ပန်ဒိုရာ ● အရိပ်
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၈

၂၀၁၈ သြဂုတ်လထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။


လူတိုင်းမှာ အရိပ်တခု ရှိကြတယ်။ လူတိုင်းမှ မဟုတ်ပါဘူး။ အရာဝတ္ထုရယ်လို့ အကောင်အထည်နဲ့ရှိလာရင် အလင်း ရောင်အောက်မှာ အရိပ်ကိုယ်စီ ရှိကြတယ်မဟုတ်လား။ ဒါက မထူးဆန်းပါဘူး။ ထူးဆန်းတာက ကျွန်မနဲ့ ကျွန်မရဲ့အရိပ်ရဲ့ ဆက်ဆံရေးပဲ။

ကျွန်မဟာ ငယ်ငယ်ကတည်းက ကျွန်မရဲ့အရိပ်နဲ့ သိပ်သဟဇာတ မဖြစ်ခဲ့ဘူး။ ကျွန်မအရိပ်ဟာ ကျွန်မနဲ့ တပူးတွဲတွဲ ရှိနေ တာကြောင့် အမြဲတမ်း စိတ်ကသိသအောင့် ဖြစ်နေရတယ်။ အခြေခံအားဖြင့် ပြောရရင် အရိပ်ဟာ တချိန်လုံး မည်းမည်း ကြီးဖြစ်နေတာကို စပြီးကြည့်မရတာပဲ။ ကျွန်မတို့ရဲ့ ကိုယ်ခန္ဓာမှာ အဝတ်အစားတွေ အရောင်အမျိုးမျိုး ပြောင်းလဲ ဝတ်ဆင် နေတတ်တယ်။ စိတ်နေသဘောထားတွေကလည်း အမျိုးမျိုး ပြောင်းလဲနေတယ်။ တကယ်ဆို အရိပ်ဟာလည်း အရောင်စုံ ပြောင်းနေသင့်တယ်။ ခဏခဏ ပြောင်းလို့မရတောင်မှ အနည်းဆုံးတော့ သူ့ပိုင်ရှင်ရဲ့ အနှစ်သက်ဆုံး အရောင်တော့ ဖြစ် နေသင့်တယ်။ ကျွန်မရဲ့အရိပ်ဟာ အစိမ်းဖျော့ရောင်လေးဆိုရင် ဘယ်လောက်ကောင်းမလဲလို့ မကြာခဏ စိတ်ကူးယဉ်ခဲ့ တယ်။

စိတ်တိုင်းမကျတာတွေအကြောင်းကို ဆက်ပြောရရင် မဆုံးနိုင်ဘူး။ အရိပ်မှာ အားနည်းချက်တွေ အများကြီးပဲမဟုတ်လား။ အဲဒီထဲက တခုကတော့ အရိပ်ဟာ  ပုံသဏ္ဍာန်တွေကိုသာ လိုက်ပါပုံဖော်နေတတ်ပြီး အနံ့ကိုကျတော့ လုံးဝ လျစ်လျူရှုထား တာပဲ။ ကျွန်မတို့ဟာ ကိုယ်ခန္ဓာမှာ အနံ့ဆိုးတွေ မထွက်အောင် သန့်ရှင်းရေးကို အထူးဂရုစိုက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည် မှုကို တည်ဆောက်ထားလေ့ရှိကြတယ်။ ခေါင်းပေါ်မှာ ပန်ထားတဲ့ ပန်းတွေက ထွက်ပေါ်လာတဲ့ ရနံ့တွေ၊ ကိုယ်ပေါ် ဆွတ် ဖြန်းထားတဲ့ ရေမွှေးနံ့တွေကို အရိပ်က မသိကျိုးကျွံပြုထားတဲ့အခါ အဓိပ္ပာယ် လျော့နည်းသွားစေတယ်။ ဒါပေမယ့် တဖက်က ကြည့်ရင်  ဆိုးရွားတဲ့ အနံ့တွေကိုလည်း အရိပ်က ထည့်တွက် မစဉ်းစားလို့ကျေးဇူးတင်ရမလို ဖြစ်စေတယ်။ ဒီလိုနဲ့ ဆက်ပြော ရရင် အရိပ်ဟာ ကျွန်မတို့ အသံတွေကိုလည်း မထင်ဟပ်ပြန်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အရိပ်ဟာ ကျွန်မတို့ဖြစ်တည်မှု မှန်သမျှ ကို လုံးလုံးလျားလျား ကိုယ်စားပြုမနေဘူးဆိုတာ ထင်ရှားတယ်။ အရိပ်ဟာ အရိပ်အယောင်သာ ဖြစ်တယ်။

