မြဇင်ယော် ● ဆန်ရေ မမည့်တမည်
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၁၈
(မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၁၈
နှစ်တိုင်း ကိုယ့်မွေးနေ့မှာပဲ အလှူလုပ်နေရတာ။ ဒီနှစ် အဖေနဲ့အမေ့ကို မွေးနေ့လုပ်ပေးမယ်ဆိုတော့ အဖေက ငြင်းရော။ ဘာလို့လုပ်မှာတုန်းတဲ့။ လုပ်ရအောင်ပါလို့ တိုက်တွန်းလည်း မလုပ်ပါဘူးဆိုမှ မလုပ်ဘူးတဲ့။ ဇွတ်ငြင်းရော။ လုပ်မှာပဲ၊ မွေးနေ့ ကိတ်ခွဲပြီးကို လုပ်ပေးမှာလို့ သုံးလေးခါလောက် အတိုက်အခံပြောမှ ကောင်းတာပေါ့တဲ့။ ခွင့်ပြုမိန့်ရတယ်။ တကယ်တော့ မွေးနေ့မလုပ်ချင်ဘူးဆိုတာ သူတို့မွေးနေ့လုပ်လိုက်ရင် နောက်မှရောက်လာမယ့် ကိုယ့်မွေးနေ့မလုပ်နိုင်တော့မှာ စိုးရိမ်လို့ပဲ။
မွေးနေ့ပွဲလေး လုပ်ဖြစ်သွားပြီ။ ဒီနေ့ အဖေ့အသက် ၅၃ နှစ်ပြည့်တယ်၊ အမေကလည်း ၅၃ နှစ်ပဲ။ အမေက အဖေ့ထက် ၁ ပတ်စောပြီး မွေးတာဆိုတော့ ပြည့်ပြီးပြီ။ အမေက နတ်တော်လဆန်း ၁၁ ရက်၊ အဖေက နတ်တော်လပြည့်ကျော် ၃ ရက်။ အစကတော့ ကြားကျကျ နတ်တော်လပြည့်နေ့မှာ လုပ်မလို့ပဲ။ လပြည့်နေ့က ရွာမှာ နိဗ္ဗာန်ဈေးပွဲတော်ရှိနေတော့ အဖေ့မွေး နေ့မှာပဲ ပေါင်းလုပ်လိုက်ရတာ။ နှစ်ယာက်စလုံး စနေနေ့မှာ မွေးလာခဲ့သူတွေ။ သူငယ်ချင်း ၁ ယောက်က မေးဖူးတယ်။ စနေချင်းထပ်တော့ ဘာထူးခြားလဲတဲ့။ ကိုယ်က ကျန်တာတော့မသိဘူး၊ ရန်ဖြစ်လို့ စိတ်ဆိုးကြရင်တော့ တော်တော်နဲ့ ပြန်မ ခေါ်ကြဘူးလို့။
အသက် ၁၉ နှစ်အရွယ်တွေမှာ အိမ်ထောင်ကျခဲ့တဲ့ အဖေနဲ့အမေက အသက် ၂၅ နှစ်ပြည့်ချိန်မှာ ကလေး ၃ ယောက်ရနေပြီ။ အဖေနဲ့အမေက အစ်ကိုကြီးနဲ့ဆို အနှစ် ၂၀ ပဲကွာတယ်။ ဒါတောင် ကလေးမယူတော့လို့။ ယူများနေရင် မောင်နှမ ဘယ်နှ ယောက်များ ရမလဲမသိဘူး။ အဖေနဲ့အမေ အိမ်ထောင်ကျစောတာ အမေဘက်က အဘိုးကြောင့်ပဲ။ သမီးရည်းစားဘဝ အမေ့ကို သွားတွေ့တဲ့ အဖေ့ကို အဘိုးက ဓားနဲ့လိုက်ခုတ်တာ၊ မမီတော့ လှမ်းပစ်လိုက်သတဲ့၊ အဖေက လယ်ကန်သင်းကို ခုန်အကျော်၊ ဓားက အစိုက်မို့ မသေတာတဲ့။ နောက်တနေ့ အမေက "မောင်ခေါ်ရာ လိုက်ခဲ့တော့မယ် ယုံတော့ မောင်ကြီး ရယ်" ဆိုပြီး အဖေ့နောက် လိုက်လာတော့ ပြတ်ကရော။ သား ၂ ယောက်ရတဲ့အထိ အဘိုးက အမေ့ကို မခေါ်ဘူးတဲ့။ နောက် တော့မှ သားရှားတဲ့အဘိုးက မြေးယောက်ျားလေးတွေကြောင့် စိတ်ပျော့သွားတာနေမှာ။ အခု စကားစပ်မိလို့ အဖေ့ကို ဓားနဲ့ လိုက်တဲ့အကြောင်းတွေပြောမိရင် အမယ် အဲ့တုန်းက အဘ နည်းနည်းနောက်ကျသွားလို့၊ နို့မို့ကတော့ နင့်အဖေ အဘ လက်မှာ အသေပဲတဲ့။ ပြန်နွှဲလိုက်ချင်သေးတဲ့သဘော။
