အေးငြိမ်း - ငွေသည် လူကို ပျက်စီးစေ၏



အေးငြိမ်း - ငွေသည် လူကို ပျက်စီးစေ၏
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၈

(၁) ဘာကြောင့်
အဓိကတရားခံမှာ ဆင်းရဲမွဲတေခြင်းဖြစ်သည် ဟု ကျွန်တော်ထင်ပါသည်။
ဒုတိယတစ်ခုမှာ အသိဉာဏ်ပညာ နုံနဲ့ခြင်းဖြစ်၍ -
တတိယတစ်ခုမှာ လောဘဖြစ်ပြီး -
နောက်ဆုံးတစ်ခုမှာ ကျွန်ုပ်တို့ရွှေပြည်ကြီး၌ ဘောလုံးချန်ပီယံများ ပေါများခြင်းပင် ဖြစ်တော့၏။

(၂) ၂၁ ရာစု တိုင်တားမင်းကြီးများ
သည်လောကကြီး သည်လောက်ရှုပ်မှန်း ကျွန်တော်မသိရိုးအမှန်ပါ။
ယာကူဇာဂိုဏ်းဆိုတာ ပုံပြင်လောက်ပဲ ထင်ခဲ့သည်။ လက်တွေ့တွင် ရှိမည်မထင်ခဲ့။ ထို့ထက် ကျွန်တော်တို့နှင့် သည်မျှ နီးနီးကပ်ကပ် ရှိနေခဲ့လိမ့်မည်မထင်ခဲ့။
သို့သော် တကယ့်တကယ် ကျွန်ုပ်တို့လက်တစ်ကမ်းတွင် ရှိနေမှန်း သိလိုက်ရသောအခါ ကျွန်တော့်မှာ အံ့သြလွန်း၍ သေမတတ် ရှိချေသည်။

ကိုယ်မမီလိုက်သော တိုင်တားမင်းကြီးကိုသာ ကျွန်တော်က နားရွက်ဆွဲလိမ်ချင်နေခဲ့မိ၏။ ယခုလူများမှာမူ တိုင်တားမင်းကြီး လောက်ကို သယော်မော်ကားပြုလျက် ဟားတိုက်ရီနေလိုက်သည်မှာ ပါးစပ်နှင့် နားရွက်ပင် ချိတ်မတတ် ရှိချေသည်။ ရီတာတောင်မှ ရိုးရိုးမရီ၊ ရီတော့မနော်ဟု ပြောလျက် ဟက်ဟက်ပက်ပက် ရီသည်ဆို၏။ အံ့သြဘနန်း ရှိလှပေစွတကား။

သည်းခံပါခင်ဗျာ။ မိတ်ဆွေတို့ ကျွန်တော်ဘာတွေပြောနေမှန်း နားလည်လိမ့်မည်မဟုတ်ပါ။
သို့သော်လည်း အရှိကိုအရှိအတိုင်း ပြောလို့ရတာတွေလည်း မဟုတ်ပါ။  ခေါင်းနှင့်ကိုယ် အိုးစားကွဲစရာကိစ္စတွေ ပါနေလေတော့ အရိပ်အမြွက်သာ ပြောလို့ဖြစ်ပါမည်။ ကျန်တာတော့ ကိုယ့်ဘာသာကိုယ် ဉာဏ်ရှိသလောက် ချဲ့တွေးတော်မူကြပါ။

မှတ်ချက်။ ။ တိုင်တားမင်းကြီးဆိုသည်မှာ မင်းတုန်းမင်းနှင့် သီပေါမင်းတို့လက်ထက် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ဝန်ကြီးတစ်ပါး ဖြစ်၏။ သီပေါမင်းလက်ထက်တွင် လူဆိုးလူမိုက်များကို မွေးစားထားကာ ၎င်းတို့ထံမှ ဆက်ကြေးများ မှန်မှန်ရ နေသည်။ တိုင်တားမင်းကြီးကို ကျားကန်ပေးသူမှာ မိဖုရားခေါင်ကြီးဖြစ်သည်ဆို၏။ တိုင်တားမင်းကြီးသည် စာပေကျမ်းဂန်တတ်သူ မဟုတ်။ မိုက်ရူးရဲဆန်၏။ ပြဿနာကို ဓားဖြင့်ဖြေရှင်းတတ်သူလည်း ဖြစ်၏။ လူးဆိုးဂိုဏ်းချုပ်တစ်ယောက်က နန်းတော်တွင်းတွင် ထိပ်ပိုင်းအာဏာရနေခြင်းကို ကျွန်တော် နားမလည်နိုင် ဖြစ်မိရသည်။ (အဲလေ၊ ယခုခေတ်တွင်လည်း တိုင်တားမင်းကြီး၏ သား၊ မြေး၊ မြစ်၊ တီ၊ ကျွတ်ပေါင်း များစွာရှိသည်ကို အသင် စာရှုသူအပေါင်း သိပါသည်။) ဤကား စကားချပ်။