အရိပ်ကို မကျေနပ်တဲ့ ကျွန်မဟာ အားနေတဲ့အချိန်တွေမှာ အရိပ်ကို အမျိုးမျိုး နှိပ်စက်လေ့ရှိတယ်။ နေကြာစေ့တွေ လက် တဆုပ်လောက် ကောက်ပြီး ဆတ်ခနဲကြဲချလိုက်တာမျိုး၊ ပါးစပ်ထဲကနေ ရေမှုန်ရေမွှားတွေ ဖွားခနဲ လွှင့်ထုတ်လိုက်တာ မျိုး။ တခါတလေလည်း ဦးတည်ရာမဲ့ ခေါက်တုံ့ခေါက်ပြန် ပတ်ပြေးနေလိုက်တာမျိုး။ ပုံဖော်ရခက်မယ်ထင်တဲ့ အသေးစိတ် ကလေးတွေကို တမဟုတ်ချင်း ကျွန်မပြုလိုက်တဲ့အတိုင်း လိုက်လုပ်ရဖို့ အရိပ်ကို ပင်ပန်းအောင် လုပ်လိုက်ရရင် ကျွန်မပျော် တယ်။ ကျွန်မဟာ တခါတလေမှာ ပုရွက်ဆိတ်ကလေးလို သေးသေးငယ်ငယ်လေး ဖြစ်သွားရင်ကောင်းမှာပဲလို့လည်း တွေး မိတယ်။ ဒါဆိုရင် အရိပ်လည်း သေးသေးလေး ဖြစ်သွားရမှာလေ။

ညအိပ်ချိန်ကိုတော့ ကျွန်မအကြိုက်ဆုံးပဲ။ ကျွန်မနောက်ကို အရိပ် ဘယ်လိုမှ မလိုက်ပါနိုင်တော့တဲ့ အမှောင်ထုကို ရဖို့ အိပ်ချိန်တွေမှာ ပိန်းပိတ်နေအောင် အမှောင်ချပြီးမှ အိပ်လေ့ရှိတယ်။  မီးခလုတ်ကို ချောက်ခနဲ ပိတ်ချလိုက်တဲ့အခါ ဒါဟာ တနေ့တာအဖို့ အရိပ် ကျွန်မဆီ လုံးဝမကပ်နိုင်အောင် လုပ်နိုင်တဲ့ တခုတည်းသော အကျေနပ်ဆုံး အခိုက်အတန့်ပါပဲ။ နက် ရှိုင်းထဲအမှောင်ထုထဲမှာ အရိပ်ဆိုတာ နတ္ထိပဲ။ ဒါပေမယ့် မနက်မိုးလင်း မှန်ပြတင်းက အလင်းရောင်သန်းလာတဲ့အချိန်မှာတော့ ကျွန်မကျောအောက်မှာ ပြားနေအောင် ကပ်ထားတဲ့ အရိပ်ကို မြင်ရပြီ။

အရိပ်ဟာ သူ့ကို ကျွန်မ မနှစ်သက်တာကို ရိပ်တော့ရိပ်မိပုံပါပဲ။ ကျွန်မပြုသမျှကို မျက်နှာငယ်လေးနဲ့ သည်းခံရရှာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ အားမနာပါဘူး။ အရိပ်ဆိုတာ ကျွန်မ ရှိလို့ဖြစ်လာရတဲ့ ကိစ္စ၊ ကျွန်မအပေါ်မှာပဲ လုံးဝဥဿုံ မှီခိုနေရတာ။  ကျွန်မကြီးပြင်းလာတော့ အရိပ်ကလည်း လိုက်ကြီးပြင်းလာရတယ်။ ကျွန်မလမ်းလျှောက်ရာနောက်ကို အရိပ် ဟာ တကောက်ကောက် လိုက်ရတယ်။ ကျွန်မရဲ့ လှုပ်ရှားမှုတွေပြောင်းတိုင်း သူကလည်း ထပ်ကြပ်မကွာ ပြောင်းရမယ်။ ဒါသူ့အလုပ်ပဲ။ ဒါ အရိပ်ဆိုတဲ့ သူ့ဘဝဖြစ်တည်မှုရဲ့ တခုတည်းသော အနှစ်အရသာပဲ။