အဖေ့အကြောင်း တွေးကြည့်ရင် အဖေက မောင်နှမ ၁၀ ယောက်မှာ ၇ ယောက်မြောက်။ အဖေ့ဘက်က အဘိုးက ဘုန်းကြီး လူထွက် ကျောင်းဆရာ။ ရိုးတယ်။ နားအေးတယ်။ စီးပွားရေး နားမလည်ဘူး။ စာသင်တာကလွဲရင် ဘာစီးပွားရေးမှ မလုပ် တတ်ဘူး။ တောင်သူအလုပ်ကိုလည်း သူရင်းငှားနဲ့ လွှဲသတဲ့။ မိသားစုများတဲ့အပြင် အဖေ့အထက် အစ်ကို အစ်မတွေက မြို့ကျောင်းတက်ကြတော့၊ ကျောင်းစားရိတ်ထောင်း၊ တောင်သူလုပ်တော့ သူရင်းငှားတွေက လစာကြိုထုတ်၊ အချိန်မစေ့ခင် လိမ်ပြေးသူပြေး၊ မပြေးသူကလည်း ရေသာခိုသူ ခိုနဲ့၊ အဆင်မပြေတဲ့အခြေအနေမှာ အဖေက ၅ တန်းအောင်ပြီး ကျောင်းထွက် လိုက်ရတာတဲ့။
စီးပွားရေးတွက် တွက်ရင် အဖေ့အစ်ကို အစ်မတွေက အတန်းကြီးနေကြပြီဆိုတော့ အဖေပဲ ထွက်ရတဲ့သဘော။ အဖေ ကျောင်းထွက်တော့ သူရင်းငှားခသက်သာ၊ ဖိဖိစီးစီးလည်း လုပ်နိုင်ဆိုတော့မှ အိမ်စီးပွားရေးအသက်ရှူချောင်လာတယ်တဲ့။ အဲ့တော့ အဘိုးက ငါ့သားကို အဖေကျေးဇူးတင်လိုက်တာကွာလို့ပြောသတဲ့။ တကယ်ဆို ကျောင်းဆရာလည်းဖြစ်ပြန်၊ မိဘ လည်း ဖြစ်ပြန်ဆိုတော့ သူ့သား ကျောင်းထွက်ရတာကို ဘယ်လောက်တောင် စိတ်မကောင်းဖြစ်လိုက်မလဲဆိုတာ တွေးကြည့် လို့တောင် မရပါဘူး။ ကျောင်းဆရာ လူအေးကြီး မထွေးနိုင်မအန်နိုင်နဲ့ ဘယ်လောက်တောင် စိတ်ဒုက္ခရောက် လိုက်ရှာမလဲ။
အဖေက သူ ကျောင်းမတက်ခဲ့ရလို့လားမသိဘူး၊ သူ့သားသမီးတွေ တောထဲ ပျော်ပြီး ကျောင်းမတက်တော့မှာ ကြောက်တယ်။ တောထဲအပျော်လိုက်တာတောင် မကြိုက်ဘူး။ ရွာမှာက ငယ်ငယ်ရွယ်ရွယ် ကျောင်းထွက်ပြီး တောင်သူလုပ်ကြတာကိုး။ ကိုယ်ကလည်း မိန်းကလေးပီပီ ဟန်ချီချီ အလွန်ဣနြေ္ဒရ။ တောထဲ အင်ဥရှာ၊ အရှေ့တောင်ပေါ် သစ်ခွပန်းရှာ၊ တည်သီး ဆီး ဖြူသီးကောက်၊ သပြေပန်းချိုး၊ တောင်ကျချောင်းရိုးတလျှောက် မျှစ်ချိုး၊ မှိုရှာ အစုံပဲ။ ၂ ယောက်၊ ၃ ယောက်လောက် အဖော် ရရင် သွားတာပဲ။ အဲ့ဒါ အဖေသိသွားလို့ကတော့ ပြန်လာရင် ဆော်ပလော်အတီးခံဖို့သာ ပြင်ထား။
