ကျော်ကျော် (မြရည်စမ်း) ● ရင်​ဘတ်​ထဲဖြတ်​စီးသွားတဲ့ ​ချောင်းကမ်းစပ်​​တွေမှာ

 
 ကျော်ကျော် (မြရည်စမ်း) ● ရင်​ဘတ်​ထဲဖြတ် စီးသွားတဲ့ ​ချောင်းကမ်းစပ်​​တွေမှာ
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၈


(တစ်​)
အိမ်​​နား​မှာ ​ချောင်းက​လေးရှိတယ်​။ ​အဲ့ဒီချောင်းက​လေးက မြို့ရဲ့ရင်​ခွင်​ထဲဖြတ်​ပြီးစီး​နေတာ။ မြန်​မာပြည်​က​ချောင်းဆို​တော့ ဗင်းနစ်​မြို့ကတူး​မြောင်းလို​တော့ ဘယ်​လှလိမ့်​မလဲ။ ​လှေက​လေး​တွေ​လှော်​​နေကြတာမရှိပါဘူး။ ​လှေ​လှော်လို့ရတဲ့​ရေအနက်​ရှိပါတယ်​။ ဒါ​ပေမဲ့ ​လှေစီးပြီး​တော့ ဘယ်​သွားကြမလဲ။ ​အလုပ်​မဖြစ်​နိုင်​ပါဘူး။ ချောင်းကမ်းစပ်​မှာ ​ကော်​ဖီဆိုင်​မရှိဘူး​။ ​လှေအဆင်း မြင်းအတက်​တဲ့။ ​လှေက​လေးကမ်းကပ်​ဖို့ ​သေ​သေချာချာပြုပြင်​ထားတဲ့ ​လှေဆိပ်​လည်းမရှိပါဘူး။ ​ချောင်းကမ်းစပ်​မှာ ငါးထိုင်​မျှား​နေကြတဲ့သူ​တွေရယ်​ အမှိုက်​ပုံရယ်​ ရှိပါတယ်​။ နယ်​မြို့​လေးဆို​တော့ ကျူး​ကျော်​တဲ​တွေ​တော့မရှိဘူး​ပေါ့။ ငါးမျှားသူ​တွေအတွက်​ အမှိုက်​ပုံရှိတာအဆင်​​ပြေတယ်​။ တစ်​ထွာတစ်​မိုက်​​လောက်​ ဆွလိုက်​ရုံနဲ့ တီ​ကောင်​​တွေတ​ထွေးကြီးရ ပါတယ်​။ တီ​ကောင်​​တွေအတွက်​လည်း အမှို​က်​ပုံရှိတာ အဆင်​​ပြေတယ်​ထင်​ပါရဲ့။ သူတို့ကို ကြည့်​ရတာ အမှိုက်​​ဆွေး​တွေ​အောက်​မှာ ​​ပျော်​မြူး​နေကြပုံပါပဲ။

"မြက်​ခင်း​ပေါ်မနင်းရ"၊"ငါးမမျှားရ၊​ ရေမချိုးရ"၊ "စုံတွဲများ မဖွယ်​မရာမပြု" ဆိုတဲ့ စာတန်း​​တွေ၊ဆိုင်းဘုတ်​​တွေကိုလည်း ​ချောင်း​လေး​ဘေးမှာ ရှာမ​နေနဲ့။ မရှိပါဘူး။ မြက်​ခင်းပြင်​လည်း မရှိဘူး။ ​ပေါက်​ချင်​သလို​ပေါက်​​နေကြတဲ့အ​လေ့ကျအပင်​​လေး​တွေပဲ ရှိပါတယ်​။ ကျန်​တာ​တွေကိုလည်း ​ပြော​နေလို့အပိုပါပဲ။ အမိန့်​​ပေးဝါကျ​တွေ။ ​စေခိုင်းဝါကျ​တွေဟာ ​ချောင်းက​လေးရဲ့ ကမ်းစပ်​မှာ အသုံးမတည့်​ဘူး။ အသုံးမတည့်​တာနဲ့အလုပ်​မဖြစ်​တာ အတူတူပဲလား။ သီးခြားစီလား။ "အမှိုက်​မပစ်​ရ"ဆိုင်းဘုတ်​က​တော့ အမှိုက်​ပုံနဲ့​ရောပြီးပါသွားတယ်​လို့ ​ပြောသံကြားဖူးပါတယ်​။

