မိုးဦးဆွေညိန်း ● ကျွန်တော်နဲ့ ဆေးမင်ကြောင်
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၈
၂၀၁၈ သြဂုတ်လထုတ် မိုးမခ မဂ္ဂဇင်းပါ အက်ဆေးဖြစ်သည်။
(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၈
၂၀၁၈ သြဂုတ်လထုတ် မိုးမခ မဂ္ဂဇင်းပါ အက်ဆေးဖြစ်သည်။
အိမ်ထောင်ပြု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုးကို မပြုခင် ကြိုတင်ပြီး စဉ်းစဉ်းစားစားလုပ်၊ နောင်အခါပြင်နိုင်ခဲသည့်အမျိုးလို့ ဆိုစမှတ်ပြုကြတယ်။ အိမ်ထောင်ပြု ဘုရားတည်ကိစ္စကို ထားလိုက်ပါတော့ ဆေးမင်ရည်စုတ်ထိုးတဲ့ ဆေးမင် ကြောင်ကိစ္စနဲ့ ပတ်သက်လို့တော့ ကျွန်တော့်မှာ နည်းနည်းပြောစရာရှိတယ်။
ကျွန်တော် နေထိုင်ကြီးပြင်းရာ ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးဟာ တကယ့်တကယ်တော့ တောဆန်ဆန် ရွာဆန်ဆန်ပါပဲ။ ဟိုအရင် တုန်းက ရွာကြီး၊ ဖဆပလခေတ်လောက်မှ ရပ်ကွက်ဖြစ်ခဲ့တာကိုး။ လမ်းတွေ၊ ခြံဝင်းတွေဆိုလည်း အကွက်ကျကျ သိပ်မရှိလှ။ မြို့ဆန်တဲ့အမူအရာ သိပ်မရှိဘူး။ ငယ်စဉ်တုန်းကဆို ကျွန်တော် နေထိုင်ရာရပ်ကွက်မှာ နှစ်စဉ် ဘုရားပွဲဆိုတာမျိုးရှိတယ်၊ တစ်ခါတစ်ရံ ဘုန်းကြီးပျံပွဲတောင် ကြုံခဲ့ဖူးသေးတယ်။ သာရေးနာရေးလို ပွဲရှိရင် တိတ်ရီကော်ဒါနဲ့ဖွင့်တဲ့ လော်စပီကာကြီး တွေဆီက တွံတေးသိန်းတန်တို့၊ မောင်မောင်ညွန့်တို့ရဲ့အသံတွေ အင်မတန်ကြားရလှပေါ့။ လမ်းအခေါ်အဝေါ် တောင်မှ ရွာလယ်လမ်းတဲ့၊ အခုချိန်ထိ ဒီအတိုင်း အမည်တွင်လျက်ပဲ။ ဦးသန့်အရေးအခင်းကာလလောက်က ခေတ်စားခဲ့တဲ့ တေး သရုပ်ဖော်ပွဲမျိုးတွေလည်း ဟိုနားဒီနားမှာ တန်ဆောင်တိုင်ပွဲတွေမှာ ကြည့်ခဲ့ကြုံခဲ့ဖူးတယ်။
ဆိုရရင် ဘုရားပွဲဈေးတန်းလိုမျိုးဟာလည်း ရင်းရင်း နှီးနှီးရှိခဲ့ရပါတယ်။ အဲသမှာ ကျွန်တော်နဲ့ ဆေးမင်ကြောင်ကိစ္စ စခဲ့တာ ပါပဲ။ ဆေးမင်ကြောင်ထိုးလို့ရတာကလည်း ဘုရားပွဲဈေးမှာပဲ ရှိတယ်။ ၇ တန်းအရွယ်မှာ စထိုးခဲ့ဖူးတယ်။ လက်ခုံမှာ၊ တနင်္လာသားဆိုတော့ ကျားပုံပေါ့။ စုတ်က ဘက်ထရီနဲ့ တွဲသုံးရတာ၊ အထိုးခံတော့ ဂျစ်ဂျစ် ဂျစ်ဂျစ်နဲ့ ခံလို့တော့အကောင်းသား။ မနက်လင်းမှ ထိတော့တာ၊ လက်တွေရောင်ကိုင်းလို့။ ဘုရားပွဲရာသီကလည်း ဆောင်းတွင်းဆိုတော့ အနာရင်းကောင်းပေါ့။ လူကြီး မိဘတွေလည်းမပြောရဲဘူး။ လက်မမြင်အောင်ဝှက်ရတယ်။ သုံးလေးရက်နေမှ လူကြီးတွေသိတော့ အရှိန်ပြေချိန် ရောက်ပြီ၊ အဆူအပြောသိပ်မခံရတော့။
