ခက်သီ - သစ်ခါးရေ တံခါးကို ငါခေါက်မိပြန်တယ်

သစ်ခါးရေ 
တံခါးကို ငါခေါက်မိပြန်တယ်

ခက်သီ
 (မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၈

ဖြစ်တန်စွမ်းကို
တွက်လိုက်တော့
အမှောင်က
ပိုသိပ်သည်းလာမယ်။ 

ဖြစ်နိုင်စွမ်းကို
တွက်လိုက်တော့
သန်မာတာဆိုလို့
နှလုံးသားပဲရှိတော့တယ်။ 

ဒီ တံခါးကို
ငါ ဖွဖွလေး ခေါက်မိတယ်သစ်ခါး

ဒီ သီချင်းကို
တိုးတိုးလေး ညည်းမိတယ် သစ်ခါး
မေတ္တာဟာ
သီတဓာတ်ခံယူသူက
အဆိုးဘက်ကလေ
အမှောင်နွံထဲ ကျသွားတာပေါ့။

ရော့ခ်သီချင်းတွေကို
ချနင်းပြီးလျောက်ခဲ့ရတုန်းက
ဆံပင်ရှည်ရှည်နဲ့
တချက်ယမ်းလိုက်ရင်
ကမ္ဘာကြီးတုန်ဟီးသွားမယ်လို့
ဘဝင်မြင့်ခဲ့တုန်းက
လျာဟာ ဓားထက် ထက်မြမှန်း
ငါမသိခဲ့။ 

သစ်ခါးရေ
အလင်းတွေမလာခင်
အမှောင်ကို ကြိုရှင်းထားမယ်
ငရဲနဲ့တည့်တည့်တိုးနေမယ့်
နေ့ရက်တိုင်းအတွက်
ငါ မင်းလို
စကားချိုချို အပြုံးချိုချိုလေးနဲ့ ကြိုဆိုတတ်အောင်
ငါ လေ့ကျင့်ထားပါမယ်။

သစ်ခါးရေ
ဒီတံခါးကို ငါဖွဖွ လေးခေါက်မိ
မီးနဲ့မှ ကျက်မှာမို့ ပူမိတယ်
မညည်းတော့ပါဘူး
ပြုတ်ကျခဲ့တဲ့ ဖိနပ်တဖက်ကို
ပြန်ရှာတွေ့နိုင်သေးတာပဲ
ပြတ်ထွက်သွားတဲ့ရေစက်တွေ
ပြန်ဆုံနိုင်သေးတာပဲ
အမိန့်အရ ဗုံးကျဲမိပြီး
ငိုမိတဲ့ လေသူရဲတယောက်လို
မင်းပြောတဲ့ ခေတ်အမှောင်
ဒီအမှောင်ထဲမှာ
လက်ကျန်ချစ်ခြင်းကို
ငါတို့ပြန်ရှာဖွေ တွေ့ရှိခဲ့တယ်
အမီးဗားတွေလို ဖြတ်ဖြတ်ပြီး ကွဲကွဲသွားလည်း
ဆဲလ်အသစ်တွေ မွေးဖွားရမယ်
တနေ့မင်းအိမ်တံခါးကို
ငါလာခေါက်မယ် ဖွဖွလေးပေါ့။

သစ်ခါးရေ
ပုံပြင်တွေက မဆုံးဘူးတဲ့
ပုံပြင်ဟာ သမိုင်းမဟုတ်ပေမယ့်
ယူတတ်ရင် ရက်စက်တဲ့သင်ခန်းစာပါ
အမှောင်ထဲမှာ စူးရဲတဲ့မျက်လုံးတစုံနဲ့
ကျားသစ်တကောင်ရဲ့ပါးနပ်မှုမျိုးနဲ့
ကဗျာကို ငါတို့လိုက်ခဲ့ရတယ်။

ဒီ ပုံပြင်ဟာ မဆုံးပါဘူး
တနေ့တော့ ဒီတံခါးကို
ငါလာခေါက်မယ် သစ်ခါးရေ
ထ ထ ဟိုမှာ နေမင်းကြီးထွက်လာပြီ
မင်းနဲ့ငါ ရင်ခုန်သံရစ်ချစ်စတာကို မေ့ထားပြီး
တယောက်နဲ့တယောက်
ပြုံးကြည့်နေလိုက်ကြသေးတာပေါ့။ ။

ခက်သီ
၁၁၂၀၁၈
 Paingting by Min Khaing (5 Years Old)
0