(၃) မြန်မာပြည်မှ ထွက်ကုန်များ
စင်ကာပူကို တစ်နေ့တစ်နေ့လာလိုက်သည့် အိမ်အကူ မိန်းကလေးများမှာ မနည်းလှပါ။ ဘယ်လောက်ရှိမည်ဆိုတာတော့ ကျွန်တော် မသိပါ။ များတော့ အတော်များပါသည်။ တစ်နေ့ လေးငါးဆယ်လောက်တော့ အောက်ထစ်ရှိမည် ထင်၏။ ငါတို့ရွှေပြည်ကြီးမှာ အပျိုအရွယ် မိန်းကလေးတွေ ကျန်ရောကျန်သေးရဲ့လား ဟု ကျွန်ုပ်တွေးမိသည်ထိ ဖြစ်တော့၏။

အပေါ်ယံအားဖြင့်ကြည့်လျှင် နိုင်ငံခြားမှာ အလုပ်လာလုပ်သည့်ကိစ္စ ဘာများ ဆန်းပါသနည်း။
စင်ကာပူမှ အိမ်ရှင်တစ်ဦးဦးက ၎င်း၏အိမ်တွင် အိမ်လုပ်ငန်းများလုပ်ရန် အိမ်အကူတစ်ယောက်လိုသည်။ ထိုအခါ မြန်မာအပါအဝင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ကမ္ဓောဒီးယား (ထိုင်း၊ မလေးရှား၊ ဗီယက်နမ် စသည်တို့ မတွေ့မိပါ။ ရှိသည့်တိုင် ဦးရေ အတော် နည်းပါလိမ့်မည်။) စသည့်နိုင်ငံများမှ အိမ်အကူများ ရောက်လာတော့သည်။ ၎င်းတို့သည် အေးဂျင့်များမှတစ်ဆင့် အိမ်ရှင်များထံ ရောက်သွားကြ၏။ အလုပ်လုပ်ကြ၏။ ပိုက်ဆံရှာပြီး အိမ်ပြန်ပို့ကြ၏။ အချိန်တန်တော့ အိမ်ပြန်ကြ၏။ သည်မျှသာ ဖြစ်သည်။ ဘာမှ မဆန်း။

သို့သော် အဲသဟာ ခင်ဗျားတို့အမြင်ကိုး။
လက်တွေ့မှာ အဲသလောက် မရိုးစင်းပါ။

ပထမ အသက်ကိုလိမ်သည်။
စင်ကာပူတွင် အိမ်အကူအဖြစ် အလုပ်လုပ်ရန် အသက် (၂၃) နှစ်ပြည့်ပြီးဖြစ်ရမည်။
သို့သော် ဘယ့်နှာ (၂၃) နှစ်ပြည့်အောင် စောင့်နေနိုင်ပါမတုံး။ ပိုက်ဆံက အလျင်လိုလှပြီ။
သည်တော့ ၁၄ နှစ်ကို ၂၃ နှစ်လုပ်သည်။ ၁၆ နှစ်ကို ၂၄ နှစ်လုပ်သည်။ ၁၉ နှစ်ကို အသက် အစိတ်လုပ်သည်။  ငါးပါးသီလကို မပြတ်ရွတ်နေသည့် ကျွန်ုပ်တို့ မြန်မာပြည်ကြီး၌ အသက်လိမ်သည့် ကိစ္စဆိုသည်မှာ ထမင်းစား၊ ရေသောက် ကိစ္စလောက်တောင် မခက်။ နောင်ခါလာ နောင်ခါဈေး။ လောလောဆယ်ကိစ္စ အရင်ပြေလည်ဘို့သာ အရေးကြီးသည်။ ကျန်တာ နောက်မှ ကြည့်ရှင်း။