အမှန်တော့ ဆေးမင်ကြောင်ထိုးတာနဲ့ပတ်သက်လို့ ကျွန်တော့်မှာ သီးခြားခံစားချက်ရှိလှတာမဟုတ်ပါဘူး။ လူပျိုပေါက်အရွယ် စိတ်ခံစားမှုမျှသာပါ။ ရှေးမြန်မာကြီးတွေလို ယောက်ျားပီသတဲ့ သင်္ကေတသရုပ်သကန်တွေလည်း ရှိဟန်မတူပါဘူး။ ရှေ့မှာ အစ်ကိုတွေ သူငယ်ချင်းတွေ စသဖြင့် ထိုးတာတွေ့လို့ လိုက်ထိုးတဲ့ သဘောလောက်ပါပဲ။ သူများတွေများ အသည်း ဓားစိုက်တဲ့ပုံတို့၊ အသည်းပုံထဲ ခင်တို့ ထိုးတာတွေ အောထလို့။ ကိုယ်က ရည်းစားသနာတွေ ဘာတွေ မရှိတော့ နာမည်ထိုး မျိုးတွေ မလုပ်ဖြစ်ခဲ့ဘူး။ ၈ တန်းနှစ်လောက်မှာ နောက်တစ်ပုံ ထပ်ထိုးဖြစ်သေးတယ်။ လက်မောင်းအိုးမှာ ကြယ်ကို စပါးနှံ ဝန်းထားတဲ့ပုံ။ ဟား ဟား၊ အရာခံဗိုလ်လိုလို တံဆိပ်ကြီး။
ကိုယ့်အရေပြားပေါ် ထင်နေတဲ့ အမှတ်တံဆိပ် ဆေးမင်ကြောင်နဲ့ပတ်သက်လို့ သူများတွေ့တော့ မသိ။ ကျွန်တော်တော့ဖြင့် အခုအချိန်မှာ နောင်တရသလားမေးရင် နောင်တမရတဲ့အပြင် ဝမ်းတောင်သာနေရသေးတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန် တော်က ကျကျနနကို ပြောပြချင်သေးပါရဲ့။
ကျွန်တော်တို့ လူငယ်ဘ၀တုန်းက မဆလခေတ် လူဖြစ်ခဲ့ကြသူတွေရဲ့ထုံးစံအတိုင်းပေါ့ စစ်တပ်ရဲ့ သြဇာလွှမ်းမိုးဖို့ကြိုးစားခြင်းကို အနည်းနဲ့အများ ခံကြရတာပါပဲ။ ယောက်ျားလေးဆို စစ်သားဖြစ်ဖို့၊ မိန်းကလေးဆို ကျောင်းဆရာမ၊ နပ်စ်မ စသဖြင့် ၀ါးလုံးခေါင်းထဲ လသာနိုင်ဖို့ ကျုံးသွင်းတာခံရတာပဲ။ ကလေးဘ၀ ကစားကြတာတောင်မှ စစ်တိုက်တမ်းကစားခဲ့ကြတာ ကလား။ ဆိုတော့ လူ့သဘာဝအရ လူငယ်တစ်ယောက် တက်တက်ကြွကြွ လုပ်ချင်ကြတဲ့အခါ လုပ်စရာဟာ စစ်သားပဲလုပ်ရ တော့မလို ကျုံးထဲ မောင်းသွင်းတော့တာပေါ့။ အဲသမှာ ဆယ်တန်းအောင်တဲ့အခါ ဗိုလ်သင်တန်းလျှောက်တာတို့၊ အိမ်ပြေး ဖြစ်ပြီးရင် စစ်တပ်စုဆောင်းရေးရောက်သွားတာတို့ သိပ်ဖြစ်ကြတဲ့အချိန်တွေပေါ့။
ထုံးစံအတိုင်းထဲ ကျွန်တော်လည်းပါပြီး ဆယ်တန်အောင်တဲ့နှစ် ၁၉၈၅ ခုနှစ်မှာ ဗိုလ်သင်တန်းလျှောက်ဖို့ FORM တွေဘာတွေ သွားယူလိုက်သေးတယ်။ မုဆိုးမအမေက မျက်ရည်လေးစမ်းစမ်းနဲ့တားတာကြောင့် လျှောက်လွှာ မတင်ဖြစ်လိုက်ဘူး။ တင် ဖြစ် လို့ရှိရင်လည်း ပါနိုင်တဲ့အခွင့်အလမ်းမျိုး၊ ဘက်ဂရောင်းမျိုး ကိုယ့်မှာရှိတာ မဟုတ်ပါဘူး။ ထားပါတော့ ဒါကတစ်ပိုင်း။
