မြန်မာပြန် - ကျော်လင်းဆွေ ● ဗလာအခန်း

မြန်မာပြန် - ကျော်လင်းဆွေ ● ဗလာအခန်း
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၈

၂၀၁၈ သြဂုတ်လထုတ် မိုးမခမဂ္ဂဇင်းမှ ပြန်လည်ကူးယူဖော်ပြသည်။

(မူရှင်းကို ၁၉၂၇ခုနှစ်က တရုတ်ပြည်တောင်ပိုင်းမှာ မွေးတယ်။ ဝတ္ထု၊ ကဗျာနဲ့ အက်ဆေးစာရေးဆရာ ဖြစ်တယ်။ နိုင်ငံတကာ ကျော်ကြားတဲ့ ပန်းချီဆရာတစ်ယောက်လဲ ဖြစ်တယ်။ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း သူ့ရဲ့ လက်ရေးစာမူတွေနဲ့ ပန်းချီကားတွေ ဖျက်ဆီးခံခဲ့ရတယ်။ ၁၉၈၂ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းလာပြီး ၂၀၀၆ခုနှစ်အထိ နယူး ယောက်မြို့တော်၊ ကွင်းစ်စီရင်စုမှာ နေထိုင်တယ်။ အခုအခါ ဇာတိဖြစ်တဲ့ ဇီကျန်းခရိုင်၊ ဝူဇန်းမြို့မှာနေထိုင်တယ်။ “An Empty Room”ကို Toming Jun Lin က တရုတ်ဘာသာကနေ အင်္ဂလိပ်ဘာသာပြန်တယ်။)

တောင်ထိပ်ပိုင်း ရောက်တော့ စောက်က ပိုပြီးမတ်တယ်။ ကျွန်တော် ချွေးပြန်နေပြီ။ တောင်ထိပ်ဆီက မြင်ကွင်းထဲ ဘုရားရှိခိုး ကျောင်းတစ်ခု ပေါ်လာတယ်။ ဘယ်တော့ ဆင်းမယ် မဆုံးဖြတ်ခင် အဲဒီမှာ ခဏနားဦးမှထင်ရဲ့။

စစ်ပြီးစ ရှိသေးတယ်။ ဘုရားရှိခိုးကျောင်းမှာ ကျီးနဲ့ဖုတ်ဖုတ်ပဲ။ ပွဲတော်ပလ္လင်၊ စားပွဲတွေနဲ့ ကုလားထိုင်တွေကို ယူသွားကြ ကုန်ပြီ။ အထွတ်အမြတ် ရုပ်တုသာ ကျန်တယ်။ ဖုံတက်နေတဲ့ ခရစ်တော်ရဲ့မျက်နှာမှာ တည်ကြည်တဲ့ မဆုတ်မနစ် လုံ့လရဲ့ အံ့မခန်းတဲ့ လက္ခဏာ မြင်ရတယ်။ စန္ဒရားဟောင်းရဲ့ ခလုတ်တဝက်လောက်က နားမသာယာဖွယ် အသံ မြည်သေးတယ်။ တစ်ယောက်ယောက်က ဒီစန္ဒရားရဲ့ ဒီခလုတ်တွေ ဒီအသံတွေနဲ့ အံဝင်မယ့် ဂီတတစ်ပုဒ်လောက် ဖွဲ့နိုင်ခဲ့မယ်ဆိုရင် အင်မတန် စိတ်လှုပ်ရှားစရာကောင်းမှာ အမှန်ပဲ။

ဒီမှာ တခြား ကြည့်ထိုက်မြင်ထိုက်တာ ဘာတွေရှိသေးလဲ။ ဘယ့်နှယ်၊ တောင်တက်တဲ့လူရယ်လို့ ကျွန်တော်တစ်ယောက် တည်း ဖြစ်နေရပါလိမ့်။ ဆောင်းရက်တွေထဲ တောင်ပေါ်မှာက ချောင်းတွေ ခန်းခြောက်ကာ၊ ဝါးပင်တွေ မစိမ်းကြတော့ သလောက်ပဲ။

