မောင်စွမ်းရည် - ပြည်ပစာနယ်ဇင်း



မောင်စွမ်းရည် - ပြည်ပစာနယ်ဇင်း 
(မိုးမခ) ဇန်န၀ါရီ ၂၊ ၂၀၁၉ 

“ပြည်ပစာနယ်ဇင်း” လို့ခေါင်းစီးတပ်လိုက်ပေမယ့် တကယ်တော့ ပြည်ပမှာထုတ်တဲ့ စာနယ်ဇင်းရယ်လို့ ခုအခါ မယ်မယ်ရရမရှိလှတော့ပါ။ ပြည်ပကို မြန်မာတွေ တစုတပြုံကြီးရောက်လာကာစမှာတော့ တော်တော်လေးများခဲ့ပါတယ်။ ပြီးတော့ ခုဆယ်နှစ်လောကအတွင်းမှာပဲ ဖေ့စ်ဘုက၊် ဝက်ဆိုဒ်၊ အင်တာနက် ဆိုတာတွေက အရမ်းရမ်းကြီးကိုပဲ တွင်ကျယ်လာတော့ စက္ကူပေါ်မှာထက် “အကာကိုလွှာပုံပြု” တယ်ဆိုတဲ့ ရှေးစကားတိုင်းပဲ လေထဲမှာရေးကြတာက ပိုများ၊ ပိုလွယ်လာလို့ထင်ပါရဲ့ စက္ကူနဲ့ရိုက်ထုတ်တဲ့ စာစောင်တွေက လျော့သထက်လျော့လာတယ။် ပြည်ပဆိုတာ အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ ဂျပန်၊ တရုတ်၊ သြစတြေးလျ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား စတဲ့နိုင်ငံများကိုဆိုလိုပါတယ်။ အထူးသဖြင့်တော့ မြန်မာတွေ တရားဝင်ရော၊ တရားမဝင်ရော အရောက်အများဆုံးကတော့ အမေရိကန်ပြည်ထောင်စုပဲဖြစ်မယ်ထင်ပါတယ်။ နီးလို့ ထိုင်းကို ဗမာတွေအများကြီးထွက်ခဲ့ပေမယ့် စခန်းထောက်အဖြစ်ပဲ ဝင်ကြပြီးနောက် အမေရိကန်၊ ဂျပန် နိုင်ငံတွေကို ကူးကြတာများပါတယ်။ ထိုင်းရောက် မြန်မာကျောင်းသားတွေကို ပြည်ပရောက်အစိုးရအဖွဲ့ (ဒေါက်တာစိန်ဝင်းတို့အဖွဲ့) ကိုပါ ပူးတွဲပြီး အမေရိကန်ပြည်ထောင်စုကို ထောင်ချီပြီး ပို့ခဲ့ပါတယ်။ မြန်မာတွေ များတဲ့ အမေရိကား၊ ထိုင်း၊ ဂျပန် တို့မှာ မြန်မာစာအုပ်တွေ၊ စာနယ်ဇင်းတွေ အထုတ်များခဲ့ပါတယ်။

တရုတ်ပြည်ရောက် မြန်မာတွေကတော့ တသီးတခြား ပြောရပါလိမ့်မယ်။ တချို့က ရှစ်လေးလုံးအရေး တော်ပုံကြီးမတိုင်မီကတည်းက ရောက်နှင့်နေကြသူတွေဖြစ်ပါတယ်။ သူတို့အများစုက ဗမာပြည်ကွန်မြူနစ်ပါတီ နဲ့ ပတ်သက်သူချည်းများပါတယ်။ ဗိုလ်ချုပ်ကျော်ဇောတ့၊ို ဖိုးသံချောင်းတို့လို ကွန်မြူနစ်များအပါဝင်ပေါ့။ ကျန်တဲ့ တိုင်းပြည်တွေကို ထွက်လာသူတွေက ကွန်မြူနစ်တွေချည်းမဟုတ်ကြပါဘူး။ သူတို့ ယူဂျီတွေလည်း ပါချင်ပါမယ် ပေါ့။ အများစုကတော့ ရှစ်လေးလုံးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြရင်း ထိုင်းနိုင်ငံကတဆင့် ရောက်လာသူတွေများပါ တယ်။

