ဝင်းမောင် ● စတီရီယိုဆိုတဲ့ စကားလုံး မြန်မာပြည်မှာ စတင်သုံးစွဲခဲ့သူ

ဝင်းမောင် ● စတီရီယိုဆိုတဲ့ စကားလုံး မြန်မာပြည်မှာ စတင်သုံးစွဲခဲ့သူ
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၈

ဗမာပြည်ရဲ့စတီရီယိုဂီတဟာ သက်တမ်းနှစ် ၅၀ တောင်ရှိခဲ့ပြီတဲ့။ အဲဒီနှစ် ၅၀ အတွင်းမှာ အဖိုးတန် ဂီတသမားတွေအများကြီး ဆုံးရှုံးလိုက်ရသလို သက်တော်ရှည်ဂီတာသမားကြီးတွေ တေးသံသွင်းပိုင်ရှင်ကြီးတွေ၊ ထုတ်ဝေသူကြီးတွေ အသက် (၇၀) ကျော်လွန်ခဲ့တဲ့ကြသည့်တိုင်အောင် ရှားရှားပါးပါ။ ရှိနေကြသေးပါလားဆိုတာ သိရတော့ ဝမ်းသာပီတိ ဖြစ်လာရပါတယ်။
သြော် …တော်ပါသေးရဲ့ပေါ့။

အဲဒီသက်တော်ရှာ်ဆရာသမားကြီးတွေကလဲ သူတို့ဖြတ်သန်းရာဂီတသမိုင်းကြောင်းထဲကနေ တက္ကသိုလ်အဆောင်တွေရှေ့ ညဘက်ဂစ်တာတီးကြတဲ့အစဉ်အလာ ဘယ်သူကစလို့ ဘယ်လိုပေါ်လာခဲ့ရတယ်ဆိုတဲ့အကြောင်းမျိုးက ဂီတအတွေ့အကြုံ ပေါင်းများစွာကို ဖတ်ခွင့်ရတာဟာ ငါတို့အတွက် ရှားရှားပါးပါ ကံကောင်းခြင်းပါလားလို့ ခံစားရပါတယ်။

ဒါပေမဲ့ ဒီအထဲမှာ အမှန်တကယ်အဓိကကျတဲ့အရာ ကျန်နေသေးတာက ကျနော်တို့နှစ် ၅၀ လုံလုံး ဒီနေ့အထိ သုံးစွဲလာခဲ့တဲ့ ‘စတီရီယို’ ဆိုတဲ့စကားလုံးပါပဲ။ အဲဒီ့စကားလုံးဘယ်လိုစတင်မွေးဖွားလာတယ်ဆိုတာကို ဂီတသမားသက်တော်ရှည်ပညာရှင် ကြီးထဲက တယောက်တော့ ရေးမှာလဲဆိုပြီး ရေနိုးနိုးနဲ့ မျှော်လင့်နေခဲ့ပေမယ့် ဒီနေ့အထိ ဘယ်သူမှ ရေးသားဖော်ပြပေးတာ မတွေ့ရတော့ ဒီအကြောင်းကိုသိခွင့်ရရှိထားတဲ့ ကျနော်မှာ နေမထိ ထိုင်မသာ ဖြစ်ရပါတယ်။

ကိုယ်က ဂီတကိုရူးသွပ်ခဲ့ပေမယ့် မထွန်းပေါက်ခဲ့သူမို့ အကြောင်းမသိသူများက မဆိုင်ဘဲဝင်ရှုပ်တယ်လို့ ပြောလာမှာကိုလည်း စိုးရိမ်နေခဲ့မိပါတယ်။ ခုတော့ ကိုယ်သိသမျှရှုထောင့်လေးကနေ ကိုယ်သိခွင့်ရခဲ့တာလေးကိုမရေးခဲ့ မပြောခဲ့ဘဲ ငါသေသွား ခဲ့ရင် တာဝန်မကျေဘူးလို့လည်း ခံစားရပြန်ပါတယ်။ ဒါကြောင့် ဖေ့ဘုတ်ပေါ်မျာ အစပျိုးကြည့်တော့ ဂီတသမားညီငယ် တယောက်က ဒါဟာ လိုအပ်ပါတယ်။ သိချင်ပါတယ်လို့ တွန်းအားပေးလာတာကြောင့် ကျနော်ရေးဖို့ဆုံးဖြတ်လိုက်ပါတယ်။