ဝါးရုံတောထဲ ဖြတ်ကာ လျှောက်လာရင်း တောင်ဆင်းလမ်း နောက်တစ်လမ်းကို တွေ့တယ်။

ဒိနောက် လမ်းကွေ့လမ်းကောက်တွေ ဖြတ်ကာ လျှောက်လာရာ ဝတ်ကျောင်းတစ်ခုကို တွေ့တယ်။ ဘုန်းတော်ကြီးတွေ ရှိရင်တော့ ကျွန်တော်တို့ အတူတူ လက်ဘက်ရည် သောက်ဖြစ်မှာလို့ ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ လူထူထူ လူရှုပ်ရှုပ် မြို့ကြီးကို စိတ်ပျက်လက်ပျက်ဖြစ်တာကြောင့် တစ်ယောက်တည်း တောင်တက်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ လူတစ်ယောက်တလေနဲ့ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို တွေ့ရတာမျိုးလဲ မရှိပြန်တော့ ဘုန်း တော်ကြီးတစ်ပါးနဲ့ မမျှော်လင့်ဘဲ စကားစမြည်ပြောရတာမျိုး ကြုံရရင် ကောင်းမှာပဲ။

အဝင်ဝတံခါး ပွင့်နေတယ်။ ကျောင်းဝင်းထဲ ကြွေနေတဲ့ သစ်ရွက်တွေရယ်၊ ခန်းမဆောင်ထဲ လွင့်နေတဲ့ဖုန်တွေရယ်က ဒီမှာ အပြိုအပျက် နောက်တစ်နေရာလို့ ပြောနေတယ်။ ဒါပေမဲ့ ဒီဝတ်ကျောင်းက ဘုရားရှိခိုးကျောင်းထက် ပိုပြီး စိတ်ကို ဆွဲ ဆောင်နေတယ်။ တစ်ခုနဲ့တစ်ခု ယှက်နေတဲ့ စင်္ကြန်လမ်းတွေရယ်၊ မြင့်လှတဲ့ အသက်ရင့် သစ်ပင်အို ကြီးတွေရဲ့ ထူထူ ပိတ်ပိတ် အရိပ်တွေရယ်ကြောင့် ယိုယွင်းပျက်စီးနေတာတောင် ဆိတ်ငြိမ်တဲ့အလှတရား ရှိနေတယ်။ ပင်မခန်းမဆောင် ရဲ့နောက်ဘက်မှာ နှစ်ထပ်ဆောင်တစ်ခု ရှိတယ်။ သုံးလေးကြိမ်လောက် ကျွန်တော် အော်ခေါ်ပေမဲ့ ပြန်ပြီးမထူးဘူး။ ကျွန်တော် အထက်ထပ်တက်ခဲ့ပြီး ဟိုဟိုဒီဒီ လျှောက်ပြီး ကြည့်တယ်။ အခန်းသုံးခန်းမှာ နှစ်ခန်းက တံခါးမရှိဘူး။ ကျိုးပဲ့ ပျက်စီးနေတဲ့ နံရံသစ်သားတွေကြောင့် အတွင်းဆီ တိုးလျှို မြင်နေရတယ်။ ဘာမှမရှိ၊ ဗလာ။ တတိယအခန်းကို ကျွန်တော် လာခဲ့တော့ တံခါးရွက်တစ်ချပ် ဟနေတယ်။ တံခါးရွက်ကို တွန်းပြီး ဖွင့်လိုက်ရာ ကျွန်တော့်လက်ကို ရုတ်တရက် ပြန်ပြီး ရုတ်မိတယ်။ ပန်းရောင် တပြန့်တပြော တပြင်ကြီးက ကျွန်တော့် အမြင်အာရုံကို ရုတ်ချည်း ဖုံးလွှမ်းသွားတယ်။ အခန်းတွင်း နံရံတွေကို ဝေဝေဖြာဖြာ ပွင့်နေတဲ့ ချယ်ရီပန်းတွေရဲ့ ပန်းရောင်တွေ ခြယ်ထားတယ်။ “လူရှိတယ်” လို့ ကျွန်တော် ခံစားရ တယ်။ ဒါပေမဲ့ သွက်သွက်ကလေး စစ်စစ်ဆေးဆေးကြည့်လိုက်တော့ ဒီအခန်းလဲ ဗလာဖြစ်ကြောင်း သေသေချာချာ သိရတယ်။ ဒါပေမဲ့ နံရံတွေ ဆေးသုတ်ထားတာ လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်းနဲ့ ညီညီညာညာပါ။ ဘာ ပရိဘော ဂမှ မရှိဘူး။ စက္ကူအပိုင်းအစတွေနဲ့ ကိုဒတ်ဖလင်ဗူးခွံတွေ တပုံတ ခေါင်းဟာ ကြမ်းပြင်တစ်ပြင်လုံး အပြည့်ပဲ။ စက္ကူအပိုင်းအစ တွေကို ကျွန်တော် နင်းပြီးလျှောက်မိတဲ့အခါ ကြမ်းပြင်တပြင်လုံးကို အင်မတန် တန်ဖိုးကြီး  အင်မတန်လှပတဲ့ ကော်ဇော တစ်ချပ် ခင်းထားသလို ခံစားရတယ်။

