ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – မာခီယာဘယ်လီ၏ အငွေ့အသက်



ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – မာခီယာဘယ်လီ၏ အငွေ့အသက်
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၁၉
(မိုးမခ) ဒီဇင်ဘာ ၂၀၊ ၂၀၁၈


Steven Levitsky နှင့် Daniel Ziblatt တို့ရေးသားသောHOW DEMOCRACIES DIE - The Unwritten Rules of American Politics အခန်းကို ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) က ဘာသာပြန်ခြင်း ဖြစ်သည်။
တရားရုံးကို နိုင်ငံရေးအရ စွက်ဖက်သော အလုပ်သည် အခြေခံဥပဒေကို မချိုးဖောက်ဘဲလုပ် နိုင်သော အမေရိကန်သမတများ၏ လုပ်ပိုင်ခွင့်ဖြစ်သော်လည်း၊ သို့သော် အမေရိကန်သမတများ သည် ထိုအလုပ်ကို မလုပ်ကြပါ။ သို့သော် ထိုအလုပ်ကိုထိုအချိန်က အမေရိကန်သမ္မတတစ်ဦးသည် လုပ်ခဲ့ဖူးပါသည်။ လုပ်ခဲ့သော ပုဂ္ဂိုလ်မှာ အလွန်လူကြိုက်များသော၊ မဲအများဆုံးဖြင့် အပြတ်အသတ် အနိုင်ရခဲ့သော သမ္မတရူးစဘယ် (Roosevelt) ဖြစ်သည်။ ဤအလုပ်ကို လုပ်ခဲ့သည့်အတွက် သူ၏ လူကြိုက်များမှုနှင့် အရာအားလုံးကို ထိခိုက်စေခဲ့ပါသည်။

ထိုကိစ္စကို သမ္မတရူးစဘယ့်ကို ထောက်ခံသော လွှတ်တော်အမတ် ဂျိုးဇက်မာဟိုနီ (Joseph O' Mahoney) ကပင် ဤသို့ကန့်ကွက်ပြောဆိုခဲ့သည်။ ဒီကိစ္စတစ်ခုလုံးဟာ မာခီယာဘယ်လီ (Machiavelli) ရဲ့အနံ့အသက်တွေပါနေတယ်။ အဲဒီအနံ့အသက်တွေဟာ ပုပ်စော်နံနေပါတယ်။ သူ၏အဆိုသည် နိုင်ငံရေးသိပ္ပံတွင် အလွန်ထင်ရှားခဲ့သော မာခီယာဘယ်လီအကြောင်းကို သိသောသူများသာလျှင် ကောင်းစွာနားလည်နိုင်မည်ဖြစ်၍ ထိုအကြောင်းကို ဘာသာပြန်သူအနေဖြင့် ဖြည့်စွက်၍ရေးသားချင်ပါသည်။

ကမ္ဘာ့သမိုင်းတွင် ခုနှစ် ၅၀ဝ နှင့် ၁၄၀ဝ ကြားကို အမှောင်လွှမ်းသော ခေတ် (Dark Ages) ဟု အမည်တွင်သည်။ ၄င်းသည် ဤအတောအတွင်းတွင် ဥရောပတိုက်တွင် ပညာရပ်များသည် လုံးဝ ဆုတ်ယုတ်ခဲ့သည်။ ခုနှစ် ၁၄၀ဝ နောက်ပိုင်းတွင် ပြန်လည်မွေးဖွားသော ခေတ် (Renaissance) ဟုတွင်ခဲ့သည်။ ပြန်လည်မွေးဖွားသော ဒေါက်တွင် ပညာရပ်များပြန်လည်တိုးတတ်လာ၍၊ ထိုအချိန် တွင် ထွန်းကားခဲ့သော ပညာရှင်တစ်ဦးမှာ မာခီယာဘယ်လီ (၁၄၆၉-၁၅၂၇) (Machiavelli) ဖြစ်သည်။

မာခီယာဘယ်လီသည် ကမ္ဘာတွင် ပထမဦးဆုံးသော ခေတ်သစ်နိုင်ငံရေးသိပ္ပံပညာရှင်ဟူ ၍ အများက အသိအမှတ်ပြုထားသူဖြစ်သည်။ သူ၏နိုင်ငံရေးကျမ်းကို ယခုတိုင်ပင်ညွှန်းနေရဆဲဖြစ် သည်။

