သန်းဝင်းလှိုင် - ပန်းပုဆရာကြီးဦးဟန်တင်၏ ပန်းပုလက်ရာများ


 သန်းဝင်းလှိုင် - ပန်းပုဆရာကြီးဦးဟန်တင်၏ ပန်းပုလက်ရာများ
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၈


ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ အမျိုးသားပြတိုက်ရှေ့တွင် စိုက်ထူးထားသော အလောင်းမင်းတရားကြီး၊ ဘုရင့်နောင်မင်း တရားကြီးနှင့် အနော်ရထာမင်းစောတို့၏ ရုပ်တုများမှာ အသက် ဝင်၍ အလွန်လက်ရာမြောက်ကာ ဇာတိသွေး၊ ဇာတိမာန်အပြည့် ဖြင့် ကမ္ဘာတွင် မြန်မာဟု ဝင့်ြွကားနိုင်သော၊ ပထမမြန်မာ နိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ၊ တတိယမြန်မာနိုင်ငံတော်ကြီးကို ထူထောင်ခဲ့သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် မင်း ကောင်းမင်းမြတ်များသုံးပါးတို့၏ ကြန်အင်လက္ခဏာများ ပေါ် လွင်နေသော ရုပ်တုများပင် ဖြစ်သည်။ အဆိုပါ ရုပ်တုများကို ပုံစံထုတ်၍ ထုလုပ်ပေးခဲ့သူကား အခြားသူ မဟုတ်။ ပန်းပုဆရာကြီးဦးဟန်တင်ပင် ဖြစ်သည်။

ပန်းပုဆရာကြီးဦးဟန်တင်သည် ထားဝယ်သား ဖြစ် သည်။ ၁၉၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်၊ သောကြာနေ့တွင် ထားဝယ်မြို့၊ လောင်းလုံမြို့နယ်၊ ညင်းမော်အနောက်ကမ်းရွာ တွင် ဖွားမြင်ခဲ့ပြီး ဗိသုကာပညာရှင်ကြီးဦးငြိမ်းသွင်၊ ဒေါ်မင်း ထိုက်တို့၏ သားသမီးခုနစ်ယောက်အနက် အငယ်ဆုံးသားထွေး ဖြစ်သည်။

ဆရာသည် ငယ်စဉ်ကပင် အစ်ကိုအစ်မများနှင့်မတူ သူ့ ဗီဇနှင့်သူ တစ်မူထူးခြားသူ ဖြစ်သည်။ စကားများများပြောလေ့ မရှိ။ တစ်ကိုယ်တည်း အေးအေးလူလူ နေထိုင်တတ်သည်။ ငယ်စဉ်ကပင် ပုံဆွဲဝါသနာထုံခဲ့ရာ ကျောင်းမနေခင်ကပင် အရွယ်နှင့်မမျှအောင် အရုပ်များ ရေးဆွဲတတ်နေပြီ ဖြစ်သည်။
ထို့နောက် အရွယ်ရောက်သော် မိဘများက ဆရာ့အား ညင်းမော်ကုန်း ရွာဘုန်းတော်ကြီးကျောင်းတွင် စတင်ပညာ ဆည်းပူးစေခဲ့သည်။ ယင်းနောက် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြည်သူ့အလွတ်ပညာသင်ကျောင်းသို့ ပြောင်းရွှေ့ပညာဆည်းပူး သည်။ ကျောင်းနေသော်လည်း ကျောင်းစာကို သိပ် စိတ်မဝင် စား။ အားလျှင် ပုံဆွဲရန်ကိုသာ အာရုံစိုက်လေသည်။ စာမရ၍ အရိုက်ခံရသည့်ကြားမှပင် ဆရာသည် ဝါသနာပါသည့် ပုံဆွဲ ခြင်းကို လက်မလျှော့ခဲ့ပေ။ အရုပ်ရေးနေလျှင် သူ ပျော်နေ သည်။ အနီးပတ်ဝန်းကျင်မှ မြင်သမျှကို ခဲတံတစ်ချောင်း၊ စာအုပ်တစ်အုပ်ဖြင့် အချိန်ရသမျှ ပုံဆွဲလေ့ကျင့်ခဲ့ရာ များမကြာ မီအတွင်း ဘယ်အရာကိုမဆို တူအောင်ဆွဲနိုင်သည့် အဆင့်သို့ ရောက်ရှိခဲ့သည်။