၁။ နံရံတွေက ပန်းရောင်ဖြစ်တာကြောင့် ဒီအခန်းဟာ ဘုန်းတော်ကြီးတွေအတွက် မဖြစ်နိုင်ဘူး။

၂။ နေထိုင်သွားခဲ့ကြတဲ့သူတွေဟာ လူငယ်စုံတွဲ ဖြစ်မယ်၊ ကြင်စဦးဇနီးမောင်နှံ ဖြစ်နိုင်တယ်။

၃။ သူတို့ဟာ ဓာတ်ပုံပညာရှင်တွေ ဖြစ်မယ်၊ ဒါမှမဟုတ် ဓာတ်ပုံပညာ မြတ်နိုးသူတွေ ဖြစ်မယ်။

၎။ ဒီအခန်းမှာ မကြာသေးမီ အချိန်က သူတို့နေခဲ့ကြတယ်။ ကျွန်တော် ရောက်မလာမီ သိပ်မကြာသေးခင်က ထွက်သွားကြ တယ်။

ဒီဆင်ခြင်မှုတွေဟာ စစ်နဲ့ ဝေးခေါင်တဲ့အရပ်တို့ရဲ့ အချိန်နဲ့ နေရာ ဒိုင်မင်းရှင်းတွေအရ ဆက်နွှယ်မှုမရှိသလို ထင်ရတယ်။ စစ်က ရှစ်နှစ်ကြာတယ်။ သူတို့ စစ်ပြေးတွေအနေနဲ့ ဒီမှာ ခိုလှုံနေခဲ့တာလား။ သူတို့ နံရံတွေ ဆေးသုတ်ဖို့နဲ့ ဓာတ်ပုံတွေ ရိုက် ဖို့ တကယ့်ကို နားနားနေနေ အချိန်တွေရှိခဲ့တယ်ဆိုတာ ဖြစ်နိုင်သလား။ သူတို့ တောင်ပေါ်မှာ ဘယ်က အစားအစာရှာလို့ ရသလဲ။ သူတို့မှာ ပိုက်ဆံမရှိရင် ဒီမှာ အချိန်ကြာကြာ နေနိုင်မယ် မဟုတ်ဘူး။ သူတို့မှာ ပိုက်ဆံရှိရင် အလုအယက် ခံရနိုင် တယ်။ တစ်ယောက်နဲ့တစ်ယောက် အင်မတန့် အင်မတန်ချစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ကြောင်းလဲ ပြကြတဲ့ အဲရစ်ရီမားခ်ရဲ့ စစ်အတွင်းကချစ်သူတွေတောင် ဒီလို လျှို့ဝှက်သဲဖိုဆန်ဆန် ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းတဲ့ ရှေးဟောင်းဝတ်ကျောင်းတစ်ကျောင်းကို ရွေးလိမ့်မယ် မဟုတ်ဘူး။

