ကိုသန်းလွင် ● ကားဆိပ်

ကိုသန်းလွင် ● ကားဆိပ်
(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၈

(၁)
ကားဆိပ်ဆိုသည်မှာ ကားတွေရပ်၍ လူအတင်အချပြုလုပ်သောနေရာကို ခေါ်သည်။ ရေဦးသွားမည့်ကားရပ် လျှင် ရေဦးကား ဆိပ်ခေါ်၍ ရွှေဘိုသွားမည့်ကားရပ်လျှင် ရွှေဘိုကားဆိပ်ဟုခေါ်သည်။ ခင်ဦးသည် ရွှေဘိုနှင့် ရေဦးကားလမ်းဗဟိုမှာ ရှိနေရာ ခင်ဦးမှာ ရွှေဘိုရေဦးသွားကားတွေရပ်သောနေရာကို ရွှေဘို-ရေဦးကားဆိပ်ဟု ခေါ်ပါသည်။ မန္တလေး- မြစ်ကြီးနား မီးရထားလမ်းမှာခင်ဦးကဖြတ်သွားပြီးရေဦးသို့မီးရထားကမရောက်၊ မန္တလေး မှရေဦးသို့သွားလိုလျှင်မီးရထားနှင့်ခင်ဦးကိုအရင်လာရသည်။ ခင်ဦးမှာရထားကြိုသောကားတွေရှိရာထိုကားတွေ နှင့် ရေဦးကိုလိုက်ရသည်။

ခင်ဦးတောင်ရွာမှာ မြို့ကြီးဖြစ်ခဲ့ပြီး ယခု ခင်ဦးမြို့သစ်ရှိရာနေရာကို “ပြင်ဘက်တန်း” ဟုခေါ်သည်။ မြို့သစ်ဖြစ်သောကြောင့် ဗဟိုလမ်းမကြီးနှင့် လမ်းမှဖြာထွက်သောလမ်းများနှင့် စနစ်တကျစီစဉ်ထားရာ ဟိုတုန်းကမြို့သစ်သည် ယခုတော့ မြို့ကြီးဖြစ် နေပါပြီ။

(၂)
ခင်ဦးမြို့သစ်က လမ်းမကျယ်ဘေးမှ မြေကွက်လပ်သည် ရွှေဘို - ရေဦးကားဆိပ်ဖြစ်သည် လမ်းမဘေးမှ မြေ ကွက်လပ်ဖြစ် သောကြောင့် ထိုနေရာမှ မြို့ကလုပ်စရာပွဲလမ်းသဘင်ရှိလျှင် ထိုနေရာမှာပြုလုပ်ပါသည်။ သက်ကြီးပူဇော်ပွဲ၊ လွတ်လပ်ရေးနေ့ပွဲအပြေးပြိုင်လျင်ထိုမြေကွက်လပ်မှာ ဖြစ်ပါသည်။ မိုင်ရှည်ပြေးပွဲ ဟုလည်းကောင်း၊ စက်ဘီးစီးပြိုင်ပွဲဟုလည်းကောင်း မြို့လယ်ခေါင်က အကွက်အကွင်းကျသော ထိုမြေကွက်လပ်ကို ပန်းဝင်ရာနေရာအဖြစ် သုံးကြပါသည်။ ကျွန်တော်တို့အိမ်မှ ဆိုသော် အိမ် ၂ အိမ် ၃ အိမ်ကျော်လျှင်ရောက်သည်။ လော်စပီကာဖွင့်လျှင် အတိုင်းသား ကြားရပါသည်။