စင်ကာပူမှာ အိမ်အကူလုပ်ဖို့ နောက်လိုအပ်ချက်တစ်ခုမှာ ကျောင်းသင်ပညာရေး အနည်းဆုံး ၈ နှစ်ရှိရမည်။ ဆိုလိုသည်မှာ ၈ တန်းအောင်ရမည်။
ဟားဟား၊ တော်ပြီလား ၈ တန်း။ နောက်ထပ် ဘယ်နှစ်တန်းလိုချင်သေးသတုံး။
ဆယ်ရက်တရားစခန်း၊ တစ်လတရားစခန်း စသဖြင့် အပြိုင်အဆိုင် တရားစခန်းတွေ တချိမ်းချိမ်းဖွင့်နေသော။ ဘယ်နှစ်ဘွဲ့ရ၊ ဘာဒေါက်တာ ဆရာတော်ကြီးတွေ လေးငါးပါးစုပြုံ အသားကုန်ထည့်သော (အဲလေ) တရားပွဲကြီးများ ဟီးထနေအောင် ၁၂ ရာသီမပြတ်ကျင်းပနေသော ကျွန်ုပ်တို့ ရွှေပြည်ကြီးမှာ ၈ တန်းအောင်လက်မှတ်လိုချင်သလား၊ ဆယ်တန်းအောင်လက်မှတ် လိုချင်သလား။ အင်ဂျင်နီယာဘွဲ့လိုချင်သလား၊ ဒေါက်တာဘွဲ့လိုချင်သလား၊ ဘာဘွဲ့လိုချင်သတုံး၊ ပြောစမ်းပါလေ။ လက်ချောင်းကလေး လေးငါးချက်လောက်လှုပ်၊ ပိုက်ဆံလေး တစ်ရွက်နှစ်ရွက်လောက် ပစ်ပျက်ထည့်လိုက်ရုံနှင့် အသာလေး ရသည်။  (တစ်သောင်းတန် လောက်ကတော့ ရီတာပေါ့။ ရီတာပေါ့။)

ဤသည်ပင်လျှင် ပြဿနာများ၏ အစ ဖြစ်တော့၏။

"ဟဲ့ကောင်မ၊ နင် စိတ်ကူးမလွဲနဲ့နော။ တစ်လ ငါးသိန်းကြီးများတောင် ရမှာ။ နင်တို့ရွာမှာ ငါးသိန်းမပြောနဲ့ ငါးသောင်းတောင် ပုံမှန် ရလို့လား။"
"တော်ပြောတော့ လွယ်လိုက်တာ။ ကျုပ်က အင်းဂလစ်ရှ်လို မပြောတတ်ဘူးတော့။"
"အောင်မယ်လေးဟယ်။ ဘယ်သူကများ မွေးကတည်းက တတ်လာလို့တုံး။ ဒီလိုပဲ ဖြစ်သွားမှာပါ။"
"နောက်ပြီး ကျုပ်က မြို့နဲ့တူတာဆိုလို့ ရန်ကုန်တောင် ရောက်ဖူးတာ မဟုတ်ဘူးတော့။"
"နင်တို့ အဲဒါတွေခက်တာဘဲ။ ရန်ကုန်မရောက်ဖူးသေးတော့ ဘာဖြစ်သေးတုံး။ အခုက စင်ကာပူသွားရမှာ ပိုတောင်ကောင်းသေး။ အလုပ်က သင်သွားမှာပါအေ။ ဘာမှ မကြောက်စမ်းပါနဲ့။ အဲသလိုနဲ့ သွားကြတာ။ ဘယ်ရွာက ဘယ်သူ့သမီးကြည့်လိုက်စမ်း။ အခုဆို ရွှေတွဲလွဲ၊ ငွေတွဲလွဲနဲ့။ နင် အားမကျဘူးလား။"

