မိုးကျော်ဇင် ● ငှက်ပျောပင်အောက်က ထိုင်ခုံကလေး

မိုးကျော်ဇင် ● ငှက်ပျောပင်အောက်က ထိုင်ခုံကလေး
(မိုးမခ) ဒီဇင်ဘာ ၂၄၊ ၂၀၁၈

မှတ်မှတ်ရရ၊ ကျွန်တော့်ဘဝတွင် ထိုင်ခုံတစ်ခုံကို တမ်းတလွမ်းဆွတ်မိသော အ ချိန်အချို့ ရှိခဲ့ဖူးပါသည်။ တမ်းတမ်းတတ လွတ်ဆွတ်သတိရမိခဲ့သည့် ခုံဖြစ်သောကြောင့် မြင့်မားသော တစ်နေရာရှိ ခမ်းနားတောက်ပြောင်သော ခုံတစ်ခုံဟု မထင်စေလိုပါ။ အဖွဲ့အစည်းများ၊ အချိန်ကာလများ၊ လုပ်ငန်းစဉ်များကို ထိုင်ရာမထ စီမံခန့်ခွဲနိုင်သော အခွင့်အာဏာ ရှိသည့် ခုံမျိုးလည်း မဟုတ်ပါ။ ကျွန်တော်တို့ အိမ်နောက်ဖေးရှိ ငှက်ပျောပင်ရိပ်အောက်တွင် ချထားသော ဝါးပက်လက် ကုလားထိုင် တစ်လုံးမျှသာ ဖြစ်ပါသည်။

လွန်ခဲ့သော နွေဦးက ကျွန်တော်တို့ လင်မယားနှစ်ယောက်လုံး နယ်မြို့ကလေးရှိ အိမ်ကလေးကို လအတန်ကြာ ခွဲခွာရန် အကြောင်းဖန်လာသည်။ ထိုစဉ်က ကျွန်တော့် ဇနီးသည် ကိုယ်ဝန်အရင့်အမာနှင့်။ ပထမဆုံး ကိုယ်ဝန်ဖြစ်သလို အသက် အရွယ်လည်း ထောက်လာသောကြောင့် မီးဖွားရာတွင် ဖြစ်လာနိုင်သည့် အခက်အခဲများကို ကြိုတင်ပူပန် စဉ်းစားပြီး ရန်ကုန် ရှိ ပုဂ္ဂလိကဆေးရုံတစ်ရုံတွင် မွေးဖွားရန် ဆုံးဖြတ်ခဲ့ကြ၏။ သည်လိုနှင့် ကျွန်တော်တို့ ရွေးချယ်ထားသော ပုဂ္ဂလိကဆေးရုံနှင့် နီးသော မြို့သစ်တစ်ခုထဲရှိ အိမ်က လေးတစ်လုံးကို ငှားရမ်းဖြစ်ခဲ့လေသည်။

အိမ်ကလေးက တစ်ထပ်တိုက်ကလေးဖြစ်၍ လမ်းမပေါ်မှ လှမ်းကြည့်လိုက်လျှင် အမိုးပြားပြားလေးက ဝပ်နေသည်။ အိမ် ရှေ့မျက်နှာစာမှာ ဖက်ဖူးရောင်ဆေးသုတ်ထားသည်။ ပေ ၄၀ × ၆၀ မြေကွက်တွင် တစ်ဖက်ခြမ်းကို ကပ်ဆောက်ထားသော ကြောင့် ခြံထဲနေရာလွတ်များ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသည်။ ယေဘုယျအားဖြင့် ခြုံကြည့်လျှင် နေပျော်သော အိမ်ကလေး တစ်လုံးဟု သတ်မှတ်နိုင်သည်။

