ကျော်ကျော် (မြရည်စမ်း) - လေထီးသမား​တွေ

လေထီးသမား​တွေ
ကျော်ကျော် (မြရည်စမ်း)
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၈

တ​​ခေတ်​တခါတုန်းက ရထား​ပေါ်က​နေ အလစ်​သုတ်​ပြီးခုန်​ချတဲ့သူ​တွေကို ​လေထီးသမား​တွေလို့ နာမည် ပြောင်​ ပေးခဲ့ကြတယ်​။ သူတို့က တယောက်​ထဲလည်း လှုပ်​ရှားကြတယ်​။ သုံး​​ယောက်​​လေး​ယောက်​အုပ်​စုလိုက်​​တွေလည်း လှုပ်​ရှားကြတယ်​။ ရထားနဲ့ပတ်​သက်​လို့​တော့ အဆင်းအတက်​ မျက်​စိမှိတ်​ထားလို့ရတဲ့ အထိ ကျွမ်းကျင်​ကြတယ်​။ အရှိန်​နဲ့​မောင်းလာတဲ့ရထား​ဘေးမှာ ​ကျောက်​ရုပ်​ကြီးလိုငြိမ်​​နေပြီး ဖျတ်​ခနဲဇတ်​ခနဲလည်း ပြတင်း​ဘောင်​ကို ဟီး​လေးခိုနိုင်​ကြတယ်​။ အဆင်းတက်​လက်​ရမ်းကို ကျွမ်းဘားဆရာတယောက် လို ပေါ့ပေါ့ပါးပါး ဆွဲတက်​နိုင်​ကြတယ်​။ ရထား​ခေါင်​မိုး​ပေါ်က​နေ နှစ်​ယောက်​က ​ခြေ​ထောက်​ကိုဆွဲ​ပေးထား ပြီး ​ဇောက်​ထိုးအ​နေအထားနဲ့ ပြတင်း​ ပေါက်​ထဲ​လျောခနဲဝင်​လာပြီး ဆွဲကြိုး​တို့နာရီတို့ဆွဲဖြတ်​နိုင်​တယ်​။ ပြီးတာနဲ့ လူ​တွေအံ့​နေချိန်​မှာ လစ်​ခနဲအ​ပေါ်ပြန်​ဆွဲတင်​သွားတတ်​ကြတယ်​။ လေထီးသမာတွေဆီမှာ ဓား​ချွန်း​တွေ​၊ လောက်​​လေးခွ​တွေလည်းပါလာတတ်​လို့ အက်​စ်​စ​ကော့လို့ခေါ်ကြတဲ့ ရထားလိုက်​လုံခြုံ​ရေး​တွေ ကလည်း ဖမ်းတဲ့ ဆီးတဲ့အခါ သတိ​တော်​​တော်​ထားကြရတယ်​။

လေထီးသမား​တွေပြီး​တော့ ဂလန့့်​သမား​တွေရှိ​သေးတယ်​။ ဂလန့်​သမား​တွေက​တော့ နှစ်​ဖက်​ချွန်​သံ​ချောင်း အမာ ကြီး​တွေကို ကုန်​ရထားတွဲ နှစ်​တွဲကြားမှာ ကန့်​လန့်​ခံထည့်​ပြီး ရထားတွဲနှစ်​တွဲ ဘယ်​ညာလူးတဲ့အခါ မှာ တွဲနံရံသံခွံကြီးကို ပြဲ​အောင်​ဖြဲကြတယ်​။ သူတို့လိုလူမျိုး​တွေကကတော့ ပိုင်​​လောက်​မှ လုပ်​ကြသူ​တွေ​ ပေါ့။ သတင်း​ထောက်​လှမ်းတဲ့​နေရာမှာလည်း ကျွမ်းကျင်​ကြပုံရပါတယ်​။ အိမ်​​ထောင်​​ပြောင်းတွဲ​တွေ အဖိုး တန်​ပစ္စည်းပါ လာတဲ့တွဲ​တွေကို ပစ်​မှတ်​ထားတတ်​ကြတယ်​။ ပုံမှန်​လှုပ်​ရှား​နေတဲ့ သက်​ရှိသက်​မဲ့မှန်​သမျှမှာ အားနည်းတဲ့အချိန်​အခါ ရှိတတ်​ကြတော့ အဲဒါကို သူတို့အခွင့်​အ​ရေးအတွက်​ အသုံးချတတ်​ကြတယ်​။ ဂလန့်သမား​တွေကတော့ လေထီးသမားတွေ ထက်​မြက်​မြက်​စက်​စက်​ရတဲ့ အခါမျိုး​တွေ ရှိမယ်​ထင်​ပါ တယ်​။