ထိုမြေကွက်လပ်သို့ ကလေးဘ၀က နေ့တိုင်းရောက်ကြသည်။ သွားစရာမရှိလျှင် ထိုကွက်လပ်ဘေးက ဘိလိယက်ခုံမှာ သွားပြီးထိုင်နေတတ်ကြသည်။ လ္ဘက်ရည်ဆိုင်တွေကလည်း တဆိုင်တည်းမဟုတ် အပြိုင်အဆိုင် တနေရာတည်းမှာ စုပြုံဖွင့် ထားကြသဖြင့် ကက်ဆက်သံတွေဖြင့် စည်ကားခဲ့ရာနေရာဖြစ်သည်။ ထိုနေရာကို လူစုံရောက်သောနေရာဟု ဆိုနိုင်ပါ၏၊ ကမ္ဘာလှည့်ခရီးသည်များလာလျှင် မြို့ထဲက တစ်ယောက်စ နှစ်ယောက်စ စကားပြောလျှင် ထိုနေရာမှာလူတွေ ဝိုင်းနေတတ်သည်။

ကျွန်တော်တို့ငယ်ငယ်က ပေသီးပစ်လျှင်လည်း ထိုနေရာ၊ ကြက်ပေါင်ကွင်းပစ်လျှင်လည်း ထိုနေရာ၊ ထိုမှတဆင့် တက်၍ ပိုက်ဆံတွေကိုထောင်ပြီးပေသီးနှင့်ပစ်ကြရာ နေရာမှာလည်းထိုမြေကွက်လပ်မှာဖြစ်သည်။ မန်ကျည်းပင် တွေအုံ့ဆိုင်းနေသော ထိုနေရာသည် ကျွန်တော်တို့ငယ်ငယ်က ကျက်စားရာနေရာဖြစ်ပါသည်။

တခါက ကားပေါ်မှ ဆရာမတစ်ယောက်က ပေသီးပစ်နေသော ကျွန်တော့်ကိုခေါ်ကာ ဆရာတစ်ယောက်ကို ခေါ်ခိုင်းဘူး သည်။ ဆရာမသည် ရွှေဘိုမှလာ၍ ရေဦးကိုဆက်၍လိုက်မည်ဖြစ်သည်။ တက်သုတ်ရိုက်၍ခေါ်ခြင်းဖြစ်သည်။ ထိုဆရာသည် ခင်ဦးမှာလည်း ဆရာမတွေဝိုင်းနေသော ဆရာဖြစ်သည်။ ကျွန်တော်တို့က ဘာဘာညာညာနားမလည်သေး “ဆရာမ အချိန် မရတော့လို့ပါ ကားမထွက်ခင်ခေါ်ခဲ့ပါ” ဟု ပြောသဖြင့် သွားခေါ်ပေးလိုက်ရဘူးသည်။

တခါကလည်း ခင်ဦးမြို့ မီးသတ်အတွက် မီးသတ်ကားတစ်စင်းရောက်လာဘူးသည်။ မီးသတ်ကားက ရေပိုက်တွေ၊ ရေသေ နတ်တွေ၊ ရေစုပ်ပိုက်တွေမှာ Conpartment လေးတွေရှိကြရာ တံခါးဖွင့်လိုက်တိုင်း အသံမြည်သည်။ ထိုအသံကို နား ထောင်ချင်၍ လူကြီးတွေမသိအောင် တံခါးကိုအဖွင့်အပိတ်လုပ်ကြပါသည်။ လူကြီးတွေက ကားကိုပတ်လည်ဝိုင်းကာ စောင့် ရှောက်နေကြပါသည်။ ကျွန်တော်တို့ကလေးတသိုက်က တံခါးကိုဖွင့်၍ ပြေးကြသည်။

မြေ၀ိုင်းမျက်လှည့်ပြလျှင်လည်း ထိုမြေကွက်လပ်ကိုပင်အသုံးပြုသည်။ တခါကလူကို အင်္ကျီအမဲဝတ်ခိုင်းပြီး အုပ်ဆောင်းနှင့် အုပ်လိုက်သည်။ အုပ်ဆောင်းတခုမှ တစခုသို့ ပြောင်း၍ လူလဲသည်ထင်ပါ၏ ကျွန်တော်တို့က အုပ်ဆောင်းကို ဖွင့်စေချင်လှပြီ၊ မျက်လှည့်စရာက မဖွင့်နိုင်သေး၊ သူတို့ ဆေးရောင်းရအုံးမည်၊ လူတွေကလည်း အုပ်ဆောင်းကို မဖွင့်မချင်းသည်းညည်းခံ၍ စောင့်ကြည့်ကြသည်။