ပြောင်းရွှေ့ရောက်လာစ အချိန်များ၌မူ အသားကျအောင် ကြိးစားနေထိုင်ရင်း၊ အိမ် အတွက် လိုအပ်သည့် အသုံးအဆောင်များ၊ နေရာထိုင်ခင်းများကို ပြင်ဆင်ရင်း ပထမဆုံး နေ့ရက်များကို မသိလိုက် မသိဘာသာ ဖြတ်ကျော်ခဲ့၏။ မနက်ခင်း အိပ်ယာ ထလျှင် အိမ်ရှေ့တွင် ဆွဲထုတ်ထားသည့် အဖီကလေးအောက် ဖိုင်ဘာထိုင်ခုံချကာ၊ မြို့သစ်လမ်းမပေါ်က နေ့သစ်တစ်နေ့ အစပြုနေသည်ကို ထိုင်ငေးချင် ငေးသည်။ စာအုပ်ဖတ်စရာရှိလျှင် ဖတ်၍၊ စာရေးစရာရှိလျှင် ရေးသည်။ သို့မဟုတ်ပါက ဖုန်းတစ်လုံးနှင့် အင်တာနက်သုံးကာ လူ့လောက အမှိုက်ပုံကြီးကို စိတ်ရှိလက်ရှိ ဖွ,နေတတ်သည်။ ဇနီးသည်ကလည်း ဘေး က ထိုင်ခုံမှာ ပဌာန်းရွတ်နေတတ်၏။ ညနေခင်းတွေဆိုလျှင် ကျွန်တော်တို့နေရာက အိမ်ခေါင်း ရင်း မြေကွက်လပ်ဆီ ပြောင်း ရွှေ့သွားပြန်သည်။ ယပ်တောင် တစ်ချောင်းစီနှင့် ခြင်မောင်းလိုက်၊ ဇနီးသည်က ပဌာန်းရွတ်၊ ကျွန်တော်က ဖုန်းတစ်လုံးနှင့် ဘောလုံးပွဲတွေ ကြည့်။

ရက်သတ္တပတ် အနည်းငယ်လွန်၍ အိမ်သစ်ကလေးမှာ နေသားတကျ ရှိစပြုလာသောအခါ ကျွန်တော့်စိတ်က နယ်မြို့ကလေး ရှိ အိမ်ကလေးဆီ ပြန်ပြန်ပြေးတတ်လာသည်။ ဖိုင်ဘာထိုင်ခုံကလေးပေါ် သက်သောင့်သက်သာ ထိုင်နေလျက်က နယ်မြို့ ကလေး ရှိ ကျွန်တော်တို့အိမ်နောက်ဖေး ငှက်ပျောပင်အရိပ်အောက်မှာ ချထားသော ဝါးပက်လက် ကုလားထိုင်လေးကို သတိရတတ်လာသည်။ အခြားရပ်ကွက်ရှိ ဝါးပစ္စည်းများရောင်းသောအိမ်တစ်အိမ်မှ ကျွန်တော်ကိုယ်တိုင် ထမ်းပိုးသယ် ဆောင်လာ ခဲ့သော ထိုင်ခုံလေး။ မိုးဥတုအချို့ကို ဖြတ်သန်းခဲ့ရသောကြောင့် ဖားဥလို အမည်းရောင် အစက်အပြောက်လေး အချို့ ထင်စွဲနေကြသော ထိုင်ခုံလေး။

ထို ဝါးပက်လက်ထိုင်ခုံကလေးကို ဝယ်ယူလာစဉ်က မည်သည့်နေရာတွင် ထားရ မည်မသိဖြစ်ကာ ခက်ခက်ခဲခဲ စဉ်းစားခဲ့ရ သေး၏။ နယ်မြို့ကလေးရှိ ကျွန်တော်တို့ခြံမှာ နေရာလွတ် သိပ်မကျန်။ အိမ်နောက်ဖေးဘက်မှာသာ ဆယ်ပေခန့် လွတ် နေသည်။ သို့ သော် သမံတလင်းကိုင်ထားသောကြောင့် ခြောက်ခြောက်သွေ့သွေ့ သန့်သန့်ပြန့်ပြန့်ရှိ၏။ ကျွန်တော်တို့ အိမ်နောက်ဖေးကပ်လျက် အခြားခြံတွင် စိုက်ပျိုးထားသော သစ်ပင်အချို့၏ အရိပ်များလည်း ကျရောက်နေလေ့ရှိသည်။ အထူးသဖြင့်၊ နောက်ဖေး တစ်ဘက်ခြံမှာ စိုက် ပျိုးထားသည့် ငှက်ပျောပင်များက ခြံစည်းရိုးကို ကျော်၍ ကျွန်တော်တို့ခြံဘက်ကို ကိုင်းညွှတ် နေသည်။ ငှက်ပျောရွက် စိမ်းစိမ်းဖားဖားကြီးများက ကျွန်တော်တို့ခြံဘက်မှာ လာရောက်အုပ်မိုးလျက်။ သည် လိုနှင့် ကျွန်တော်ဝယ်ယူလာသော ဝါးပက်လက် ကုလားထိုင်ကလေးကို ထိုငှက်ပျောပင်ရိပ်အောက်မှာ နေရာချထားလိုက်၏။ မနက်၊ နေ့လည်၊ ညနေ အချိန်သုံး ပါးစလုံး အရိပ်ရနေတတ်သည့် ဝါးပက်လက်ကုလားထိုင်ကလေးကို ကျွန်တော် ပို၍ပို၍ သဘောကျလာသည်။ သဘာဝတရားနှင့် တဖြည်းဖြည်း ဝေးကွာလာသော ကျွန်တော်တို့၏ လက်ရှိ လူနေမှု ဘဝဟန်ပန်များ ထဲတွင် သည်ထိုင်ခုံကလေးကမူ သဘာဝတရားနှင့် နီးစပ်လွန်းသည်ဟုလည်း ခံစားမိနေသည်။