လေထီးသမား​တွေက​တော့ ဆွဲကြိုးတို့၊ နာရီတို့၊ ဟင်းန်​ဘက်​အိတ်​တို့​လောက်​ကိုသာ ဆွဲချကြတာမို့ ခံ လိုက်​ရတဲ့သူကလည်း အမှုသာဖွင့်​ချင်​ဖွင့်​လိုက်​မယ်​ ကိုယ်​ထူကိုယ်​ထက သိပ်​ပြီးရှိကြတာမဟုတ်​ဘူး။ ဘဝပျက်​​လောက်​​အောင်​ ပါမသွားဘူးဆိုရင်​ တချို့များ အမှု​တောင်​မဖွင့်​တတ်​ကြပါဘူး။ အဲဒီလိုနဲ့ ​ပွဲပြီး မီး​သေဖြစ်​သွားကြပါတယ်​။ ကျွန်​​တော့်​အ​ဖေဆိုရင်​လည်း ​မွမ်းမံသင်​တန်းကပြန်​လာတုန်း ​စောင်​အထုပ်​ကြီး ဆွဲချခံလိုက်​ရ တယ်​။ အ​ဖေ့ကို ​ဘေးကလူ​တွေက အမှုဖွင့်​ဖို့​ပြော​ပေမဲ့ မဖွင့်​ခဲ့ဘူးတဲ့။ အိမ်​​ရောက်​​တော့ အ​မေ့ကို​ပြောတဲ့စကား ကျွန်​​တော်မှတ်​မိနေ  သေးတယ်​။"ဆွဲချသွားတဲ့သူ​တွေလည်း ချမ်းရှာလို့​နေမှာ​ပေါ့ ကွာ" တဲ့။

အ​ဖေက အမှုဖွင့်​မယ်​ဆိုရင်​လည်း   ရထားကြီးပထမဆုံးရပ်​မယ့်​ ပစ္စည်းဆွဲချခံရတဲ့​နေရာနဲ့ အနီးဆုံးဘူတာ မှာ ဆင်းကျန်​​နေခဲ့ရမှာပါ။ ဆောင်းတွင်းကြီး​အေးက​အေးသနဲ့မို့ အမှုမဖွင့်​ခဲ့တာလည်း ဖြစ်​နိုင်​တာ​ပေါ့။ ပြီး​တော့ ပစ္စည်း ဆွဲချခံလိုက်​ရတာကလည်း အ​ဖေတ​ယောက်​ထဲရယ်​။ ကံ ကံ၏အကျိုးလို့များ အ​ဖေယူဆ ခဲ့​လေသလား။ ဒါမှမဟုတ်​ရင်​လည်း အ​ဖေ့​ပြောခဲ့သလိုပဲ " ချမ်းရှာလို့ ​နေမှာ​ပေါ့ကွာ" ဆိုတဲ့ ကိုယ်​ချင်းစာ နာစိတ်​​ကြောင့်​များလား။ အဲတာ​တွေကို​တော့ အ​ဖေကိုယ်​တိုင်​ပဲ သိမှာပါ။

