မောင်အောင်မွန် - စာရေးဆရာဇော်ဂျီက စာဖတ်တပည့်ရယ်လို့မရှိဟု




 မောင်အောင်မွန် - စာရေးဆရာဇော်ဂျီက စာဖတ်တပည့်ရယ်လို့မရှိဟု
ကျနော်တွေးမိသလို ရေးပါမည် (၃၇၇)
(မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၈


(၁)
ဆရာဇော်ဂျီ အဲဒီလိုပြောဖူးခဲ့တာကို ဘယ်တော့မှမမေ့နိုင်သလို ကျနော့တသက် ကလောင်ကိုင်နေသေးသမျှ အဖိုးတန်အသုံးတည့်နေဦးမှာပါ။ ဒါပေမယ်လို့ ဆရာဇော်ဂျီထံ ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံစဉ် ကြုံခဲ့ရပုံအတိုင်းဆို ဘာစာပေအမွေမှ ရလိုက်နိုင်ဖွယ်မရှိ။

 (၂)
ပဲခူးမဂ္ဂဇင်း အတွက် စာမူရှာဖွေကြတဲ့အခါ၊ ဆရာဇော်ဂျီထံ စာမူသွားတောင်းဖို့ ကျနော်တာဝန်ကျလို့ တက္ကသိုလ်စာကြည့်တိုက် အပေါ်ဆုံးထပ်ရှိ ဆရာ့ရုံးခန်းကို ရောက်သွားတယ်။ ခေတ်စမ်းစာပေ ဖခင်ကြီးရှေ့ မ၀ံ့မရဲဖြစ်ပေမယ့် ဆရာကဖော်ဖော်ရွေရွေ နေရာပေး၍ အကျိုးအကြောင်းရှင်းပြ မေတ္တာရပ်ခံရာ၊ စာမူမပေးတဲ့အပြင် “ ဆရာက အဲဒီလို နယ်မြေအသင်းတွေကို မကြိုက်ဘူး” လို့ပြောလွှတ်လိုက်တယ်။ ဟုတ်ကဲ့ဆရာအပြင် ကျနော်ဘာမှထပ်မပြောနိုင်ခဲ့ဘူး။
အဲဒါ ဆရာဇော်ဂျီနဲ့ ပထမဆုံးအကြိမ် နှစ်ယောက်ချင်း တွေ့ခွင့်ရ ကွဲခဲ့ရတဲ့ပွဲပါ။

(၃)
နောက် ၂ နှစ်အကြာ ရန်ကုန်တက္ကသိုလ် တောင်ငူခရိုင်အသင်းရဲ့ နတ်သျှင်နောင်မဂ္ဂဇင်းမှာ ဆရာဇော်ဂျီရေးတဲ့ ဆောင်းပါးတွေ့လိုက်တော့ ဘယ်နေမလဲ၊ သူ့ရုံးခန်းဆီပြေးပေါ့။ လက်ထဲမှာလည်း နတ်သျှင်နောင်မဂ္ဂဇင်းကိုင်လို့။ အတော်ပဲဟေ့ ထိုင်ကွာဆိုကာ စကားတွေပြောလိုက်တာ ၄၅ မိနစ်လောက်ကြာပြီး၊ နောက်လည်းလာခဲ့ဦးလို့ ဖိတ်လိုက်သေး၊ လာရင်းကိစ္စမပြောခဲ့ရဘူး။ နောက်တကြိမ် ထပ်သွားပြန်တော့လည်း ထိုနည်းလည်းကောင်း၊ မှတ်သားစရာတွေ ထိုင်နားထေင်ရသမို့ လာရင်းကိစ္စပြောဖို့ မေ့သွားပြီး ဆရာ့စေတနာကို စတင်ခံစားရပြီ။
တက္ကသိုလ်နယ်မြေထုတ် စာစောင်တွေမှာ ကလောင်သွေးရင်း ကျနော်ရေးတဲ့ ၀တ္ထုလေးတွေကို ပြင်ပမဂ္ဂဇင်းတွေမှာလည်း ဖော်ပြကြလို့ စာရေးဆရာ မောင်အောင်မွန်ဖြစ်လာခဲ့ပါတယ်။

