အေးငြိမ်း - ကျွန်တော်နှင့် ကော်ဖီအကြောင်း



 အေးငြိမ်း - ကျွန်တော်နှင့် ကော်ဖီအကြောင်း
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၈

(စာရေးသူဖေ့စ်ဘွတ်မှ ကူးယူပါသည်)
 (၁)

ကျွန်တော် ကော်ဖီကို ဘယ်လောက်သောက်သနည်းဟူမူ တစ်နှေ့လျှင် လေးခွက်၊ ငါးခွက်မှ တစ်ခါတစ်ရံ ခြောက်ခွက်လောက်ထိ ပင် သောက်မိပါသည်။

မနက်စာ စားသည့်အခါတွင်လည်း (အချိန်ရလျှင်) ကော်ဖီသောက်သည်။ အချိန်မရလျှင်တော့ မသောက်နိုင်ပါ။

ဆယ်နာရီ ကော်ဖီချိန်ကျတော့လည်း သောက်သည်။

နေ့ခင်း ထမင်းစားပြီးတော့လည်း တစ်ခုခုလေးတော့ သောက်လိုက်ရမှ ဆိုတော့ ကော်ဖီပဲ သောက်ဖြစ်သည်။ အနို့ ကျွန်တော်က ဆီးချိုနှင့် နှစ်ပါးသွားနေရသူဆိုတော့ တခြား အချိုရည် ဘာမှ သောက်လို့မရ။ သည်တော့ ကော်ဖီပဲသောက်ရသည်။

နေ့လည် ၃ နာရီချိန်တွင် ကော်ဖီဘရိတ်တစ်ခါနားတော့လည်း ကော်ဖီ။
ည စာဖတ်၊ စာရေးရင်းလည်း တစ်ခွက် ဆိုတော့။

(၂)

ကျွန်တော် ကော်ဖီသောက်လာတာ သိပ်မကြာသေးဟု ဆိုရပါမည်။
ကျွန်တော်ငယ်စဉ် ကျောင်းသားဘဝက သူသူငါငါ လဖက်ရည်သာ သောက်ကြ၏။ ထို့ကြောင့် ကျွန်တော်လည်း လဖက်ရည်သာ သောက်ဖြစ်သည်။ ကော်ဖီဆို တစ်ခါမှတောင် မသောက်စဖူးခဲ့ဟု ထင်ပါသည်။

လဖက်ရည်တွင်လည်း ဒီဇိုင်းမျိုးစုံရသည်။
ပုံမှန်၊ ချိုပေါ့၊ ချိုကျ၊ ချိုဆိမ့်၊ ပေါ့ကျ၊ ပေါ့ဆိမ့်၊ ကျောက်ပန်းတောင်း၊ စင်ကာပူ၊ ပစ်လဲ၊ တိုင်ဖက် ပက်လက်လန်၊ နောက်တော့ ရှယ် တဲ့။

ပုံမှန်ဆိုတာကတော့ ပုံမှန်ပင် ဖြစ်ပါသည်။ လဖက်ရည်တစ်ခွက်တွင် ပါသင့်ပါထိုက်သော အကျရည်ပမာဏ၊ သကြား၊ နို့ဆီ စသည်တို့ထည့်ကာ ဖျော်ပေးခြင်းဖြစ်၏။ ပုံမှန်ဆိုသည့်အတိုင်း သူသူငါငါ သောက်ကြသော လဖက်ရည်အရသာ ဖြစ်၏။ မချိုလွန်း၊ မဖန်လွန်း၊ မဆိမ့်လွန်း။ အနေတော်။

ချိုပေါ့ ဆိုတာကတော့ အချိုမကြိုက်သူများအတွက် ဖြစ်၏။ သကြားကို လျှော့ထည့်မည်။
ချိုကျဆိုတာ သကြားကို ပုံမှန်အတိုင်းထည့်ပြီး အကျရည်ပိုထည့်တာ ဖြစ်ပါလိမ့်မည်။ သူက အချိုထက် အဖန်ဓာတ်က ပိုမည်။ ကော်ဖီလိုဆိုလျှင် ကော်ဖီအောလိုဖြစ်မည်။ နို့ဆီအနည်းငယ်သာပါမည်။

