်းအေးခဲနေသည့် နှလုံးသားများအတွက် ဝမ်းနည်းရုံသာ တတ်နိုင်ခဲ့တော့သည်။ အောင်မြင်မှုဆိုတာက ကောင်းကင် တခုလုံးရစ်သန်းနေတဲ့ မီးခိုးရောင်တွေလို မှိုင်းမှိုင်းပျပျပဲ ဖြစ်မှာပါ။ ဖမ်းဆုပ်ထားရတာလည်း သိပ်ပြီးခက်မှာဟု မိုးသားများအုံ့ မှိုင်းနေသည့် ကောင်းကင်ပြင်ကြီးကိုငေးကြည့်နေရင်း တိမ်တွေလို ဖမ်းဆုပ်ရခက်သည့်လူတယောက်ကို သူ လွမ်းဆွတ်သွား မိပြန်သည်။

ချစ်ခြင်းမှာရော သူအောင်မြင်ခဲ့ပါသလား
မေတ္တာသက်သက်မှာ အောင်မြင်တာရော ကျဆုံးတာပါ မရှိဘူးလေ ဟု တွေးမိသည့်အခိုက် သူ့ စိတ်ထဲ အစိမ်းရောင်တွေ ဝင်လာခဲ့ကြသည်။

ကားမောင်းသွားနေရင်း လမ်းဘေးကိုငေးကြည့်မိသည့်အခိုက် စိမ်းစိုနေသည့်အရောင်များ စိတ်ထဲသိပ်သိပ်သည်းသည်း ဝင်ရောက်လာကြသည်။ သစ်ပင်များစိမ်းနေသည့်အကြောင်းပြောရသည်က အူတိအူကြောင်နှင့် ရယ်တော့လည်း ရယ်ချင် စရာ။ ကမ္ဘာပ်ါက သစ်ပင်တွေသည် ယေဘုယျအားဖြင့်တော့ အစိမ်းရောင်တွေပဲ မဟုတ်လား။ သစ်ပင်များ၊ လူများ၊ တိမ် များ၊ အရောင်များသည် အမြဲပြောင်းလဲနေကြသည်။ အစိမ်းရောင်ကိုလည်း ထိုသို့နားလည်ပေးမှပဲ ဖြစ်လိမ့်မည်ထင်သည်။ အစိမ်းနုနုကို မြင်သည်ဖြစ်စေ၊ အစိမ်းတို့သည် ရင့်မှောင်နေကြသည်ဖြစ်စေ သစ်ပင်တို့ဆီမှာ ဖြာထွက်နေကြသည့် အစိမ်းတို့ သည် လူတယောက်ကို အမြဲလွမ်းဆွတ်လာစေခဲ့သည်ကလွဲ၍ သူ့ကိုအမြဲ စိတ်ကြည်နူးစေခဲ့ကြသည်။

နုရာမှ ရင့်လာခဲ့ကြသည့် အစိမ်းများ၊ စိမ်းမြလတ်ဆတ်မှုများ၊ ခပ်မှောင်မှောင် စိမ်းရင့်ရောင်များ လေထုထဲတွင် အစိမ်းတို့ ရစ်ဖွဲ့နေသည်ကို မြင်တွေ့ ရသည့်အခါတိုင်း သူပျော်ရွှင်လာလေ့ရှိသည်။ စိမ်းနေသည့်သစ်ပင်များကိုငေးကြည့်ရင်း ပျော ရွှင်တတ်လာဖို့ ဒါမှမဟုတ်လည်း လွမ်းဆွတ်လာမိစေဖို့ မည်သို့သော နှလုံးသားဖြတ်သန်းမှုတို့ လိုအပ်ခဲ့ကြပါမည်နည်း။ သူကတော့  ကံကောင်းခဲ့ဟန်တူသည်။ သစ်ပင်တွေမှာ အနံ့ရှိရုံသာမက၊ အစိမ်းရောင်တွေမှာလည်း အနံ့ရှိနေကြဟန်တူသည်။ အစိမ်းရောင်တို့စိတ်ထဲအထိဝင်လာတိုင်း အနံ့အမျိုးမျိုးကို သူပြောင်းလဲရလာလေ့ရှိသည်။ အထူးသဖြင့်တော့ အတိတ်တို့ သည် အစိမ်းရောင်နှင့် ဆက်စပ်နေကြသည်။ အစိမ်းရောင်သစ်ရွက်တို့ထိပ်ဖျားတွင် လွမ်းဆွတ်ခြင်းရနံ့များရှိပြီး အညိုရောင် ပင်စည်တို့တွင်မူ အထီးကျန်ခြင်းရနံ့ များတွဲလည်းခိုနေခဲ့ကြပြန်သည်။