အ​ဖေ့ရဲ့​စောင်​ထုပ်​ကြီးဆွဲချခံရပြီး နှစ်​အ​တော်​​လေးကြာတဲ့အခါ မီးရထားကုမ္ပဏီတခုမှာ ကျွန်​​တော်​အလုပ်​ဝင်​ခဲ့တယ်​။ ကုမ္ပဏီက ရုံးပိုင်းရယ်​၊ သွားလာပို့​ဆောင်​​ရေးရယ်​ ၂ ​မျိုးရှိ​ပေမဲ့ ငြိမ်​ငြိမ်​မ​နေတတ်​တဲ့ကျွန်​​တော်​က ရထားလိုက်​ဝန်​ထမ်းအလုပ်​ကိုပဲ ​ရွေးချယ်​ခဲ့ပါတယ်​။ မန္တ​လေးက​နေ မြစ်​ကြီးနားကို ခုနှစ်​ရက်​တစ်​ပတ်​မှာ ရထားနှစ် ကြောင်း​ပြေးပါတယ်​။ အ​ဖေ့​စောင်​ထုပ်​ကြီးကို ​လေထီးသမားဆွဲပြီးခုန်​ချသွားတဲ့နေရာ​လေး ရောက်​ရင်​ သတိတရနဲ့ ကြည့်​ဖြစ်​ပါတယ်​။ ဘယ်​လိုခံစားချက်​မျိုးမှ​တော့ ရင်​ထဲမှာ​ပေါ်မလာပါဘူး။ "ဒီ​နေရာ​လေးမှာ တချိန်​တုန်းက အ​ဖေ့​ စောင်​ထုပ်​ကြီး ဆွဲချခံခဲ့ရဖူးပါလား" ဆိုတဲ့ အသိ​လောက်​ပဲ ရှိ​နေခဲ့ တာပါ။ အဲသည်​လိုနဲ့ အစုန်​အဆန်​ခရီး​ တွေတိုင်း သတိရဖြစ်​ပါတယ်​။ တ​ခါတ​လေ​တော့လည်း မိုးချုပ်​တဲ့ အ​ခေါက်​​တွေနဲ့ကြုံလို့ တွဲတံခါး​တွေ ပိတ်​ထားပြီဆိုရင်​ မသိ လိုက်​​တော့ဘူး​ပေါ့။

တ​ညမှာ​တော့ ညဆယ်​နာရီထိုး​လောက်​ကြီး စား​သောက်​တွဲထဲမှာ ကျွန်​​တော်​တို့ စကားထိုင်​​ပြော​နေခဲ့ကြ တယ်​။ စား​သောက်​တွဲကလည်း ညဆယ်​နာရီထိုးရင်​ အ​ရောင်းပိတ်​တာမို့ လူရှင်း​သ​လောက်​ဖြစ်​​နေပါပြီ။ ခပ်​​ထွေ​ထွေ တယောက်​ နှစ်​​ယောက်​​လောက်​ပဲ ကျန်​​ပါ​တော့တယ်​။

ရထားတွဲဆိုင်းကြီးက စက်​​ခေါင်းက​နေ​နောက်​ဆုံးတွဲအထိ ကူးသန်းလို့ရပါတယ်​။ ရထားထိန်းတွဲ(ဂတ်​တွဲ) ကို​တော့ ကူးလို့မရဘူး။ luggage အခန်းက ကြားထဲမှာခံ​နေတယ်​။ ရထားတွဲ တ​တွဲနဲ့တ​တွဲကြားမှာရှိတဲ့ တွဲ​ပေါင်းကူး တံခါး​တွေကို​တော့ ခပ်​​ထွေ​ထွေခရီးသည်​​တွေ သူ့တွဲကိုယ်​တွဲပြန်​ကြမှ ပိတ်​လို့ရမှာပါ။ 

အဲဒီ​နေ့က ဂျူတီလဲထားတဲ့ စက်​​ခေါင်း​မောင်းတ​ယောက်​ရယ်​၊ လက်​မှတ်​စစ်​တယောက်​ရယ်​၊ မီးထိုး​တယောက်​ရယ်​၊ ကျွန်​​တော်​ရယ်​က ရောက်​တတ်​ရာရာ​ပြော​နေကြရင်း စား​သောက်​တွဲက အလကားရ တဲ့ ​ရေ​နွေးကြမ်းတဗူးကို ​သောက်​​နေကြတာပါ။ အပြင်​မှာက အ​တော်​ပဲ​အေး​နေပြီမို့ ပြတင်းတံခါး​တွေကို လည်း ပိတ်​ထားပြီးပါပြီ။ အဲဒီအချိန်​​လေးမှာပဲ တွဲ​ခေါင်​မိုး​ပေါ်က လမ်း​လျှောက်​သံ သဲ့သဲ့ကို ကြားလိုက်​ကြရတယ်​။ အားလုံးရဲ့စကားသံ​တွေတိတ်​သွားတဲ့အချိန်​မှာ ​ခေါင်​မိုး​ပေါ်ကအသံလည်း တိတ်​သွားတယ်​။