ထိုကြိုးပမ်းမှုအဝ၀သည် နောင်တွင် ဆရာ့အဖို့ ပုံဆွဲ အခြေခံပညာကို ခိုင်ခံ့စေခဲ့သည်။ အဆိုပါကျောင်း၌ သတ္တမ တန်းအထိသာ ပညာဆည်းပူးပြီးလျှင် ကျောင်းမှ ထွက်လိုက် သည်။ ကျောင်းမှ ထွက်လိုက်ပြီးနောက် မည်သည့်လခစား အလုပ်ကိုမျှ မလုပ်ဘဲ အနုပညာလောကသို့ ခြေစုံပစ်ဝင်ရောက် ကာ ပန်းချီဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ဆရာသည် စာအုပ်မျက်နှာဖုံး၊ ခေါင်းစီးကြော်ငြာဒီဇိုင်း၊ ပိုစတာ၊ ကဗျာသရုပ်ဖော်ပုံ၊ မျူရယ် (Mural ) ခေါ် နံရံကပ်ပန်းချီ၊ ပုံတူ၊ ရှုခင်း၊ သက်ငြိမ်၊ တောတောင်ရေမြေ သဘာဝ ပန်းချီ ကားများနှင့် ရာဇဝင်နောက်ခံကားများကို ထောင်နှင့်ချီ၍ ရေး ဆွဲပေးခဲ့သည်။

ထိုစဉ်က ပန်းချီဆရာဘဝမှာ ယခုခေတ်နှင့်မတူ ဝင်ငွေ မကောင်းလှသဖြင့် ငွေကြေးဘက်တွင် အတော်ကသီလင်တ ဖြစ်ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ဆရာသည် ဝင်ငွေ နည်းသည် များသည်ကို ပဓာနမထား၊ ဆင်းရဲသည်ကိုလည်း မတုန်လှုပ်၊ သူ့အနုပညာလက်ရာများ ဖော်ထုတ်ခွင့်နှင့် သူ့လက်ရာများ အစဉ်တိုးတက်ဖို့ကိုသာ အဓိကထား၍ ဒုက္ခကို ခါးစည်းခံကာ ကြိုးစားရေးဆွဲခဲ့သည်။ ဝါသနာပါရာ အနုပညာလုပ်ငန်းကို လုပ်ကိုင်ခဲ့ရာ သူ့ဘဝကို သူရသမျှနှင့် ကျေနပ်ပျော်ရွှင်နေခဲ့ လေသည်။
ဆရာကြီးဦးဟန်တင်သည် ပန်းချီကို ရေဆေးရော၊ ဆီ ဆေးပါ နှစ်မျိုးစလုံးကို ကျွမ်းကျင်စွာ ရေးဆွဲနိုင်သူ ဖြစ်သည်။ ပန်းချီပညာအခြေခံကို ဖခင်ဖြစ်သူထံမှ အမွေရခဲ့သည်ဟု ဆို သည်။ ထင်ရှားခဲ့ကြသော ပန်းချီဆရာကြီးဖြစ်သည့် ဦးငွေကိုင်၊ ဦးသိန်းညွှန့်၊ ဦးစံဝင်းတို့မှ ဆီဆေးရေးဆွဲနည်းကို သင်ယူခဲ့ သလို ရေဆေးပန်ချီကို ဆရာမြ၊ ဆရာဆောင် (ရေဆေး မင်းသား)တို့ထံမှ လေ့လာသဆည်းပူးခဲ့သည်။
သို့သော် ပန်းချီဆရာကြီးများထံတွင် အစအဆုံး စနစ် တကျ လက်ထပ်သင်ယူခဲ့ရသူ မဟုတ်ချေ။