သည်လိုနှင့်ပင် ဘုမသိဘမသိနှင့်၊ လုံမကလေးများ စင်ကာပူဆိုသည့် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံရှိသော နိုင်ငံကြီး (အဲလေ) နိုင်ငံလေးသို့ မအူမလည်ရောက်လာကြလေ၏။

(၄) မရှိတာထက်၊ မသိတာခက်

စဉ်းစားသာကြည့်တော့ခင်ဗျာ။ ရန်ကုန်တောင် မရောက်ဖူးတာဆိုတော့ စင်ကာပူက အိမ်သုံးအီလက်ထရောနစ် ပစ္စည်းတွေကို ဘယ့်နှာလုပ် ကိုင်တတ်မတုံး။ မြို့ပြလူနေမှုဘဝဆိုတာ တောကလူတွေ နေတာနဲ့ အပုံကြီးကွာလေသည်။ ထို့ထက် စင်ကာပူက လူနေမှုပုံစံဆိုတာ ရန်ကုန်လူနေမှုပုံစံနဲ့ တူတာမဟုတ်။ စင်ကာပူကအိမ်တွေဆိုတာ သန့်ရှင်းရေးကို သေသေချာချာလုပ်ရတာ ဖြစ်၏။ ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုချောင်။ သဟာတွေလုပ်တတ်အောင် ဘယ်သူတွေကများ သေသေချာချာ သင်ပေးလိုက်ပါသနည်း။

သည်တော့ စင်ကာပူရောက်ခါစ။ သူတို့ပြောတာလည်း နားမလည်၊ ဘာမှလည်း မလုပ်တတ်။

အသင်မိတ်ဆွေတို့လည်း ကိုယ်ချင်းစာကြည့်နိုင်ပါသည်။
စင်ကာပူကို အိမ်အကူတစ်ယောက်ခေါ်ဘို့ဆိုတာ ဗမာပြည်မှာလို လက်ချည်းဗလာ၊ ဘာမှမရှိဘဲလည်း ခေါ်လို့ရတာမဟုတ်။ အိမ်အကူတစ်ယောက်အတွက် Security Bond စင်းဒေါ်လာ ၅၀၀၀ တင်ရသည်။ စင်းဒေါ်လာ ၁၅၀၀၀ တန် ဆေးအာမခံ ဝယ်ရသည်။ တစ်နှစ်ကို စင်းဒေါ်လာ ၆ သောင်းတန် ထိခိုက်မှုအာမခံ ဝယ်ရသည်။ အစိုးရကိုလဲဗီးပေးရသည်။

သည်မျှအကုန်အကျခံပြီး ခေါ်ထားရတာ။ ပြောတာလည်း ဘာတစ်လုံးမှ နားမလည်။ ဘာမှလည်း မလုပ်တတ် ဆိုတော့။ မလုပ်တတ်လို့ သင်ပေးမယ် ဆိုတာတောင် ကိုယ်ပြောတာ နားလည်အုံးမှ ဖြစ်မှာ။ အင်္ဂလိပ်စကားနားမလည်သူကို ဘယ်လိုလုပ် သင်ပေးရမှာတုံး။ အိမ်ရှင်တို့၏ ဒုက္ခမှာလည်း မသေးလှပါ။ မိတ်ဆွေတို့ စဉ်းစားကြည့်စေချင်ပါသည်။

သည်တော့ အော်သည်၊ ဟစ်သည်၊ ငေါက်သည်၊ ဆူသည်၊ ဆဲသည်။

ပြဿနာအဖြစ်ဆုံးကာလမှာ ရောက်ပြီး တစ်လ၊ နှစ်လ၊ သုံးလအတွင်း ဖြစ်သည်။ သုံးလကျော်သွားလျှင်တော့ သူတို့ပြောတာလည်း လုံးစေ့ပတ်စေ့မဟုတ်တောင် အတော်အတန် နားယဉ်လာပြီဖြစ်၍ ပါးစပ်ဟသည်နှင့် ဘာကိုဆိုလိုမှန်း ရိပ်မိသည်။ အိမ်အလုပ်များလည်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အတော်အတန် လုပ်တတ်လာပြီ။
သည့်အတွက် အတွေ့အကြုံရှိပြီးသူတွေမှာ ဘာပြဿနာမှ မရှိ။ ပြဿနာအတက်ဆုံးမှာ ရောက်ခါစ လူသစ်တွေ ဖြစ်၏။ သည်ကာလအတွင်း ကြုံရသည့်ဒုက္ခ၊ သုက္ခတွေကို မခံစားနိုင်သူတွေမှာ တိုက်ပေါ်က ခုန်ချတာ။ အိမ်ရှင်ကို သတ်တာတွေ ဖြစ်လာတော့၏။