လက်​မှတ်​စစ်​က ​ခေါင်​မိုး​ပေါ်ကို လက်​ညှိုးထိုးပြပြီး ​ခေါင်​မိုး​ပေါ်မှာ လူ​ရောက်​​နေတယ်​လို့ ​ပြောပါတယ်​။ စား​သောက်​တွဲတာဝန်​ခံက ​နောက်​တွဲမှာပါလာကြတဲ့ ရထားလုံခြုံ​ရေးအဖွဲ့ကို သွား​ခေါ်ပါတယ်​။ မီးထိုးက ပြတင်း ပေါက်​တံခါးကို ဖြည်းဖြည်း​လေးမပြီး အသံမထွက်​​အောင်​တင်​လိုက်​တယ်​။ အပြင်​က​ ​အေးစိမ့်​​နေ တဲ့ ​လေတွေ စားသောက်​တွဲထဲကို တပြုံကြီးဝင်​ချလာတယ်​။ ​ကျွန်​​တော်​က​တော့ ဘာ​တွေဆက်​ဖြစ်​လာ ​ တော့မလဲလို့ စိတ်​လှုပ်​ရှား​ နေရင်း အ​နွေးထည်​ဇစ်​ကို အ​ပေါ်အထိဆွဲတင်​လိုက်​မိတယ်​။ လေအေးအေး ကြီး​တွေက ဖွင့်​ထားတဲ့ ပြတင်း ပေါက်​က ဝင်​​နေကြတုန်းပဲ။

ရထား​ခေါင်​မိုး​ပေါ်က​နေကြည့်​လိုက်​မယ်​ဆိုရင်​ ပွင့်​သွားတဲ့ပြတင်းဝက​နေ အလင်းစ​တွေ အပြင်​မှာအကွက်​လိုက်​ ပေါ်​နေမှာ ​သေချာပါတယ်​။ မီးထိုးက သူ့ရဲ့ငါးခဲထိုးလက်​နှိပ်​မီးနဲ့ ရထား​ခေါင်​မိုး​ပေါ်ကို ထိုးကြည့်​နေ တယ်​။ သူကလည်း လက်​နှိပ်​ဓာတ်​မီး ရယ်​ဒီဖြစ်​​နေတတ်​တာ အကျင့်​မို့လို့သာ ထိုးကြည့်​ဖြစ်​တာ​နေမှာ။ လက်​နဲ့​ခေါင်းကို အပြင်​ဖက်​ရဲရဲမပြူရဲရှာပါဘူး။ မ​တော်​လို့များ အ​ပေါ်က​နေ တခုခုလုပ်​ခဲ့ရင်​ ဆိုတဲ့အ​တွေး မျိုး ဝင်​​နေရှာမှာ​ပေါ့။

ရထားနဲ့အပြိုင်​လိုက်​​ပြေး​နေတဲ့ အလင်းကွက်​ရယ်​ ​ခေါင်​မိုး​အောက်​ တွဲထဲက လှုပ်​ရှားသံ​တွေ ကြောင့်​ရယ်​လို့ထင်​ပါတယ်​၊ ခေါင်းမိုး​ပေါ်က ခြေသံပြင်းပြင်းကြီးကိုကြားလိုက်​ရပါတယ်​။ တိတ်​ဆိတ်​​နေတဲ့ စား​သောက်​ ခန်းထဲမှာတော့ အဲသည်​အသံဟာ အကျယ်​ကြီး​ပေါ်လာတယ်​။ လုံခြုံ​ ရေးလိုက်​လာတဲ့ ရဲတပ်​ဖွဲ့ဝင်​တ​​ယောက်​က ရထား ကြီးကို dead stop ဖမ်းပြီးရပ်​လိုက်​ဖို့ အကြံ​ပေးတယ်​။ "ရထားရပ်​သွားတဲ့အခါ ​ခေါင်​မိုး​ပေါ်ကလူကို ဝိုင်းဖမ်းကြမယ်​" တဲ့။

အဲဒီစကားကို ကြားလိုက်​ရ​တော့ ကျွန်​​တော်​စိတ်​ပူသွားမိတယ်​။ ဘာကိုစိတ်​ပူသွားတာလဲဆိုတာ ဝေခွဲမရ ခင်​မှာပဲ စက်​​ခေါင်း​မောင်းက သူ့မျက်​နှာကြီးကိုရှုံ့မဲ့ပြီး လုံခြုံ​ရေးကိုပြန်​ကြည့်​တယ်​။ ရထားလိုက်​အ​တွေ့ အကြုံ နုနယ်​​သေးပုံရတဲ့ လုံခြုံ​ရေးတပ်​သားလည်း နားမလည်​နိုင်​တဲ့မျက်​နှာနဲ့ ဖြစ်​​နေရှာပါတယ်​။ 