ချိုဆိမ့်ဆိုတာကတော့ သကြားလဲကဲသည်။ နို့ဆီလည်း ပိုထည့်သည်။ ချိုလည်းချိုသည်။ ဆိမ့်လည်း ဆိမ့်မည်။
ပေါ့ဆိမ့်ဆိုလျှင် နို့ဆီပိုမည်။ သကြားနည်းမည်။ ပေါ့ကျဆိုလျှင်တော့ သကြားနည်းနည်းသာ ထည့်မည်။ အဖန်ရည်သာသာ ပဲ ရှိမည်။

ပစ်လဲ တို့၊ တိုင်ဖက်ပက်လက်လန် တို့ဆိုတာ တင်စားအနက်ဖြစ်၏။ ချိုလွန်းသဖြင့် ရပ်တည်လို့တောင် မနေနိုင်။ ပစ်လဲသည်ထိ ဖြစ်တော့၏ ဟု ဆိုလိုသည်။

ရှယ် ဆိုတာ မူလကတော့ အထူးစပါယ်ရှယ် ဖျော်ထားသည့် လဖက်ရည်ကို ခေါ်တာဖြစ်၏။
သို့သော် ယခုကျတော့လည်း ဘာမှ မရှယ်တော့ပါ။ လဖက်ရည်ပန်းကန်ထဲ ဇွန်းစိုက်ပေးလိုက်လျှင်ပင် ရှယ်ဖြစ်တော့၏။
ကျွန်တော်တို့ငယ်ငယ်က စင်ကာပူဆိုသော လဖက်ရည်တစ်မျိုးပေါ်ခဲ့သည်။ အဘယ်ကြောင့် စင်ကာပူခေါ်ကြောင်း ကျွန်တော် မသိခဲ့ပါ။ စင်ကာပူသည် လူမျိုးပေါင်းစုံစုနေသည့် နိုင်ငံဖြစ်သည့်အတွက် အစုံပါအောင် ကော်ဖီနှင့် လဖက်ရည်ကို တစ်ဝက်စီ စပ်ထားသော လဖက်ရည်ကိုခေါ်တာ ဖြစ်ပါလိမ့်မည်။

ကျောက်ပန်းတောင်းဆိုတာကတော့ အချိုကဲသည့် လဖက်ရည်ကို ခေါ်၏။
အနို့ "ကျောက်ပန်းတောင်းထန်းလျက်လိုချို" ဆိုသည့် သီချင်းပင်ရှိသေးသည်မဟုတ်ပါလော။
လဖက်ရည်ကို ကျောက်ပန်းတောင်းဟု ခေါ်သည်မှာ တင်စားအနက်ဖြစ်၏။ အနက်ရင်းမှာ အလွန်ချိုသည့် လဖက်ရည်ဖြစ်သည်။
ဟောသည် လဖက်ရည်က ကျောက်ပန်းတောင်းက ထန်းလျက်လိုချိုသယ်တော့ ဟု တင်စားကာ ကျောက်ပန်းတောင်း ဟု ခေါ်ခြင်းဖြစ်သည်။

(၃)

ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ်မှာ အလုပ်ဝင်စက တက္ကသိုလ်များပိတ်ထားသမို့ စာသင်စရာမရှိ။ ကျောင်းဆရာဘဝမှာ စာသင်စရာမရှိတော့ ဘာလုပ်ရမတုံး။ ကိုယ်သင်ရမည့် စာများကို ပျင်းရိငြီးငွေ့စွာဖတ်။ ရုံးကို အဖြစ်တက်။ လက်မှတ်ထိုး။ နောက်တော့ ကိုအောင်လှိုင်၊ ကိုထွန်းရွှေတို့အုပ်စုနှင့် တစ်မနက်လုံး (တခါတလေ နေ့ခင်းပါ ပါသေးသည်။) လဖက်ရည်ဆိုင်ထိုင်။ အရေမရ အဖတ်မရတွေလေကန်။ သည်ကဲ့သို့ အကြာကြီးထိုင်နေပေမင့် လဖက်ရည်ကို တစ်ခွက်ပြီးတစ်ခွက် မှာသောက်နေသည် မထင်လိုက်ကြပါနှင့်။ ရောက်ခါစ တစ်ခွက်ပဲသောက်တာဖြစ်ပြီး ကျန်သည့်အချိန်များတွင်တော့ အလကားရသည့် ရေနွေးကြမ်းကို တစ်အိုးပြီး တစ်အိုး မှာသောက်တာဖြစ်၏။

