ငြိမ်း (ပဲခူး) ● အမေ
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၈
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၈
အမေက လက်ထဲမှာ အုတ်ခဲတလုံးကိုင်ပြီး နောက်ကနေ ပြေးလိုက်လာတယ်။ ကျွန်တော်က ရှေ့ကနေပြေးတယ်။ ဒီလိုနဲ့ အမေက နောက်ကနေပြေးလိုက်ရင်းကျွန်တော်က ရှေ့ကနေပြေးရင်း မှီလုမှီငင်အချိန်မှာပဲ အိပ်မက်ထဲကနေလန့်နိုးလာတယ်။ အရင်အိပ်မက်တွေ မက်တုန်းကဆို ကျွန်တော့်မျက်နှာမှာချွေးသီးချွေးပေါက်တွေကျလို့။ အခုမက်တဲ့ အိပ်မက်ကတော့ကျွန် တော့်မျက်နှာမှာ အပြုံးရိပ်တွေ သန်းလို့။ ကြည်နူးဖို့ကောင်းတဲ့အိပ်မက်ကလေးပေါ့။
အခုလိုမျိုး ကျွန်တော်ငယ်ငယ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အမေနဲ့ကျွန်တော့်ရဲ့အဖြစ်အပျက်ကလေးကို တခါမှ အိပ်မက် မမက် ဖူးဘူး။ ပြီးတော့ ကျွန်တော်က စာဖတ်သမားတယောက်ဆိုတော့ ကိုယ်ဖတ်တဲ့စာအုပ်ကလေးထဲက အကြောင်းအရာကလေး တွေကို စွဲလန်းပြီး အိပ်မက် မက်လေ့ရှိတယ်။ ဒါပေမယ့်လည်းအမေတွေအကြောင်းရေးထားတဲ့ ဆီမွန်ဒီဗူးဗွား ရဲ့အမေဆိုတဲ့စာအုပ်ကလေးကိုလည်းတခါမှ မဖတ်ဖူးသေးဘူး။ မက္ကဇင်းဂေါ်ဂီရဲ့ အမေဆိုတဲ့စာအုပ်ကလေးကိုလည်း တခါမှ မဖတ် ဖူးသေးဘူး။ အဲဒါကြောင့်ကိုယ်ဖတ်တဲ့စာအုပ်ကလေးထဲက အကြောင်းအရာကလေးတွေကို စွဲလန်းပြီး အိပ်မက်မက်တယ် လို့လည်း ပြောလို့မရပြန်ပါဘူး။
အမေက အရိုက်ကြမ်းတယ်။ ကျွန်တော်ငယ်ငယ်တုန်းကဆို အမေရိုက်တာကို အချိန်ကာလတော်တော်များများခံလိုက်ရ တယ်။ ကလေးဘဝတုန်းက ကျွန်တော်က အိပ်ယာထဲမှာ သေးပေါက်ချတယ်။ မနက်မိုးလင်းရင် ကျွန်တော့်အိပ်ယာထဲက ခြင်ထောင်တွေခေါင်းအုံးတွေ စောင်တွေဟာ သေးတွေစိုရွှဲလို့။ အဲဒီမှာ အမေက ရိုက်ပါလေရော။ ကျွန်တော်က ဂျီအမြဲတမ်း ကျတယ်။ အမေက ရိုက်ပါလေရော။ ကျွန်တော်က အငိုလည်းသန်တယ်။ အငိုမတိတ်မချင်း အမေက ရိုက်ပါ လေရော။ ကျွန်တော် ၇ တန်းကျောင်းသားဘဝတုန်းက ကျောင်းပြေးပြီး ဗွီဒီယိုရုံမှာ ဗွီဒီယိုသွားကြည့်တယ်။ ဗွီဒီယိုရုံထဲအထိလိုက်ပြီး အမေက ရိုက်ပါလေရော။ ကျွန်တော်ငယ်ငယ်ကခြေထောက်မှာဝဲတွေပေါက်လို့ အမေကဆေးထည့်ပေး တဲ့အခါ နာလို့ငို တော့ အမေက ရိုက်ပါလေရော။ အဲဒါကြောင့် အမေနဲ့ကျွန်တော့်ရဲ့ အမှတ်တရတွေထဲကမှ အမေအရိုက်ကြမ်းတာကို အခုအ ချိန်ထိ မမေ့မပျောက်နိုင်ဘဲ နှလုံးသားထဲမှာ စွဲလမ်းနေတာဖြစ်ပါတယ်။