မာစီယာဘယ်လီရေးသားသော နိုင်ငံရေးကျမ်းဖြစ်သော မင်းသား (The Prince) သည် ကောက်ကျစ်ခြင်း၊ စဉ်းလဲခြင်း၊ လိမ်ညာခြင်းတို့ကို အခြေခံသော နိုင်ငံရေးဗြူဟာများကို ဖော်ထုတ် ပြသရာတွင် အလွန်နာမည်ကြီးပါသည်။ မာခီယာဘယ်လီဖော်ထုတ်ခဲ့သော အဆိုမိန့်အချို့မှာ –

အစိုးရအဖွဲ့အစည်းသည် ကမ္ဘာတွင်အကြမ်းဖက်မှုကို တရားဝင်သုံးနိုင်ခွင့်ရှိသော တစ်ခုတည်း သော အဖွဲ့အစည်းဖြစ်သည်။ အုပ်ချုပ်သောသူကို ပြည်သူများက ချစ်ခြင်းထက် ကြောက်ရွံ့ခြင်းသည် လိုအပ်သော အရည် အချင်းဖြစ်၏။ အာဏာကို ထိရောက်စွာသုံးစွဲခြင်းသည် အများလက်ခံထားသော အကျင့်စာရိတ္တဆိုင် ရာစည်းမျဉ်းများကို အလေးမထားခြင်း/ချိုးဖေါက်ခြင်း ဖြစ်သည်။

မာခီယာဘယ်လီအကြောင်းကို ဤမျှလောက်သိထားလျှင် မာခီယာဘယ်လီနှင့် နှိုင်းယှဉ်ခံရ သောသူကို ဘယ်လိုသဘောထားသည် ဟူသည်ကို သိနိုင်ပါသည်။ ယခုဆောင်းပါးကို ဆက်ပါမည်။

သမ္မတရူးစဘယ်သည်သူ၏ အာဏာနှင့်လူကြိုက်များမှုတို့ကို အပြည့်အဝသုံးပြီး၊ တရားရုံး ချုပ်ကို နိုင်ငံရေးအရစွက်ဖတ်ခဲ့ပြီး၊ မအောင်မြင်သည်နောက်ပိုင်းတွင် အမေရိကန်သမ္မတမှ ဤအလုပ် မျိုးကို မလုပ်တော့ပါ။

အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေသည် သမ္မတကို အာဏာရှင်လုပ်၍ရအောင် အခွင့်အလမ်း များကို ပေးထားပါသည်။ ထိုအခွင့်အလမ်းများကိုသာ အပြည့်အဝသုံးလျှင်၊ အမေရိကန်နိုင်ငံသည် အာဏာရှင်နိုင်ငံဖြစ်သွားခြင်းသည် မူကြောင့်မဟုတ်၊ အတိအကျပြောရန် အခြေခံဥပဒေကြောင့် မဟုတ်၊ လူကြောင့်ဖြစ်သည်ဟု ကောက်ချက်ချရလိမ့်မည်။ သမ္မတဘက်က ထိန်းသိမ်းရသကဲ့သို့ လွှတ်တော်ဘက်ကလည်း ထိန်းသိမ်းသောအလုပ်များရှိပါသည်။

လွှတ်တော်ဘက်ကလည်း သည်းခံခြင်းကိုလည်ကောင်း၊ စိတ်ရှည်ခြင်းဖြင့် ထိန်းသိမ်းရခြင်းများရှိပါသည်။ ဤကဲ့သို့ ထိန်းသိမ်းခြင်းသည် ရေးသားထားသော ဥပဒေများ ကြောင့် မဟုတ်ပါ။ လူပုဂ္ဂိုလ်များ၏ ထိန်းသိမ်းသောစိတ်ဓာတ်ဖြစ်ပါသည်။ ဥပမာ ပြောရလျှင်၊ နိုင်ငံရေးဆိုင်ရာသဘောထားကွဲလွဲမှုများသည် ပုဂ္ဂိုလ်ရေးခံစားချက်များကို လွှမ်းမိုးမှု၊ အကျိုးသက် ရောက်မှု မရှိစေရဟူသော (ရေးသားမထားသည့်) စည်းမျဉ်းကို ထိန်းသိမ်းခြင်းလို့ မြင်ကြည့်ပါ။