အဲသည်ကာလတွေတုံးက လဖက်ရည်ဆိုင် မထိုင်သည့်နေ့ရယ်လို့ကို မရှိဟု ထင်ပါသည်။ အောင်မယ်၊ ညနေကျတော့ အရက်ဝိုင်း လေးလည်း ဖွဲ့လိုက်သေး၏။ သို့သော် အရက်ကိုမူ မကြာခဏ မသောက်ဖြစ်ကြပါ။ နေ့တိုင်း အရက်သောက်ရလောက်အောင် လည်း မဆူဖြိုးကြပါ။ နို့၊ အရက်ဆိုတာက အရက်ချည်း သောက်လို့ရတာမဟုတ်။ အမြီးကလေး အမြက်ကလေးကလည်း ပါအုံးမှကိုး။ သည်တော့ ပိုက်ဆံဝါလားမဟုတ်သည့် ကျွန်တော်တို့ နေ့တိုင်း အရက်မသောက်ကြတာ ချီးကျူးစရာမဟုတ်ပါ။ အဲလေ၊ ပိုက်ဆံရှိသည့်တိုင် အရက်ကိုတော့ နေ့တိုင်း သောက်ဖြစ်ကြလိမ့်မည်ဟုလည်း မထင်မိပါ။

အဲသည်ကာလတွေတုံးကလည်း ဆိုင်တွေမှာ ကော်ဖီရမည်မှာ မလွဲပါ။ သို့သော် ကျွန်တော်တို့တစ်သိုက် ကော်ဖီ မှာသောက်ခဲ့ကြ သည် ဟု တစ်ခါမှ မမှတ်မိဖူးပါ။

ယခုတော့ ကျွန်တော်လည်း လဖက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက် အပေါင်းအသင်းများလည်း မရှိတော့ပြီမို့ လဖက်ရည်ဆိုင် မထိုင်ဖြစ်တော့သည်မှာ အတော်ကြာပါပြီ။ ဆိုတော့ အထက်တွင်ဖော်ပြခဲ့သည် ချိုပြင်း၊ ချိုပေါ့ စသည့်လဖက်ရည်အမျိုးအစားများ ယခုတိုင် ရနိုင်၊ မရနိုင် မသိတော့ပါ။ ရသည့်တိုင် (ကျွန်တော့်စိတ်ထင်) ဘာမှာမှာ အရသာတစ်မျိုးတည်းသာ ထွက်လာမည် ထင်ပါသည်။ သေသေချာချာမသိပါ။

တခါတလေ ပင်နင်ဆူလာ ရောက်သည့်အခါတွင်တော့ ရွှေဝါမြေတွင် မြန်မာလဖက်ရည်ကို လွမ်းလွမ်းဆွတ်ဆွတ် ကျွန်တော် သောက်တတ်ပါသည်။ တကယ့် မြန်မာလဖက်ရည် အရသာ ဖြစ်၏။ သို့သော် ဆီးချိုဖြစ်သည့်အချိန်မှစကာ သကြားကို သေခန်းဖြတ်ထားသော ကျွန်တော့်အဖို့တော့ တခြားသူတွေအတွက် ပုံမှန်ဖြစ်နေသော လဖက်ရည်မှာ ကျွန်တော့်အဖို့ အလွန်ချိုနေပါလေ၏။

ကိုပီတီယမ်ဆိုင်များတွင်တော့ လဖက်ရည်ကို သောက်ခဲပါသည်။ တစ်ခါတစ်ရံသောက်သော်လည်း တော်တော်နှင့် အစာမကျေ တတ်၊ ရင်ထဲတွင် ကာလကြာမြင့်စွာ ပြည့်နေတတ်၊ ပို၍ဆိုးသောအခြေအနေတွင် ပျို့ချင်သလိုလို အံချင်သလိုလို ခံစားရတတ် သောကြောင့် လဖက်ရည်ကို မသောက်ရဲတော့ပါ။

(၄)

