ကိုအောင်မှိုင်း ● ဟော်တယ်ပေါ်က ပျားရည်စက်


ကိုအောင်မှိုင်း ● ဟော်တယ်ပေါ်က ပျားရည်စက်
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၁၈

တချို့ကပြောတော့
သိတ်မြန်နေဆိုဘဲ။
တချို့ကလဲ
အေးဆေးပါဘဲတဲ့။

ဒီလိုနဲ့
ဟော်တယ်ပေါ်က
ပျားရည်စက်တွေဟာ
ငြိမ်းချမ်းရေး ခရီးဖြစ်သွားတယ်။

ကဗျာဆရာတွေလဲ
ပျားရည်စက်တွေ ကျောပိုးရင်း
မိုင်ရှစ်ထောင် ခရီးကြမ်းကြီး
နှင်နေကြလေရဲ့။

ကဗျာဆရာ
ဗားတော့ဗရက်ကတော့
ခံရတာကို ခံရတာလို့မှတ်
ခံရတာကို ပျားရည်လို့မမှတ်နဲ့တဲ့။

အိပ်မက်တွေလဲ
ထပ်တလဲလဲမက်ကြ
ကဗျာဆရာတွေလဲ
တယောက်ပြီးတယောက်
နုတ်ဆက်အနမ်းတွေပေးခဲ့ကြ။

ကဗျာမြစ်ကြီးမှာ
ကူးကြခတ်ကြ
လွမ်းမောကြနဲ့
ကဗျာပင်လယ်ကြီးထဲစီးဝင်လို့သွားခဲ့ကြ။

မီးဟုန်းဟုန်းတောက်နေတဲ့
ကဗျာမီးတောင်ခြေရင်းမှာ
သူတို့ကဗျာတွေဟာလေ
ကဗျာမီးပန်းပွင့်တွေနဲ့ဝေလို့နေခဲ့ကြ။

တာဝန်ကြေကြပါပေတယ်
ကဗျာရှင်တို့ရယ်
အလွမ်းတရာ ပန်းတရာပါကွယ်။

ငြိမ်းချမ်းရေဂျိုးကူသံလား
ကျီးအာသံလား ခွဲမရတဲ့ခေတ်ကြီးမှာ

မိချောင်းအိုကြီးတွေနဲ့
ငမန်းသားပေါက်တွေ
အဆွေခင်ပွန်းဖွဲ့လို့
အမေရိကန်ဂျပ်(စ်) တွေ ကရင်း
ဝီပန်းရဲ့တရုတ်ဗားရှင်း မွန်းလိုက်ကို ဆိုလို့နေကြ။

ခေတ်ပျက်မှာ အသစ်ထွက်မဲ့
ကဗျာ့အရေးအခင်းကတော့
ဟိုတယ်ပေါ်က ပျားရည်စက်တွေ
တန်ဘိုးမဲ့လို့ နေလေရဲ့ ။

ကိုအောင်မှိုင်း
ဒီဇင်ဘာလ ၂ ရက်။

Comments