ခင်ဦးက ဘောလုံးအသင်းသည် ရွှေဘိုကိုသွားကန်ရသည်။ ဘောလုံးပွဲနိုင်ပြီဆိုလျှင် သူတို့အသံကို မြို့အရှေ့ ဘက်မူးရိုးမှ မြို့ဘက်သို့ ကားချိုးမဝင်ခင် နေရာကစ၍ ကြားရသည်။ ပွဲကိုအားပေးသူတွေနှင့် ကားတစီး နှစ်စီး အမြဲသွားရသည်။ ရှုံး လာလျှင် ဘာသံမှမကြားရတော့၊ နိုင်လာလျှင်သံပြိုင်ဟစ်အော်ပြီး ကြွေးကြော်ကြသည်။ ကားဆိပ်မှာလူတွေဝိုင်း၍ ကြိုကြရ သည်။ လူစုက ကားဂိတ်မှာ ကားရပ်၍လူစုခွဲရသည်။

ကျွန်တော်တို့ ကလေးငယ်အစုက ဆူဆူညံညံရှိပြီဆိုလျှင် အိမ်ကအပြေးသွားရမြဲဖြစ်ပါသည်။ လူတွေကြားမှာ ဘယ်သူက ဘယ်လိုကန်လိုက်တာ၊ ဂိုးသမားကဘယ်လိုဖမ်းတာ ဆိုသောစကားသံတွေကြားရသည်။ ဘောလုံးပွဲကို ကိုယ်တိုင် မကြည့် ရသော်လည်း ခင်ဦးဘောလုံးအသင်းက နိုင်ပြီတဲ့ဆိုလျှင် ပုံပြင်မျိုးစုံကြားရသည်။

အလှူလှည့်လာပြီဆိုလျှင်လည်း မြို့လယ်ခေါင်ကကွင်းပြင်ကျယ်မှာ အလှူပွဲကိုဝိုင်းအုံပြီးကြည့်ကြပါသည်။ ဘယ်သူက ကွမ်းတောင် ကိုင်လာတာဟူ၍ အမြဲပြောကြသည်။ “အလှူရှင်နဲ့ အမျိုးမို့ ကွမ်းတောင်ကြီးန၊ဲ့ မလိုက်ပါဘူးဟယ်” ဟူသော အသံတွေကြားရသည်။ အလှူနောက်ပိုင်းက ဒိုးပတ်ဝိုင်းမှာ သည်နေရာကမသွားရတော့ လူအမျိုးမျိုးက ပွဲတောင်းသဖြင့် သည်နေရာမှာ အကြာကြီးရပ်ကကြရသည်။ တခါတရံ အလှူကိုမမီတော့၍ ဖြတ်လမ်းကလိုက်ကြရသည်။

ရုပ်ရှင်ပြမှာမို့ ကြော်ငြာစာရွက်ဝေလျှင်လည်း ကြော်ငြာသောလှည်းမှာ မြို့လယ်ခေါင်သည်နေရာမှာ အကြာကြီးရပ်သည်။ ငွေရောင်ပိတ်ကားပြင်တွင် “အပြောကောင်းလှတဲ့ ကောလိပ်ဂျင်နေဝင်း” စသည်ဖြင့် ရုပ်ရှင်မင်းသား မင်းသမီးတွေ အ ကြောင်း တဝကြီးကြားရသည်။ ကျွန်တော်တို့ကလေးတသိုက်အတွက် ကြော်ငြာစာရွက်ကို ခုံခုံမင်မင်ကြီးတောင်းကြ၊ စုကြရ သည်။