ပြီးခဲ့သော ရက်ပိုင်းကလေးကပင် မြန်မာအိမ်အကူနှစ်ယောက် တစ်ရက်သာခြားပြီး တိုက်ပေါ်မှ ခုန်ချသတ်သေခဲ့သော ဖြစ်ရပ် ဖြစ်ပေါ်ခဲ့၏။ သို့သော် သူတို့ဘာကြောင့်သေရသည်ဆိုသည်ကိုမူ မည်သူမှ မသိခဲ့။ သိသူများရှိပါလိမ့်မည်။ သို့သော် ဖုံးဖိထား သောကြောင့် ဖြစ်ရပ်မှန်ကို မသိရ။ အသေးစိတ်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးလျှင်တော့ ဘာကြောင့်ဆိုတာ သိချင် သိလာပါ လိမ့်မည်။ သို့သော် ထိုအချိန်လောက်ဆိုလျှင် ဤအမှုကို အားလုံးမေ့မေ့ပျောက်ပျောက် ဖြစ်နေလောက်ပြီ။

ထိုအမှုနှင့်ပတ်သက်၍ လက်သည်ကို လက်ဆုပ်လက်ကိုင်မိသည့်တိုင် ဘာဖြစ်လို့ဆိုလား ပြန်လွှတ်ပေးလိုက်ရလေသည်။ ဒီမိုကရေစီတူဒေးတွင် မျက်နှာဖုံးသတင်းအဖြစ်ပါလာ၏။ ကျွန်ုပ်တို့ရွှေပြည်ကြီးမှာ ဥပဒေဆိုတာ မျက်နှာမွဲလူတန်းစားအတွက်သာ ဖြစ်၏။ ဂေါ်ဇီလာလောက်ရှိသည့်အကောင်ကြီးတွေကျတော့ မူးယစ်ဆေးကားအစီးလိုက် ခြံထဲမှာမိတာတောင် ဘာမှမဖြစ်။ လူလယ်ခေါင်မှာ နောက်စေ့ကို သေနတ်နှင့်ချိန်ပစ်တာတောင် ဘာမှမဖြစ် (သေး)။ ဒါပေမင့် မျက်နှာမရှိသူကျတော့ သူ့သူဋ္ဌေးပေးလိုက်သည့် ပင်ပင်ပန်းပန်းရှာထားသည့် ချွေးနည်းစာကလေးတွေ အတုဖြစ်နေလို့ သွားသတင်းပေးမိတာတောင် အဖမ်းခံရသေးသည်။ ဘာဥပဒေပါနည်း။

An eye for an eye ဟူသော ဟမ်မူရာဘီ၏ ကိုဓဥပဒေကို တရားမျှတမှုမရှိဟု သရော်မော်ကားပြုခဲ့ကြသည်။
အခုရော ဘာများထူးပါသနည်း။

(၅) ဘနဖူး သိုက်တူးသူများ

အနှီလုံမကလေးတို့ စင်ကာပူရောက်လာဘို့ရာ အေးဂျင့်များသည် မရှိမဖြစ် လိုအပ်၏။ ၎င်းတို့၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီး လေသည်။ အမှန်ဆို ၎င်းတို့ကို ကျေးဇူးပင်တင်ရဦးမည် ဖြစ်၏။ သို့သော် ကျေးဇူးတင်အောင်လုပ်မှ ကျေးဇူးတင်ထိုက်ပေမည်။