တကယ်​​တော့လည်း အဲဒီတုန်းက ရထားခုတ်​​မောင်း​နေတဲ့ အမြန်​နှုန်းက တစ်​နာရီကို ကီလိုမီတာ ၃၀  ကျော်​ လောက်​ ရှိပါတယ်​။ အဲဒီအရှိန်​ကို တုံ့ခနဲရပ်​လိုက်​ပစ်​လိုက်​ရင်​ ဖြစ်​​​ပေါ်လာမယ့်​ ​နောက်​ဆက်​တွဲ ကိစ္စ​တွေကို လုံခြုံ​ရေးတပ်​သား​လေးခမျာ တကယ်​ကို မသိ ရှာတာပါ။

ရထားလုံခြုံ​ရေး​တပ်​ဖွဲ့ဝင်​​တွေက ​ခေါင်းမိုး​ပေါ်ကလူကို အ​ပေါ်တက်​ပြီးဖမ်းဖို့ စဉ်းစားကြတယ်​။ ရထားတွဲတတွဲနဲ့တတွဲကြား ပေါင်းကူးနေရာတွေမှာ တချို့​နေရာ​တွေက ရာဘာပြားကြီး​တွေစုတ်​ပြဲ​နေ ကြတယ်​။ ခေါင်​မိုး​ပေါ်မှာလိုက်​လာတဲ့လူက​လည်း အဲဒီလို​နေရာ​တွေက​နေပြီး တွဲထဲကိုဝင်​ဖို့ စိတ်​ကူး ထားပုံရပါတယ်​။ ရထားတွဲက (၁၄)တွဲ​လောက်​ပါ​ပေမဲ့ တွဲတိုင်းမှာ​တော့ အဲဒီလိုဖြစ်​မ​နေကြပါဘူး။ ဖြစ်​​နေတဲ့​နေရာ​တွေကတော့ အ​တော်​ဆိုးတယ်​။ မိုးရွာတဲ့အခါမိုးယိုတယ်​၊ ည​ရေးညတာလည်း စိတ်​မချရပါဘူး။ အဲဒီတွဲ​တွေဟာ တွဲပြင်​ရုံကိုပြန်​ဝင်​တဲ့အခါမှ ​သေ​ သေချာချာပြန်​ပြင်​ရမယ့်​တွဲ​တွေ​ပေါ့။

တချို့တွဲ​တွေဆိုရင်​ ​​​ဘေးတံခါး​တွေ​တောင်​ ​သေ​သေချာချာပိတ်​လို့မရပါဘူး။ အပြင်​ပန်းကြည့်​ရင်​​တော့ ဆေးအသစ်​​ တွေသုတ်​ထားလို့ ခန့်​ခန့်​ကြီးဖြစ်ေ​ပမဲ့ အ​ကြောင်းသိသူ​တွေဆိုရင်​ ခွင့်​ပြုချက်​မရပဲ အလွယ်​တကူဝင်​နိုင်​ထွက်​နိုင်​ကြပါတယ်​။ လုံခြုံ​ရေးတပ်​ဖွဲဝင်​​လေးဟာ အ​ပေါ်ဖက်​ကို​မော့ကြည့်​ရင်း ချီတုံချတုံ ဖြစ်​​နေရှာပါတယ်​။

လေ​အေး​အေးကြီး​တွေဝင်​လာတဲ့ ရထားတွဲ​ပေါင်းကူးဟကွဲကြီး​နေရာက​နေ ​ခေါင်​မိုး​ပေါ်တက်​ဖို့ကိစ္စ ဟာလည်း သေသေချာချာတွေးကြည့်လိုက်​ရင်​ ရင်​မ​အေးစရာပါ။ အ​ပေါ်ဖက်​အမှောင်​ထဲမှာ ရောက်​​နေ သူက တက်​လာတဲ့သူ​တွေကို ဆီးပြီး​တော့အန္တရာယ်​​ပေးလိုက်မယ်​ဆို လွယ်​လွယ်​​လေးပဲ။ ရထားလိုက်​လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​​လေး တ​ယောက်​က ​လောက်​​လေးခွကိုအရံသင့်​ထုတ်​ထားတယ်​။ ​သေနတ်​ကို​တော့ ဘယ်​သူမှ ထုတ်​မထားကြ​သေးပါဘူး။ သူတို့ဘက်​ကကြည့်​ပြန်​​တော့လည်း ခက်​ရှာမှာ​ပေါ့။ ​ခေါင်​မိုး​ပေါ် ကလူဟာ ပစ္စည်းအလစ်​သုတ်​ဖို့လိုက်​လာတဲ့ လေထီးသမားမဟုတ်​ပဲ ရထားလက်​မှတ်​မရရှာလို့ ခိုးစီးလာ ရတဲ့ခရီးသည်​​လေးဆို ​သေနတ်​နဲ့ပစ်​ဖမ်းဖို့ မလိုအပ်​ဘူးမဟုတ်​လား။ အဲဒီအချိန်​တုန်းက ရထားလက်​မှတ်​ရဖို့ဆိုတာကလည်း တကယ့်​ကို ဒုလ္လဘတရား။