အမေသည် သားတွေခရီးဝေးကပြန်လာမှာသော်လည်းကောင်း၊ ခဏတဖြုတ်သွား၍ ရေဦး၊ ရွှေဘိုစသည်တို့မှ ပြန်လာမှာကို လည်းကောင်း၊ လမ်းထိပ်ကတံတားမှထိုင်၍ စောင့်တတ်သည်။ ကျွန်တော်တို့ကလည်း တံတား ပေါ်မှာ အမေစောင့်နေမှာကို သိသည်။ ကားကအချိန်တန်၍ မရောက်လာလျှင် အမေတော့ ထိုင်စောင့်နေတော့မှာဘဲဟု တွေးမိနေရသည်။ ဟိုတုံးက ခင်ဦးမှာ ဆယ်တန်းအထိသင်သော်လည်း စာစစ်ဌာနကမရှိ၊ စာမေးပွဲဖြေလျှင် ရွှေဘိုသို့သာသွားကြရပါသည်။ အခုခေတ် တွင် ဘဏ်တွေက ခင်ဦးမှာမဖွင့်၊ စီးပွားရေးဘဏ်သာရှိသည်။ ငွေသွင်းငွေထုတ်လွယ်သဖြင့် ပြင်ပဘဏ်တွေမှာငွေထားကြရာ ငွေထုတ်ဖို့ ရွှေဘိုကိုသွားကြရပါသည်။

အခုတော့ ထိုကားဆိပ်မြေကွက်လပ်မှာ မရှိတော့ပြီ၊ လမ်းတဖက်တချက် ပလက်ဖောင်းထိုးမည်ဆို၍ ကွန်ကရစ် ပလက် ဖောင်းလုပ်လိုက်သောအခါ လမ်းဘေးတလျှောက်ဘေးသို့ ဆင်းရသောမြေကွက်လပ်သည်ပျောက်သွား၏၊ ကားဆိပ်သည် လမ်းသင့်တော်ရာနေရာသို့ရွှေ့ပြောင်းသွားရလေပြီ။

အခုခေတ်ကားတွေက ရန်ကုန်ကို နေ့ချင်းပေါက်ပြေးနေကြလေပြီ၊ ခင်ဦးကားလည်း တစင်း နှစ်စင်းရှိပါ၏ ရေဦးမှလာသော မှန်လုံကား၊ အဲယားကွန်းကားကြီးတွေသည် ညနေပိုင်း ၅ နာရီဆို ခင်ဦးကိုရောက်သည်။ နောက်တနေ့မနက်အစောကြီး ရန်ကုန်သို့ရောက်သည် ရန်ကုန်ကလိုက်လျင်လည်း ညနေပိုင်းဆို ခင်ဦးကိုရောက်သည်။

ဟိုတုန်းက မန္တလေးကိုသွားဖို့ ရန်ကုန်ကိုသွားဖို့ကို နေရာဦးရသည်။ စောစောကားဂိတ်ကိုရောက်ပါမှ နေရာအတွက် စိတ်ချရ သည်။ နောက်ကျမှရောက်လျှင် အလယ်၌သို့မဟုတ် နောက်မှချိတ်ဆွဲ၍လိုက်ပေရော့၊ အမေက သားတွေကို လိုက်ပို့ဘို့ ဆိုလျှင် သံသေတ္တာကို အမေကိုယ်တိုင်ရွက်၍ ကားဂိတ်ကို အစောကြီးလာရသည်။