ပြည်ပကိုရောက်ရင်တော့ “နယ်စည်းမခြားမြန်မာများ” လို့ ဆိုရမယ်ထင်ပါတယ်။ တရုတ်၊ ဂျပန်၊ အမေရိကားမရွေး တနိုင်ငံနှင့်တနိုင်ငံလှမ်းပြီး လွတ်လွတ်လပ်လပ် စကားပြောလ့ရို နေပါတယ်။ ခုဆိုရင် ဖုန်းပေါ် မှာပဲ ရုပ်မြင်သံကြား စကားပြောလို့ရနေပြီဖြစ်ပါတယ်။ ကဗျာဆရာ ကိုတင်မိုးတယောက် အမေရိကားရောက်စ မှာ သူ့မိတ်ဆွေတယောက်က “ဆရာနဲ့ စကားပြောချင်လို့တဲ”့ ဆိုပြီး သူ့လက်ထဲကို ဖုန်းပေးလိုက်သတဲ့။ ကောက်နားထောင်လိုက်တော့ တဖက်ကအသံလည်းကြားရော ဘယ်တုန်းကမှ ဆဲပြီး စကားမပြောဘူးတဲ့ ကဗျာဆရာကြီးဟာ ယောင်ရမ်းပြီး ဆဲလိုက်မိပါသတဲ့။ တဖက်ကဖုန်းဆက်သူက သူနဲ့နှစ်ပေါင်းများစွာကွဲကွာနေ သူ သူ့ညီလေးတယောက်။ ဖိုးသံချောင်း။ လူထုဖိုးသံချောင်းတဲ့။ ပြီးတော့မှ ဝမ်းသာအားရနဲ့ အကြာကြီး ဖုန်းပေါ်မှာ ပါးစပ်ချင်းဆုံ ပြောလို့မကုန်။

ပြည်ပမှာတော့ တိုးတက်နေတဲ့မီဒီယာတွေသာရှိပြီး ဆုတ်ယုတ်နေတဲ့ စစ်အာဏာရှင်တွေမရှိဘူးလေ။ စာမူတွေလည်းတောင်းကြ၊ ပေးကြတယ်။ ကျွန်တော်တို့ ဂျပန်ကိုသွားလည်တော့ တရုတ်ပြည်က ဖိုးသံချောင်းနဲ့ စကားတွေအများကြီးပြောရတယ်။ ဂျပန်နဲ့ အမေရိကားက စာနယ်ဇင်းတွေမှာလည်း သူ့စာတွေတောင်းပြီး ထည့်သွင်းဖော်ပြကြပါတယ်။ ဂျပန်ပြည်စာအုပ်ထုတ်ဝေရေးလုပ်နေတဲ့ ကျောင်းသားတွေက သူ့စာအုပ် တအုပ် တောင် ထုတ်လိုက်ပါသေးတယ်။ ပြည်ပရောက်မှ တိုးပွားနေတဲ့မိတ်ဆွေတွေ၊ ရဲဘော်တွေပေါ့။ ဂျပန်ရောက် မြန်မာကျောင်းသားတွေကလည်း ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲမရှိကြပါဘူး။ စာပေသမားချင်းအဖြစ်နဲ့ပဲ ခင်မင်သွားကြတာ ပါ။ တခုတော့ရှိတာပေါ့။ စစ်အစိုးရကိုတော့ ဘုံရန်သူပေါ့။ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ “နိုင်ငံရေး” ကိုတော့ ကိုယ်စီရင်ဝယ်ပိုက်ထားကြတာပေါ့။ နိုင်ငံရေးကို ဦးထိပ်ရွက်ပြီး ကိုယ့်အိတ်ထဲကငွေနဲ့ပဲ စာစောင်တွေ ထုတ်ကြပါတယ်။ တချို့လည်း တပတ်တခါ၊ တချို့ကတလတခါ တတ်နိုင်သလိုထုတ်သွားကြတာပါ။ ငွေကြေး အထောက်အပံ့ ဘေးဘီက ရတယ်ဆိုတာ အလွန်ရှားပါလိမ့်မယ်။ တကယ်တက်ကြွတဲ့ နိုင်ငံရေးစိတ်ပါ။

ပထမပိုင်းမှာတော့ ထိုင်း-ဗမာ နယ်စပ်ကပဲ စာစောင်တွေ၊ စာအုပ်တွေ အလျှိုလျှိုထွက်လာပါတယ်။ ထင်ရှားတဲ့ဝတ္ထုရေးဆရာ နိုင်ဝင်းဆွေ၊ သတင်းစာဆရာ ဦးဝင်းခက်တို့ရှိကြပါတယ်။ ဆရာအောင်ဗလကတော့ အမေရိကားမှာနေရင်း ထိုင်းမှာထုတ်တဲ့ ခေတ်ပြိုင်ဂျာနယ်ကို တည်းဖြတ်ပေးခဲ့ပါတယ်။ ဝါရှင်တန်က ဓူဝံစာပေ ဆိုတာ အောင်စောဦးရဲ့ စာအုပ်တွေထုတ်တဲ့ စာအုပ်တိုက်ပါ။ မျက်မှောက်ခေတ်သမိုင်းစာအုပ်ကြီးတွေ- ဥပမာ ကျောင်းသားလူငယ်လှုပ်ရှားမှုသမိုင်း စာအုပ်မျိုးတွေထုတ်ခဲ့ပါတယ်။ ဓူဝံစာအုပ်တွေကို ထိုင်း-ဗမာ နယ်စပ်က ပုံနှိပ်တိုက်မှာ ပုံနှိပ်ခဲ့ပါတယ်။ အမေရိကားမှာ နယူးယောက်ကထုတ်တဲ့ “ပြည်သူ့အမြင်” ဆိုတဲ့ စာစောင်လေး ဟာလည်း ဆရာအောင်ဗလ၊ တင်မိုး၊ မောင်စွမ်းရည် တို့ ဆောင်းပါးတွေနဲ့ ထုတ်ခဲ့ဖူးပါတယ်။ ၁၀ နှစ်လောက်ခံ ခဲ့ပါတယ်။ ကြော်ငြာအားနဲ့ ထုတ်ခဲ့တာဖြစ်ပါတယ်။ ခုတော့ ၀ါရှင်တန်တို့၊ နယူးယောက်တို့မှာ ဘာမှမထုတ်တော့ပါ။