အမေက ကပ်စေးနဲတယ်။ အမေ့ဆီက ကျွန်တော်မုန့်ဖိုးတောင်းပြီဆို ချိပ်နဲ့ကော်မထုတ်ရရုံတမယ်ပဲ။ ဘာလုပ်ဖို့လဲ။ ဘာဝယ် စားမှာလဲ။ မေးလိုက်တာလည်း အစုံပါပဲ။ အမေ့ဆီက မုန့်ဖိုး အများဆုံးပမာဏအနေနဲ့ နှစ်ရာလောက်သာ ရဖူးတယ်။ နောက် ပြီး ဆယ်တန်းအောင်ပြီး ကောလိပ်တက်တာတောင် အမေက လမ်းစရိတ်နဲ့ လက်ဖက်ရည်ဖိုးအတွက် ငါးရာလောက်ပဲ ပေး ပါတယ်။ အဲဒီတော့ ကျွန်တော့်မှာ မုန့်ဖိုးများများရအောင် ကြံဖန်ရပါတယ်။ ကျောင်းစာရွက်စာတမ်းဖိုး ကျောင်းစာ အုပ်ဖိုး ဘာဖိုး ညာဖိုးဆိုပြီး လိမ်တောင်းရပါတယ်။ အဲဒီအကြောင်းလေးတွေကို အခုအချိန်ပြန်စဉ်းစားလိုက်တဲ့အခါ အမေ ကပ် စေးနဲခဲ့လို့ သူများမိသားစုတွေအိမ်ငှားနေတဲ့အချိန် ကျွန်တော်တို့ မိသားစုမှာ ကိုယ်ပိုင်အိမ်ကိုယ်ပိုင်ခြံနဲ့ မတောင့်မတ မ ကြောင့်မကျနေနိုင်တာလို့ သုံးသပ်မိပါတယ်။
အမေက အပြောလည်းကြမ်းတယ်။ ကျွန်တော့်အမဆို အမေရဲ့အပြောကြမ်းကြမ်းတွေကို အခံရဆုံးပဲ။ နောက်ပြီး အမေက ကျွန်တော့်ကို သားလို့ တခါမှ မခေါ်ဖူးဘူး။ နာမည်ပဲတပ်ပြီး ခေါ်တယ်။ အပြောဆိုးတဲ့လူက စိတ်ရင်းကောင်းတယ်လို့ ပြောကြပါတယ်။ အဲဒါ အမှန်ပါပဲ။ ကျွန်တော့်အမေဟာ အပြောကြမ်းပေမယ့် စိတ်ရင်းအလွန်ကောင်းပါတယ်။ အမေက ကျွန် တော်ရဲ့အနာဂတ်ကောင်းမွန်စေဖို့အတွက် ကျောင်းပညာရေးကို ဆုံးခန်းတိုင်အောင်သင်ပေးခဲ့တယ်။ အခု ဆိုရင်ကျွန် တော်ဟာ ကုမ္ပဏီတခုမှာ သင့်တင့်တဲ့ရာထူးနဲ့ သင့်တင့်တဲ့လစာနဲ့ အလုပ်လုပ်နေပါတယ်။ ကျွန်တော်နဲ့ ရွယ်တူ အခြား လူငယ်တွေ ဆိုင်ကယ်ကယ်ရီမောင်း ဆိုက်ကားနင်း ရေသန့်ဘူးထမ်းနေရတဲ့အချိန် ကျွန်တော်ကတော့ အဲကွန်းအောက်မှာ အမေသင်ပေးတဲ့ပညာနဲ့ သက်တောင့်သက်တာ အလုပ်လုပ်နေရပါတယ်။ အမေရဲ့ကျေးဇူးတရားတွေက ကျွန်တော့်အပေါ် မှာ မကုန်နိုင် မခန်းနိုင်အောင်ပါပဲ။