"အောင်မြင်မှုဟာ အစိမ်းရောင်တော့ မဟုတ်လောက်ဘူး အဲဒါသေချာတယ်သိလား” အောင်မြင်မှုဆိုတာတွေဆီရောက်ဖို့ ပြင်းထန်သည့် ရမ္မက်ဇောတို့တော့ လိုအပ်ကြလိမ့်မည်ထင်သည်၊ “ဟင့်အင်း…အဲဒါဆိုမဖြစ်ဘူး မဟုတ်လား၊ အစိမ်းရောင် တွေက သိပ်ပြီးအေးချမ်းလွန်းတယ်၊ အောင်မြင်မှု ဆိုတာကြောင့်တော့ သူ့ကို ညစ်နွမ်းမသွားစေချင်ဘူး” အောင်မြင်မှုမှာ အရောင်တခုခုမဖြစ်မနေရှိနေရမယ်ဆိုရင် အပူရောင်တွေနဲ့ပဲ လိုက်ဖက်မှာ။ အစိမ်းရောင်တွေက အလွမ်းရဲ့အရောင်၊ တ လောကလုံးစိမ်းနေတဲ့အခါ သူသိပ်ပြီးလွမ်းတာပဲ။ အစိမ်းရောင် သစ်ပင်တွေ၊ အစိမ်းရောင်မြက်ခင်းတွေ၊ အစိမ်းရောင် တောတန်းတွေ၊ စိမ်းရောင်သန်းနေတဲ့ရေတွေ။ တကယ်ဆို အစိမ်းရောင်တွေဟာ အလွမ်းတစ္ဆေတွေလိုပဲ ၊ ဘယ်လိုအစိမ်း တွေပဲ သူ့စိတ်ထဲဝင်လာလာ သိပ်ပြီးတော့ လွမ်းတာပဲ။

“အရောင်တွေကတော့ သူ့ဘာသူပဲနေကြတာလေ၊ ကြည့်မိတဲ့ စိတ် အခံတွေ ကွာသွားလို့ပဲ ဖြစ်မှာပေါ့’’

တကယ်တော့လည်း အောင်မြင်မှုတွေထဲမှာတင်မကပဲ အကြည့်တွေထဲမှာလည်း အရောင်တွေရှိကြသည်။ အထူးသဖြင့်တော့ မျက်နှာတွေပေါ်တွင် အရောင်တွေအများဆုံး စွန်းထင်းနေလေ့ရှိသည်။ လူတွေက အင်္ကျီတွေပေါ်မှာ၊ နံရံတွေပေါ်မှာသာ အရောင်စွန်းရင်မကြိုက်တာ၊ မျက်နှာပေါ်က အရောင်တွေကိုကြတော့လည်း နှစ်တော့ နှစ်လိုကြပုံပါပဲ။ လူတိုင်းနီးပါးပဲပေါ့ သူတို့မျက်နှာအပေါ်မှာ အရောင်တခုခု အမြဲဖုံးကာထားခဲ့ကြသည်။ လူတို့၏ မျက်နှာပြင်ပေါ်မှ အတွေ့ များသည့်အရောင်များ အကြောင်းကို ဖော်ပြပါဟု တယောက်ယောက်က မေးလာလျှင် မည်သို့ပြန်ဖြေဖြစ်မည်မသိ။ လူတွေ၏မျက်မှာပြင်ကို အ ရောင်တွေနှင့်တွဲ၍မြင်ရခြင်းမှာ ပျော်ရွှင်စရာတို့သိပ်ရှိလိမ့်မည်မဟုတ်ကြောင်း ဖြစ်နိုင်မည်ဆိုလျှင် မည်သူ့ကိုမျှ သူမပြောပြ လိုပါ။