ဒါပေမဲ့ ကျွန်တော်က မလျှော့ဘူးဗျရယ်။ သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းပြီး ရေတပ်ထဲဝင်ဖို့ လုပ်လိုက်သေးတယ်။ FORM တွေယူ တင်၊ ဝိတ်ချိန်၊ အင်တာဗျူးဝင်ဖြေ လုပ်လိုက်သေးတယ်။ ရေတပ်ထဲဝင်ရင် ကိုယ်အလေးချိန် ပေါင် ၁၁၀ ပြည့်မှ ရတယ်။ အတူသွားတဲ့သူငယ်ချင်းက ပေါင် ၉၀ ပဲရှိလို့ ဝိတ်ချိန်ပြီးတာနဲ့ စောစောစီးစီး ပြုတ်သွားတယ်။ သူ့ခမျာ ငှက်ပျော သီးတွေစား၊ ရေတွေဖိသောက်လည်း ၀ိတ်က မမီဘူး။ ကျွန်တော်ကတော့ နောက်တစ်ရက် ထပ်သွားရတယ်။ အင်တာဗျူး ၀င်ဖို့။ အင်တာဗျူးဝင်ပြီး ကျွန်တော်လည်း ပြုတ်တာပါပဲ။ စိတ်ထဲတော့မကောင်းဘူးပေါ့။ ဆယ်တန်းအောင် ဝင်ရင် ဂရိတ်ဝမ်း ဆိုတော့ အခွင့်အလမ်းက မဆိုးဘူး၊ မက်စရာပေါ့။
နောက် မကြာပါဘူး၊ ၃ နှစ်လည်းကြာရော ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လို့ ကြုံရာနေရာက လမ်းလျှောက်ဆန္ဒပြရင်း ဗိုလ်နေ၀င်းရဲ့ မဆလကိုလည်း နာကြည်း၊ စစ်တပ်ရဲ့ နိုင်ငံရေးမှာပါဝင်စွက်ဖက်မှုကိုလည်း ရွံမုန်းစိတ်တွေ ဖြစ်လာတဲ့အခါမှာ တော့ ငါဟာ စစ်တပ်ရဲ့ တိုက်ရိုက်သြဇာခံမဖြစ်ခဲ့လေတာ ကံကောင်းလေစွပေါ့။
အဲဒီမှာ ဆေးမင်ကြောင်ရဲ့အစွမ်းကို သိလိုက်ရတာပါပဲ။ ကျွန်တော်ငယ်ငယ်တုန်းက ရူးရူးမိုက်မိုက်နဲ့ လုပ်ခဲ့တဲ့ ဆေးမင်း ကြောင်ရုပ်တွေက ကျွန်တော့်ကို ကယ်တင်လိုက်တာ ဖြစ်ပါတယ်။ ရေတပ်ထဲဝင်ဖို့ ကြိုးစားခဲ့စဉ်က အင်တာဗျူးမှာ ပြုတ်ခဲ့ တာ ကျွန်တော့်ရဲ့ လက်ခုံ၊ လက်မောင်းတွေမှာ ထိုးထားမိခဲ့တဲ့ ဆေးမင်ကြောင်တွေ ကြောင့်ပါပဲ။ ဒါကြောင့်မို့ ဆေးမင်ကြောင် (အခုခေတ်တော့ဖြင့် တက်တူးလို့ပဲ အင်္ဂလိပ်အသံထွက်နဲ့ပဲ တိုက်ရိုက်ခေါ်နေကြပြီ) ထိုးခဲ့မိတာဟာ ကျွန်တော့်အဖို့တော့ဖြင့် ဝမ်းသာဂုဏ်ယူရမယ့်အကြောင်း ဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော့်မိတ်ဆွေများကို ပြောပြချင်တာပါ။ တကယ်လို့များ စစ် တပ်ထဲရောက်ခဲ့ရင် ဘုရား ဘုရား ငါ့စိတ်ဓာတ်မျိုးနဲ့ ဘယ့်လောက်တောင်များ စိတ်ဖိစီးမှုတွေ များလိုက်မလဲလို့ တွေးမိပြီး လွတ်လပ်ပေါ့ပါးစိတ်ကို ဖြစ်စေခဲ့တဲ့ ဆေးမင်ရည်စုတ်ထိုးခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်နေမိပါတယ်။
မိုးဦးဆွေညိန်း
ဧပြီ ၇၊ ၂၀၁၈။
၀၀း ၄၃
Comments