(နှစ်​)
ကျ​နော့်​ကို အမှိုက်​ပစ်​ခိုင်းလိုက်​တိုင်း အမှိုက်​အိတ်​က​လေးဆွဲပြီး အဲဒီကိုသွားရတယ်​။ စာဖတ်​​နေတုန်းခိုင်းလိုက်​ရင်​လည်း သွားရတာပါပဲ။ စာဖတ်​​နေတာ အလုပ်​ဟုတ်​သလား မဟုတ်​ဘူးလား တစ်​ခါမှမစဉ်းစားမိဘူး။ စာ​ရေးဖို့ စာဖတ်​တယ်​။ စာ​ရေးတာကအလုပ်​ဖြစ်​တယ်​။ အဲတာ​ကြောင့်​ စာဖတ်​တာအလုပ်​လို့ ​ကွေ့ပတ်​ဆက်​စပ်​ပြီးလည်း မ​တွေးဖူးပါဘူး။ ဒါ​ပေမဲ့ တစ်​ခါတ​လေ​တော့ အမှိုက်​​အိတ်​ကြီးသယ်​လာရ​င်း စိတ်​ကစာဖတ်​​နေပြန်​တယ်​။ အမှိုက်​​တွေကို ​ချောင်းထဲသွန်​မချပါဘူး။ ကမ်းစပ်​ကအမှိုက်​ပုံမှာပဲ သွန်​ချထားခဲ့တယ်​။ အမှိုက်​​တွေထဲကို တစ်​ခါတ​လေ​တော့ကြည့်​မိ​သေးတယ်​။ မီးဖို​ချောင်​က အမှိုက်​​တွေနဲ့အိမ်​သန့်​ရှင်း​ရေးလုပ်​ရာက အမှိုက်​​တွေ များတာပါပဲ။ စာအုပ်​အ​ဟောင်း​တွေလည်းပါတတ်​တာ​ပေါ့။ ဗလာစာအုပ်​​ဟောင်း​တွေဆိုတာကလည်း အရင်​တုန်းကသာ ​ဈေး​ကောင်းရတာ။ အခုက ​ရောင်းပန်းလှ​တော့တာမှမဟုတ်​တာ။ စကား​ပြောရတာပင်​ပန်းပါတယ်​။ အလုပ်​မဖြစ်​မဲ့အတူတူ သွား​တော့အမှိုက်​အိတ်​ထဲပဲ​ပေါ့။ 

အမှိုက်​သွားပစ်​တဲ့အခါ ​ကော်​နဲ့ဂျပ်​လိုက်​​ကောက်​တဲ့သူ​တွေနဲ့ ကြုံရတတ်​တယ်​။ သူတို့က အချိုရည်​ဗူးခွံတို့​အသင့်​စား​ခေါက်​ဆွဲဂျပ်​ခွံတို့ လိုက်​​ကောက်​တဲ့သူ​တွေ။ ဟိုတုန်းက အဲသလိုမျိုးလိုက်​​ကောက်​ကြတဲ့သူ​တွေဆိုတာ က​လေး​တွေနဲ့အမျိုးသမီး​တွေပဲ မြင်​ရတတ်​တာပါ။ အခု​တော့ ​ယောက်ျား​လေးအရွယ်​စုံကို ​တွေ့​နေရတယ်​။ ​ပြန်​​ရောင်းလို့ ရတဲ့ပိုက်​ဆံကို ဆန်​ဝယ်​ချင်​လည်း ဝယ်​ကြမှာ​ပေါ့။ ​ဆေးဝယ်​ချင်​လည်းဝယ်​ကြမှာ​ပေါ့။ တ​စ်​​နေ့လုံး​လိုက်​​ကောက်​မှ ပိုက်​ဆံနည်းနည်းပဲ ရကြတယ်​တဲ့။ ဆန်​ဝယ်​ဖို့​နိုင်​နိုင်​ပါ။ ​ဆေးက​တော့ ​ဈေးကျ​နေတယ်​လို့ ​ပြောကြတယ်​။ ​ဆေးသုံးထားရင်​ အလုပ်​ဖြစ်​သတဲ့။ ထမင်းမစားပဲ တစ်​​နေကုန်​ အမှိုက်​ပုံဖွပြီး​နေနိုင်​တယ်​လို့ ​ပြောကြတယ်​။ အလုပ်​ဖြစ်​တယ်​တဲ့။