အရိပ်ဟာ ကျွန်မပေါ်မှာ တည်မှီနေတယ် ဆိုပေမယ့် ကျွန်မရဲ့ သဏ္ဍာန်ကို အချိန်တိုင်း တိတိကျကျ ထင်ဟပ်ပေးနိုင်တာ တော့လည်း မဟုတ်ပြန်ဘူး။ ကျွန်မရဲ့ ပုံပန်းသဏ္ဌာန်ဟာ ကျွန်မတည်ရှိတဲ့အတိုင်းဖြစ်ပေမဲ့ အရိပ်ကျတော့ ကျွန်မရဲ့ ပင် ကိုယ်သဏ္ဌာန်ကိုသာမက ဘေးက အလင်းရောင်ရဲ့ အတည့်အစောင်း အတိုးအကျယ်တွေအပေါ်မှာလည်း မူတည်နေပြန် တယ်။ တနည်းအားဖြင့် ပြောရရင် ကျွန်မရဲ့ အရိပ်ဟာ ကျွန်မရဲ့ အရိပ်ဖြစ်ပေမယ့် ကျွန်မတဦးတည်းက လုံးလုံးလျားလျား ထိန်းချုပ်ပိုင်ဆိုင်နေနိုင်တာလည်း မဟုတ်ပေဘူး။ ဥပမာအားဖြင့်ဆိုရရင် မနက်စောစောထွက်လာတဲ့ နေရောင်အောက်မှာ ဖြစ်ဖြစ်၊ ညနေစောင်းချိန်ရဲ့ ကျနေအောက်မှာဖြစ်ဖြစ် ပုံပျက်ပန်းပျက် ရှည်ထွက်နေတတ်တဲ့ ကျွန်မရဲ့ အရိပ်ယိုင်ယိုင်တွေကို ကျွန်မဟာ အထူးမနှစ်သက်ဘူး။

အဲဒီလို ပြင်ပပယောဂတွေနဲ့ ကျွန်မရဲ့ အရိပ်ဟာ ကိုယ်မပိုင်ရုံတင်မက ကိုယ့်ကိုယ်ပါ ခြောက်လှန့်တတ်လာတဲ့အခါ ကျွန်မ ရဲ့ သည်းခံနိုင်စွမ်းဟာ အဆုံးစွန်သွားခဲ့တယ်။ တညနေမှာတော့ မီးဖိုထဲမှာ ချက်ပြုတ်ကြော်လှော်နေရင်း မီးပျက်သွားတယ်။ ဖျိုးဖျိုးဖျဖျ ကျန်နေတဲ့ ညနေစောင်းရဲ့ ကောင်းကင်အလင်းကိုရဖို့ မှန်ပြတင်းက ခန်းဆီးစကို ဆွဲဖွင့်လိုက်တယ်။ ပြတင်း ပေါက်ကို ကျောခိုင်းလိုက်ချိန်မှာ ကိုးယိုးကားယားနဲ့ ယိမ်းထိုးနေတဲ့ သဏ္ဍာန်ဝါးဝါးတခုဟာ ကျွန်မရှေ့နံရံကို ပြေးဝင်လာလို့ အသက်ရှူရပ်မတတ် ဖြစ်သွားရတယ်။ စိတ်ကိုတင်းပြီး ပြတင်းပေါက်ဘက် ပြန်လှည့်ကြည့်တော့မှ အိမ်အပြင်ဘက်က အရွက်ကြွေသစ်ပင်ခြောက်ရယ် အင်္ကျီရှည်ဖားဖားဝတ်ထားတဲ့ ကျွန်မပုံသဏ္ဍာန်ရယ် တွဲဆက်ပြီး ကြောက်စရာအရိပ်တခု ဖြစ်သွားတယ်ဆိုတာ သဘောပေါက်လိုက်မိတယ်။ ကိုယ့်အရိပ်ကိုတောင် ကိုယ်ပြန်ကြောက်လန့်ရတဲ့ အဖြစ်ကို ကျွန်မသိပ် ကို မုန်းတီးသွားမိတယ်။