ကျွန်တော် စက္ကူအပိုင်းအစ တချို့ကို ကောက်ယူလိုက်တဲ့အခါ ပေးစာတွေဖြစ်ကြောင်း တွေ့ရတယ်။ ကြမ်းပြင်ပေါ်က စက္ကူ တွေကို စေ့စေ့စပ်စပ်ကြည့်လိုက်တဲ့အခါ အားလုံး ပေးစာတွေဖြစ်ကြောင်း တွေ့ရတယ်။ ဘယ့်နှယ်၊ ပေးစာတွေ ဒီလောက် တောင် အများကြီး များရပါလိမ့်။ ပေးစာအပိုင်းအစတွေက အစီအစဉ်မဲ့ တစ်စစီ ပြန့်ကြဲနေတာကြောင့် အဓိပ္ပါယ် အဆက် အစပ် အမဲ့ဆုံးဆိုတဲ့ ဝတ္ထုတွေထက်တောင် ပိုပြီး နားလည်ရ ခက်ခဲနေတော့တယ်။ ဘယ်လိုပဲဖြစ်စေ၊ ဒီလောက်တောင် အလွန်အကျွံ တပုံတပင် စာတွေဟာ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အပြန်အလှန် ရေးခဲ့ကြတာတော့ အသေ အချာပဲ။ ယောက်ျားရဲ့နာမည်က “လျန်”၊ “အချစ်လျန်”၊ “မေ့ရဲ့လျန်”။ မိန်းမရဲ့ နာမည်က “မေ”၊ “အချစ်ဆုံးမေ”၊ “ကိုယ့် ထာဝရ မေ”။ သူတို့ ရေးတာ အချစ်အကြောင်းချည်းပဲ။ အကွေ့တွေ၊ အ ကောက်တွေနဲ့ မဖြောင့်ဖြူးတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်အကြောင်းပဲ။ လစ်ဘရယ်အတ်စ် ကောလိပ်ကျောင်းသူ ကျောင်းသားတွေနဲ့ လိုက်လျောညီထွေရှိတဲ့ အရေးအသား တွေပဲ။

ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ စက္ကူအထပ်ထပ်အကြားထိုင်နေရာ သန်းတွေကိုက်တာကြောင့် ကျွန်တော့်ခြေ ထောက်တွေ ယားလာတယ်။ သန်းတွေ အများအပြားရှိတာဟာ ဒီအခန်းထဲ တစ်ယောက်ယောက်နေထိုင်ခဲ့တယ်လို့ ယူဆ နိုင်တယ်။ စာတွေဖတ်နေရာက ကျွန်တော့်ခေါင်းထဲ သွေးတိုးလာကာ ကျွန်တော့်ပါးပြင်တွေ ပူလာတယ်။ ဝင်တော့မယ့် နေရောင်ကြောင့် ပြူတင်းပေါက်ဘောင်တွေပေါ် လိမ္မော်ရောင်သမ်းနေပြီ။ ညနေခင်းလေက အရွက်ကင်းတဲ့ သစ်ကိုင်းတွေကို ခပ်ကြမ်းကြမ်း ရမ်းစေတယ်။ ကျွန်တော် တောင်အောက် အမြန်ဆင်းဖို့ လိုပြီ။