ဤကိစ္စကို အလွန်ခက်ခဲသော အလုပ်ဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံပညာရှင် မက်သယူး (Matthews) က ပြောသည်မှာ တော်တော်ရှင်းပါသည်။ ရှင်းလွန်း၍ နားဝင်ရတာတောင်တော်တော် ခက်ပါသည်။ သူကဆိုသည်မှာ - "လူတစ်ယောက်ကို ညာနေမှန်းသိလျှက်နဲ့ညာနေတယ်လို့ မပြောဘဲ နေရတာဟာ သိပ်တော့မလွယ်ပါဘူး။"

လွှတ်တော်အမတ်များအနေဖြင့် ယဉ်ကျေးမှုရှိခြင်းသည် သူတို့၏အောင်မြင်မှုအတွက် အရေး ပါသည်ဟု မြင်ကြသည်။ အများ၏အမြင်မှာ ရန်သူတွေကြားမှာ မိတ်ဆွေတွေဆိုတဲ့ အမြင်မျိုးဖြစ် အောင် နေထိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီလိုဟန်ဆောင်ရင်းနဲ့လည်း တကယ်လုပ်ဖော်ကိုင်ဘက်၊ မိတ်ဆွေတွေ ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။ နိုင်ငံရေးဟူသည် ဤကဲ့သို့ဖြစ်သည်ဟုသာ မှတ်ရ ပါမည်။ သာမန်လူများ (စာရေးသူအပါအဝင်) အနေနဲ့တော့ နားမလည်လှပါ။

လွှတ်တော်အမတ်များသည် သူတို့၏ရှိသမျှလုပ်ပိုင်ခွင့်နှင့် အာဏာတို့ကို အပြည့်အဝမသုံး ခြင်းသည်၊ နောင်အခါတွင် ပူပေါင်းဆောင်ရွက်ခြင်းကိုလည်း မထိခိုက်စေပါ။ မက်သယူးသည် သူ၏လေ့လာချက်များကို အဆုံးသတ်လိုက်သည်။ "လွှတ်တော်မတ်တစ်ဦးဟာ၊ သူ၏တရားဝင်လုပ် ပိုင်ခွင့်အာဏာကို အပြည့်အဝသုံးခဲ့လျှင်၊ သူသည်ရေးသားမထားသော နားလည်မှု၊ သဘောတူညီချက် ကို ချိုးဖောက်ရာရောက်ပါသည်။ ထိုအခါ အခြားအမတ်တွေဆီက ပူပေါင်းဆောင်ရွက်ခြင်းကို မရရှိ ဘဲ၊ တန်ပြန်တွန်းလှန်ခြင်းကို သင်ရရှိပါလိမ့်မည်။" ဤနေရာတွင် မက်သယူးကဆိုသည်မှာ – "တစ်ဦးနှင့် တစ်ဦး မိတ်ဆွေဖြစ်တာနဲ့မဆိုင်ပါဘူး။ မင်း ဒီလိုမလုပ်ရင် ငါလည်း ဒီလိုမလုပ်ဘူး ..." ဆိုတဲ့ သဘောထားဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရေးတွင် အခြေခံဥပဒေအားဖြင့် ၁၉၁၇ မတိုင်မီနှင့် ထိုကာလအပြီးတွင် ပြောင်းလဲမှုတစ်ခုရှိခဲ့ပါသည်။ ၁၉၁၇ ခုနှစ်မတိုင်မီက ကိစ္စတစ်ခုကို ဆုံးဖြတ်ချက်မပေးနိုင်အောင်၊ လွှတ်တော်တွင် မပြီးပြတ်အောင် ဆွေးနွေးနေသောနည်းဖြင့်၊ မည်သူမဆို တားဆီးထားသောနိုင်ပါသည်။ (filibuster) သို့သော် ဤကဲ့သို့ မလုပ်နိုင်အောင် ၁၉၁၇ နောက်ပိုင်းတွင် အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါ သည်။ နောက်ပိုင်းတွင် ပြင်လိုက်သော စည်းမျဉ်းအရ၊ အနည်းဆုံး သုံးပုံနှစ်ပုံ (ယခု ငါးပုံသုံးပုံ) အရေအတွက်ရှိသော အမတ်များက၊ ဆွေးနွေးမှုတစ်ခုကို ရပ်တန့်ရန် မဲပေးဆုံးဖြတ်နိုင်သည်။

