ထက်လူအောင် ● စစ်ပွဲအကြောင်း တွေးမိခြင်း

ထက်လူအောင် ● စစ်ပွဲအကြောင်း တွေးမိခြင်း
(မိုးမခ) ဒီဇင်ဘာ ၂၆၊ ၂၀၁၈

လူသား၏အရေပြားဖြင့်ပြုလုပ်ထားသောထိုင်ခုံများပေါ်တွင် ငြိမ်းချမ်းရေးဆွေးနွေးသူများ ထိုင်နေကြသည်။ သေနတ်သံ အမျိုးမျိုးဖြင့်ပြုလုပ်ထားသောတဲအိမ်များတွင် စစ်ဘေးရှောင်ဒုက္ခသည်များ နေထိုင်နေကြ၏။ ငြိမ်းချမ်းရေးဆွေးနွေးများရှိ မိုက်ကရိုဖုန်းများကထွက်ပေါ်လာသောအသံများသည် ငိုသံများ နာကျင်အော်ဟစ်သံများသာ ဖြစ်နေသည်။ ဒုက္ခသည်စခန်းများအောက်ရှိမြေပြင်ထဲတွင်ပုန်းလျှိုးးနေကြသော ခြေတု လက်တုများ မြေပြင်ပေါ်သို့ရောက်လာကြသည်။ ဒုက္ခသည်စခန်းများရှိသစ်ပင်များတွင် ဒဏ်ရာသစ်သီးများသာ သီးပွင့်နေကြသည်။ ပန်းပင်များသည်လည်း အရက်ပျံနံ့သာထွက်နေသော ပန်းပွင့်များသာ ပွင့်နေကြ၏။ အဖေမဲ့ အမေမဲ့သောကလေးငယ်များသည် ကောင်းကင်မှ ကျရောက်လာနေသည်။ လူသူ တိတ်ဆိတ်နေသောသင်ကျောင်းများ၊ ရွာများကို မီးခိုများနှင့် ယမ်းခိုးငွေ့များက အဖော်ပြုပေးနေကြသည်။ ဆေးရုံများသည် လည်း ရုံပြည့်ရုံလျှံအောင်ပွဲခံနေဆဲဖြစ်သည်။

လူမျိုးဘာသာ အသားအရောင်များကိုမခွဲခြားပဲ အားလုံးကိုသာတူညီမျှ ဆက်ဆံသည်မှာ မြေမြှုပ်မိုင်းနှင့်သေနတ်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် မြို့ကြီးပြကြီးများရှိ ဟော်တယ်အကောင်းစားကြီးများ၊ အစည်းအဝေးအခန်းမများတွင် အနားယူနေဆဲဖြစ် သည်။ တောတောင်များဆီသို့သွားရောက်ရန် အဆင်သင့်မဖြစ်သေးချေ။ ပစ်ခတ်ပြီးသားကျည်ဆန်များဖြင့် စီထားသော "မြန်မာပြည်ငြိမ်းချမ်းပါစေ" ဟူသောစကားကားလုံးသည် အနည်းငယ်ရွဲ့စောင်းနေသည်။လက်ဆင့်ကမ်းသယ်ဆောင်လာသောသေနတ်သံများသည် ပန်းမဝင်နိုင်သေးပေ။ အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေဆဲဖြစ်သည်။ ဒုက္ခသည်စခန်းများ သည်လည်း တစ်ခါတရံလာတတ်သော နိုင်ငံရေးသမားများ၊ ရုပ်ရှင်မင်းသားမင်းသမီးများနှင့် ဓာတ်ပုံတွဲရိုက်ရသည်ကို ပျော် နေပုံရသည်လားမသိပေ။ အခုချိန်ထိ ရွာတန်းရှည်နေတုန်းဖြစ်သည်။ ထိုခေတ်သည် ကျွန်တော်တို့ ရုန်းကန်ရှင်သန်နေရ သောခေတ်ကြီးဖြစ်သည်။ အဆက်မပြတ် ရွေ့လျားရှင်သန်နေသောစစ်ပွဲများကို ကြိုက်နှစ်သက်နေသောခေတ်ကြီးသာ ဖြစ်နေဆဲဖြစ်သည်။