ကျွန်တော်ငယ်ငယ်က ဤကားဆိပ်မှရွှေဘိုသို့  “မှင်ခြောက်ဆေးရောင်ပုလင်း” အဝယ်သွားဘူးသည်။ ကျွန်တော်သည် ပန်း ချီမဆွဲတတ်၊ သို့ပါလျက် သူငယ်ချင်းတွေက မှင်ခြောက်ဆေးရောင်ပုလင်းကိုသုံးနေတာ မြင်တော့ဝယ်ချင်သည်။ သူငယ်ချင်း တယောက်နှင့်တိုင်ပင်၍ ဤကားနှင့်ပင် လိုက်ခဲ့ဘူးသည်။ အမေမသိ၊ အမေမသိအောင် ကားလိုက်စီးရခြင်းဖြစ်ပါသည် “ဒီကောင်လေးတွေလာတာ မင်းတို့အိမ်ကသိရဲ့လား” ဟုမေးသည်ကို “သိတာပေါ့” ဟုဖြေသည်။ ရွှေဘိုလမ်းကလည်း ဆိုး လိုက်သည့်ဖြစ်ခြင်း ကားဂိတ်ရောက်၍ ကားရပ်လိုက်လျှင် တကိုယ်လုံးဖုံတွေနှင့်လုံးနေသော မျောက်ဖြူတစ်ကောင်လိုဖြစ် နေသည်။

ခေတ်တွေပြောင်းသော်လည်းရွှေဘိုခင်ဦးလမ်းကတော့ မပြောင်းလဲပါ။ ကာဘိုးက ရေလွှတ်သောမြောင်းဘောင် တလျှောက် ကားမောင်းရခြင်းဖြစ်သည်။ ဤမြောင်းမှ ရေစီးသဖြင့် ရွှေဘိုမဟာနန္ဒာကန်တော်၌ ရေရှိခြင်း ဖြစ် သည် “လယ်ဝင်ချောင်းရိုး ကိုးဆယ်ကိုး” ဟုအဆိုရှိသော်လည်း ကျွန်တော့်အမြင်မှာတော့ ဤကန်ထဲသို့စီးဝင်သည်မှာ ခင်ဦးမူးကရေသည် အဓိကဖြစ် သည်။ ရွှေဘိုသည် အခုချိန်ထိ ရေရှားတုန်း၊ မဟာနန္ဒာကန်ထဲမှရေကို ၁၈” ပိုက်လုံးကြီးတွေနှင့် သယ်ယူကာ မြို့ကိုဖြန့်ဝေရ တုန်းဖြစ်သည်။

ထိုလမ်းသည် ကတ္တရာလမ်းမဖြစ်၊ ကတ္တရာလမ်းခင်းလျှင် မြေနိမ့်သွားပါက မြောင်းမှာ အပြစ်ဖြစ်သွားမည်ဟု ဆိုသည်။ ကမ္ဘာတလွှား ရေကန်ဘောင်တွေကို ကတ္တရာလမ်းခင်းထားတာ မြင်ဘူးနေပါသည်။ ခင်ဦးကို လွှတ်တော်အမတ်တွေ လာ တိုင်း လာတိုင်း ဤလမ်းကြီး ကတ္တရာလမ်းဖြစ်ရေးကို မြို့လူထုက ပြောကြသည်။ အစိုးရက ပြင်မပေးပါ။

အခု ရွှေဘိုမြစ်ကြီးနားဗျူဟာလမ်းမကြီးမှာ ဖြူးနေပါပြီ။ သို့ပေမဲ့ ထိုလမ်းက ဝေးလွန်းသည်။ လက်ရှိမူးလမ်းက နီးသော ကြောင့် ဒေသခံတွေက ထိုလမ်းကိုပင် သုံးကြသည်။ ၂၀၀၁ မှာ သဖန်းဆိပ်ဆည်ပြီးသည်။ သည်ဆည်ပြီးမှ ခင်ဦးမူးမှာ ရေ လာသည်။ ရေလာသောကြောင့် စိုက်ပျိုးရေးတွေဖြစ်ထွန်းပြီး လယ်သမားတွေပိုက်ဆံသုံးနိုင်လာသည်။ ဆိုင်ကယ်တွေတဝီဝီ စီးလာကြသည်။