သတိရသလောက် အဖေက သားသမီးတွေ စာဖတ်အောင် တော်တော်လုံ့လထုတ်ခဲ့တယ်။ သတင်းစာဆို တစ်ရွာလုံးမှာ အဖေပဲယူတာ။ ဒါတောင် နေ့စဉ်ရတာ မဟုတ်ဘူး။ မြို့သွားမှ စုပြီးယူရတာ။ မင်္ဂလာမောင်မယ်၊ မြတ်မင်္ဂလာ စာစောင်တွေ လစဉ်ဝယ်ပေးတယ်။ သူ့အတွက်က ဓမ္မရံသီနဲ့ ဓမ္မရတနာဝယ်ဖတ်တယ်။ မြို့ကိုသွားရင် သူ့သားသမီးတွေ ဖတ်ဖို့ စာအုပ် တွေ ပါလာတတ်တယ်။ ပြီးတော့ သူကိုယ်တိုင်လည်း စာအုပ်တွေဝယ်၊ မြို့က နီးစပ်ရာ မိတ်ဆွေတွေဆီကနေလည်း အလှူ ခံပြီး လူငယ်စာဖတ်အသင်းလေးလည်း ထောင်ခဲ့ဖူးတယ်။ အဲ့တုန်းက စာကြည့်တိုက်အဆောက်အဦမရှိတော့ စာအုပ်တွေက အိမ်မှာပဲထားတာ။ ကိုယ်တွေ မောင်နှမသုံးယောက်ကတော့ အကြိုက်ဖတ်ကြရတာပေါ့။
အမေကျတော့ မောင်နှမ ၇ ယောက်မှာ အကြီးဆုံး။ ကျောင်းဆိုလို့ ဘုန်းကြီးကျောင်းမှာ ၁ နှစ်ပဲ နေဖူးတယ်။ အတန်းကျောင်း လုံးဝမနေဖူးဘူး။ သင်္ချာ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစားမှာ အပေါင်းပဲ ပေါင်းတတ်တယ်။ ကျန်တာမရဘူး။ အဲ စိတ်တွက် ကတော့ ဘွဲ့ရ သားသမီးတွေထက် မြန်လည်းမြန် မှန်လည်းမှန်တယ်။ အကြီးဆုံးသမီးပီပီ အိမ်ထောင်မကျမချင်း အဘနဲ့ တွဲပြီး တောင်သူအလုပ်ကို ပင်ပင်ပမ်ပမ်း လုပ်ခဲ့ရတယ်။ အိမ်ထောင်ကျမှ တောင်သူမလုပ်ဘဲ ဈေးရောင်းလို့ သက်သာသွား တာတဲ့။ ဒါတောင် နေပူထဲလုပ်ရတာနဲ့ နေရိပ်ထဲ လုပ်ရတာသာ ကွာတာပါ။ သက်သာတယ်လို့တော့ ပြောလို့မရပါဘူး။
အမေ့မိဘတွေက တောင်သူလုပ်မှ ထမင်းဝတာလို့ မြင်ကြသူတွေ။ ဒါ့ကြောင့် မြေးတွေကို ကျောင်းထားတာ သိပ်အား မပေးချင်ဘူး။ ကျောင်းထုတ်ပြီး တောင်သူ အလုပ်သင်ပေးစေချင်ကြတာ။ ကိုယ်က မိန်းကလေးဆိုတော့ ပိုဆိုးတာပေါ့။ ၈ တန်းအောင်လို့ မြို့ကျောင်းသွားတက်ရင် ချက်ချင်းပဲ ယောက်ျားရတော့မလိုလို။ သိပ်ကျောင်းထုတ်စေချင်ကြတာ။ အဖေတို့ အမေတို့ကြောင့်သာ အထက်တန်းပညာ သင်ခွင့်ရတာ။
မိဘတွေခမျာ ပညာသင်စေချင်လို့သာ အားကြိုးမာန်တက် ကျောင်းပို့ကြရတာ။ သားသမီးတွေက အရွယ်သိပ်မကွာတော့ တစ်ယောက်က ကျောင်းမပြီးသေးဘူး၊ နောက်တစ်ယောက်က တက္ကသိုလ်တက်ပြီဆိုတော့ အဖေတို့ အမေတို့ တော်တော် ရုန်းကန်ခဲ့ရတယ်။ အစက ပညာရေးအားမပေးခဲ့တဲ့ အမေ့ဘက်က အဘိုးနဲ့အဘွားလည်း မြေးတွေမဆို စလောက်လေး ပညာရေးကောင်းလာတော့ အများကြီး ကြည့်ရှုစောင်မပေးခဲ့ကြပါတယ်။ သူတို့တင်မက ကျန်နှစ်ဖက်ဆွေမျိုးတွေရဲ့ အ ထောက်အပံ့ကြောင့်သာ ကျောင်းပြီးအောင်ဖြောင့်ဖြောင့် တက်နိုင်ခဲ့ကြတာ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကျောင်းတပိုင်း တစနဲ့ ဆက်မတက်နိုင်ကြသူတွေတွေ့ရင် သူတို့ကို သိပ် ကျေးဇူးတင်တာပဲ။
