ယံဇငြိဏ်း ● ကဗျာ ပြားပြီ
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၈
လင်းသန့်ရေ
လွန်းအိမ်ရေ
သျှင်ဇိုင်းရေ
ကဗျာ ပြားပြီ ငါ့ကဗျာတွေတော့ ပြားကုန်ပြီ။
အနောက်ကထွက်လာတဲ့နေပေါ် မတ်မတ်ရပ်ပြီးကခုန်ရင်း
စုန်းတစ်ကောင်လိုစကားလုံးတွေပေါ် ဗိုလ်ကျခဲ့ဖူးတာ မှတ်မိကြလား
ကဗျာဆိုတာ ရေးဖို့ပဲလိုတာလို့ ကိုယ့်ဒိုင်ယာရီထဲ ကိုယ့်ဘာသာအတင်းချရေးပြီး
ကိုယ့်အူတွေ ကိုယ်တိုင်ပြန်ပြီးဆွဲထုတ်
အရေပြားတွေကအစ ဆံသားတွေအဆုံး ကဗျာ ကဗျာ ကဗျာနဲ့
ကဗျာ ကမ္မဝါဖတ်ခဲ့
ကမ္ဘာကြီးဟာ ကဗျာကြီးဖြစ်ခဲ့ ကဗျာကြီးဟာ ဘဝကြီးဖြစ်ခဲ့
ကဗျာအပြားကြီးကိုဖြန့်ခင်းပြီး ကဗျာတရားဓမ္မတွေအားထုတ်ခဲ့
ကဗျာအာနာပါနရှုခဲ့ ကဗျာသရဏံ ဂစ္စာမိခဲ့ ကဗျာဝိပဿနာတွေအားထုတ်ခဲ့
ကဗျာနဲ့ လောကရဲ့ထွက်လမ်းကို ကြက်လိုယှက်ပြီးရှာခဲ့
ငါ မသိခဲ့ဘူး ကဗျာအပြားကြီးက လှိုင်းလုံးလို ငါ့ကမ်းကိုအုပ်မိုးလာခဲ့တာ
ငါ မသိခဲ့ဘူး ကဗျာသောကထဲမှာ ငါကိုတည်ဆောက်ဖို့ကြိုးစားနေမိတာ
ငါ မသိခဲ့ဘူး ကဗျာသာသနာပြုဖို့ ငါအလံကိုလွှင့်ထူခဲ့မိတာ
ငါ မသိခဲ့ဘူး ငါမသိခဲ့တာတွေငါပြန်သိချိန်မှာ ငါဟာပျောက်သွားခဲ့ပြီ
လင်းသန့်ရေ... ကဗျာထက်ကောင်းတဲ့အရာကို မင်း ရှာတွေ့သွားရင် ငါ့ကိုပြောဦး
လွန်းအိမ်ရေ .. သျှင်ဇိုင်းရေ... ကဗျာထက် မြတ်တဲ့အရာရှာတွေ့တဲ့အခါ ငါ့ကိုအသိပေးဦး
ငါ သတိထားမိလာပြီ
ကဗျာဟာ ဘဝမဟုတ်ဘူး ဘဝဟာ ကဗျာမဟုတ်ဘူး
ကဗျာဟာ ငါမဟုတ်ဘူး ငါဟာ ကဗျာမဟုတ်ဘူး
ကဗျာနဲ့ငါ မတန်ပါဘူးကွာ
ငါဆိုတဲ့ကောင်က ကဗျာမှာပါရမီမရှိတဲ့ကောင်
ကဗျာသရဏဂုံမမြဲတော့ ကဗျာငရဲကျခဲ့တဲ့ကောင်
ကဗျာပါရာဇိက ကျခဲ့တဲ့ကောင်
ကဗျာအပေါ်မှာ သစ္စာရှိကျေးကျွန်လို မကျိုးနွံခဲ့တဲ့ကောင်ပေါ့
ကဗျာပြားသွားပြီ
ငါ့မျက်စိရှေ့က ကဗျာလုံးကြီးဟာ တဖြည်းဖြည်းနဲ့ပြားလိုက်လာပြီ
ကြယ်မှုန်ကြယ်မွှားတွေလောက်တောင် မလင်းလက်တော့တဲ့ ငါ့ကဗျာကြီးဟာ
နီဝါပြာရောင်စုံတရားတွေနဲ့ ပြားသွားပြီ
လင်းသန့်ရေ ... ကဗျာပြားပြီကွာ
ငါတော့ ကဗျာမိစ္ဆာဒိဋ္ဌိလုပ်တော့မယ်
မင်းလို game တွေပဲ ဆော့တော့မယ်
ကဗျာမိစ္ဆာဒိဋ္ဌိဂိုဏ်းထဲဝင်ပြီး ကဗျာနဲ့ဝေးရာပြေးတော့မယ်
ကဗျာပြားပြီ ကဗျာပြားပြီ ကဗျာပြားပြီ သူငယ်ချင်းတို့
ကဗျာဟာ ငါ့ကိုမကာကွယ်နိုင်တော့ဘူး
ကဗျာဟာ ငါ့ကိုနိဗ္ဗာန်ပို့မပေးနိုင်ဘူး
ကဗျာပြားပြီ
ကဗျာ ပြား ပြီ
က ဗျာ ပြား ပြီး ငါ့လူတွေရေ။
ယံဇငြိဏ်း

Comments