၁၉၉၂ လောက်ကလို့ထင်ပါတယ်။။ တနေ့မှာ” ပုသိမ်မောင်စိမ်းသူ၊ အမှတ် ၂၇ စကားဝါလမ်း၊ နှင်းဆီကုန်း၊ သင်္ကန်းကျွန်း၊ အမှတ် ၃၈ ကားစီး၊ ရေစက်မှတ်တိုင်ဆင်း” လို့ရေးထားတဲ့လိပ်စာစာရွက်ကလေးကို ကိုသစ်(သီချင်းရေးဆရာ မောင်သစ် မင်း) က ကျနော့်လက်ထဲထည့်ပေးပြီး အကိုကြီး (ပုသိမ်မောင်စိမ်းသူ) အိမ်ကိုသွားပြီး ခေါ်လာဖို့ ပြောပါတယ်။ ဟိုရောက် တော့ အလွန်နုံချာတဲ့သစ်သားအိမ်လေးထဲမှာ အကိုမောင်စိမ်းသူနဲ့အတူ အကိုကြီး (ကဗျာဆရာမြေချစ်သူ) ကိုပါ တွေ့ရပါ တယ်။ ကျနော်က အကိုကြီးတို့ဘာတွေလုပ်နေကြတုန်းဆိုတော့ အကိုကြီးမြေချစ်သူက ‘ကိုဝင်းမောင်ကြီး ဘာမှမသေချာတဲ့ အတွက် မပေါက်ကြားစေနဲ့အုံး၊ ကိုယ်တို့ဇော်ဝင်းထွဋ်အတွက် နှစ်ယောက်ပေါင်း တစ်ခွေစာ သီချင်းရေးနေတာ’ တဲ့။ (အဲဒီ့ သီချင်းတွေ ထွက်လာရင် သေချာပေါက်ကောင်းမယ်ဆိုတာသိလို့ မျှော်လင့်ခဲ့ပေမယ့် မထွက်ဖြစ်ခဲ့ပါဘူ၊ နှမြောမိပါတယ်)

ကျနော်က ကိုသစ်မင်းက ခေါ်ခိုင်းလိုက်တဲ့အကြောင်းပြောတော့ အကိုကြီးနှစ်ယောက်စလုံး (မောင်စိမ်းသူရော မြေချစ်သူပါ) လိုက်လာခဲ့ကြပါတယ်။ ထုံးစံအတိုင်း ကျနော်တို့ထိုင်နေကျ ဂွတ္တလစ် ဆရာစံလမ်းအဆုံးက ‘ခရေရိပ် လက်ဖက်ရည်ဆိုင်’ မှာ ကိုသစ်မင်းက စောင့်နေတယ်။ အဲဒီမှာ မောင်သစ်မင်းနဲ့ မောင်စိမ်းသူတို့နှစ်ယောက် စကားပြောကြတယ်။ ကျနော်နဲ့ အကိုကြီး မြေချစ်သူက သူတို့ပြောတာတွေကို ဘေးကနေ ထိုင်နားထောင်ကြတယ်။