တနေ့မှာတော့ ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာချပြီး အရိပ်ကို ကျွန်မ နှင်ချလိုက်တယ်။ ကျွန်မကို မော့ကြည့်နေတဲ့ အရိပ် မှာ နားမလည်နိုင်တဲ့ တောင်းပန်တိုးရှိုးနေတဲ့ အရိပ်အယောင်တွေကို မြင်ရပေမဲ့ ကျွန်မလျစ်လျူရှုခဲ့တယ်။ အစပိုင်းကတော့ အရိပ်ဟာ ပေကပ်ကပ်နဲ့ ကျွန်မနောက်ကို ခပ်ခွာခွာ လိုက်နေသေးတယ်။  နောက်ဆုံးတော့ “အရိပ်တခုမရှိလည်း ငါ့ဘဝဟာ ဘာမှဖြစ်မသွားဘူး။ ငါမသေမချင်း နင်ဘယ်တော့မှ ပြန်မလာနဲ့” လို့သူ့ကို စကားကုန်ပြောလိုက်တယ်။ အဲဒီညက ကျွန်မဟာ ပေါ့ပါးပျော်ရွှင်စွာ အိပ်ပျော်သွားခဲ့တယ်။

အရိပ်ဟာ ကျွန်မစကားကို အသေအချာလိုက်နာခဲ့ပါတယ်။ နောက်တနေ့မနက် နေရောင်ခြည်နုနုအောက်မှာ ရှည်လျားတဲ့ အရိပ်ကို ကျွန်မခြေထောက်အောက်မှာ လုံးဝမမြင်ရတော့တာ မင်္ဂလာတပါးပါပဲ။ နည်းနည်းလေး ခက်တာတခုကတော့ အဲဒီနေ့မှာ ကျွန်မဟာ တစုံတယောက်နဲ့ ပထမဆုံးအကြိမ် ချိန်းဆိုထားတဲ့နေ့ဖြစ်နေခဲ့တယ်။ အရိပ်ကို သတိမထားမိအောင် သူ့ကို ကျွန်မက လူသူရောနှော ထူထပ်တဲ့ နေရာလည်းဖြစ် နေရောင်ခြည် တိုက်ရိုက် မထိတွေ့တဲ့ နေရာလည်းဖြစ်မယ့် စားသောက်ဆိုင်တဆိုင်ကို ချိန်းဆိုလိုက်တယ်။ အဲဒီနေ့ဟာ ကျွန်မရဲ့ ဘဝအပြောင်းအလဲတခုကို ဖော်ဆောင်တဲ့နေ့ တနေ့ ဖြစ်ခဲ့တယ်။ အဲဒီ ချိန်းဆိုလိုက်တဲ့ လူဟာ ကျွန်မဘဝမှာ အရေးပါသူတဦးဖြစ်လာခဲ့တယ်။ ချိန်းဆိုမှုပေါင်း များစွာ ကျော် လွန်ပြီးတဲ့အခါ ကျွန်မရဲ့ ခင်ပွန်းအဖြစ် သူ့ကို လက်တွဲဖို့ ဆုံးဖြတ်ပြီး ကျွန်မတို့ လက်ထပ်ခဲ့ပါတယ်။