နံရံတွေနဲ့ ထောင့်တွေကို နောက်ဆုံးတစ်ကြိမ် ကျွန်တော် စေ့စေ့စပ်စပ် ကြည့်တယ်။ သွေးစက်တွေ၊ ကျည်ဆံ ရာတွေ ဘာမှ မတွေ့ဘူး။ တံခါးတွေနဲ့ ပြူတင်းပေါက်တွေ မပျက်စီးဘူး။ ကိုဒတ်ဖလင်ဗူးအားလုံး အခွံချည်းပဲ။ စက္ကူအပိုင်းအစတိုင်းဟာ စာတစ်စောင်စောင်ရဲ့ အပိုင်းအစချည်းပဲ။ ဒါပေမဲ့ စာအိတ်တစ်အိတ်မှ မတွေ့ဘူး။ ဒီအခန်းဟာ ရုပ်ရှင်ရိုက်ကွင်းတစ်ခု ဖြစ် နိုင်သလား။ ဒါပေမဲ့ ပေးစာတွေမှာ အဖြစ်အပျက် အစစ်အမှန်တွေ ပါဝင်တာကြောင့် ဒီလိုစဉ်းစားဖို့ မဖြစ်နိုင်သလောက်ပဲ။ ဒီစာရွက်တွေအကုန် ကျွန်တော် သယ်သွားဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ ကျွန်တော် လည်စီးပုဝါကိုဖြုတ်ကာ အထုပ်ကြီးကြီး ထုပ်တယ်။ ဒိနောက် အင်္ကျီအိတ်နဲ့ ဘောင်းဘီအိတ်တွေထဲ ကိုဒတ်ဖလင်ဗူးခွံတွေ အပြည့်အသိပ်ထည့်ကာ အောက်ထပ်ကို အပြေးဆင်းခဲ့တယ်။ ဝတ်ကျောင်းပတ်လည်ပတ်တယ်။ တခြား စိတ်ဝင်စားစရာ ဘာမှမတွေ့ဘူး။ အခုအထိ လူတစ်ယောက် တလေမှ မတွေ့ရဘူး။ ပတ်ဝန်းကျင် သစ်ကြီးဝါးကြီး ချုံတွေနွယ်တွေ ကြောင့် အခု ကျွန်တော် ထိတ်လန့်ခြောက်ခြားလာတယ်။ ထင်းခုတ်သမား သူ့ရဲ့ထင်းတွေကိုသယ်သလို စာတွေကိုသယ်ကာ ကျွန်တော် တောင်အောက်ဆီ အပြေးဆင်းခဲ့တယ်။

ဒိနောက် သုံးလေးငါးရက်အတွင်း ကျွန်တော်ဟာ စာတွေကိုဖတ်ပြီး၊ ဒီလို ပရမ်းပတာ ပြန့်ကြဲနေတဲ့ အပိုင်းအစတွေကနေ သိပ်မခိုင်မာလှတဲ့ ဇာတ်လမ်းတစ်ခု ဖော်မိတယ်။ လျန်နဲ့ မေတို့ နှစ်ယောက် တစ်ယောက်နဲ့တစ် ယောက် ကာလအတော် ကြာကြာ ချစ်ခဲ့ကြတယ်။ သူတို့ချစ်သူစုံတွဲကို နှစ်ဖက်မိဘက အပြင်းအထန် တားတယ်။ မျှော်လင့်ချက်ကင်းမဲ့တာကြောင့် လျန်ဟာ ရှင်တာထက် သေတာက ပိုပြီး မြတ်သေးတယ်လို့ စာတွေထဲ အကြိမ်ကြိမ် ရေးခဲ့တယ်။ မေက လျန်ကို ပေါ့ပေါ့ လွယ်လွယ်နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်မသေသင့်ကြောင်း ပြောတယ်။ ကိုယ့်ရဲ့အလုပ်အ ကိုင်နဲ့ ကိုယ့်ဘဝရှေ့ရေးကို ပထမ ဦးစားပေးသင့်ကြောင်း ပြောတယ်။ သူမ ဒီလောကမှာနေရမယ့် ရက်တွေ တစတစ နည်းလာပြီဖြစ်ကြောင်း ဖွင့်ဟ ပြော တယ်။ ကျန်တာက သိပ်အဓိပ္ပါယ်မလေးနက်လှတဲ့ အချစ် ခံစားမှုဖွင့်ဟခြင်းတွေဖြစ်တဲ့တိုင် တော်တော်ကလေးတော့ ပြင်းပြင်း ထန်ထန်ရှိတဲ့ ချစ်ဇောဟုန်တွေပါ။ နှစ်ယောက်စလုံးရဲ့စာတွေမှာ နေ့စွဲကို ရက်နဲ့ လကို ရေးပေမဲ့ နှစ်ကို မရေးတာလဲ ဆန်းတယ်။ နှစ်ယောက်စလုံး စစ်ရဲ့ အနိဋ္ဌာရုံတွေအကြောင်း မပြောကြဘူး။ အချစ်ဟာ ခေတ်နဲ့ စစ်နဲ့ ဘာမှမဆိုင်သလိုပဲ။ ပေးစာတွေက ရသစာပေ အရေးအသားတွေ လုံးဝမဟုတ်တာကြောင့် စကားလုံးတွေဟာ စိတ်မသက်မသာစရာ ဖြစ်လာ တယ်။