နောက်​​တော့ "ရထားကြီးကို တဖြည်းဖြည်းအရှိန်​​လျှော့ချပြီး ရပ်​လိုက်​မယ်​။ ရထားရပ်​သွားတဲ့အခါမှ အား လုံးခုန်​ချပြီး ရထားကြီးကိုဝိုင်းထားလိုက်​ကြမယ်​" လို့ ဆုံးဖြတ်​လိုက်​ကြတယ်​။ မီးထိုးက တာဝန်​ကျစက် ခေါင်း​မောင်းကို အကျိုးအ​ကြောင်း​ပြောဖို့သွားပြီ။ အခုအချိန်​လိုဆိုရင်ရင်တော့ ဖုန်းဆက်​လိုက်​ရင်​ ရတာ​ပေါ့။ အဲဒီတုန်းက​တော့ တဘူတာနဲ့တဘူတာ အ​ရေးကြီးတဲ့အ​ကြောင်းအရာ​တွေ ​ပြောမယ်​ဆိုရင်​​ တောင်​ အသံပြာ​အောင်​ ​အော်​ရတာ။ ​ကရာ ကတ္တု ၊ ကရာ ကတ္တု။ ဒစ်​ ဒါ ဒစ်​ ဒါ ​ကြေးနန်း​ခေါက်​ရတာ။ အဲဒီလို ခပ်​ညံ့ညံ့ဆက်​သွယ်​မှု​တွေ​ကြောင့်​ ရထားနံပါတ်​နဲ့လျှို့ ဝှက်​နံပါတ်​မှားတာ​တွေ၊ လျှို့ ဝှက်​နံပါတ်​နဲ့အချိန်​နာရီမှားတာ​တွေဖြစ်​ပြီး ရထားနှစ်​စင်းခေါင်း ချင်းဆိုင်​ခဲ့တာ​တွေ​တောင်​ ဖြစ်​ခဲ့ရဖူးတယ်​။

မီးထိုးသမား စက်​​ခေါင်းဆီကိုထွက်​သွားပြီးလို့ မကြာခင်​မှာပဲ ရထားအရှိန်​က တဖြည်းဖြည်း​လျှော့လာတယ်​။ ရထား​ပေါ်က တွဲထိန်း​တွေ၊ စက် ပြင်​​တွေ၊ စား​သောက်​တွဲဝန်​ထမ်း​တွေနဲ့လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​​တွေဟာ ရထားကြီးရပ်​သွားတဲ့အချိန်​မှာ ​ကြောက်​လန့်​တကြားဖြစ်​​နေမယ့်​​ ​ခေါင်​မိုး​ ပေါ်ကလူကို ဖမ်းဖို့အသင့်​ပြင်​ထားကြတယ်​။ တွဲကပြတင်းတံခါး​တွေအကုန်​လုံးကိုလည်း ဖွင့်​ထားကြပြီ။ ​လေ​အေး​တွေက ပိုပြီးဝင်​လာတယ်​။ အဲဒီအခါမှာ ကျွန်​​တော်​အ​တော်​​လေးချမ်းလာတာကိုမှတ်​မိပါတယ်​။ ရထား​ပေါ်ကလူ​တွေအ​တော်​များများဟာ ရထားတွဲ​ တွေရဲ့​ဘေးဖက်​ဆီကို ဓာတ်​မီး​တွေနဲ့ ဝိုင်းထိုးထားကြပါ တယ်​။ ရထားဘီး​တွေဆီက တရူးရူးတရှဲရှဲအသံ​တွေထွက်​လာတယ်​။ သံလမ်းနဲ့ရထားဘီးတာယာကြိတ်​ပွတ်​သံ ​တွေ တကျီကျီမြည်​လာတယ်​။