စင်ကာပူ ကိုပီတီယမ်ဆိုင်များမှ ကော်ဖီအရသာကို ကျွန်တော်နှစ်သက်ပါသည်။ နောက်ပြီးတော့ ကျွန်တော်သဘောကျမိသည်မှာ စင်ကာပူနိုင်ငံတစ်ဝှမ်းလုံး မည်သည့် ကိုပီတီယမ်ဆိုင်ကိုသွားသွား၊ ကော်ဖီမှာသောက်ပါက သည်အရသာ တစ်မျိုးတည်း ထွက်ခြင်းကို ဖြစ်ပါသည်။ သို့သော်လည်း မကြာခဏ သောက်လို့မဖြစ်။ သူက သကြားပါသောကြောင့် ဆီးချိုတက်မှာ ကြောက်ရသည်။ ထို့ကြောင့် ကျွန်တော် ကော်ဖီကို နို့စိမ်းနှင့်ဖျော်ထားသည့် ကိုပီစီးကိုသောက်ရ၏။ အရမ်းမကြိုက်သည့်တိုင် မဆိုးလှပါ။ သောက်လို့ရပါသည်။

ပြီးခဲ့သည့် တစ်လအကျော်လောက်ကစ၍ ဈေးကွက်ထဲသို့ ကိုပီစီး ရယ်ဒီမိတ်အထုပ်များ ရောက်လာပါသည်။ သောက်ခါစကတော့ အကောင်းသား။ သို့သော် ကြာလာတော့ သူလည်း အချိုများသည်ဟု ပါးစပ်ထဲတွင် ခံစားမိပါသည်။ နှစ်ထုပ်လောက်သောက်ပြီး သောက်နေကျ တူးအင်ဝမ်းဆီ ပြန်ရောက်ပါသည်။ ဤသည်မှာ ကိုပီစီးက မကောင်း၍ မဟုတ်။ ကျွန်တော်ကိုယ်နှိုက်က သကြား မပါတာနှင့် အသားကျနေပြီ ဆိုတော့ တခြား အချိုပါသည့် မည်သည့်အရသာကိုမျှ အရသာမခံတတ်တော့သောကြောင့် ဖြစ်၏။
အင်မတန် အရသာရှိလှပါသည်ဆိုသော ကိတ်မုန့်ကိုပင် ကျွန်တော် မကြိုက်တတ်တော့ပါ။

မြန်မာပြည်မှ ကော်ဖီပန်းကန်များမှာ သုံးခါလောက်ကြိုက်လိုက်လျှင် ကုန်သွားမည့် ပီဘိ ပန်းကန်ပေါက်စနကလေးများနှင့် ထည့်ဖျော်ပေးခြင်းဖြစ်၏။ သို့သော် စင်ကာပူမှ ကော်ဖီခွက်များမှာမူ ကြံရည်ထည့်သည့် ကိုင်းဖန်ခွက်ကြီးများနှင့် ထည့်ပေးပါသည်။ တဝကြီးသောက်ရသည်။ သောက်ပါလေ့။

ကော်ဖီကို ရိုးရိုးကော်ဖီ (သူတို့က ကိုပီ ဟု အသံထွက်၏။)၊ ကိုပီစီး၊ ကိုပီအော စသဖြင့် ရနိုင်ပါသည်။ ကိုပီစီးမှာ နို့နှင့်ဖျော်ထားတာ ဖြစ်ပြီး ကိုပီအောကတော့ ကော်ဖီအကျရည်ကို သကြားခပ်သောက်တာ ဖြစ်ပါသည်။ ကိုပီအောကိုလည်း ရယ်ဒီမိတ် အထုပ်နှင့် ရပါသည်။ သောက်လို့မဆိုးပါ။ သို့သော် သကြားပါ၍ ကျွန်တော်သောက်လို့မရ။

ကျွန်တော်တို့ကျောင်းသားဘဝကလည်း ညဘက် စာကျက်ရင်း ကော်ဖီအောကို သံပုရာသီးညှစ်ကာ သောက်ပါသည်။ ခေါင်းကြည် အောင် ဟူ၏။

စင်ကာပူကကော်ဖီတွေ ဘယ်လောက်ကောင်းကောင်း ကျွန်တော်ကတော့ မန္တလေးက Unique Mandalay က ကော်ဖီလောက် မကြိုက်ပါ။ မန္တလေးကော်ဖီကတော့ ကျွန်တော့်အကြိုက်ဖြစ်ပါသည်။ ကျွန်တော်သာ မန္တလေးမှာနေဖြစ်လျှင် ထိုကော်ဖီဆိုင်သို့ မနက်တိုင်းရောက်ဖြစ်မည်မှာ သေချာပါသည်။ ကျုံးနားက နောက်တစ်ဆိုင်လည်းကောင်းသည်။ နာမည်မေ့နေပြီ။ နောက်ပြီး ကျွန်တော်တို့ ILO Vision Zero သင်တန်းသွားပေးတုံးကလည်း လာတိုက်သည့် ကော်ဖီမှာ အတော်သောက်လို့ကောင်းပါသည်။