မနက်အိပ်ယာထချိန်များတွင် ကျွန်တော့်ခြေထောက်တွေက အိမ်နောက်ဖေးဘက်ဆီ ဦးတည်မိမြဲ။ ရေနွေးအိုးတစ်လုံးတည်၊ ကော်ဖီတစ်ခွက်ဖျော်၊ ရေနွေးကြမ်း ဓာတ်ဗူးတစ်ဗူး ထည့်ပြီးသည်နှင့် ငှက်ပျောပင်ရိပ် ဝါးပက်လက်ကုလားထိုင်မှာ စာအုပ် တစ်အုပ် ထိုင်ဖတ်နေလိုက်သည်။ စာအုပ်ဖတ်ရင်း မျက်စိအနည်းငယ် ညောင်းညာလာသည့်အခါ ကျွန်တော် တို့ခြံဘက်သို့ အစွန်းထွက်နေသော မနိမ်မမြင့် သစ်ပင်တွေပေါ်မှ ငှက်ရွာကလေးကို ငေးမိသည့်အခါ ငေးမိသည်။ ငှက်ရွာကလေးမှတစ်ဆင့် လူ့ရွာအကြောင်းလည်း တွေးမိသည့်အခါ တွေးမိသည်။ နောက်ဖေးတစ်အိမ်ခြားမှာ ရှိသည့် ရထားလမ်းပေါ်မှ ရထားခုတ် မောင်းသွားသံမှာ ကျွန်တော့်ထံမှ ထွက်ပြေးသွားဖူးသော တစ်စုံတစ်ရာများကို သတိရမိသည့်အခါ ရနေ တတ်သည်။ မည်သည့်နေရာက လွင့်လာသည်မသိနိုင်သော ချိုးကူသံလေး ကြားရလျှင် "နေဝင်စ ချိုးမရယ်ကူ" ကဗျာလေးကို ပြေးသတိ ရသည်။ ထိုမှဆက်၍ သည်ကဗျာလေး၏ နောက်ခံကာလ၊ နောက်ခံအကြောင်းတရားများကို မမှီမကမ်း တွေးတောရင်း "သင်္ကေတ ကဗျာတစ်ပုဒ်လေလား" ဟု အတွေးနယ်ကျွံမိတတ်သေးသည်။ ပြီးလျှင် စာအုပ်ပြန်ဖွင့်မိပြန် သည်။ သည်လိုနှင့် သစ်ရိပ်ဝါးရိပ်တွေကြား ထိုးဖောက်ကျလာသည့် နေရောင်ခြည်တွေထဲ အပူဓာတ်ကလေးတွေ ပြင်းရှရှဖြစ်လာချိန်အထိ ဝါးပက်လက်ကုလားထိုင်လေးမှာ ကျွန်တော်ထိုင်ခဲ့၏။

နေ့လည်ဘက် ရောက်ချိန်တွင်လည်း သည်ငှက်ပျောပင်ရိပ်အောက်မှ သည်ဝါးပက်လက်ကုလားထိုင်လေးဆီသာ စာအုပ် တစ်အုပ်၊ ကော်ဖီတစ်ခွက်၊ ရေနွေးကြမ်းတစ်အိုးနှင့်အတူ ကျွန်တော် ရောက်လာမိပြန်သည်။ နောက်တစ်နေ့ မနက်ခင်းများ၊ နောက်တစ်နေ့ နေ့လည်ခင်းများတွင်လည်း သည်ဝါးပက်လက် ကုလားထိုင်လေးမှာ ... ။