ကျ​နော့်​အမှိုက်​အိတ်​သွန်​လိုက်​ရင်​ တစ်​ခါနှစ်​ခါ​လောက်​ ဖွကြည့်​ကြ​သေးတယ်​။ ​နောက်​​တော့ အလုပ်​မဖြစ်​ပါဘူးလို့​ပြောကြတယ်​။ ပြောပြီး ကျ​နော့်​ကို အားနာသွားပုံရတယ်​။ ကျ​နော်​ကလည်း ​တွေ့​နေကြဆို​တော့စ,တတ်​တယ်​။ အလုပ်​ဖြစ်​လား​ပေါ့။ ပြုံးတဲ့အခါပြုံးကြ မဲ့တဲ့အခါမဲ့ကြ။ သူတို့အလုပ်​ဖြစ်​​အောင်​ အိမ်​မှာအချိုရည်​​သောက်​ဖြစ်​တဲ့အခါ ဗူးခွံ​လေး​တွေကို စုထား​ပေးလိုက်​တယ်​။ အမှိုက်​သွားပစ်​တဲ့အခါ ယူသွား​ပေးမိတယ်​။ အဲဒီလို​နေ့မျိုးကြ​တော့ သူတို့နဲ့မကြုံပြန်​ဘူး။ ဒီအတို​င်းပစ်​ချထားခဲ့ရတယ်​။ တစ်​​ယောက်​​ယောက်​​တော့ ​ကောက်​သွားမှာပဲ။ အဲဒီလိုအခါမျိုးကျရင်​ ဒီ​ကောင်​​တွေနဲ့​တော့အလုပ်​မဖြစ်​ပါဘူးလို့ ကျ​နော်​က​ရေရွတ်​မိတယ်​။

အလုပ်​ဖြစ်​ခြင်းမဖြစ်​ခြင်းကို ရူပ​ဗေဒဘာသာရပ်​မှာ​ ပုံ​သေနည်း​တွေနဲ့ သင်​ရတယ်​လို့ သူငယ်​ချင်းတစ်​​ယောက်​​ပြောဖူးပါတယ်​။ အမှိုက်​ပုံကို စည်​ပင်​သာယာကားက တစ်​ပတ်​တစ်​ခါလာသိမ်းတယ်​။ ​"နေမပူခင်​အလုပ်​ဖြစ်​​အောင်​ လုပ်​ကြ​ဟေ့"လို့  ​ဘောင်းဘီရှည်​နဲ့လူက​အော်​​ပြောပြီး ဆိုင်​ကယ်​​လေးနဲ့ ပြန်​ထွက်​သွားတယ်​။ အမှိုက်​​တွေကို စည်​ပင်​သာယာက မသိမ်းပဲထားလိုက်​ရင်​ အများကြီးဖြစ်​​နေ​လောက်​ပြီ။ တီ​ကောင်​​တွေလည်း အများကြီးဖြစ်​​နေမှာပဲ။ မိုးရာသီ​ရောက်​တဲ့အခါ ​​ချောင်း​ရေတက်​လာလိမ့်​မယ်​။ အဲဒီအခါမှာ အမှိုက်​​ဆွေး​တွေ၊ကြွတ်​ကြွတ်​အိတ်​​တွေဟာ  ​ရေစီးနဲ့ပါသွားကြမှာပဲ။ အခု​နေရာ​လေးမှာ ရှင်းသွားပြီး ဘယ်​​နေရာမှာ သွားရှုပ်​​နေမလဲ။ အလုပ်​ဖြစ်​ရဲ့လား။ အလုပ်​ဖြစ်​လို့လား။ "​နေမပူခင်​မြန်​မြန်​​ဟေ့"လို့ အလုပ်​သမားတစ်​​ယောက်​က ​အော်​​နေပြန်​တယ်​။ အမှိုက်​​တွေကား​ပေါ်ပါသွားကြတယ်​။ တီ​ကောင်​တစ်​ချို့လည်းပါသွား​လောက်​တယ်​။ ငါးမျှားတဲ့သူ​တွေက အမှိုက်​သိမ်းပြီးကာစ ​မြေမည်းမည်းကို အသာ​လေးဆွလိုက်​ရုံနဲ့ တီ​ကောင်​နီနီရဲရဲကြီး​တွေ ထွက်​လာတယ်​။ "တီရိုင်းကြီး​တွေ အလုပ်​မဖြစ်​ဘူး​ဟေ့"။ ​နောက်​တစ်​​နေရာကို ဆွကြပြန်​တယ်​။ တီရိုင်းကိုငါးမဆွဲရဲတာလား။ သတ်​လိုက်​လည်း အလုပ်​မဖြစ်​ဘူးတဲ့။ ငါး​တွေက လွန့်​လွန့်​လူးလူးတီအ​သေး​လေး​တွေကို ပိုပြီးမျက်​စိကျကြသတဲ့။