အရိပ်မရှိတော့တဲ့ ကျွန်မဟာ အရိပ်မရှိတဲ့ အဖြစ်နဲ့ လူထူးလူဆန်းကြီးတော့ မဖြစ်ချင်ခဲ့ဘူး။ ကျွန်မမှာ အရိပ်မရှိတာကို ခင် ပွန်းသည် အပါအဝင် တခြားလူတွေ သတိမထားမိအောင် ကြိုးစားနေထိုင်ခဲ့ရတယ်။  အဲဒီအတွက် အခက်အခဲတွေတော့ အများကြီးကျော်ဖြတ်ခဲ့ရပေမယ့် နောင်တမရခဲ့တာလည်း အမှန်ပါ။ တဖြည်းဖြည်းနဲ့ အရိပ်မရှိတာကို သတိမထားမိအောင် လုပ်တဲ့ နည်းလမ်းတွေကို ကျွမ်းကျင်လာတယ်။ မနက်စောစောအချိန်တွေ ညနေစောင်းချိန်တွေမှာ လူကြားထဲ သွားလာတာ ရှောင်တယ်။ အတတ်နိုင်ဆုံး နေမွန်းတည့်ချိန် ဒါမှမဟုတ် ညမျိုးချုပ်ချိန်မှ လမ်းမပေါ်ကို ထွက်တယ်။ ကိုယ်ပိုင်ကားနဲ့ပဲ သွားလာတယ်။ ခင်ပွန်းနဲ့ လမ်းလျှောက်သွားရတဲ့ အချိန်တွေမှာ သူ့ကိုလက်တွဲပူးကပ်သွားတယ်။ ဒါမှမဟုတ် သူ့နောက်က သူ့အရိပ်ကို ခိုပြီးလိုက်တယ်။ အိမ်ထဲက မီးသီးတွေ မီးချောင်းတွေအောက်မှာ အရိပ်ထင်းထင်းကြီး တဖက်သက် ထိုးမနေ အောင် ပတ်ပတ်လည်ကို အထူးစီမံပြီး တပ်ဆင်ထားခဲ့တယ်။

ဒီလိုနဲ့ အဆင်ပြေနေခိုက်မှာ ကျွန်မကိုယ်ဝန်ဆောင်ပြီး သားလေးတယောက် မွေးလာခဲ့တယ်။ သားကလေးကို မြင်ရတဲ့အခိုက်မှာ ကျွန်မဟာ တလောကလုံးကို မေ့သွားမတတ် ချစ်မြတ်နိုးစိတ်တွေ ဝင်လာခဲ့တယ်။ ဘဝမှာ အပျော်ရွှင်ဆုံး ခံစားမှုလို့လည်း မှတ်ယူမိတယ်။ ဒီလိုနဲ့ ကလေးမီးဖွားပြီး နှစ်လလောက်အကြာမှာ မထင်မှတ်တဲ့ အံ့သြစရာတခုကို ရှာဖွေ တွေ့ရှိခဲ့တယ်။

အဲဒါကတော့ အနီးအနားမှာ ဘယ်သူမှ မရှိတဲ့အချိန် ကျွန်မသားကလေးကို ချီပွေ့ပြီး ဝရံတာမှာ ထိုးကျနေတဲ့ နံနက်ခင်းရဲ့ နေခြည်နုနုလေးကို ပြနေခိုက်မှာပါ။ ခင်ပွန်းသည်နဲ့ဆိုရင် သူနဲ့ပူးကပ်ပြီး သူ့အရိပ်ထဲမှာ ကိုယ့်အရိပ်မရှိတာကို ခြေရာဖျောက် နေတတ်တဲ့ ကျွန်မဟာ သားကလေးကိုလည်း ဒီလိုပဲ ထင်မှတ်ခဲ့တာပါ။ ဒါပေမယ့် ဝရံတာကတဆင့် ဖြာကျနေတဲ့ အရိပ် တွေထဲမှာ ကျွန်မသာမက ကျွန်မချီပွေ့ထားတဲ့ သားကလေးမှာပါ အရိပ်ပျောက်ဆုံးနေတာကို အလန့်တကြား သတိပြုလိုက် မိပါတော့တယ်။ ကျွန်မဟာ သာကလေးကို ကမန်းကတမ်း သူ့ပုခက်ထဲက မွေ့ယာလေးပေါ်ကို ပြန်ချထားလိုက်ပါတယ်။  ဝရံတာက ဖြတ်သန်းလာတဲ့ နေရောင်ခြည်မှာ သူ့ပုခက်နဲ့ ထိုးထွက်နေတဲ့ သူ့လက် သူ့ခြေထောက်ကလေးတွေ အောက်မှာ အရိပ်မည်းမည်းလေးတွေ ထင်ဟပ်နေတာ အသေအချာပါပဲ။