ကျွန်တော် အေးဂျင့်များအကြောင်း အသေးစိတ်၊ ဂဃနဏမသိပါ။ သူများပြောတာကို နားစွန်နားဖျား ကြားဖူးရုံမျှသာ ရှိပါသည်။ ကြားရသည့်သတင်းများမှာလည်း သိပ်ကောင်းလှသည်တော့မဟုတ်။ အားလုံးကို သိမ်းကြုံးပြီးတော့ ဝါးလုံးချေးသုတ်၊ မရမ်းလိုပါ။ ကောင်းသည့်သူများလည်း ရှိပါသည်။ သို့သော် အများစုမှာ လူအများ၏ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ လုပ်စားနေကြ လေသည်။ ထိုသို့လုပ်စားနေသူများထဲတွင် ထင်ရက်စရာမရှိသူများပင် ပါလေ၏။ ကျွန်ုပ်တို့ မည်သူ့ကိုသွား ယုံရပါမည်နည်း။

ကြက်များကို ဒိုင်သို့ပို့မည့်အခါ ကြက်ခြင်းများအတွင်း လှောင်ထားသကဲ့သို့ ရန်ကုန်မြို့လည်ခေါင်တွင်လည်း လူများကို နိုင်ဂျံဂါးသို့ပို့ရန် အစုလိုက်အပြုံလိုက် လှောင်ထားလေ၏။ ဟိုမှသည်မှ မိန်းကလေးများကို စုဆောင်းလျက် ကြက်ခြံထဲ၌ ကြက်များကို လှောင်ထားသကဲ့သို့ လှောင်ထား၏။ တိုက်ခန်းတစ်ခန်းကို လူ ၆၀ လောက်လှောင်ထား၏။ အပြင်ကိုလုံးဝ ထွက်ခွင့်မပြု။ ဖမ်းမည့်သူများလာလျှင် ထွက်ပြေးရန် ဂယ်ပေါက်များ အသင့်ပြင်ထား၏။ ရဲ၊ လူကုန်တား စသည့် စစ်ဆေးရေးများ လာလျှင် အချိန်မီသတင်းရနိုင်ရန် သတင်းပေးများကို ပတ်ဝန်းကျင်၌ ဖြန့်ထား၏။ ယနေ့တိုင် သူတို့ကို မည်သူမှဖမ်းလို့ မမိသေးဟု ဆိုပါသည်။ သဟာက ရန်ကုန်မှာ။

ထိုမအူမလည်ကလေးများ စင်ကာပူရောက်လာတော့ လက်တွေ့လေ့ကျင့်ခန်းပေးမည် ဆိုကာ ဟိုအိမ်၊ ဒီအိမ်များတွင် သွားလုပ်စေ ၏။ သို့လုပ်ရာမှ ရလာသောပိုက်ဆံများမှာ အေးဂျင့်များ၏ အကောင့်အတွင်း တဖျောဖျောနှင့် စီးဝင်သွားလေ၏။ လက်တွေ့ လုပ်ကြရသူ မိန်းကလေးများမှာမူ တစ်ပြားမှ မရ။

စင်ကာပူသို့ အိမ်အကူအဖြစ်သွားလုပ်ရေးအတွက် ဝန်ဆောင်ခမှာ ၆ လစာမှ ၇ လစာထိရှိလေ၏။ အိမ်ပြောင်းလျှင် တစ်လစာမှ၊ နှစ်လစာထိ ထပ်ဖြတ်သေး၏။ အဆင်မပြေလို့ ၃ - ၄ လနှင့်ပြန်လာပြီဆိုပါစို့။ ကျန်သမျှပိုက်ဆံအားလုံးကို အေးဂျင့်သို့ ပေးလျော်ရ လေ၏။

၎င်းတို့သည် သူတစ်ပါးမျက်ရည်များကို အရင်းတည်ကာ ကြီးပွားချမ်းသာအောင် လုပ်နေကြလေ၏။ ဘယ်သူတွေဘာဖြစ်နေနေ၊ ငါချမ်းသာဘို့သာ အရေးကြီးလေသည်။ နင်တို့တွေ ဘဝပျက်တာ ငါနဲ့ဘာဆိုင်သလဲ။ "သူတို့အိမ်တစ်လုံးတန်ဘိုးကို ရှင်တို့ ကျမတို့လိုလူတွေ တစ်သက်လုံး ရှာတောင်မရနိုင်ဘူး" ဟု ကျွန်တော့်မိတ်ဆွေက ပြောပြပါသည်။ သူ့အိမ်တန်ဘိုးကိုသိရသောအခါ ကျွန်တော့်မှာ အံ့သြခြင်း၏ ဟိုဘက် သုံးဘူတာလောက် ဆိုက်သွားလေသော ဟူသတတ်။