(၅)

ကော်ဖီ သမိုင်းကြောင်းမှာ ၉ ရာစုလောက်က အီသီယိုးပီးယား ဆိတ်ကျောင်းသားတစ်ဦးက စသည် ဆို၏။ တစ်နေ့တွင် ဆိတ်ကျောင်းသားသည် အခါတိုင်းတွင် နေ့လယ်နေ့ခင်း အိပ်နေတတ်ကြသော ၎င်း၏ဆိတ်များ မအိပ်ပဲ ခုန်ပေါက်ပြေးလွှား ဆော့ကစားနေတာကို သတိပြုမိသည်ဆို၏။ ထိုအခါ အဲ့လယ်၊ ငါ့ဆိတ်တွေ ထူးလှပါကလား။ အခါတိုင်းလို အေးအေးဆေးဆေး အိပ်ယောင်းမနေကြတာ ဘာလို့ပါလိမ့် ဟု စူးစမ်းမိ၏။ ထိုအခါ ၎င်း၏ဆိတ်များ အသီးတစ်မျိုး၏အစေ့များကို ကိုက်ဝါး စားသောက်ပြီးသည်မှ စကာ အိပ်ချင်စိတ်များပျောက်လျှက် ဤကဲ့သို့ ခုန်ပေါက်ပြေးလွှားနေခြင်းဖြစ်ကြောင်း သိရသည် ဆို၏။

ထိုအစေ့များကို ၎င်းဝါးစားသည့်အခါတွင်လည်း ဤကဲ့သို့ပင် အိပ်ချင်စိတ်များ ပြေပျောက်ကြောင်း တွေ့ရသည်ဆို၏။ အနှီ ဆိတ်ကျောင်းသား ဆတ်ဆော့သည်မှ စ၍ ကျွန်တော်လည်း ကော်ဖီဘိုးအပိုကုန်စရာ ဖြစ်လာလေတော့၏။

သို့သော် ပုံပြင်ကား ပုံပြင်မျှသာဖြစ်၍ ဟုတ်မဟုတ် မည်သူသိနိုင်ပါမည်နည်း။ အသင်မိတ်ဆွေတို့လည်း မယုံလျှင် ပုံပြင်ဟုသာ မှတ်ကြပါကုန်။

အမှန်က ကော်ဖီမူရင်းမှာ ကော်ဖီစေ့ကိုလှော်၊ ကြိတ်လျက် ထိုကော်ဖီမှုန့်ကို ရေနွေးတွင်ဖျော်ကာ (တခြားဘာနှင့်မှ မစပ်ဘဲ) သောက်ကြခြင်းဖြစ်၏။ အမည်မှာလည်း ကာဖီဖြစ်၏။ အင်္ဂလိပ်တွေလက်ထဲ ကာဖီရောက်သွားတော့ မူရင်းကာဖီရည်တွင် သကြားတွေ၊ နို့ဆီတွေ ရောထည့်လိုက်သည်။ အမည်မှာလည်း ကာဖီမှ ကော်ဖီ ဖြစ်သွားတော့၏။

ယခုတော့ ဝှိုက်ကော်ဖီဆိုတာ ပေါ်လာ၏။ မဆိုးပါ။ သောက်လို့ကောင်းပါသည်။
နောက်ပြီး ကော်ဖီရည်ကို ကြံကြံဖန်ဖန် လုပ်သောက်ကြသော အက်စ်ပရက်ဆို၊ ကပီချီနို၊ ကဖီလာတေး၊ အမေရိကန်နို၊ ကဖီမရော့ချီနို၊ ကဖီမော့ချာ စသဖြင့် အစုံရသေးသည်။ တချို့က ကော်ဖီထဲတွင် အရက်ထည့်သောက်ကြသည်။ တချို့ကျ ဆား၊ ဒါမှ မဟုတ် ငြုပ်ကောင်းပင် ထည့်သောက်ကြသေး၏။ ထူးဆန်းပါပေ့ ကတွတ်ပီ။