အခု သားသမီးတွေ ကျောင်းပြီးသွားလည်း အဖေနဲ့အမေက လုပ်လက်စ အလုပ်ကို မဖြတ်နိုင်တော့ဘူး။ ဒါပေမဲ့ အရင်ကလို ကိုယ်ကြိုက်တဲ့သွားရည်စာတောင်မစားဘဲ သားသမီးတွေ မုန့်ဖိုးချွေတာပြီး ပင်ပင်ပမ်းပမ်းလုပ်ခဲ့ရတုန်းကလောက် အခု အ လုပ်လုပ်ရတာ အဓိပ္ပါယ်မရှိတော့ဘူးလို့ပြောတယ်။ မလုပ်ရ မနေနိုင်လို့သာ လုပ်နေကြတာ။ မပျော်တော့ဘူးတဲ့။
သူတို့ စိတ်မကောင်းကြတာက အစ်ကိုလေး ဘွဲ့မရခဲ့လို့ပဲ။ အကိုလေးနဲ့ပတ်သက်ရင် မိဘတွေက စကားတင်စီးမခံကြဘူး။ ချစ်တာချင်းတူရင် ကရုဏာပိုတယ်လို့ ပြောရမလားပဲ။ ဒါပေမဲ့ သူကလည်း သူ့အလုပ်နဲ့သူ အခြေကျနေတော့ သိပ်မပူရ တော့ဘဲ လင်မယားချင်း ရန်ဖြစ်ချိန်၊ စကားနိုင်လုချိန်၊ စိတ်ကောက်ချိန် ပိုရသွားပါပြီ။
မင်္ဂလာနှစ်ပတ်လည်ကလည်း ၃၃ ပြည့်ပြီဆိုတော့ အနှစ် ၃၀ ကျော် ရန်ဖြစ်ဖော်၊ အဲလေ လက်တွဲဖော် ပါရမီဖြည့်ဖက်အနေနဲ့ မွေးနေ့ကို အတူတူဆင်နွှဲကြပြီ။ အဖေတို့ အမေတို့ တစ်သက်တော့ ပထမဆုံးအကြိမ် မွေးနေ့ကိတ်နဲ့ မွေးနေ့လုပ်ဖူးတာ။ အဲ့လို မွေးနေ့ပွဲကို သူတို့ကျေးဇူးကြောင့် လူဖြစ်လာရတဲ့ သားသမီးတွေက အတိအကျပြောရရင် အကိုကြီးက ဒကာခံပြီး ပျော်ပျော်ပါးပါးလေး ဖြတ်သန်းခဲ့ကြရပါတယ်။
တချိန်မှာ သူတို့ကိုသားသမီးတွေက အခုလိုမွေးနေ့အထိမ်းအမှတ်လေး သတိတရ ကျင်းပပေးကြလိမ့်မယ်လို့အဖေနဲ့အ မေမျှော်လင့်ထားကြဟန်မတူဘူး။ သားသမီးတွေရလာကတည်းက ကိုယ်ပိုင်ဘဝဆိုတာ ပျောက်သွားပြီး သားသမီးတွေရှေ့ ရေးသာ ကိုယ့်ဘဝကိုယ့်ရည်မှန်းချက်လုပ်ခဲ့ကြတဲ့ အဖေနဲ့အမေကိုကြည့်ပြီး ကိုယ်ဆုတောင်းချင်တယ်။
ကမ္ဘာလောကမှာ ရှိရှိသမျှမိဘတိုင်း သူတို့ရဲ့မွေးနေ့တွေကျရောက်လာတဲ့အခါ သားတွေ သမီးတွေ မြေးတွေ မြစ်တွေနဲ့ တစုတည်းတလုံးတည်း ပျော်ပျော်ပါးပါး သိုက်သိုက်ဝန်းဝန်း ဖြတ်သန်းနိုင်ကြပါစေကြောင်းပေါ့။ နို့ ဘယ်လောက်များ ငြိမ်း ချမ်းစိန်းလန်း ပျော်ရွှင်လိုက်မလဲဆိုတာ စိတ်ထဲမှန်းမြင်လိုက်ရတာနဲ့တင် မကြည်နူးဘူးလားဟင်။
မြဇင်ယော်
Comments