သူတို့ပြောနေကြတာက သူတို့ဖြတ်သန်းခဲ့တဲ့ စတီရီယိုတေးဂီတာဟာ ၂၅ နှစ်ပြည့်တော့မှာ ဖြစ်တဲ့အတွက် ငွေရတုအမှတ် တရအဖြစ် စတီရီယိုဂီတသမိုင်းစာတမ်းတခု ပြုလုပ်ကြဖို့ ဖြစ်ပါတယ်။ အဲဒီမှာ ပထမဆုံးစတင်ရေးသားသီဆိုသူတွေကို အဓိကထားမယ်ပေါ့။ ဒီမှာတင် ကျနော်က မကြောက်မဝံ့ ဝင်ပြောလိုက်မိတယ်။ “ ဒါဆို ပထမဆုံးစတင်တဲ့သူက စတီရီယို ဖခင်ကြီးပေါ့နော်” လို့။ ကိုသစ်မင်းကလဲ အပြောင်အပြက်သဘောနဲ့ ‘အေးပေါ့’ တဲ့။ (အဲဒီ့ကိစ္စအတွက် တိကျတဲ့အချက်အလက် တွေရဖို့ အမျိုးသားစာကြည့်တိုက်မှာ ၁၉၇၂ -၇၃ ကြေးမုံနဲ့လုပ်သားသတင်းစာတွေကိုမွှေနှောက်ဖတ်ရှုကြပါတယ်။ ကျနော့် ကိုလည်း ကူပြီးရှာခိုင်း၊ ဖတ်ခိုင်းတယ်။) အဲဒါနဲ့ ကျနော်က အကိုကြီးပုသိမ်မောင်စိမ်းသူဘက်လှည့်ပြီး “ကျနော်သာဆို တံခွန်ဂျာနယ်ဦးညွန့်ဝေကို စတီရီယိုဖခင်ကြီးဆိုပြီး လုပ်ပစ်မှာ၊ သူ့စိတ်ကူးနဲ့ရေးလွှတ်လိုက်လို့ ဒီစကားလုံးပေါ်လာတာ” လို့ပြောလိုက်တော့ “မင်းပြောတာလည်း ဟုတ်သလိုပါပဲ၊ ဒါပေမဲ့  သူက ဂီတာသမားမှမဟုတ်တာကွာ” လို့ ရယ်ရယ် မောမောပြန်ပြောပါတယ်။

တကယ်တော့ တံခွန်ဂျာနယ်ဦးညွန့်ဝေနဲ့ မောင်စိမ်းသူ၊ မောင်စစ်ငြိမ်း၊ မောင်ဆွေနွယ်ဆိုတဲ့သူတွေက အနုပညာခြံစည်းရိုးချင်း ကပ်ပြီး ဘဝတလျှောက်လုံးအတူ တပူးတွဲတွဲနေလာခဲ့တဲ့သူတွေ မသိဘယ်သူရှိပါ့မလဲ။ ဒါကြောင့်လည်း ဒီအကြောင်းကိုရေးဖို့ အကိုကြီးမောင်စိမ်းသူကို ကျနော်တိုက်တွန်းခဲ့ပါသေးတယ်။။ ရေးဖြစ်ခဲ့လေသလား မရေးဖြစ်ခဲ့လေသလားမသိပါဘူး။

တံခွန်ဂျာနယ် ဦးညွန့်ဝေဆိုတာက ကျနော့်မွေးစားအဖေလို အရမ်းအနေနီးကပ်ခဲ့သူပါ။ သူက မြောင်းမြမြို့ကနေ တင် ညွန့်တို့၊ ရွှေဘတို့လို မင်သားမဖြစ်ရင် ငါမပြန်ဘူးဆိုပြီး အဲဒီခေတ်က ရုပ်ရှင်မင်းသားလုပ်ဖို့ရန်ကန်ုကိုတက်လာခဲ့တာ နောက်ဆုံး တော့ တံခွန်ဂျာနယ်ဒီဇီုင်းဆရာကြီးဘဝနဲ့ နိဂုံးချုပ်သွားရရှာပါတယ်။ ၁၉၆၀ လောက်ကတည်းက စခဲ့တဲ့တံခွန် ဂျာနယ် လည်း သူနဲ့အတူ ရပ်ဆိုင်း သွားခဲ့ပါတယ်။