ပန်းချီပညာအခြေခံ ကို ဝါသနာဘာဂီထုံသည်နှင့်အညီ ငယ်စဉ်မှစ၍ ပန်းချီနှင့် ပတ်သက်သော စာအုပ်စာတမ်းများကို ဝယ်စုဆောင်းကာ လေ့ ကျင့်ရေးဆွဲခြင်း၊ စုတ်ရေးခြင်းအတတ်ကို မိမိဘာသာ မပြတ် မလပ် လေ့ကျင့်ခဲ့ပြီးနောက် ပုံဆွဲနိဿရည်းကို အတော်ကလေး ပိုင်နိုင်မှ ဆရာကြီးထံ ဝင်ထွက်သွားလာရင်း အတုယူကာ တစ်စွန်းတစ်စ လေ့လာဆည်းပူးခဲ့ခြင်း ဖြစ်သည်။ ပန်းချီပညာ နှင့် ပတ်သက်၍ မိမိ မသိသေးသည့် အချက်များကိုလည်း မရှက်မရွံ့ ကျိုးနွံ့စွာမေးမြန်း လေ့လာဆည်းပူးခဲ့သည်။ ပန်းချီ ပညာရှင်ဆရာကြီးများ အလျဉ်းသင့်ကြုံသလို ပြောဆိုချက် များကိုလည်း ကျိုးကျိုးနွံနွံ လေ့လာမှတ်သားခဲ့သည်။

ဤသို့ဖြင့် ဆရာသည် ပန်းချီဆရာကြီးများထံမှ ဆေးစပ် နည်း၊ အရောင်သုံးစွဲနည်းနှင့် အနီးအဝေး၊ အလင်းအမှောင် သုံးစွဲနည်းတို့ကို ရရှိခဲ့သည်။ ယင်းသို့ ဆည်းပူးရရှိခဲ့သော နည်းစနစ်များဖြင့် ပန်းချီကားပေါင်း မြောက်များစွာကို လေ့ ကျင့်ရေးဆွဲခဲ့သောကြောင့် ပန်းချီပညာကို ဆရာထံတွင် စနစ် တကျ လက်ထပ်မသင်ခဲ့ရသော်လည်း ဆရာ၏လက်ရာများ သည် စနစ်တကျ ရှိလှသည်ဟု ပန်းချီဆရာကြီးဦးငွေကိုင်က ချီးကျူးခဲ့ဖူးလေသည်။

ထို့နောက် ဆရာသည် ပန်းချီဆရာကြီးဦးငွေကိုင်နှင့်တွဲ၍ လက်ထောက်ပန်းချီဆရာအဖြစ် နှစ်အတန်ကြာအောင် လုပ်ကိုင် ခဲ့သည်။ ဤသို့ ဦးငွေကိုင်နှင့် လက်တွဲလုပ်ကိုင်ခွင့်ရခဲ့သည်မှာ သူ့ဖို့ များစွာ ကုသိုလ်ကံကောင်းခဲ့သည်ဟု ဆိုရပေမည်။ အဘယ့်ကြောင့်ဆိုသော် ပြိုင်စံဘက်ရှားသော ပန်းချီဆရာကြီး ဦးငွေကိုင်ထံမှ ခေတ်သစ်ဆီးဆေး ရေးဆွဲနည်းနှင့် ပန်းပုကို အနီးကပ် ဆည်းပူးခွင့်ရခဲ့သောကြောင့် ဖြစ်သည်။ ဤသို့ ပန်းချီ ရေးဆွဲနည်းကို အတော်ကလေး တီးခေါက်မိတော့မှ ပန်းပု ပညာကို လေ့လာလိုက်စားခဲ့သည်မှာ ကွယ်လွန်သည့်တိုင် အောင် ဖြစ်သည်။