မာနအရောင် သို့မဟုတ် မာန်အရောင်၊ ထိုအရောင်နှစ်ခုသည် တူမလိုလိုနှင့် တူတော့တူမည်မထင်။ မာန်အရောင်သည် အနီစွက်ထားသည့် ဆည်းဆာ ဒါမှမဟုတ်လည်း အရုဏ်ဦး လိမ္မော်ရောင်ကလေး ဖြစ်ခဲ့မည်ဆိုပါလျှင် မာနအရောင်သည် တောက်ပနီစွေးသည့် အနီသက်သက်တော့ ဖြစ်နေလိမ့်မည်။ မဖြစ်မနေ မာန်တင်းထားရသည့် အရောင်သည် မာနဖြင့် တောက်ပနေသည်နှင့်တော့ အမှန်ပင် အရောင်အဆင်းကွာနေသင့်သည် မဟုတ်ပါလား။ ထိုအကြောင်းကို သူတွေးမိတော့ မာန်အရောင်ဖြင့် အမြဲတောက်ပ တင့်တယ်နေသည်ဟု သူထင်မှတ်မှားခဲ့မိသည့် ထင်ရှားကျော်ကြားသည့် မျက်နှာတခု၏ အရောင်အသွေးကို သူ့စိတ်ထဲ ချက်ချင်းမြင်လာပြီး ပြုံးမိသွားသည်။ လူတွေကို ဒုက္ခပေးနေတဲ့အရာက prediction လုပ်နေ မိမှုတွေပဲ။ ကောင်းမှာမဟုတ်ဘူး၊ ကောင်းမယ်ထင်ပါတယ်၊ အဲဒီလူက အဲလိုလူစား မဖြစ်နိုင်ဘူးဟူသည့် တင်ကူးမျှော်မှန်း ချက်တွေဖြင့် ပေးထားသည့်အချက်အလက်များစွာကို မမြင်နိုင်တော့ပဲ ဖုံးကွယ်ကျော်လွှားပစ်ခဲ့ကြသည်။ မာနအရောင်၊ မာန်အရောင်၊ မထေမဲ့မြင်အရောင်၊ စော်ကားမော်ကားအရောင်၊ အထင်သေးအရောင်၊ အထင်ကြီးအရောင်၊ အားကျအရောင် ၊ သိမ်ငယ်ရောင်များ။ လူတို့၏ မျက်နှာပေါ်တွင် အရောင်အဆင်းများစွာ တည်ရှိနေခဲ့ကြပါသည်။

လူတွေ၏ မျက်နှာပေါ်မှ စွန်းထင်းပေကျံလွယ်သည့် အရောင်များကို မြင်လာတတ်ကတည်းက သူကတော့ပို၍ တိတ်ဆိတ် လာသည်။ လူတွေ၏ မျက်နှာအစား ပန်းချီကားတွေကိုသာ ပို၍ငေးကြည့်နေလိုသည်။ အရောင်များသည် ရှိသင့်ရှိထိုက်သည့် နေရာတွင်သာ တန်ဖိုးရှိကြောင်း သူပို၍နားလည်လာခဲ့သည်။

တဘဝလုံးကို ဖြတ်သန်းသွားဖို့ အရောင်တွေရွေးချယ်ဖို့ လို အပ်လာခဲ့ပါလျှင် ဘယ်အရောင်တွေကိုများ သူရွေးချယ်ဖြစ်မှာပါလိမ့်။

အစိမ်းရောင်ခပ်များများ
ခရမ်းရောင်သန်းနေသည့် ပန်းချီကားအနည်းငယ်နှင့်
မီးခိုးရောင်တွေကို သူ့အနားမှာ ရှိနေစေချင်မိမည် ထင်ပါသည်။ 


သို့သော် အရောင်တွေကို အ ရောင်တွေသက်သက်အဖြစ်သာ သူချစ်ပါသည်။ အရောင်များသည် အခြားအနက်အဓိပ္ပါယ်များ ထပ်မံမစွန်းထင်းပဲ သူ့ အနားနားရှိနေစေချင်သည်။ မဟုတ်လျှင် မည်သည့်အရောင်မျှရှိမနေသည့် အမှောင်တွေထဲမှာသာ သူဆက်၍ နစ်နေချင်မိပါ သည်။

မေဇော်
၁၇၊ ၆၊ ၂၀၁၈

Comments