တီ​ကောင်​အ​သေး​လေးတစ်​​ကောင်​ကို ငါးမျှားချိတ်​မှာ အရှင်​လတ်​လတ်​တပ်​လိုက်​မယ်​။ ပြီးရင်​ ​​ချောင်းအလယ်​​လောက်​ကိုမှန်းပြီးပစ်​ချလိုက်​မယ်​။ ​ဆေးလိပ်​​လေးဖွာရင်း ကွမ်းယာက​လေးမြုံ့ရင်း ​တွေးမိ​တွေးရာ​တွေးရင်း ​ဖော့က​လေးကို ​ငေး​နေကြတယ်​။ ငါး​လေး​တွေက လွန့်​လွန့်​လူးလူး တီ​ကောင်​​လေးကို ဟပ်​တဲ့အခါ ​ဖော့က​လေးမြုပ်​သွားတယ်​။ ငါးမျှားသူက ဖျပ်​ခနဲသုတ်​လိုက်​တယ်​။ ဆန္ဒ​စောလွန်းရင်​လည်း မမိလိုက်​ဘူး။ ချိန်​ဆတာကြာသွား​တော့လည်း တီ​ကောင်​မရှိ​တော့တဲ့ ချိတ်​ပဲမြင်​ရ​တော့တယ်​။ အလုပ်​မဖြစ်​ပါဘူးကွာ။ တီ​ကောင်​​လေးကို တယုတယကိုင်​ပြီးချိတ်​ဖျား​လေးနဲ့ အလျားလိုက်​​ဖောက်​သီလိုက်​တယ်​။ ​နောက်​တစ်​​ခေါက်​ထပ်​ပြီး ကြိုးစား​နေပြန်​တယ်​။ ​နေ​ရောင်​အ​တော်​​လေးရင့်​လာတဲ့အခါ ​ချောင်းကမ်းစပ်​က သစ်​ရိပ်​ဝါးရိပ်​​လေးမှာ ကွမ်း​လေးမြုံ့ရင်း ​ဆေး​ပေါ့လိပ်​​လေးဖွာရင်း ​တွေး​ငေးလို့ ​ဖော့​လေးကို မျက်​ခြည်​မပြတ်​ရဲဘူး။

ည​နေ​စောင်းတဲ့အချိန်​အထိ ငါးမျှား​နေသူ​တွေ မပြန်​ကြ​သေးဘူး။ တစ်​​နေ့ထက်​တစ်​​နေ့ မျှားသူများလာတဲ့ ​ချောင်းကမ်းစပ်​​လေးကို အမှိုက်​ပစ်​ရင်း​ရောက်​​ရောက်​သွားတယ်​။ တစ်​ချို့က ​နေသာဝင်​​တော့မယ်​ တစ်​​ကောင်​မှမျှားလို့မရတာလည်းရှိကြတယ်​။ ​အလုပ်​မဖြစ်​ပါဘူးလို့ ​ရေချိုး​နေရင်း ကျ​နော့်​ကို လှမ်း​ပြောတယ်​။ ​ရေချိုးပြီးအိမ်​ပြန်​ရုံပဲတဲ့။ သူ​ရေထဲကတက်​လာ​တော့ အနားကလူတစ်​​ယောက်​က ငါးမျှားတံကို ဆတ်​ခနဲသုတ်​လိုက်​တယ်​။  ငါးကြီးတစ်​​ကောင်​ ပါလာတယ်​။ ​ငါးမျှားတံဟာ ​ကွေးညွှတ်​​နေတယ်​။ အခုမှပဲ အလုပ်​ဖြစ်​​တော့တယ်​ကွာ လို့ ဝမ်းသာအားရ​ပြော​နေတယ်​။ ​ဘေးကလူ​တွေလာကြည့်​ကြတယ်​။ အရင်​တုန်းက ဘယ်​လိုအစာနဲ့မှမျှားလို့မလွယ်​တဲ့ငါးမျိုး။ ဒီ​နေ့​တော့ သေ​နေ့​စေ့လို့ ​နေမှာ​ပေါ့တဲ့။