အမေက အဖေ့ကို အမြဲလိုလို အနိုင်ကျင့်တယ်။ မှတ်မှတ်ရရ ကျွန်တော်အခု အလုပ်လုပ်နေတဲ့ကုမ္ပဏီမှာ စပြီး အလုပ် ဝင်တဲ့အချိန်ကစလို့ အမေနဲ့ အဖေ့ကို သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ပိုက်ဆံတသိန်းနဲ့ ကန်တော့ပါတယ်။ အဲဒီလို ပိုက်ဆံတသိန်းနဲ့ ကန်တော့ရတာဟာလည်း အမေက သတ်မှတ်ပေးထားလို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ သီတင်းကျွတ်လ ပြည့်နေ့ရောက်ပြီဆို ကျွန်တော်ဟာ ပိုက်ဆံတထောင်တန် အရွက်တရာကို စာအိတ်အညိုရောင်လေးထဲမှာထည့်ကာ စတီးလ်ဗန်းကလေးပေါ်မှာတင်ပြီး အမေနဲ့အဖေ့ကို ကန်တော့ပါတယ်။ အမေနဲ့အဖေက ဆုတွေတစီတတန်းကြီးပေး ပါ တယ်။ ပြီးတဲ့အခါ အမေနဲ့အဖေ့အနားကခွာကာသူငယ်ချင်းတွေရှိရာ လက်ဖက်ရည်ဆိုင်ကိုသွားပါတယ်။ မနက်ကျတော့ကျွန် တော်အလုပ်လုပ်နေတဲ့ကုမ္ပဏီရှိရာ ရန်ကုန်မြို့ကို တန်းသွားပြီး ရုံးတက်ပါတယ်။ ညနေရုံးဆင်းတော့ အမဆီကဖုန်းဝင် လာတယ်။ “မောင်လေး နင်ကန်တော့တဲ့ပိုက်ဆံတွေကို အမေက အကုန်ယူသွားတယ်။ အဖေ့ကို လက်ဖက်ရည်ဖိုးတောင် မပေးဘူး။ အဖေက ငါ့ကိုရင်ဖွင့်နေတယ်” လို့ အမက ကျွန်တော့်ကိုပြောပါတယ်။ ကျွန်တော့်အမေက အဖေ့ကို အဲဒီလိုမျိုး အနိုင်ကျင့်တာပါ။ ဒီပုံစံအတိုင်းဆို မဖြစ်သေးဘူး။ နောက်တနှစ်သီတင်းကျွတ်လပြည့်နေ့ရောက်ရင် အမေမသိအောင် အဖေ့ကို တိတ်တိတ်ကလေးကန်တော့မှရတော့မယ်။
အမေ့မှာ ကွမ်းယာဆိုင်ကလေး တဆိုင်လည်း ရှိပါတယ်။ အဲဒီကွမ်းယာဆိုင်ကလေးကို ကျွန်တော်တို့တမိသားစုလုံးက မှီခိုရ ပါတယ်။ ကွမ်းယာဆိုင်ကလေးကို ဦးဆောင်သူကတော့ အမေကိုယ်တိုင်ပါပဲ။ အမေ့လက်အောက်မှာ အဖေရယ် အမ ရယ် ကျွန်တော်ရယ်က ဝိုင်းဝန်းလုပ်ကိုင်ရပါတယ်။ အမေဟာ စာမတတ်ပေမယ့် အကြွေးဝယ်တဲ့ဖောက်သည်တွေကို ကရိုး က ယိုင်ဖြစ်နေတဲ့ လက်ရေးကလေးနဲ့ မှတ်စုစာအုပ်ကလေးထဲမှာ ရေးမှတ်ထားပါတယ်။ အမေ့ရဲ့လက်ရေးကလေးကို အခြား လူတယောက်အနေနဲ့ဖတ်ကြည့်လိုက်ရင် အလွယ်တကူနားမလည်နိုင်ပေမယ့် အမေကတော့ သူ့အထာနဲ့သူ ဟုတ် နေတာ ပဲ။ ဘယ်လောက်ထိအောင် အမေ အကြွေးစာရင်းမှတ်ရလဲဆိုရင် မှတ်စုစာအုပ်ကလေးတအုပ်ကုန်သွားလိုက် တ အုပ်ထပ် ဝယ်လိုက်နဲ့ မရေမတွက်နိုင်အောင်ပါပဲ။ နောက်ပြီး မှတ်စုစာအုပ်ကလေးတွေသာ ဒီဇိုင်းအမျိုးမျိုးပြောင်းလဲသွားတယ်။ မပြောင်းလဲနိုင်တာကတော့ အမေ့ရဲ့လက်ရေးကလေးပဲ ဖြစ်ပါတယ်။