သို့သော် ထိုသူများပင်လျှင် ထိုသူများကို ကူပါမည်၊ ကယ်ပါမည်ဆိုသည့် ဘာအဖွဲ့အစည်းကြီး၏ နာယက၊ ဥက္ကဋ္ဌကြီးများ ဖြစ်နေပြန်လေရာ ကျွန်ုပ်မှာ သည်လောကကြီးကို အတော်ပင် စိတ်ကုန်မိလေ၏။

မြန်မာစကားပုံတွင် "ဝိနည်းတတ်၊ ကြက်သတ်" ဟူ သောစကားရှိ၏။ ဤသည်မှာ အလကားမဟုတ်။ ဥပဒေကို လုံးစေ့ပတ်စေ့ နားလည်နေသူများသည် ဥပဒေနှင့်လွတ်အောင် မည်ကဲ့သို့ ရှောင်ရ၊ တိမ်းရမည်ကို သိနားလည်ကြ၏။ ဥပဒေနှင့် မငြိအောင် ဘယ်လိုလုပ်ရမည်ကို သိ၏။ ထိုသူများမှာ သာမန် ဥပဒေကို နားမလည်လို့ ကျူးလွန်မိသူများထက် ပိုပြီး ကြောက်စရာ ကောင်း လေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကို ဥပဒေနှင့် ကိုင်ပေါက်လို့ မရသောကြောင့်တည်း။ ထိုကဲ့သို့သောသူများက ဤကဲ့သို့သောအလုပ်များကို လုပ်စားနေကြပြန်ရာ သည်လောကကြီးမပျက်စီး၊ ဘယ်လောကကြီး ပျက်စီးတော့မည်နည်း။

စင်ကာပူရောက်ခါစက မျက်စိသူငယ်၊ နားသူငယ်နှင့် ရှိခဲ့သော အနှီလုံမကလေးများသည်လည်း ရောက်ပြီး တစ်နှစ်၊ နှစ်နှစ် ကြာသွားသည့်အခါ လူလည်များဖြစ်ခါ မိမိတို့ဖြတ်သန်းခဲ့ရသော ခါးသီးလှသည့် ဘဝများကို မေ့လျက် မိမိတို့ကိုယ်နှိုက်ပင် အေးဂျင့်လုပ်ရန် ကြိုးစားကြလေတော့၏။ အမှန်အကန် အေးဂျင့်မဖြစ်နိုင်သေးလျင်တောင်မှ အေးဂျင့်များအတွက် အလုပ်လုပ် ပေးခြင်း၊ အေးဂျင့်များကို လူရှာပေးခြင်းတို့ လုပ်လာကြတော့၏။ အချို့ဆိုလျှင် ပြောင်ပြောင်တင်းတင်းပင် ဖေ့စ်ဘုတ်မှ ကြော်ငြာ တင်ကာ လူရှာကြ၏။ ဤကဲ့သို့လုပ်စားနေသူများမှာလည်း မနည်းလှ။ အတော့်ကို များ၏။

စင်ကာပူတွင် လိုင်စင်မရှိဘဲ အေးဂျင့်လုပ်ပါက စင်းဒေါ်လာ ရှစ်သောင်းထိ ဒဏ်ရိုက်လို့ရသည်။ (စကားစပ်မိလို့ပြောရလျှင် လိုင်စင်မရှိဘဲ ငွေလွှဲလုပ်ငန်းလုပ်ပါက စင်းဒေါ်လာ တစ်သိန်းထိ ဒဏ်ရိုက်နိုင်၏။) ဖမ်းမိပြီဆိုလျှင် ပါမစ်ကို cancel လုပ်ပြီး ပြန်ပို့တာခံရမည်။ နောက်ထပ် စင်ကာပူတွင် လာလုပ်ခွင့် လုံးဝပိတ်တာ ခံရမည်။