ထိုအချိန်မှာပင် သည်ထိုင်ခုံလေးကို ကျွန်တော် မက်မောနေမိကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်သတိထားမိလာသည်။ ငွေ ကြေးတန်ဖိုးမကြီးမားသော်လည်း သည်ထိုင်ခုံ လေးမှာ ထိုင်၍ ကိုယ်လုပ်ချင်သည့် စာဖတ်ခြင်း၊ စာရေးခြင်းကို လုပ်ခွင့်သည်။ မြတ်နိုးသော သဘာဝ ပတ်ဝန်းကျင် အရသာကို ခံစားငေးမောရသည်။ အနှောင့်အယှက်နည်းပါးစွာ တွေးတောဆင်ခြင်ခွင့် ရသည်။ သည်အကြောင်းများကြောင့်ပင် သည်ဝါးပက်လက်ကုလား ထိုင်လေးကို ကျွန်တော် ခုံမင်နေမိလေပြီ။ မိတ်ဆွေ များနှင့် စကားဝိုင်းဖွဲ့ဖြစ်လျှင် သည်ဝါးထိုင်ခုံလေးအကြောင်းကို တဖွဲ့တနွဲ့ ပြောဖြစ်သည်အထိ ကျွန်တော် စိတ်ညွှတ်လာ မိ၏။

သို့သော်၊ နွေတစ်နေ့၌ သည်ဝါးပက်လက် ကုလားထိုင်လေးကို ယာယီခွဲခွာရန် အကြောင်းတရားသည် ကျွန်တော့်ကမ်းခြေဆီ ဆိုက်ကပ်လာခဲ့လေတော့သည်။ ရန်ကုန်မြို့ သစ်တစ်ခု၏ လက်တံကလေးတစ်ချောင်းပေါ်တွင် ဖိုင်ဘာခုံတစ်လုံးပေါ်ထိုင်ရင်း ဝါးထိုင်ခုံကလေးကို လွမ်းရသည့် ကျွန်တော့်ခံစားချက်သည် သက်တမ်းသိပ်မရှည်ခဲ့ပါ။ ဇနီးသည် မီးဖွားပြီး တစ်လမပြည့် မီမှာပင် နယ်မြို့ကလေးရှိ အိမ်ကလေးဆီ ပြန်ရောက်လာခဲ့ကြသော ကြောင့် ဖြစ်သည်။

သာမန် အညတရ ဝါးထိုင်ခုံလေးတစ်ခုံကို မက်မောတွယ်တာမိခဲ့သည့် ကျွန်တော့် ကိုယ်ကျွန်တော် အံ့သြမိနေဆဲ။ မေးခွန်း များ အထပ်ထပ် ထုတ်နေဆဲ။ ပြန်လည် ဆင်ခြင်သုံးသပ်နေဆဲ။
******

အညတရ ဝါးပက်လက်ထိုင်ခုံလေးပေါ် မက်မောတွယ်တာခဲ့မိသော ကျွန်တော့် ဘဝတဏှာကို ကျွန်တော် ပြန်လည်တွေ့ရှိ့ပြီး နောက်မှာတော့ ထိုင်ခုံတွေကို ကျွန်တော် ပိုမို စိတ်ဝင်စားလာခဲ့သည်။ ထိုင်ခုံတွေနှင့်အတူ ထိုင်ခုံတွေပေါ် ထိုင်နေကြသည့် လူတွေအ ကြောင်းကိုပါ တွေးတောမိလာသည်။

မည်သို့ပင်ဖြစ်စေ လူတိုင်းလူတိုင်း ထိုင်ခုံတစ်လုံးစီတော့ ပိုင်ဆိုင်ထားတတ်ကြပါသည်။ ကိုယ် အထိုင်ကြာသွားသော ထိုင်ခုံ ကို မက်မောတွယ်တာမှု ဘဝတဏှာကိုလည်း လူတိုင်းလူတိုင်း ပိုင်ဆိုင်ထားတတ်ကြပါသည်။ လက်ရုံးတစ်ထောင် ရှိသော မာရ်နတ်မင်းမှ အစပြု၍ ပလက်ဖောင်းပေါ် အုတ်ခဲကျိုး ခုထိုင်ထားသော အညတရ လူသားအထိ ထိုင်ခုံလုချင်သော လောဘတွေလည်း ပိုင်ဆိုင်ထားတတ်ကြပါသည်။ သို့သော် မိမိထိုင်နေသော ထိုင်ခုံ၏တာဝန်ကို ကျေကျေပွန်ပွန် ဆောင် ရွက်ခဲ့သူတွေ ရာခိုင်နှုန်းမည်မျှ ရှိခဲ့ပါသလဲ။ သည်မေးခွန်းကိုတော့ သမိုင်းစာမျက်နှာ အနည်းငယ်ကသာ အဖြေပေးနိုင်ပါ လိမ့်မည်။  

မိုးကျော်ဇင်

Comments