စစ်ပွဲကလူငယ်များကိုသတ်ဖြတ်သွားခဲ့ပြီဖြစ်သည်။ စစ်ပွဲကိုပြန်လည်သတ်ဖြတ်ပေးရန် မိခင်များကို တောင်းဆိုနေသော အသံများက ဆူညံနေသည်။ စစ်ပွဲက မိခင်များကို သတ်ဖြတ်သွားခဲ့ပြီဖြစ်သည်။ စစ်ပွဲကိုပြန်လည်သတ်ဖြတ်ပေးရန် မိုး ကောင်းကင်ကြီးအားတောင်းဆိုနေသော မိခင်များ၏အသံများသည် မြည်ဟည်းလျက်ရှိသည်။ စစ်ပွဲကမိုးကောင်းကင်ကြီး အား သတ်ဖြတ်သွားခဲ့ပြီဖြစ်သည်။ စစ်ပွဲအားပြန်လည်သတ်ဖြတ်ပေးရန် မိုးကောင်းကင်ကြီးက မြေပြင်ကြီးအားတောင်းဆိုသံများသည် ကျယ်လောင်စွာထွက်ပေါ်လာပြန်သည်။ စစ်ပွဲသည် မသေသောအသက်ကို ရှိသွားခဲ့ပြီဟု ကြွေးကြော်လျက် ရှိနေတော့သည်။

စစ်ပွဲအကြောင်းတွေးမိသည့်အတွေးများက ဆိုးဝါးခါးသက်လွန်းလှသည်။ စာသင်ကျောင်းပျက်များက ကလေးငယ်များ၏ အိမ်မက်များကို လွင့်စင်သွားစေသည်။ မိသားစုများ၏ချစ်ပုံပြင်များသည် သွေးညှီနံ့များဖြင့် အဆုံးသတ်နေရသည်။ အိမ် အပျက်အစီးများကြားတွင် ကျောင်းစာအုပ်လေးများသည် လဲလျောင်းနေရသည်။ ရွာပုန်းရွာရှောင်များ၏ ညများသည် အလင်းရောင်မရှိ။ ကြောက်လှန့်ဖွယ်ကောင်းသော တိတ်ဆိတ်မှုကသာ ကြီးစိုးနေသည်။ ထိုအကြောင်း အရာများကို နေ့စဉ် နေ့တိုင်းမြင်တွေ့ရမှုများက ကျွန်တော့်ကို အမြဲခြောက်လှန့်နေသည်။ ထိုအကြောင်းအရာများကို ကဗျာတစ်ပုဒ်ရေးပြီး ကျွန်တော်တွေးတောလိုက်မိသည်။

စစ်ပွဲအကြောင်း တွေးမိတဲ့အခါ

ကြိုးတန်းလန်းနဲ့ မိုးပျံပူဖောင်းလေး
ပွဲတော်လူအုပ်ထဲက ကောင်းကင်ကိုတက်သွား
ဘယ်ကလေးလက်ထဲက လွတ်သွားသလဲ
သူ့လက်ထဲ နောက်တစ်လုံးဝယ်ဖို့ ပိုက်ဆံရှိရဲ့လား
ငါတွေးမိသလို သူ့နားရှိတဲ့လူတွေ တွေးမိပါ့မလား။
စစ်ပွဲနားက ရွာလေး
စာသင်ကျောင်းလေး ပျက်စီးသွား
ကလေးတွေရဲ့အိမ်မက်များ
ကောင်းကင်ကိုတက်သွား
ဘယ်ကလေးတွေ မိဘနဲ့ကွဲသွားလဲ
ငါမတွေးမိတော့ဘူး
ငါမတွေးခင် ငါ့ဦးခေါင်းကိုကျည်ဆန်မှန်သွားခဲ့။