သို့ဖြစ်သောကြောင့် အသင်လုံမကလေးများကို ဤနေရာမှနေ၍ သတိပေးလိုက်ပါ၏။ မိမိတို့ဘဝဟောင်းကို မမေ့ကြပါနှင့်။ နောက်ထပ်လာမည့်လူသစ်များကို ဆွဲဆောင်ခြင်းများ မပြုကြပါနှင့်။ ဤသည်မှာ ဥပဒေဘောင် ပြင်ပရောက်နေသည်။ အေးဂျင့်များအတွက် လူရှာပေးခြင်း၊ စာရွက်စာတမ်းများစုဆောင်းပေးခြင်း၊ အိမ်အကူလုပ်ငန်းအတွက် ရည်ရွယ်၍ ကြော်ငြာခြင်း၊ မိမိက အလုပ်ရှင်ရှာပြီး အလုပ်ရှင်ကိုယ်စား အလုပ် (IPA) လျှောက်ပေးခြင်း၊ စသည်တို့မှာ အေးဂျင့်လုပ်ငန်း၏ အစိတ်အပိုင်းများ ဖြစ်၍ အရေးယူခံရနိုင်၏။

(၆) နိဂုံး

မြန်မာအစိုးရသည် စင်ကာပူသို့အိမ်အကူများပို့ခြင်းကို ပိတ်ထား၏။ သို့သော်လည်း နေ့စဉ်ပင် လေယာဉ်စင်းလုံးပြည့်မျှ မြန်မာအိမ်အကူများ စင်ကာပူသို့လာလျက်ရှိ၏။ အဲသဟာ ဘာလုပ်တာပါနည်း။ အိမ်အကူတွေထွက်ခွင့် ကြပ်လိုက်သည်ဆိုပါက ဤသို့ကြပ်ခြင်းသည်ပင်လျှင် ထိုလုပ်ငန်းနှင့်တိုက်ရိုက်ပတ်သက်နေသော အစိုးရအရာရှိများအတွက် ဝင်ငွေပိုတိုးလာစရာ ဖြစ်လာလေတော့၏။ အိမ်အကူများကတော့ နည်းမျိုးစုံဖြင့် ထွက်လာနေဆဲ။

သည်ကိစ္စမှာ ကျွန်တော်လက်လှမ်းမမီသောကိစ္စဖြစ်သဖြင့် ဘာမှ မပြောလိုတော့ပါ။ ပြောလို့လည်း လူမုန်းခံရတာသာ အဖတ်တင်ပါမည်။ ဘာမှ ဖြစ်လာမည်မဟုတ်ပါ။

သို့အတွက် သိနားလည်သူများအနေနှင့် မသိနားမလည်သူများကိုရှင်းပြပါရန် မေတ္တာရပ်ခံပါ၏။ မိမိပတ်ဝန်းကျင်တွင် အသက်ငယ်သူများကို အိမ်အကူအဖြစ်ပို့ဖို့ ကြိုးစားနေသူများတွေ့ပါက ငြိမ်မနေကြပါနှင့်။ တိုက်ပေါ်မှခုန်ချတာမျိုး ဆိုလျှင် ရင်ကျိုးရမည်။

အသက် (၃၀) လောက်ဖြစ်သွားပြီဆို သူ့ကိုယ်သူ ထိန်းနိုင်သွားပြီ။ လူကြီးဖြစ်လာပြီဆိုတော့ လူ့လောကအကြောင်းလည်း နားလည်လာပြီ။ တော်တန်ရုံကိစ္စများကို ခံနိုင်ရည်ရှိပြီ။ အိမ်ရှင်များနှင့် မည်ကဲ့သို့ ဆက်ဆံရမည်ကို နားလည်နေပြီ။

ဆိုတော့ အိမ်အကူအဖြစ်လာလုပ်မည်ဆိုပါက အသက်အစိတ်ကျော်မှ လာကြဘို့၊ အင်္ဂလိပ်စကားကို ထမင်းစားရေသောက် လောက် ပြောတတ်ဘို့ လေ့ကျင့်ခဲ့ကြဘို့၊ အိမ်အလုပ်များကို လေ့လာခဲ့ကြဘို့ တိုက်တွန်းလိုက်ပါ၏။

ကျွန်တော့်အနေနဲ့ကတော့ သည်မျှသာ တတ်နိုင်ပါသည်။

ကျေးဇူးတင်ပါသည်။
၁၁ ဒီဇင်ဘာ၊ ၂၀၁၈

Comments