အမေက စိတ်မြန်သူတယောက်လည်း ဖြစ်ပါတယ်။ ရုံးပိတ်ရက်တနေ့ ကျွန်တော်အိမ်ပြန်လာတော့ လွယ်ထားတဲ့ကျောပိုး အိတ်တောင် မချရသေးဘူး။ အမေက ကျွန်တော့်ကို အားဆေးကုန်သွားလို့ အားဆေးဝယ်ခိုင်းတယ်။ အဲဒီတော့ ကျွန် တော် က ဝယ်ပေးမယ်အမေလို့ ပြောလိုက်ပါတယ်။ အချိန်က နံနက်ခင်းအချိန်ပေါ့။ နေ့လည်ခင်းကျတော့ ကျွန်တော် အိပ်နေတဲ့ အခန်းထဲထိဝင်လာပြီး တခါပြောပြန်တယ်။ အမေက သူ့ကို အားဆေးဝယ်ပေးဖို့။ ကျွန်တော်အပြင်ထွက်ရင် ဝယ်ပေးမယ်လို့ အမေ့ကို ထပ်မံပြောလိုက်ပါတယ်။ ဒီလိုနဲ့ ညနေခင်းရောက်တော့ အမေက ကျွန်တော်မေ့ပြီး မဝယ်ပေးဘဲပြန်သွားမှာစိုးလို့ ဆိုပြီး ကျွန်တော့်ပိုက်ဆံအိတ်ထဲက ပိုက်ဆံရှစ်ထောင်နှိုက်ကာ သူ့သားမက်ကိုခေါ်ပြီး မြို့ထဲမှာ အားဆေးသွားဝယ်တော့ တာပဲ။ ကျွန်တော်ဝယ်ပေးဆိုတာကို အမေက မရဘူး။ “တကယ်ပါပဲ။ ကလေးလေးကျနေတာပဲအမေရယ်” လို့ စိတ်ထဲကနေ ကျွန်တော်ပြောလိုက်ပါတယ်။
အမေက ရုပ်တည်ကြီးနဲ့လည်း နောက်တတ်ပါတယ်။ အမေ့ကို ကျွန်တော်က အိမ်ပြန်လာမယ်ဆိုတဲ့အခါတိုင်း ဖုန်းဆက်ပြီး “အမေ မနက်ဖြန်သားပြန်လာမယ်။ သားကြိုက်တဲ့ဟင်းတွေ ချက်ထားနော်” လို့ ကြိုတင်ပြောထားလေ့ရှိတယ်။ အဲဒါကြောင့် ရုံးပိတ်ရက်တနေ့မှာ အမေအံ့သြသွားအောင်လို့ကြိုတင်အကြောင်းမကြားဘဲ ကျွန်တော် အိမ်ကိုပြန်လာပါတယ်။ အိမ်ရောက် တော့အမေက ထမင်းစားခန်းထဲမှာ ထမင်းစားနေတာပေါ့။ အမေက ကျွန်တော့်ကိုလည်းမြင်ရော “လာ လာ နင်ကြိုက်တဲ့ ဟင်းတွေ ငါချက်ထားတယ်” လို့ပြောပြီး ထမင်းစားဖို့ ထမင်းထည့်ပေးတယ်။ ပြီးတဲ့အခါ အမေနဲ့ ကျွန်တော်နဲ့ ထမင်းလက်ဆုံ စားပါတယ်။ ထမင်းစားလို့လည်းပြီးရော အမေက ကျွန်တော့်ဆီကနေ ပိုက်ဆံတောင်းတော့တာပဲ။ ကျွန်တော် ပိုက်ဆံငါး သောင်းပေးလိုက်ပါတယ်။ နောက်တော့မှ ဘယ်ဟုတ်မလဲ။ အမက ပြန်ပြောလို့ ကျွန်တော်သိလိုက်ရတယ်။ အဲဒီနေ့က အမေနဲ့ ကျွန်တော်နဲ့စားတဲ့ ထမင်းဟင်းတွေက အမကိုယ်တိုင်ချက်ထားတာ။ မသိရင်ဘဲ အမေက သူကိုယ်တိုင် ချက်ထား သလိုလိုဘာလိုလိုနဲ့ ကျွန်တော့်ကို ရုပ်တည်ကြီးနဲ့ နောက်လိုက်တာလေ။
အမေက ရုပ်ရည်ချောမောသူတယောက်လည်း ဖြစ်ပါတယ်။ ကျွန်တော့်ကို အမေကအသက်ကြီးမှမွေးတာဆိုတော့ အမေ့ရဲ့ နုပျိုတဲ့ ရုပ်အဆင်းရူပကာကို မမြင်လိုက်ရပါဘူး။ ကျွန်တော်လည်း လူမှန်းသိတတ်စအရွယ်ရောက်ရော အမေကအိုနေပါပြီ။ နောက်ပြီး ကျွန်တော့်ကို အမေက ခုနှစ်ယောက်မြောက်မွေးတာလို့လည်း ပြောတယ်။ လက်ရှိမှာတော့ ကျွန်တော်အပါအ ဝင်မောင်နှမသုံးယောက်ပဲ ရှိပါတော့တယ်။ ကျန်တဲ့လေးယောက်ကတော့ သေသွားပြီလို့အမေက ပြောပါတယ်။ အဲဒါကြောင့် သေသွားတဲ့ကျွန်တော့်မွေးချင်းမောင်နှမတွေရဲ့ နာမည်တွေကိုသိချင်တာကြောင့်ကျွန်တော်ဟာ အမေ့ရဲ့ဘီရိုကိုမွှေပါတယ်။ အဲဒီမှာ နီကျင်ကျင်ဖြစ်နေတဲ့ မှတ်စုစာအုပ်ကလေးတအုပ်ကို သွားတွေ့ပါတယ်။ မှတ်စုစာအုပ်ကလေးရဲ့အဖုံးကို ကျွန်တော်လှန်လိုက်တော့ နာမည်ကလေးတွေ တန်းစီရေးထားတာကို တွေ့ရပါတယ်။ ကျွန်တော့်နာမည်နဲ့တခြားစီပါပဲ။ အမေက ကျွန်တော်တို့မောင်နှမတွေကို နာမည်ဆင်တူပေးရမှာ ကြိုက်နှစ်သက်ခြင်းမရှိဘူးနဲ့ တူပါတယ်။ အဲဒါကြောင့် အခု လက်ရှိ ကျွန်တော်တို့မောင်နှမသုံးယောက်ရဲ့ နာမည်တွေတောင် တယောက်တမျိုးစီပါ။ ဒီလိုနဲ့ အမေ့ရဲ့မှတ်စုစာအုပ်က လေးထဲကစာမျက်နှာတွေကို ဆက်လှန်ရင်း ဓာတ်ပုံကလေးတပုံကို တွေ့လိုက်ရပြန်ပါတယ်။ ဓာတ်ပုံထဲမှာ လူလတ်ပိုင်း အရွယ် အမျိုးသမီးတယောက်ဟာ အပေါ်ပိုင်းကရင်ဖုံးအင်္ကျီအဖြူကလေးကိုဝတ်ထားပြီး အောက်ပိုင်းက ထမီအနီရောင် ကလေးကိုဝတ်ထားကာ ခြေထောက်သုံးချောင်းရှိတဲ့ နောက်မှီမပါတဲ့ထိုင်ခုံပေါ်မှာ ဘေးတစောင်းအနေအထားနဲ့ ထိုင်နေ တာကို တွေ့ရပါတယ်။ အမှတ်တမဲ့ကြည့်လိုက်ရင် ရုပ်ရှင်မင်းသမီး ခင်းသန်းနုနဲ့တူပါတယ်။ အဲဒီအမျိုးသမီးက ကျွန်တော့် အမေပါပဲ။ အဲဒီခေတ်တုန်းက ကင်မရာနဲ့ရိုက်တာတောင် ဓာတ်ပုံထဲမှာ အမေကယဉ်ယဉ်လေးနဲ့လှနေတာ။ ဒီခေတ်က ကင်မရာနဲ့ဓာတ်ပုံရိုက်ရင် အမေကပိုပြီးလှမှာ အမှန်ပါပဲ။
အမေက ပန်းချီကျော် မောရစ်အာထရီလိုရဲ့ အမေ မဟုတ်ပါဘူး။ ပန်းချီကျော် မိုဒီလျာနီရဲ့ အမေမဟုတ်ပါဘူး။ ပန်းချီကျော် ဟင်နရီတူလုစ်လောထရက်ရဲ့ အမေမဟုတ်ပါဘူး။ အမေက ကျွန်တော့်ရဲ့အမေပါ။ သူများသားသမီးတွေ အမေမရှိတော့တဲ့ အချိန် ကျွန်တော့်အမေက သက်ရှိထင်ရှားရှိနေသေးတဲ့အတွက်ဂုဏ်ယူမိပါတယ်။ အမေ့ကို ကျွန်တော် အလုပ်အကျွေးပြုချင် ပါသေးတယ်။ အဲဒါကြောင့် အမေ ကျွန်တော့်ကိုခွဲခွာသွားမှာကြောက်မိပါတယ်။ အမေက အသက် ၇ဝ နီးပါးရှိနေပါပြီ။
အခုလို အိပ်မက်ကလန့်နိုးပြီး အမေ့အကြောင်းစဉ်းစားနေတဲ့အချိန် အမေဟာ အိမ်အောက်ထပ်ကအခန်းကလေးထဲမှာ ကျုံ့ကျုံ့ ကလေးထိုင်ပြီး သူ့သားဖြစ်သူ ကျွန်တော်ပြန်လာမယ့် လမ်းကလေးဆီကို ငေးနေမလား ...။
ငြိမ်း (ပဲခူး)
Comments