ယင်းနောက် ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ ဂျူဗလီ ဟော (နောင် တပ်မတော်စစ်သမိုင်းပြတိုက် ရှိရာနေရာ) တွင် ၁၉၅၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစ၍ ဖွင့်လှစ်ထားသော နိုင်ငံတော် အနုပညာကျောင်း၌ ပန်းချီဆရာနည်းပြအဖြစ် ဝင် ရောက် အမှုထမ်းခဲ့သည်။ ပန်းချီသင်တန်းတွင် ဆရာသည် မိမိလေ့လာဆည်းပူးခဲ့သော ပန်းချီအတွေ့အကြုံများကို အခါ အခွင့်သင့်သလို ဟောပြောပို့ချခဲ့သည်။ ပန်းချီအနုပညာ၏ သဘောတရား၊ ပန်းချီ၏အရသာ၊ ပန်းချီ၏တန်ဖိုးနှင့် ပန်းချီ အနုပညာ၏ အသုံးဝင်ပုံနှင့် ပန်းချီပညာပြန့်ပွားရေးကိုပါ ပို့ချ ပေးခဲ့သည်။ သင်တန်းတွင် ဆရာသည် လူငယ်များအား ပန်းချီ ပညာတွင် ဝါသနာထုံစေလိုသော စိတ်၊ ထွန်းထွန်းပေါက်ပေါက် ဖြစ်စေလိုသော စေတနာဖြင့် ဆရာစားမချန် သင်ကြားပြသလေ ခဲ့ရာ တစ်စတစ်စဖြင့် အနုပညာလောကတွင် လူသိထင်ရှားခဲ့ လေသည်။

သို့သော် ဆရာသည် မိမိကိုယ်ကို ဘဝင်မမြင့်၊ စိတ်ကြီး မဝင်၊ မိမိပညာကို အားမရ၊ မိမိသည် ပန်းချီလောကတွင် လေ့လာဆည်းပူးသင်ယူစရာ တစ်ပုံကြီး ရှိနေသေးသည်ဟု ခံယူကာ ခံယူထားသည့်အတိုင်း ကွယ်လွန်ချိန်အထိ လေ့လာ ဆည်းပူးသွားလေသည်။

သို့ကလို နိုင်ငံတော်အနုပညာကျောင်းတွင် ပန်းချီနည်းပြ အဖြစ် အမှုထမ်းနေစဉ်အတွင်း ၁၉၆၃ ခုနှစ်တွင် နိုင်ငံတော် အစိုးရ၏စီမံမှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနုပညာသိပ္ပံ ကျောင်းသို့ တစ်နှစ်ခန့် သွားရောက်လေ့လာဆည်းပူးခွင့်ရခဲ့ သည်။ တရုတ်နိုင်ငံတွင် ပန်းချီအနုပညာလေ့လာဆည်းပူးနေစဉ် အတွင်း ပန်းချီ ပန်းပုနှင့် ပတ်သက်သော စာအုပ်စာတမ်းများ စွာကိုလည်း မိမိအား နိုင်ငံတော်က ထောက်ပံ့ထားသော ထောက်ပံ့ငွေထဲမှ ခြိုးခြံကာ ဝယ်ခဲ့သည်။'

နိုင်ငံတော်အနုပညာကျောင်းတွင် ၇ နှစ်ခန့် အမှုထမ်းခဲ့ ပြီးနောက် ဆောက်လုပ်ရေး ကော်ပိုးရေးရှင်း ဗိသုကာဌာန အနုပညာဌာနစိတ်တွင် ဌာနစိတ်မှူးအဖြစ် ဝင်ရောက်လုပ်ကိုင် ခဲ့သည်။ ထိုစဉ်အတွင်း သဘာဝသမိုင်းပြတိုက်၊ မြေပဒေသာ ကျွန်းရှိ စိုက်ပျိုးရေးပြတိုက်များအတွက် ရုပ်တုရုပ်လုံးပေါင်း မြောက်များစွာကို ထုလုပ်ခဲ့သည်။