အခုတော့ ရွှေဘိုလို၊ ရေဦးလိုနေရာတွေ မြို့နယ်အနှံ့ ဆိုင်ကယ်တွေနှင့် ခရီးသွားနေကြပါပြီ။ ကားကိုမစီလျှင် မဖြစ်သော လူကြီးတချို့တလေသာ သုံးကြသည်။ ရေဦးရွှေဘိုကားဆိပ်သည်လည်း ဘယ်နေရာကိုရောက်သွားမှန်း မသိတော့၊

(၃)
တနေ့က ယခင်ကားဆိပ်ရှိခဲ့ရာနေရာသို့ ကျွန်တော်ရောက်သည်။ နေရာသည်မမှတ်မိနိုင်လောက်အောင်ပြောင်း လဲသွားပေ ပြီ၊ ဆိုင်ကြီးတွေ တိုက်ကြီးတွေနှင့်ဖြစ်နေသည်။ ဟိုတုံးက ကားဆိုက်လျင်ရောင်းသောအကြော်သည်တို့ထိုင်ကြရာနေရာ လေးလည်းမရှိတော့ပေ။

မြို့ကလေးသည် ပြောင်းလဲနေပါ၏။ သို့သော်လည်း ဂလိုဘယ်လိုက်ဇေးရှင်း အရအမှီမလိုက်နိုင်သေး။ မြို့လူထု က မိုဘိုင်း ဖုန်းတွေသုံးနေပါ၏၊ သို့သော် မြို့၏ Infrastructure က ဟိုယခင်အနှစ် ၅၀ ခန့်ကအတိုင်း မပြောင်းလဲပါ။ ခင်ဦးကိုမပြောနှင့်၊ ရွှေဘိုသည်လည်း ယခင်အတိုင်း၊ တတိယမြန်မာနိုင်ငံတော်ကြီးကို ဦးအောင်ဇေယျသည် ရွှေဘိုမှပင် စတင်ထူထောင် ခဲ့ခြင်းဖြစ်သည်။ ဦးအောင်ဇေယျ လက်ရုံးမှ မီးထတောက်သည်ကိုလည်း ဤအရပ်မှာပင်မြင်ခဲ့ကြခြင်းဖြစ်သည်။

မဂ္ဂလက်ရထားတွေ၊ ဘူးလက်ထရိန်းတွေ လေယာဉ်ပျံတွေ နှင့် တိုးတက်နေရမည့်ကျွန်တော်တို့မြို့ကလေးသည် အညာမှာအခုထိအိပ်ပျော်နေတုံးဘဲဖြစ်သည်။ ခင်ဦးမြို့တိုးတက်ရေးအတွက် ကျွန်တော်တို့လည်းဘာမှ မတတ်နိုင်၊ မပါဝင်လိုက် ရသော ခေတ်ပြောင်းတော်လှန်ရေးသည် ခင်ဦးကိုဘယ်တော့မှရောက်လာမည်မသိ။

ခင်ဦးစား ငချစ်ညိုသည် ဦးအောင်ဇေယျကိုဖမ်းမိဆဲဆဲမှာ သူ့ညီလေး အော်သံကိုကြားလိုက်ရသည်။ ထို့ကြောင့် နောက် ကြောင်းပြန်လှည့်ခဲ့သည်။ အမေနှင့်တွေ့တော့ သူ့အမေက “နင့်ညီဘယ်နှစ်ယောက်ယူမှာလဲ ငါ့ဗိုက်ထဲ မှာအများကြီးရှိသဟဲ့” ဟု ဗိုက်ကိုပုတ်ပြသတဲ့၊ မှန်သည် မှားသည် မသိရသော ထိုပုံပြင်ကို ခင်ဦးသားတွေက ယခုတိုင်ပြောနေကြဆဲဖြစ်ပါသည်။

ကိုသန်းလွင်

Comments