ယခင်ကတော့ ကော်ဖီမှုန့်ကို ရေနွေးဖျောကာ အမှုန်များကို ပိတ်ပါးစနှင့်စစ်ကာသောက်ကြ၏။ လှည်းတန်းမှ ဆု ကော်ဖီမှာလည်း ဤနည်းအတိုင်းပင်ဖြစ်၏။ သို့သော် ကျွန်တော်ကတော့ မကြိုက်ပါ။ စစ်စရာမလိုဘဲ ဖျော်လိုက်ပါက ရေတွင်တစ်ခါတည်း ပျော်ဝင်သွားသည့် ကော်ဖီကိုသာ ကြိုက်ပါသည်။

ဟော ယခုတော့ ပိုတိုးတက်လာသည်။ ကြိုတင်စပ်ပြီးသားကော်ဖီ (instant coffee) အမျိုးမျိုး ဈေးကွက်ထဲ ရောက်လာသည်။ ဘာကော်ဖီမှုန့်၊ သကြား၊ နို့ဆီမှ မလို။ ထိုတစ်ခါသောက်အထုပ်ကလေးကို ပန်းကန်ထဲဖောက်ထည့်၊ ရေနွေးထည့်လိုက်လျှင် ကော်ဖီဖြစ်ပြီ။ ဘာလိုချင်သလဲ။ ကော်ဖီ၊ သကြား၊ နို့မှုန့်ပါသည့် 3 in 1, ကော်ဖီနှင့် ကော်ဖီမိတ်သာပါသော 2 in 1, သကြားလျှော့ထည့်ထားသော less sugar, အဆီထုတ်ထားသော less fat, ကဖိန်းထုတ်ထားသော less caffeine, နို့ပါကော်ဖီ coffee with milk, ကိုပီအော copi O, ကိုပီစီး copi C.

ဆိုင်တွင် ဝယ်သောက်သည်ထက် ထို Instant coffee များက ပို ဈေးသက်သာသည်။ ဆိုင်တွင်ဝယ်သောက်ပါက ကော်ဖီတစ်ခွက် ကို စင်းဒေါ်လာ ၁.၂၀ ပေးရမည်။ သို့သော် Instant coffee သောက်လျှင် ကောင်းပေ့ဆိုသောကော်ဖီတောင် တစ်ခွက်မှ ပြား ၆၀ လောက်ပဲ ကျသည်။ ထို့ထက် ကော်ဖီမှုန့်ပုလင်းဝယ်၊ ကော်ဖီမိတ်ဝယ်ကာ ကိုယ့်ဘာသာဖျော်သောက်လျှင် သင့်ရုံကော်ဖီဆိုလျှင် တစ်ခွက် ၁၅ ပြားခန့်၊ အကောင်းစားကော်ဖီဆိုလျှင် ပြား ၂၀ လောက်သာ ကျသည်။ မသောက်ပျော်ပါလား။


(၆)

တချို့ကျတော့ ကော်ဖီသောက်လျှင် အိပ်မပျော်ဟု ဆို၏။
ကော်ဖီသောက်လျှင် အိပ်ချင်စိတ်တို့ ပြေပျောက်ကုန်သည် ဆိုသော အဆိုမှာ ကျွန်ုပ်အတွက် မမှန်ပါ။
ကျွန်ုပ်ကား အိပ်ခါနီးထိ ကော်ဖီသောက်သူ ဖြစ်၏။ ကျွန်ုပ်အိပ်ခြင်းကို ကော်ဖီသည် အနှောက်အယှက် မပြုနိုင်။
ယခုလည်း ဤစာကို ကော်ဖီသောက်လျက် ရေးနေခြင်း ဖြစ်သတည်း။
တချို့ကျတော့ တစ်နေ့ကို ကော်ဖီ ၆ ခွက်သောက်လျှင် ဆီးချိုဖြစ်နိုင်သည့် ရာခိုင်နှုန်းကို လျှော့ချနိုင်သည်။
တချို့ကျတော့ ကော်ဖီသောက်လျှင် ကော်ဖီတွင်ပါသည့် ကဖိန်းက ကျန်းမာရေးအတွက် ဘာဖြစ်သည်၊ ညာဖြစ်သည်။

မိတ်ဆွေများခင်ဗျား -
သင် ကော်ဖီကြိုက်သူ ဖြစ်ပါသလား။
ယခု တစ်ခွက်လောက် ဖျော်သောက်လိုက်ပါ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၁ ဒီဇင်ဘာ၊ ၂၀၁၈, 00:18 am

Comments