ကန်တော်ကြီးရေပြင်ပေါ်ရှိ ကရဝိတ်အဆောက်အဦကို လည်း ဆရာဦးဟန်တင်က ပုံစံထုတ်လုပ်ပေးခဲ့သည်။ ဆရာကြီး ၏ ထင်ရှားသောလက်ရာများမှာ သန်လျက်စွန်းရတနာပုံ ရေ တပ်စခန်းရှိ အမြင့် ၉ ပေရှိသော လှံစွပ်ထိုးနေဟန် ရေတပ် သားရုပ်တုကြီး၊ ဒလမြို့ ဗိုလ်ချုပ်အထိမ်းအမှတ် ပန်းခြံအတွင်း ရှိ ဗိုလ်ချုပ်အောင်ဆန်း ခါးထောက်မတ်တတ်ရပ်နေဟန်ရုပ်တု၊ စိုက်ပျိုးရေးပြတိုက်ရှိ အလုပ်သမားများ ချီတက်နေဟန်ရုပ်တု၊ နတ်မောက်စက်မှုလက်မှုကျောင်းရှေ့တွင် စိုက်ထူထားသော အင်္ဂတေပလာစတာရုပ်တု၊ ရန်ကုန်ဘူတာကြီးရှေ့ရှိ မြန်မာ့ သင်္ကြန်သရုပ်ဖော်ရုပ်တု၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ်အနီးရှိ သွေးဆေးကန်တွင် ရှေးခေတ်စစ်သည်တစ်ဦး ဓားဆေးနေဟန် ရုပ်တု၊ တော်လှန်ရေးပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်း မတ် တတ်ရပ်နေဟန်ရုပ်တု၊ မကွေးနှင့်ပြည်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးနေဟန်ရုပ်တု၊ မကွေးမြို့ ယင်းချောင်းတံတားထိပ်၌ စိုက်ထူထားသော သခင်ဖိုးလှကြီးနှင့်ဆရာစံရုပ်တု၊ ရန်ကုန် တက္ကသိုလ်များ လှေလှော်အသင်းရှေ့၌ စိုက်ထူထားသော လှေ လှော်အသင်းတည်ထောင်ခဲ့သူများဖြစ်သော ဆာအေအဂ္ဂါစနိုး နှင့် ဗိုလ်မှူးချုပ်သန်းဖေ(ရေတပ်)တို့၏ ကိုယ်တစ်ပိုင်းကြေးရုပ် တုများနှင့် သက်ကြီးတက္ကသိုလ် အဆောက်အဦအတွင်း၌ တည် ဆောက်ထားသော သက်ကြီးတက္ကသိုလ်ဖခင်ကြီးဦးစံရွှေရုပ်တု၊ ပြည်သူ့ဥယျာဉ်အတွင်းရှိ အေးရိပ်ငြိမ်အဆောက်အဦရှေ့၌ စိုက် ထူထားသေည ထင်းစည်းချိုးနေဟန် သရုပ်ဖော်ရုပ်တု၊ ရန်ကုန် မြို့ မြို့မကျောင်း (ယခု အထက ၂ ဒဂုံ) ကို တည်ထောင် ခဲ့သော မြို့မဦးဘလွင်ရုပ်တု၊ တာချီလိတ်၊ လာရှိုးမြို့၌ ဘုရင့် နောင်မင်းတရားကြီးရုပ်တု အပါအဝင် ရုပ်တုအမြောက်အများ ထုလုပ်ပေးခဲ့သည်။

ဆရာကြီးဦးဟန်တင်သည် ကန်တော်မင်္ဂလာပန်းခြံအနီးရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်အတွင်းရှိ ဖောင်းကြွ ရုပ်တုများအပြင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌနှင့် မဆလပါတီ ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးနေဝင်း၏ဖခင် ဦးဖိုးခ၊ စာရေးဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာကြီး ဦးသုခ တို့၏ ပုံတူရုပ်တုများကိုလည်း ထုလုပ်ပေးခဲ့သည်။