 (၄)
၁၉၅၉ ခု၊ မြန်မာ့အသံမှာ အလုပ်ရပြီး နှစ်အတန်ကြာတော့မှ ဆရာ့ထံရောက်သွားပြန်တော့ ပြောနေကျအတိုင်း အတော်ပဲဟေ့ ထိုင်ကွာဆိုကာ နေရာပေးစကားပြောရင်း၊ မင်းရေးတာလေးတွေ လူပြောသူပြောများလို့ ဆရာဖတ်ကြည့်ချင်တယ်၊ သုံးပုဒ်လောက်ယူခဲ့စမ်းပါ ဆိုတာနဲ့ မဂ္ဂဇင်းသုံးအုပ်ယူသွားပေးခဲ့ပြီး၊ နောက်တခေါက်ကျတော့ ကျနော်ရေးထားတဲ့ ဗမာစာအမှားတွေကို ခဲတံနဲ့ပြင်ထားတာပြရင်း ဗမာလိုရေးရင် ဗမာလိုမှန်အောင် ရေးတတ်ရမယ်၊ နေ့တိုင်းဗမာလိုပြောတိုင်း ဗမာလိုမှန်အောင် ရေးတတ်နေပြီလို့ ပေါ့ပေါ့တွေးလို့တော့ ဘယ်ဖြစ်ပါ့မလဲကွာဟုဆိုတယ်။

(၅)
မင်းရေးတာလေးတွေ မဆိုးပါဘူး၊ဘာဖြစ်လို့ဆက်မေရးတာလဲလို့ ဆရာဇော်ဂျီကမေးတဲ့အခါ မှားမှာကြောက်လို့ဟု ခပ်မြန်မြန်ပြန်ဖြေလိုက်တယ်။ မှားတော့လည်း ပြင်ရတာပေါ့၊ ခဲတံနဲ့ရေးလို့မှားရင် ခဲဖျက်နဲ့ဖျက်ပြီးပြင်၊ မင်တံနဲ့ရေးလို့မှားရင် မင်ဖျက်နဲ့ဖျက်ပြီးပြင်တဲ့။ ပုံနှိပ်ပြီးသား အမှားကြီးဆရာရဲ့လို့ ပြောတော့လည်း အေး ပုံနှိပ်ပြီးမှားတော့လည်း ပုံနှိပ်ပြီးပြင်၊ စကားကုန်ပြောလိုက်မယ် ကျောက်စာထွင်းပြီး မှားရင်လည်း ကျောက်စာထွင်းပြီးပြင်လို့ရတယ်ကွ၊ ဒါပေမယ့် ပြင်လို့ရတယ်ဆိုပြီး မှားမှားနေရင် ဖျက်လိုက် ပြင်လိုက်နဲ့၊ မင်းရေးတာ စာဖြစ်မလာဘဲ မှားဖျက်ပြင်ကြီးဖြစ်နေမယ်လေ၊အဲဒီတော့ စရေးကတည်းက မမှားဖို့သတိထား မှန်အောင်ကြိုးစားရေးရမှာပေါ့တဲ့ ဆရာဇော်ဂျီက။

(၆)
ဆရာဇော်ဂျီက စာတတ်လို့ စာဖတ်တာ၊ အမေမွေးလိုက်တုန်းက မောင်သိန်းဟန် စာဖတ်ပြီးမှ ဇော်ဂျီဖြစ်လာတာလေ၊ စာဖတ်သူ တွေထဲက စာရေးဆရာဖြစ်လာရင် ဦးပုည အထိလည်းဖြစ်ချင်ဖြစ်မှာ။ ဆရာ ဆရာ ဟိုမှာလည်းဆရာ၊ ဒီမှာလည်း ဆရာ၊ လမ်းပေါ်မှာတွေ့လိုက်တဲ့ မျက်နှာစိမ်းကိုလည်း ဗျို့ဆရာကြီး ဆိုပြီး ရက်ရက်ရောရောနဲ့မို့ စာရေးတဲ့လူလည်း စာရေးဆရာပေါ့ကွာ၊ ဒါပေမယ်လို့ ဘ၀င်မြင့်ပြီး စာဖတ်သူကို မတော်မတရားကြီး ဆရာသွားမလုပ်မိဖို့ သတိထားရမယ်။ စာဖတ်သူတို့မှာ သုံးသပ်နိုင်စွမ်းရှိတယ်၊ အထင်သေး လျှော့တွက်လို့မရဘူး၊ စာဖတ်တပည့်ရယ်လို့ မှမရှိတာတဲ့။
ဆရာဇော်ဂျီ၏ ဆုံမစကား ဦးထိပ်ထားကာ စာဆိုတော်နေ့တွင် ကန်တော့လိုက်ရကြောင်းပါ။


၂၀၁၈ ခု၊ဒီဇင်လာလ (၈)ရက် (စာဆိုတော်နေ့)။
(မှတ်ချက်။ ။ပူးတွဲပါစာအုပ်မှ ကောက်နှုတ်ဖေါ်ပြပါ၏)
0