Myanmar Now ● ၂၀၀၈ ခြေဥ အတုအယောင်ကိန်းဂဏန်းဖြင့် အတည်ပြုခဲ့ကြောင်း ငရဲပြည်တိုင်တည်ပြီး မကွေးဝန်ကြီးချုပ် ပြောကြား

Myanmar Now ● ၂၀၀၈ ခြေဥ အတုအယောင်ကိန်းဂဏန်းဖြင့် အတည်ပြုခဲ့ကြောင်း ငရဲပြည်တိုင်တည်ပြီး မကွေးဝန်ကြီးချုပ် ပြောကြား
(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၈

တပ်မတော်ကရေးဆွဲပြီး အငြင်းပွားဖွယ် ဆန္ဒခံယူပွဲဖြင့်အတည်ပြုခဲ့ သော ၂၀၀၈ နိုင်ငံတော်ဖွဲ.စည်းပုံအခြေခံဥပဒေသည် အတုအယောင်ကိန်းဂဏန်းများဖြင့် အတည်ပြုခဲ့ကြောင်း မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားလိုက်ပြီး၊ ၄င်း၏ပြောဆိုချက်မှားသည်ဆိုပါက ဘ၀ပေါင်းများစွာ အပါယ်ငရဲတွင် ကျရောက်ပါစေဟု ကျိန်ဆိုလိုက်သည်။

၂၀၀၈ ခုနှစ်ဆန်း လူပေါင်းသိန်းချီသေဆုံးစေခဲ့သော နာဂစ်မုန်တိုင်းကြီးကျရောက်ပြီး ရက်ပိုင်းအတွင်း စစ်အစိုးရကကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးခွင့်ရှိသောလူပေါင်း ၂၂ သန်းကျော်အနက် ၉၉.၇ ရာခိုင်နှုန်းသည်မဲပေးခဲ့ကြပြီး၊ ၉၂.၄ ရာခိုင်နှုန်းသည် ဖွဲ.စည်းပုံအခြေခံဥပဒေကို တစ်ခဲနက်ထောက်ခံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ကြေညာခဲ့သည်။

“အဲဒီကိန်းဂဏန်းသည်အမှန်အကန် ကိန်းဂဏန်းမဟုတ်ပါဘူးလို့ ဖိနှိပ်ဆဲကာလ ၂၀၀၉ ၊ ၂၀၁၀၊ ၂၀၁၁ တွေမှာပြောခဲ့ဖူးတယ်။ တကယ်လို့သာ အမှန်အကန် ကိန်းဂဏန်းဖြစ်ပါရက်နဲ့ အမှန်အကန်ကိန်းဂဏန်းမဖြစ်ပါဘူးလို့ လိမ်ညာပြောရင် ကျွန်တော်သည်နေ့စဉ်နှင့်အမျှ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရင်းနဲ့နေရပြီးတော့၊ ဘ၀ပေါင်းများစွာ အပါယ်ငရဲကမတတ်ဘဲနဲ့ မဂ်နဲ့ဖိုလ်နဲ့ဝေးရပါစေ” လို့ကျိန်ဆိုပါကြောင်း မဇ္စိုမသတင်းဌာနနှင့်ပြုလုပ်သော ရုပ်သံမေးမြန်းခန်းတစ်ခုတွင် ၀န်ကြီးချုပ်က ပြောဆိုလိုက်သည်။

တိုင်းပြည်ငြိမ်းချမ်းရေးရရှိဖို့အတွက် တိုင်းရင်းသားများနှင့်လူများစုမြန်မာလူမျိုးများ ရေပက်မ၀င်သည့်စည်းလုံးမှုရှိရန်လိုကြောင်း၊ သို့သော် ထိုသို့ဖြစ်ရန်အတွက် လက်ရှိဖွဲ.စည်းပုံအခြေခံဥပဒေကိုပြင်နိုင်မှသာဖြစ်နိုင်မည်ဖြစ်ကြောင်း ယနေ့ (ဒီဇင်ဘာ ၁၁) ရက်နေ့တွင် မဇ္စိုမသတင်းဌာနက ၄င်းအင်တာနက်စာမျက်နှာတွင် လွှင့်ထုတ်ခဲ့သော မေးမြန်းခန်းတွင် ၀န်ကြီးချုပ်ကပြောဆိုထားသည်။