ကျွန်တော်လဲ အမှတ်စဉ်တပ်ကာ ကျိုးကြောင်းစဉ်းစားမိပြန်တယ်။

၁။ တကယ်လို့ ဝတ်ကျောင်း အခန်းထဲ သူတို့နှစ်ယောက် အတူတူ နေခဲ့တယ်ဆိုရင် စာတွေ မပါဘဲ သူတို့ ထွက်ခွာသွားကြမယ် မဟုတ်ဘူး။

၂။ တကယ်လို့ အခန်းထဲ လျန်တစ်ယောက်တည်း နေခဲ့တာဆိုရင် သူက မေ့ဆီ ရေးတဲ့စာတွေနဲ့ မေက သူ့ဆီရေးတဲ့စာတွေ အတူတူ ရောပြီး တွေ့ရတာ ပဟေဠိတစ်ခု ဖြစ်တယ်။

၃။ တကယ်လို့ မေက အရင်သေတယ်ဆိုရင် မသေခင် သူမဆီက စာတွေကို လျန်ဆီ ပြန်ပြီးပေးမယ်။ ဒီအခါ လျန်က စာ တွေကို မြတ်မြတ်နိုးနိုး ရင်ဝယ်ပိုက်ကာထားမယ်။ စာတွေဟာ ခုလို ပစ်စလက်ခတ် တစ်စစီ ပြန့်ကြဲနေမယ် မဟုတ်ဘူး။

၎။ တကယ်လို့၊ မေ သေပြီးတဲ့နောက် လျန်ဟာ အသည်းကွဲကာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်ဆိုရင် ကိုယ့်အသက်ကိုယ် မစီရင်ခင် စာတွေကို ဖျက်ဆီးပစ်ခဲ့မယ် ဖြစ်တယ်။ ဒါမှ စာတွေကို လူသူစိမ်းတွေ ရှာရှာကြံကြံ တွေ့သွားပြီး အသိမ်အဖျင်း စကားတွေ ပြောကြမယ့် ဘေးက ကင်းဝေးမယ် ဖြစ်တယ်။

၅။ တကယ်လို့၊ ဂျပန်ဓလေ့  ကိုယ့်ကိုယ်ကိုယ် သတ်သေနည်းဖြစ်တဲ့ တောင်ပေါ်ကနေ နှစ်ယောက်အတူတူ ခုန်ချတာဖြစ်စေ၊ နှစ်ယောက်အတူ မီးပုံထဲ ခုန်ဆင်းတာဖြစ်စေ တစ်နည်းနည်း ရွေးခဲ့တယ် ဆိုရင်တောင် သူတို့ မသေမီ လျန်ဟာ စာတွေကို မီးရှို့နိုင်သေးတာပဲ။ ဒါဟာ သူတို့နှစ်ယောက်နဲ့ လောကကြီးနဲ့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား အဆက်ဖြတ်သွားဖို့ စိတ်အချရဆုံး တစ်ခုတည်းဖြစ်တဲ့နည်းလမ်းပဲ။