ကျွန်မဟာ သားကို ပြန်ချီပွေ့လိုက်ပါတယ်။ ကျွန်မရဲ့ လက်ထဲကို ရောက်လာတဲ့အခါမှာတော့ ကျွန်မရော သားမှာပါ ဘာ အရိပ်မှမရှိဘဲ ပျောက်ဆုံးနေပြန်တယ်။ ကျွန်မသိလိုက်တယ်။ သားကလေးဟာ သူ့ဘာသာသူ နေချိန်မှာ သာမန်အတိုင်းပဲ အရိပ်ရှိနေပြီး ကျွန်မနဲ့ ထိတွေ့လိုက်ချိန်မှာတော့ သူ့အရိပ်ဟာ ပေါ်မလာတော့ပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ကျွန်မအတော်လေး အံ့သြမိတယ်။ ပထမဆုံးအကြိမ်အဖြစ် အရိပ်မရှိခြင်းအပေါ် နောင်တခပ်ပါးပါး ရလိုက်မိတယ်။ ဘုရား ဘုရား .. သား ကလေးဟာ ငါနဲ့ပွေ့ဖက် ထိတွေ့လိုက်ရင် သူ့အရိပ်ပါ ပျောက်သွားတာကို သတိထားမိတဲ့ အရွယ်ရောက်လာခဲ့ရင်.. ဆိုတာ ဆက်ပြီး တွေးမိလိုက်ပါတယ်။ သူ မေးလာခဲ့ရင် ဘယ်လို ရှင်းပြရမလဲ ဆိုတာ ကျွန်မ မစဉ်းစားတတ်ဘူး။ သူက ကျွန်မရဲ့ အရိပ်ပျောက်ဆုံးမှုအပေါ် နှစ်သက်ပါ့မလားဆိုတာကို ဆက်တွေးနေမိတယ်။ တကယ်လို့မနှစ်သက်ခဲ့ရင် ဆိုတာ ခေါင်း ခြောက်စရာ အတွေးတခုပါပဲ။

မိခင်နဲ့ သားသမီး ဆိုတာ အမြဲ ထိတွေ့မှုရှိနေတာမို့ တခြားသူတွေလို ကျွန်မဟာ တိမ်းရှောင်နိုင်စွမ်း ရှိဖို့ မသေချာပါဘူး။ သူ့အမေရဲ့ ထူးခြားချက်ကို သူဟာ တနေ့ သတိထားမိလာနိုင်ပါတယ်။ ဆိုးတာကတော့ ကျွန်မနဲ့ထိလိုက်ရင် သူ့အရိပ်ပါ ပျောက်ဆုံးသွားတတ်တာပါပဲ။ ကျွန်မဟာ ကျွန်မရဲ့ အတိတ်က ဆုံးဖြတ်ချက်အပေါ် မှားပြီလားလို့တွေးမိသွားပါတယ်။ အဲဒီ ညက အိပ်မောကျနေတဲ့ သားကလေးကို ကြည့်ရင်း တလူးလူး တလိမ့်လိမ့်နဲ့ အိပ်မပျော်ဘဲ အရိပ်ကို စွန့်လွှတ်လိုက်မိခြင်း အပေါ် ပြန်လှန်သုံးသပ်နေမိပါတော့တယ်။

ကျွန်မဟာ ဘာကြောင့်များ အရိပ်ကို နှင်ချလိုက်ပါသလဲ။ ပြန်တွေးကြည့်တော့လည်း ရေရေရာရာ မပြောနိုင်ခဲ့။ ကျွန်မ စိတ်ထဲ ကသိကအောင့်ဖြစ်တာ တခုနဲ့ အရိပ်ကို မလိုချင်ဖြစ်ခဲ့တယ်။ တကယ့်တကယ် လက်တွေ့မှာ အရိပ်က ကျွန်မကို ဒုက္ခကြီးကြီးမားမား ပေးခဲ့တာတော့ မဟုတ်ခဲ့ဘူး။ လူတိုင်း အရိပ်ရှိကြတယ်။ အရိပ်ရှိတာဟာ သဘာဝပဲ။ တဖက်က ပြန် ကြည့်တော့လည်း အရိပ်ဟာ ကျွန်မကို ဘာမှ ထူးထူးခြားခြား အကျိုးပြုခဲ့တာတော့လည်း မဟုတ်ခဲ့ဘူး။ သဘာဝနိယာမ အရ အရိပ်ဆိုတာ ရှိတယ်။ အလင်း အမှောင် ဆိုတာရှိတယ်။ လူတိုင်း ဒီလိုပဲနေထိုင်ကြတယ်။ ဒါပေမဲ့လည်း ကျွန်မဟာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိနေတယ်။ ဒါဆိုရင်လည်း ကျွန်မဟာ အရိပ်မရှိတဲ့ဘဝကို ဘာလို့တခြားလူမသိအောင် ဖုံးကွယ်ပြီး ပုန်းရှိုးကွယ်ရှိုး နေထိုင်လာခဲ့ရသလဲ။ ဘယ်သူတွေ ဘာထင်ထင် ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်မို့ ဘယ်သူ့ကိုမှ ဂရုမစိုက်သင့်ဘူး မဟုတ်ပါလား။ ဒါပေမယ့် ကျွန်မရဲ့ ရွေးချယ်မှုဟာ ထူးထူးဆန်းဆန်း သားကလေးအပေါ်မှာပါ သက်ရောက်မှု ရှိလာတဲ့အခါ ကျွန်မရဲ့ စိတ်တွေ ရှုပ်ထွေးသွားရပါတော့တယ်။