ခုအခါ အမေရိကန်ပြည်ထောင်စုမှာတော့ လော့စ်အိန်ဂျဲလိက ထုတ်နေတဲ့ မြန်မာဂေဇက်တခုပဲ လစဉ်ထုတ်ဂျာနယ်တခုအနေနဲ့ ပုံမှန်ရပ်တည်ထုတ်ဝေနေပါတယ်။ အဲဒါလည်း မူလကတော့ ရတနာပုံမန္တလေး ဂေဇက်ဆိုပြီး ထုတ်ဝေခဲ့တာပါ။ နောက်မကြာခင် ဒို့ဗမာထုံးစံအတိုင်း နှစ်ခြမ်းကွဲသွားပြီး တခြမ်းကမြန်မာဂေဇက်ရယ်လို့ ပေါ်ထွက်ရပ်တည်နေတာပါပဲ။ အင်တာနက်စာစောင်အဖြစ်ကတော့ ပထမပိုင်းမှာ မြင့်လှိုင်ရဲ့ ဘားမားတူဒေး ထင်ရှားပါတယ်။ တင်မိုး၊ မော်စွမ်းရည်တို့လည်း ပါဝင်ရေးသားခဲ့ပါတယ်။ နောက်တော့ ဘားမားတူဒေးကလည်း “ယက်စတာဒေး” ဖြစ်သွားခဲ့ပါတယ်။ ဆန်ဖရန်ဆစ္စကိုမှာတော့ မောင်ရစ်တို့ထုတ်နေတဲ့ မိုးမခကတော့ တန်ခိုးပြတုန်းပါပဲ။ ပုံနှိပ်မဂ္ဂဇင်းစာအုပ်အဖြစ် ဗမာပြည်မှာ ရိုက်နှိပ်ထုတ်ဝေနေပါတယ်။ လစဉ်တော့မဟုတ်ဘူး။ နှစ်လတခါလောက်တော့ ထုတ်ဖြစ်နေတယ်ထင်ပါတယ်။ ကြားဖောက်ပြီးတော့ မဂ္ဂဇင်း ဆောင်းပါးတွေကို စုပြီး စာအုပ် ထုတ်လိုက်တာလည်း ရှိပါတယ်။ မောင်စွမ်းရည်ရေးတဲ့ သူငယ်ချင်းတင်မိုး ဆောင်းပါးစုလို စာအုပ်မျိုးပေါ့။

ပြည်ပရောက် စာရေးဆရာတွေကတော့ စာမူခ ရရ၊ မရရ ရေးနေကြတာပါပဲ။ နိုင်ငံရေးက အရေးကြီးနေ တာဆိုတော့ ငြိမ်နေလ့မို ဖြစ်ဘူး။ ဆရာမောင်သာရတယောက်ကတော့ အသပြာမပေး စာမရေးဘူးတဲ့။ သူကတော့ နိုင်ငံရေးအကြောင်းအရာ ရေးလေ့မရှိလို့ မရေးလည်း အရေးမကြီး ပါဘူး။ သူဘာသာရေးပြီး သိမ်း ထားလိုက်တွေရှိတယ် ပြောပါတယ်။ နိုင်ငံရေးအရေးကြီးတဲ့ကာလမှာ စာရေးဆရာဟုတ်ဟုတ်၊ မဟုတ်ဟုတ်။ ထုတ်ဝေသူအစစ် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အရေးမကြီး ပါ။ ဖြစ်သလို ကိုယ့်ငွေနဲ့ကိုယ် ထုတ်ဝေနေကြတာဟာ ပြည်သူ့တာဝန် ကျေပွန်ရာကျတာပဲ မဟုတ်လား။

မောင်စွမ်းရည် 
၂၀၁၈ စတင်ဘာ ၁

Comments