ဓာတ်​မီး​ရောင်​​တွေ​အောက်​မှာ ရထားရဲ့​နောက်​ဆုံးတွဲက​နေ လူတ​ယောက်​​ဇောက်​ထိုးဆင်းလာတာကို မြင်​ကြရ တယ်​။ အဆင်းအတက်​​လှေခါး လက်​ရမ်းကို ဆုပ်​ကိုင်​ထားပုံက ရင်​တုန်​စရာပါပဲ။ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​တယောက်​က ​လေးခွနဲ့ပစ်​ဖို့ သား​ရေကြိုးကိုဆွဲတင်းလိုက်​တုန်းမှာပဲ အဲဒီလူဟာ အတည့်​အ​နေအထားနဲ့ သံ လမ်း​ဘေးမှာ ကျန်​​နေခဲ့ပြီ။ နောက်ထပ်​​ကြေးနန်းခန်းတစ်​ခန်း​လောက်​ ရထားဘီး​တွေဆက်​လိမ့်​သွားပြီးမှ တုံ့ခနဲရပ်​သွားတယ်​။ ခရီးသွား​တွေအားလုံးဟာလည်း ထိတ်​ထိတ်​လန့်​လန့်​နဲ့​ပေါ့။ လူတယောက်​မှ ရှိမ​နေ​ တော့တဲ့ ရထား​ခေါင်​မိုး​ပေါ်ကို တက်​ပြီး ရှာကြ​ဖွေကြပါ​သေးတယ်​။

ရထားကြီးဆက်​ထွက်​လာခဲ့​တော့ ညဉ့်​​တော်​​တော်​နက်​​နေပြီ။ ကျွန်​​တော့်​ခွဲတမ်းကျရထားတဲ့ခုံတန်း​လေးမှာ ​စောင်​​ခေါင်းမြှီးခြုံပြီး ​ကွေးလိုက်​တယ်​။ ​မှေးခနဲဖြစ်​သွားတုန်း မှာပဲ အ​ဖေ့ရဲ့အသံကို ဝိုးတဝါးအိပ်​မက်​မှာကြားရတယ်​။ "ငါ့သား၊ မင်းလည်း ချမ်း​နေတယ်​မဟုတ်​လား" တဲ့။ တကယ်​ဆို အ​ဖေ့ကို ကျွန်​​တော်​အိပ်​မက်​မမက်​ခဲ့ဖူးပါဘူး။ အဲဒီညက​တော့ အိပ်​မက်​ထဲအ​ဖေ​ရောက်​လာခဲ့တယ်​။ အ​ဖေဆုံးခဲ့တာ ကြာလှပါ ပြီ။ ချမ်းတဲ့ဇာတ်​လမ်းက​တော့ ​ဘယ်​​တော့မှ မဆုံးနိုင်​​တော့ဘူးထင်​ပါတယ်​။ ​လေထီး သမား​တွေနဲ့ဂလန့်​သမား​တွေဟာ ရထားတစင်းထဲမှာ ဘယ်​​တော့မှ မကြုံဆုံကြပါဘူး။ သူတို့ရဲ့လိုချင်​တပ်​မက်​မှု အတိုင်းအတာခြင်းက မတူကြပါဘူး။ ကျွန်​​တော်က​တော့ အခုထိလည်း ချမ်း​နေ တုန်းပါပဲ။

အချီကြီးအပွကြံကြတဲ့ဂလန့်​သမား​တွေအတွက်​လည်း အခု​နေချိန်​မှာ သိပ်​ပြီးမလွယ်​ကူ​လောက်​​တော့ပါဘူး၊ သံလမ်း​တွေက ကိုး​ချောင်း ဆက်​​တွေဖြစ်​ကုန်​​တော့ ​တွဲဆိုင်း​တွေက​ဘေးဘယ်​ညာ သိပ်​ပြီးမယိမ်းယိုင်​ကြ တော့ဘူး။ ရထားတွဲဆယ့်​​လေးတွဲလုံး သူ့ဟာသူ လုံလုံ ခြုံခြုံရှိ​နေမယ်​ဆို ​စိတ်​ချလက်​ချ အိပ်​ပြီးလိုက်လို့ရ မယ်​ ထင်​ပါတယ်​။
ချမ်းလည်းမချမ်းဘူး​ပေါ့ ။

ကျော်​​ကျော်​ (မြရည်​စမ်း)

              



Comments