လွှတ်တော်တွင်လုပ်ခွင့်ရှိသော အရာတစ်ခုမှာ တရားရုံးချုပ်နှင့်အခြားအရေးပါသော နေရာ များတွင် သမ္မတ၏ခန့်အပ်သော လုပ်ရပ်များအပေါ် "အကြံပေးခြင်းနှင့် သဘောတူညီခြင်း" ဟုခေါ် သည်။ ယင်းပြဌာန်းချက်အရ၊ သမ္မတ၏ ခန့်အပ်ခြင်းအလုပ်များကို လွှတ်တော်မှအတည်ပြုရန်နှင့် သဘောတူရန်လိုအပ်ပါသည်။ ယင်းပြဌာန်းချက်များကိုသာ အပြည့်အဝသုံးမည်ဆိုလျှင်၊ သမ္မတက ခန့်အပ်သော ကိစ္စများကို လုံးဝဆက်မလုပ်နိုင်အောင် လွှတ်တော်ကပိတ်ထားနိုင်သည်။ သမ္မတဘက် ကလည်း အာဏာရှင်ကဲ့သို့ ပြုကျင့်နိုင်သော လုပ်ပိုင်ခွင့်အာဏာများ အပြည့်ရှိပါသည်။ အကယ်၍များအားလုံးက သူတို့၏ လုပ်ပိုင်ခွင့်အာဏာများကို အပြည့်အဝသုံးမည်ဆိုလျှင် ဘာဖြစ်မည်ကို မသိပါ။ ဤကဲ့သို့မသိခြင်းသည်လည်း အမေရိကန်နိုင်ငံတွင် ဒီမိုကရေစီသည် တည်တံ့နေခြင်း၏ အကြောင်းဖြစ်ပါသည်။

ထပ်မံ၍ပြောရလျှင်၊ အမေရိကန်နိုင်ငံတွင် ဒီမိုကရေစီမပျက်စီးသေးခြင်းမှာ မူလကြောင့် မဟုတ်၊ လူကြောင့်ဖြစ်ပါသည်။

ဤဆောင်းပါးကို အနှစ်ပြန်၍ချုပ်ရသော် –

ကမ္ဘာတွင် မာခီယာဘယ်လီ (၁၄၆၉ – ၁၅၂၇) သည် ကမ္ဘာတွင် ပထမဦးဆုံး သော ခေတ်သစ်နိုင်ငံရေး သိပ္ပံပညာရှင်ဟု အသိမှတ်ပြုခံရသူဖြစ်ပါသည်။

အမေရိကန်နိုင်ငံ၏ အခြေခံဥပဒေသည် သမ္မတကို အာဏာရှင်လုပ်နိုင်အောင် အခွင့်အလမ်း များအပြည့်ပေးထားပါသည်။ သမ္မတများသည် ဤလုပ်ပိုင်ခွင့်အာဏာများကို အပြည့်အဝမသုံးသော ကြောင့် ဒီမိုကရေစီမပျက်စီးသေးခြင်းဖြစ်ပါသည်။

လွှတ်တော်အမတ်ကလည်း သမ္မတ၏အချို့သောလုပ်ရပ်များကို ပိတ်ပင်ထားနိုင်သော အခွင့် အလမ်းများ ရှိပါသည်။ ၄င်းတို့ကို မသုံးသောကြောင့်သာ၊ ဒီမိုကရေစီမပျက်စီးခြင်းဖြစ်ပါသည်။

အချုပ်ဆိုရသော လူသည် မူထက် အရေးပါသည်ဟုသာ ဆိုရပါမည်။

ဤဆောင်းပါး၏ ခေါင်းစဉ်ကို "မာခီယာဘယ်လီ၏အငွေ့အသက်" ဟူ၍ပေးထားသော်လည်း၊ အစပိုင်းတွေသာ မာစီယာဘယ်လီ၏ အကြောင်းပါဝင်ပါသည်။ ကျန်အကြောင်းအရာများ မှာ သမ္မတနှင့် လွှတ်တော်တို့၏ နိုင်ငံရေးကိစ္စများဖြစ်ကြပါသည်။

Comments