၆။ လျန်ဟာ အသတ်ခံရပြီး၊ ရှိရှိသမျှ ပစ္စည်း အလုအယက်ခဲ့ရကာ အသုံးမဝင်တဲ့စာတွေသာ ချမ်းသာရာရခဲ့တာလဲ ဖြစ် ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလိုဆိုရင် ရာဇဝတ်ကောင်တွေဟာ စာတွေတော့ ထားခဲ့ပြီး ဘာကြောင့် စာအိတ်တွေတော့ မထားခဲ့သလဲ။

၇။ တကယ်လို့ လျန်ဟာ နိုင်ငံရေးအမှုကြောင့် အဖမ်းအဆီး ခံရတယ်ဆိုရင် ဒီစာတွေကို အင်မတန်အရေးကြီးတဲ့ သက်သေခံ ပစ္စည်းတွေအဖြစ် အာဏာပိုင်တွေက သိမ်းသွားမယ်ဖြစ်တယ်။

အဲဒီအခါက ကျွန်တော်ဟာ ထိထိရောက်ရောက် ကျိုးကြောင်းဆင်ခြင်နိုင်လောက်အောင် ဉာဏ်ရည်ဉာဏ်သွေး မရှိသေး ဘူး။ ဒါပေမဲ့ သေချာတဲ့ ကောက်ချက်တစ်ခုတော့ ချနိုင်ခဲ့တယ်။ ကျွန်တော် စာတွေ တွေ့တဲ့အချိန်မှာ လျန်နဲ့ မေတို့ ဒီလော ကမှာ မရှိတော့ဘူးဆိုတဲ့ ကောက်ချက် ဖြစ်တယ်။ စာတွေ တွေ့ပြီးတဲ့နောက် ကျွန်တော်ဟာ သုံး လေးကြိမ်လောက် ရွှေ့ကာ ပြောင်းကာ နေထိုင်ခဲ့ရတာကြောင့် စာတွေပျောက်ကုန်တယ်။ အဲဒီအခန်းဆီ ပြန်ပြီးရောက်ဖို့ ဘယ်ခါမှ အခွင့် မကြုံ တော့ဘူး။ သတင်းစာတွေမှာ လျန်နဲ့ မေတို့ရယ်လို့ အရိပ်အမြွက်ပြတဲ့ လူသတ်မှုဖြစ်စေ၊ လုယက်မှုဖြစ်စေ ဘာသတင်းမှ မတွေ့ရဘူး။ ကျွန်တော် ဝတ်ကျောင်းမှာ တွေ့ခဲ့ရတာတွေနဲ့ ဆင်ဆင်တူတာ ဘာသတင်း တစ်ပုဒ်တလေမှ မတွေ့ရဘူး။ အဲဒီလို နာမည်တူ လူတွေ တွေ့ခဲ့ရပေမဲ့ ကျွန်တော် သိခဲ့တဲ့ လျန်ဖြစ်စေ ဒါမှမဟုတ် မေဖြစ်စေ တစ်ယောက်မှ မဟုတ်ဘူး။