စစ်ပွဲအကြောင်းကိုတွေးမိတဲ့အခါမှာ သေခြင်းတရားသည် ကျွန်တော်တို့နှင့် အလွန်နီးကပ်သွားတော့သည်။ မသေသော အသက်ကိုရရှိထားသောစစ်ပွဲကို ရပ်တန့်နိုင်ရန်အတွက် ကျွန်တော်တို့နည်းပါင်းစုံဖြင့် ကြိုးစားကြသည်။ ငြိမ်းချမ်းရေးလမ်း လျှောက်ပွဲများ၊ ဂီတပွဲတော်များ၊ ကဗျာရွတ်ပွဲများ၊ ရုပ်ရှင်ပြပွဲများကျင်းပကာ အနုပညာဖြင့် တားဆီးခဲ့ကြသည်။ တွေ့ဆုံဆွေး နွေးမှုများဖြင့် အဖြေရှာကြသည်။ သို့သော် စစ်ပွဲသည် ရောက်ရှိသောအရပ်ဒေသတွင် အစဉ်ရှင်သန်နိုင်နေဆဲဖြစ်သည်။ စစ်ပွဲအကြောင်းကို တွေးမိလိုက်တိုင်း နာကျင်ခံစားမှုများသာရောက်ရှိလာခဲ့သည်မှာ နှစ်များစွာကြာခဲ့ပြီဖြစ်သည်။ စစ်ပွဲအ ကြောင်းကို နာကျင်စွာမတွေးတော့ပဲ သေနတ်သံတွေတိတ်ဖို့၊ ငြိမ်းချမ်းဖို့အတွက်သာ ကျွ န်တော် တွေးတောနေမိတော့သည်။ ကဗျာလေးတွေကို ကျွန်တော်တို့ရေးနေမိတော့သည်။ ရွတ်ဆိုနေမိတော့သည်။ တစ်နေ့တွင် ငြိမ်းအေးလှပသော ကဗျာ စာသားလေးများ ကျွန်တော့်ထံရောက်ရှိလာခဲ့သည်။

တနင်္ဂနွေ စိတ်ကူး

စိတ်ကူးလေးကို ကွေးပြီးလွှင့်တင်လိုက်တယ်
မိုးတိမ်တွေနဲ့ ချစ်တင်းနှောလို့
သက်တံဖြစ်သွားမလား
ငှက်ကလေးတွေ လေးမြားအထင်နဲ့
ကြောက်နေလေမလား
မိုးစက်ဆိုလည်း မိုးစက်
ကြယ်ဆိုလည်း ကြယ်
ဘာဖြစ်ဖြစ် ခင်တွယ်ရတယ်
ရောက်လေရာမှာ ပန်းတွေပွင့်ဖို့ပဲ
သေနတ်သံတွေ တိတ်ဖို့ပဲ
သတ်ဖြတ်မှုတွေ မဖြစ်ဖို့ဘဲ
ဘယ်အရာနဲ့ထိထိ
ငြိမ်းအေးမှုအသံသာ မည်ချင်တယ်
အရှိန်ကုန်တဲ့အခါ
တောတောင်တွေပေါ် ကျရောက်ခိုလှုံရင်း
စိမ်းလန်းသော ခေတ်တွေ
ငြိမ်းချမ်းသော နှစ်တွေ
အေးမြသော မြစ်တွေနဲ့
စိတ်ကူးလေး စီးဆင်းပါစေ။

ငြိမ်းချမ်းသောခေတ်ကြီးကို လှမ်းငေးမိသော ကျွန်တော်၏စိတ်ကူးလေးသည် သေနတ်သံတွေကြားတွင် ပုန်းကွယ်နေရဆဲ ဖြစ်သည်။ သေနတ်သံတွေ တိတ်ဆိတ်သွားမည့်နေ့ရက်များကိုစောင့်စားရင်း ကဗျာလေးကို ကျွန်တော်အကြိမ်ကြိမ်ရွတ်ဆို နေမိသည်။ ကောင်းကင်တွင်ရှိနေသောမိုးတိမ်များ၊ ငှက်ကလေးများသည် စိတ်ကူးလေးကိုစောင့်စားနေဆဲဖြစ်သည်။ စိတ် ကူးလေးနှင့်အတူ ငြိမ်းချမ်းအေးမြစွာစီးဆင်းဖို့ မြစ်များကလည်း မျှော်လင့်နေဆဲဖြစ်သည်။

ထိုနေ့များကို ရောက်ရှိဖို့ရန် ဝေးကွာ၍နေဆဲ။ ငြိမ်းချမ်းသောခေတ်ကိုရောက်ရှိဖို့ စောင့်မျှော်နေရဆဲ။ မသေသောစစ်ပွဲများကို ရပ်တန့်ဖို့ လူသားသည် အမြဲကြိုးစားနေဆဲ။

ထက်လူအောင်
0