ပန်းပုပညာသည် အလျင်စလိုလုပ်မရသောပညာ၊ မှား လျှင် ပြင်ရခက်သောပညာဟူ၍ ဆရာကြီးက စာရေးသူအား ပြောဆိုခဲ့ပါသည်။ ထို့အပြင် ပန်းပုပညာလက်ရာ ပြောင်မြောက် ရန်အတွက် ပန်းပုပညာရှင်သည် သူ မတူသော စိတ်ကူးစိတ် သန်းများ၊ အတွေးအခေါ် အယူအဆများ၊ သုတအကြားအမြင် နှင့် ကိုယ်တွေ့လေ့လာဆည်းပူးထားသော မုတပညာပြည့်စုံရန် လိုပြီး စိတ်ရှည်လက်ရှည်ထား၍ စေ့စပ်သေချာစွာ ထုပ်လုပ်နိုင် မှ လက်ရာကောင်း ရနိုင်သည်ဟု ဆိုပါသည်။
ပန်းပုဆရာသည် ပန်းချီပညာနှင့် မကင်းကွာစကောင်းပေ။ ပန်းချီပညာအခြေခံရှိမှသာ မိမိထုလုပ်သော ပန်းပုလက်ရာသည် လက်ရာကောင်း ဖြစ်ပေါ်နိုင်သည်ဟုလည်း ဖြည့်စွက်ပြောကြား သည်။ ပန်းချီပညာသည် သုံးဖက်သုံးတန် မြင်တွေ့ရသောအရာ ကို အချိုးအစားမပျက် ဖန်တီးရသလို ပန်းပုပညာသည် လေး ဖက်လေးတန် အထက်အောက် မြင်ရသော ရှုထောင့် ၁၀မျိုး မြင်ကွင်းအား အချိုးကျစွာ သရုပ်ဖော်ရသော ပညာ ဖြစ်သည်။

ပန်းချီဦးဟန်တင်၏ ခြံဝင်းထဲမှာ တွေ့ရသော အရှင်ဦးဥတ္တမ၏ ပန်းပု၊ မူလက ရန်ကုန် ကန်တော်မင်ဥယျာဉ်တွင် စိုက်ထူရန် ရည်ရွယ်ဟန် တူသည်
မြန်မာ့ပန်းပုအနုပညာတွင် ပေးသူနှင့်ယူသူနှစ်ဦးအနက် တူညီသော အာရုံခံစားမှု ရရှိမှသာ ဖန်းတီးသူ၏ လက်ရာကို အရသာအပြည့်အဝ ခံစားနိုင်ပေသည်။ ရသခံစားရာတွင် တစ်ဦးနှင့်တစ်ဦး တူညီရန် ခဲယဉ်းလှသည်။ အနုပညာပါရမီ ဓာတ်ခံအနုအရင့်ကို လိုက်၍လည်းကောင်း၊ အတွေ့အကြုံ အနည်းအများအရလည်းကောင်း ကွဲပြားခြားနားနိုင်လေသည်။

မည်သို့ဆိုစေ ... ... ဆရာ့လက်ရာများကို လေ့လာကြည့် သောအခါ ပန်းပုဝေါဟာရ ''ဆောက်ချက်နာသောလက်ရာ'' ဟူ၍ ခေါ်ရလောက်အောင် အသက်ဝင်၍ လက်ရာမြောက်နေ ပေသည်။

နိုင်ငံနှင့်ပြည်သူတို့အတွက် တာဝန်ကျေပွန်စွာ အနုပညာ လက်ရာများ မြောက်များစွာ ဆရာကြီးဦးဟန်တင်သည် ၂၀ဝ၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၀ ရက် ညနေ ၄ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ၄၁၄/က နေအိမ်တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လန်ချိန်၌ ဇနီးဒေါ်ဖွားရှင်နှင့် သားသမီး ၉ ယောက် ကျန်ရစ်ခဲ့လေသည်။
0