ဒိနောက် ဆယ်စုနှစ် အနည်းငယ် လွန်ခဲ့တယ်။ တံခါးရွက်တစ်ချပ်ကို တွန်းပြီး ဖွင့်လိုက်ရင်ဖွင့်လိုက်ခြင်း အဦး အစ ကျွန် တော်ခံစားလိုက်ရတဲ့ အံ့အားသင့်မှုကို မမေ့သေးဘူး။ လူ့လောကတစ်ခုလုံး ဆိတ်သုဉ်းနေသလိုနှယ် တိတ် ဆိတ်ခြောက် သယောင်းတဲ့ ဆောင်းရာသီ တောင်ပေါ်ရှုခင်းရယ်၊ လူသူကင်းမဲ့ကာ စွန့်ပစ်ခံထားရတဲ့ ဘုရားရှိခိုးကျောင်းနဲ့ ဝတ်ကျောင်းရယ် နဲ့ ဆန့်ကျင်ကာ ကျွန်တော့်ရှေ့မှာ ဝေဝေဖြာဖြာ ပွင့်နေတဲ့ ချယ်ရီပန်းတွေရဲ့ ပန်းရောင် တွေဟာ ရင်သပ်ရှုမောလောက်အောင် တောက်တောက်ပပ ထိန်ထိန်လင်းနေတယ်။ ကျွန်တော့်ရှေ့မှာ ယောက်ျားနဲ့ မိန်းမ၊ သက်ရှိခြင်း၊ အပြာနုရောင် စာရေး စက္ကူတွေ၊ ရွှေဝါရောင် ကိုဒတ်ဖလင်ဗူးခွံတွေ တွေ့ရတယ်။ ဒါတွေဟာ နွေဦးရဲ့ ဖက်လှဲတကင်း ကြိုဆိုတာလိုလို၊ သူငယ် ချင်းဟောင်းတစ်ယောက်နဲ့ မျှော်လင့်မထားဘဲ ပက်ပင်းတိုးတာလိုလို ဖြစ် ခဲ့တယ်။

အဲဒီက လျန်ကိုကိုက်တဲ့သန်းတွေဟာ မေ့ကိုလဲ ကိုက်ကောင်းကိုက်နိုင်တာပဲ။ ကဗျာဆရာတစ်ယောက်က ယောက်ျား တစ်ယောက်ရဲ့သွေးနဲ့ မိန်းမတစ်ယောက်ရဲ့သွေးဟာ သန်းတစ်ကောင်ရဲ့သွေးကြောအတွင်း ရောနှောမိတာ ရယ်နဲ့ ဘုရားရှိ ကျောင်းတစ်ခုအတွင်း ထိမ်းမြားလက်ထပ်တာရယ်ကို နှိုင်းခဲ့ဖူးတယ်။ သေခြင်းနဲ့ ဇာတ်သိမ်းတဲ့ အဆွေး ဇာတ်ရဲ့ ဘယ့်လောက် စိတ်ကူးယဉ်လွမ်းမောစရာကောင်းလိုက်တဲ့ အချစ်ပါလိမ့်။ ကျွန်တော်က မရည်ရွယ်ရိုးမှန်ပေမဲ့လဲ တိုက်တိုက် ဆိုင်ဆိုင် ကျွန်တော့်ကိုယ်ထဲက ကျွန်တော့်သွေးလဲ အဲဒီနည်းတူ ရောနှောခဲ့တယ်။ လျန်နဲ့ မေတို့ လက်ထပ်ထိမ်းမြားတာ ကိုတော့ ကျွန်တော် ဘယ်အခါကမှ မတွေ့မကြုံခဲ့ရဘူး။

ကျွန်တော်ဟာ ဒီအဖြစ်အပျက်ကို ကျွန်တော့်ရဲ့လူငယ်ဘဝ မှတ်ဉာဏ်ထဲ မှတ်သားထားခဲ့တယ်။ ဒီအဖြစ်အ ပျက်ရဲ့ အနက် အဖြေကို ကျွန်တော် အခုတိုင် ပီပီပြင်ပြင် နားမလည်နိုင်သေးဘူး။ ဒါကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အ နည်းငယ်အတွင်း ကျွန်တော် သိပ်ပြီး ရင့်ကျက်မလာခဲ့ကြောင်း ထင်ထင်ရှားရှားပြရဲ့။

မြန်မာပြန် - ကျော်လင်းဆွေ
0