လက်ရှိဖွဲ.စည်းပုံဥပဒေအရ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းနှင့်ပြည်နယ်ဒေသကြီး လွှတ်တော်အသီးသီး တွင် တပ်မတော်သည် မည်သည့်ရွေးကောက်ပွဲမျှဝင်စရာမလိုဘဲ အလိုအလျောက် အမတ်နေရာ ၂၅ ရာခိုင်နှုန်းရယူခွင့်ရှိပြီး၊ ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရဲတပ်ဖွဲ.၊ အကျဉ်းဦးစီးဌာန၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါရှိသော ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနတို့၏ ၀န်ကြီးများကို ၄င်းစိတ်ကြိုက်ရွေးချယ်ခွင့်ရှိသည်။

တိုင်းတစ်ပါးသားနှင့် အိမ်ထောင်ပြုထားသူသည် သမ္မတဖြစ်ခွင့်မရှိဟူသည့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ခွင့်မရစေခဲ့သော ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကဲ့သို့သော အရေးကြီးသည့် အချက်များကို ပြင်လိုပါက ပြည်ထောင်စုလွှတ် တော်၏ ၇၅ ရာခိုင်နှုန်းကျော်မှသာ ဖွဲ.စည်းပုံပြင်ရေး လူထုဆန္ဒခံယူပွဲတစ်ရပ်ကျင်းပခွင့်ရှိမည်ဖြစ်သည်။

သို့သော် တပ်မတော်သည်လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကိုထိန်းချုပ်ထားသောကြောင့် ဖွဲ.စည်းပုံပြင်လိုလျှင် ပြည်သူအားလုံးကရွေးချယ်ထားသော လွှတ်တော်အမတ်အားလုံးက ထောက်ခံပင်လျှင်မဖြစ်နိုင်ပေ၊ ထိုသို့ဖြစ်ရန်အတွက် တပ်မတော်၏ ထောက်ခံမှုရရှိရမည်ဖြစ်သည်။

စကားပြောလျှင်ဘွင်းဘွင်းရှင်းရှင်းပြောဆိုတတ်သည့် ဒေါက်တာအောင်မိုးညိုသည် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ပါတီ၏ ဗဟိုကော်မတီဝင်ဖြစ်သည်။

လက်နက်ကိုင်ဆောင်နေသည့် အဖွဲ.အစည်းများက ပြည်တွင်းငြိမ်းချမ်း ရေးရရှိရန်မလိုလားကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးမရမှ ထိုအဖွဲ.များက တရားမ၀င်ရွှေတူးခြင်း၊ သစ်ခုတ်ခြင်း၊ ကျောက်စိမ်းမှောင်ခိုထုတ်ခြင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်း လုပ်ငန်းများကို လုပ်ကိုင်နိုင်နေမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

“ပြည်တွင်းငြိမ်းချမ်းရေးမရှိမှ အလုပ်ဖြစ်မယ်ဆို သူတို့က ပြည်တွင်းငြိမ်းချမ်းရေး လိုချင်မှာမဟုတ်ဘူး” ဟု စစ်အစိုးရလက် ထက်  နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲပြီး ၀န်ကြီးချုပ်ဖြစ်လာသူ ဒေါက်တာအောင်မိုးညိုက ပြောဆိုလိုက် သည်။

မကွေးတိုင်းဝန်ကြီးချုပ်နှင့် မဇ္စိုမအင်တာဗျူးကို သွားရောက်ကြည့်ရှုရန် ....
https://www.facebook.com/MizzimaDaily/videos/318412755669087/

Comments