(သုံး)
ဗင်းနစ်​မြို့ကတူး​မြောင်း​ကြီးလို ​အိမ်​နားက​ချောင်းက​လေးကို ပြုပြင်​ဖန်​တီးလိုက်​ရရင်​ ဘယ်​​လောက်​​ကောင်းမလဲလို့ ကျွန်​​တော်​​တွေးမိ​သေးတယ်​။ အမှိုက်​ပစ်​လို့​တော့ ရမှာမဟုတ်​​တော့ဘူး။ အလုပ်​မဖြစ်​ပါဘူး။ စာအုပ်​​တွေထဲက ဗင်းနစ်​မြို့ဟာ သိပ်​လှတာပဲ။ ကမ္ဘာ​ကျော်​ပဲ။ အမြဲတမ်းကမ္ဘာ​ကျော်​​နေပါ့မလား။ ငါးမျှားသူ​တွေလည်း တီ​ကောင်​ရှာဖို့ခက်​ကုန်​​ရော့မယ်​။ အစာတု​တွေကို ​ချောင်းငါး​လေး​တွေက မကြိုက်ကြဘူးတဲ့။ တ​စ်​​နေ့ကရသွားတဲ့ ​ငါးကြီးဟာ အစာတုကိုဟပ်​လိုက်​တာလို့ ​ပြောတယ်​။ ဗင်းနစ်​မြို့က တူး​မြောင်း​ဘေးမှာ တီ​ကောင်​​တွေနဲ့ငါးမျှား​နေကြသူ​တွေ ရှိလားမရှိလား စာအုပ်​ထဲပြန်​ရှာရအုံးမယ်​။

ကျ​နော့်​အိမ်​နားက ​ချောင်း​က​လေးလိုမျိုး ​ မြို့​လေး​တွေအ​တော်​များများမှာ ရှိ​နေကြမယ်​ ထင်​ပါတယ်​။ အမှိုက်​ပုံ​​တွေ၊တီ​ကောင်​​တွေ၊​ကော်​ဗူးနဲ့ဂျပ်​စက္ကူ​ကောက်​သူ​တွေလည်း ရှိကြမှာပါပဲ။ ​တွေး​တွေးဆဆနဲ့ငါးမျှား​နေသူ​တွေ ဘယ်​​လောက်​များရှိနိုင်​ပါ့မလဲ။ အစာအတုတပ်​မလား။ တီ​ကောင်​​လေး​တွေတပ်​ကြမလား။ ​ရေခြင်းတူ​ပေမဲ့လည်း ငါးမျိုးစိတ်​ခြင်းက တူချင်​မှတူမှာ​ပေါ့။ ရင်​ဘတ်​ထဲဖြတ်​စီးခံရတဲ့ ​ချောင်းဖြစ်​တိုင်း ဗင်းနစ်​မြို့က တူ​မြောင်း​လေးလို ဖြစ်​ချင်​မှဖြစ်​မှာ​ပေါ့လို့ မြို့​လေးကလည်း ​တွေး​နေနိုင်​ပါတယ်​။

ဗင်းနစ်​မြို့ကတူး​မြောင်းထဲမှာ ​လှေစီးရင်း ငါးမျှားကြည့်​ချင်​မိတယ်​။ အဲဒီမှာ ​ခြောက်​ဆယ်​သား​လောက်​ရှိတဲ့ငါးတစ်​​ကောင်​ရခဲ့ရင်​ ​ပျော်​စရာပဲ။

စိတ်​ကူးဟာ အလုပ်​မဖြစ်​​လောက်​ပါဘူး။ ကြီးကြီးကျယ်​ကျယ်​သာ ​​လျှောက်​​တွေး​နေမိတာ။ နိုင်​ငံကူးလက်​မှတ်​​တောင်​မှ ကျ​နော့်​မှာမရှိပါဘူး။ ​​အမှိုက်​ပုံ​အောက်​မှာမှ တီ​ကောင်​​တွေရှိ​သေးတယ်​။ တီ​ကောင်​​တွေက ငါးမျှားတဲ့သူ​တွေအတွက်​ အလုပ်​ဖြစ်​​စေတယ်​။ ငါး​သေး​သေး​တော့ ရမှာပါ။ ကြီးကြီးဟပ်​​စေချင်​ရင်​​တော့ အစာတုတပ်​ရမှာပဲ။ မြို့​လေးရဲ့ရင်​ဘတ်​ထဲဖြတ်​စီးသွားတဲ့​ချောင်း​ထဲမှာ ငါး​တွေရှိ​သေးတယ်​။

ကျော်​​ကျော်​ (မြရည်​စမ်း)

Comments