မှိန်ပျပျ ညမီးပြာပြာလေးရဲ့ ဘေးက ခလုတ်ကို ချောက်ခနဲ ပိတ်ချလိုက်ပြီး အမှောင်ထုထဲမှာ ကျွန်မ မျက်စိတွေမှိတ်မရခဲ့ဘူး။ ဒါဟာ အရိပ်ရှိစဉ်အချိန်က တနေ့တာအချိန်တွေထဲမှာ အလွန်ပျော်မွေ့ခဲ့တဲ့ ညအမှောင်ပိန်းပိတ်ချိန်ပေါ့။ အခုအချိန်မှာ ကျွန်မရဲ့ စိတ်ရှုပ်ထွေးမှု ဝေခွဲမရဖြစ်မှုတွေကို ပြေပျောက်ဖို့အတွက်ဆို အရိပ် ပြန်လာမှဖြစ်မယ်လို့အတွေးတစ ဝင်မိတယ်။ “ငါ မသေမချင်း နင်ဘယ်တော့မှ ပြန်မလာခဲ့နဲ့”…  ကိုယ့်စကားကို ကိုယ်တိုင် အမှတ်ရသွားမိတော့လည်း ကျွန်မဟာ ဆတ် ခနဲ ထထိုင်မိသွားတယ်။

အရိပ်…. ပြန်လာခဲ့ပါ။ ကောင်းကောင်း ဆိုးဆိုး အကျိုးဖြစ်ဖြစ် အပြစ်ဖြစ်ဖြစ် .. ငါ.. အရိပ်နဲ့အတူ .. သာမန်ဘဝ ဖြစ်ပါရစေ။
တောင့်တမှုကို ကျွန်မနှုတ်ဖျားက ထုတ်ဖော် ရေရွတ်လိုက်တယ်။ ညနက်နက်မှာ သားကလေးကတော့ အိပ်မောကျနေဆဲ။ အိပ်ရာပေါ် ပြန်လှဲချလိုက်ပြီး မျက်စိတွေကို ကြိုးစားမှိတ်လိုက်တယ်။ အမှောင်ထုထဲမှာ မမြင်ရတဲ့ အရိပ်ဟာ မနက်ဖြန် မိုးလင်းတဲ့အခါ  ကျွန်မဆီ ပြန်လာလေမလား။ ကျွန်မရဲ့ မျက်နှာပေါ်မှာ လေအေးကလေး တချက် ဖြတ်တိုက်သွားတာကို ခံစားလိုက်ရတယ်။ အရိပ်ရဲ့ အငွေ့ပေလား။ ဟင့်အင်း.. လေအေးစက်ကလည်း ဖြစ်နိုင်ပါတယ်။ အိုး.. မေ့ထားလိုက်ပါတော့..။ အတွေးတွေကို ဖယ်ထုတ်ပြီး အသက်မှန်မှန်ရှူရင်း ညအမှောင်ထဲမှာ ကျွန်မ အိပ်မောကျသွားခဲ့တယ်။

ပန်ဒိုရာ
၃ မေ ၂၀၁၈
0