အဲဒီတုန်းကခေတ်က ဒီဇိုင်းခေတ်ပါ။ ပြက္ခဒိန်ကိစ္စ၊ သီချင်းစာအုပ်ကိစ္စ၊ အခြားအနုပညာဆိုင်ရာကိစ္စတွေမှန်သမျှ ဒီဇိုင်းနဲ့ပတ် သက်လာရင် ဦးညွန့်ဝေဆီကို ဦးတည်ကြရပါတယ်။ မင်းမင်းလတ်တို့၊ တက္ကသိုလ်ထွန်းနောင်တို့၊ အကော်ဒီယံအုန်းကျော်တို့၊ ကျော်ဟိန်းတို့သီချင်းတွေထွက်နေတဲ့အချိန်၊ အဲဒီထွက်လာတဲ့သီချင်းတိတ်ခွေပေါ်မှာာ မိမိတို့စိတ်ကူးတည့်သလို၊ လမ်းသူရဲတေး၊ လမ်းဘေးတေး၊ ခေတ်ဆန်းတေးဆိုပြီး အမျိုးမျိုးခေါင်းစဉ်တပ်နေကြတဲ့အချိန်ပေါ့။

အဲဒီကာလထဲမှာ တက္ကသိုလ်ထွန်းနောင်ရဲ့ “မာမီရယ် ရှာပေးကွယ် ရည်းစားလိုချင်တယ်” ဆိုတဲ့သီချင်းအခွေက တော်တော် ပေါက်တယ်။ နေရာတိုင်းမှာ သီချင်းစာအုပ်ကလည်းရောင်းကောင်းတယ်။ သီချင်းစာအုပ်ဆိုပေမယ့် ပန့်ဖလက်စာရွက်ခေါက် လေးပါ။ နာမည်က ‘တက္ကသိုလ်ထွန်းနောင်နဲ့တိတ်ခွေသီချင်းများ’ တဲ့။

အဲဒီမှာ ပြဿာနာတက်ပါတယ်။ ထုတ်လုပ်သူက တယောက်၊ စီစဉ်သူက တယောက်ဖြစ်ပြီး သီချင်းစာအုပ်ကရောင်းကောင်း နေတော့ ခိုးထုတ်တယ်ဆိုပြီ ပြဿနာဖြစ်ကြပါတယ်။ ခိုးထုတ်တဲ့သူက သူ့ဘက်ကလူကြီးတယောက်အနေနဲ့ ကြားဝင် ဖြေရှင်းပေးဖို့ ပန်းချီစိုးမိုး(ရုပ်ရှင်ဒါရိုက်တာကြီး) ကိုအကူအညီတောင်းတယ်။ ဒီလိုနဲ့ ဦးညွန့်ဝေနဲ့ပန်းချီစိုးမိုးတို့ဖြေရှင်းလိုက်တာ ပြေလည်သွားပါတယ်။

အဲဒီကိစ္စဖြေရှင်းပြီးကာစမှာပဲ ထီလာဇော်လင်းဆိုတဲ့ ထုတ်ဝေသူတယောက် ဦးညွန့်ဝေဆီရောက်လာတယ်။ ဝင်းဦး၊ ကျော် ဟိန်း၊ ဇော်ဝမ်း၊ တက္ကသိုလ်ထွန်းနောင်၊ သမန်းကျားကိုမြင့်တို့ရဲ့ သီချင်းတွေကိုစုထုတ်မယ့် သီချင်းစာအုပ်အဖုံးဒီဇိုင်းနဲ့ အတွင်းဒီဇိုင်းလာအပ်တာ။ အဲဒီမှာ ဦးညွန့်ဝေက သီချင်းစာအုပ်အဖုံးကို “ကျော်ကြားသော စတီရီယိုတေးများ” ဆိုပြီး ရေးပေးလိုက်ပါတယ်။

“ကျော်ကြားသော စတီရီယိုတေးများ” ဆိုတဲ့သီချင်းစာအုပ်ထွက်ပြီးတဲ့နောက် ပုဂံစာအုပ်တိုက်နေ ‘ဆယ်ကျော်သက်သီချင်း များ’ ဆိုပြီ စာအုပ်တွေ ငါးအုပ်လောက် ဆက်တိုက်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ တံခွန်ဂျာနယ်ဒီဇိုင်း ဆရာကြီးဦးညွန့်ဝေရေးပေး လိုက်တဲ့ “စတီရီယိုတေး” ဆိုတဲ့စကားလုံးကသာ ဒီနေ့အထိ သုံးစွဲလာခဲ့ကြပါတယ်။

ဝင်းမောင်
0