ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - သမ္မတကို ပွင့်ပွင့်လင်းလင်းဝေဖန်ခြင်း


ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - သမ္မတကို ပွင့်ပွင့်လင်းလင်းဝေဖန်ခြင်း
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၂၃
(မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၉
Steven Levitsky နှင့် Daniel Ziblatt တို့ရေးသော
How Democracies Die မှ The Unraveling ကို ဆက်လက်၍ ဘာသာပြန်ခြင်း

သမ္မတအိုဘားမား (Barack Obama) သည် အမေရိကန် ပြည်သူများကမဲပေး၍ တက်လာသော သမ္မတဖြစ်သည်။ သို့သော်လည်း အခြားတစ်ဖက်မှ သူ့ကိုရစရာမရှိအောင်ပင် ဝေဘန်ကြပါသည်။ သူမ္မတ ဖြစ်လာပြီးနောက် လဘက်ရည်ပါတီ (Tea Party) တွင် ဝေဖန်ချက်များကို ရေးသားခဲ့ပြီးဖြစ်သည်။ လဘက်ရည်ပါတီတွင်သာမက၊ ရိပတ်ဘလိကန်နိုင်ငံရေးပါဝင်သူများကလည်း အိုဘားမား၏ အမေရိကန် လူမျိုး ဖြစ် မဖြစ်ကိုပင် မေးခွန်းထုတ်ကြသည်။

လွှတ်တော်အမတ်တွန်တာကရီးဒို့ (Tom Tancredo) က ဤသို့ဆိုသည် "အိုဘားမားဟာ ကျွန်တော်တို့ချစ်တဲ့ အမေရိကန်နိုင်ငံကိုမချစ်ပါဘူး"။

နိုင်ငံရေးလောကထဲသို့ ပြန်ဝင်ပြီး 2012 တွင် သမ္မတလောင်းဖြစ်ရန် ကြိုးပမ်းနေသော ဂင်ဂရစ် (Gingrich) ကလည်း အိုဘားမားကို "ပထမ ဦးဆုံးသော အမေရိကန်ကို ဆန့်ကျင်သော သမ္မတ" ဟူ၍ ခေါ်ဆိုလိုက်သည်။

နယူးယောက်၏ မြို့တော်ဝန် ရူဒီဂီယူယာနီ (Rudy Giulian) ကလည်း "အိုဘားမားသည် အမေရိကန်နိုင်ငံကို ချစ်သောသူမဟုတ်" ဟူ၍ ဝေဖန်ပြောဆိုလေသည်။

လဘက်ရည်ပါတီကဆက်လက်၍ "birther movement" (မွေးဖွားခြင်း လှုပ်ရှားမှု) ကို ဆက်လက် ၍လုပ်ဆောင်သည်။ ယင်းလုပ်ရှားမှုတွင်၊ အိုဘားမားသည် အမေရိကန်နိုင်ငံ၌ မွေးဖွားသော သူမဟုတ် ကြောင်းကို ဖော်ပြသည်။ ဤသည်ကား အမေရိကန်သမ္မတဖြစ်စေရန်အတွက်၊ အခြေခံဥပဒေ၏ လိုအပ် ချက်တစ်ခုကို ချိုးဖေါက်ခြင်းဖြစ်သည်ဟူ၍ ဆိုလိုခြင်းဖြစ်သည်ကို လိုရားဒိုးပြည်နယ်၏ ကိုစားလှယ် မိုက်ကော့မင် (Mike Coffman) က ဆိုသည်မှာ- "အိုဘားမားဟာ အမေရိကန်နိုင်ငံမှာ မွေးဖွားတာဟုတ်၊ မဟုတ်ကိုတော့ ကျွန်တော်မသိပါ။ ဒါပေမဲ့ သူဟာ သူ့ရဲ့နှလုံးသားဟာ အမေရိကန်လူမျိုးမဟုတ်တာ သေချာတယ်။"

အကယ်၍ မည်သူကဘက်မှ မလိုက်ဘဲ၊ ဒီမိုကရေစီစံနစ်ဘက်မှ၊ ဤစာအုက်ကို ဘာသာပြန်သူ၏ အယူအဆကို ပြောရလျှင်၊ ဤကဲ့သို့ကိုယ့်နိုင်ငံ၏ သမ္မတကို ပွင့်ပွင့်လင်းလင်းဝေဖန်နိုင်သည့် အခွင့်အရေး သည်ပင်လျှင်၊ ဒီမိုကရေစီစံနစ်၏ အနှစ်သာရတစ်ခုဖြစ်ပါသည်။

အိုဘားမားကို အပြင်းထန်ဆုံး ဝေဖန်သူတစ်ဦးမှာ နောက်သမ္မတ ဖြစ်လာမည့် ဒေါ်နယ်ထရမ့် (Donald Trumps) ဖြစ်သည်။ 2012 တွင် ဒေါ်နယ်ထရမ့်ကဆိုသည် အမေရိကန်နိုင်ငံတွင် မွေးဖွားခြင်း ဖြစ်သည်ကို သံသယရှိကြောင်း ပြောကြားသည်။ အိုဘားမားကို မွေးဖွားသည် စာချုပ်ထုတ်ပြခိုင်းသောအခါ၊ ထုတ်ပြသော်လည်း ၎င်းကိုအတုဖြစ်သည်ဟု ဆိုခဲ့သည်။ ဒေါ်နယ်ထရမ့်သည် အိုဘားမားအား တိုက်ခိုက် ခြင်းကြောင့်၊ သူ့အားမီဒီယာများ၏ သတိပြုမိခြင်းကို ရရှိခဲ့သည်။ သည်းမခံခြင်းနှင့် တိုက်ခိုက်ခြင်းတို့သည် နိုင်ငံရေးအရ အသုံးဝင်ပုံကို ပြသသည်။

အိုဘားမား၏ သမ္မတဖြစ်ခြင်းကို ရိပတ်ဘလိကန်ပါတီဝင်များကန့်ကွက်ရာတွင် 37% က အိုဘားမားသည် အမေရိကန်နိုင်ငံတွင် မွေးဖွားခြင်းမဟုတ်ဟု ယုံကြည်ကြသည်။ 63% က အိုဘားမား၏ မူလဘယ်ကဆင်းသက်လာမှန်းမသိဟု ဆိုကြသည်။ 43% က အိုဘားမားကို မူဆလင်ဟု ယုံကြည်ကြ သည်။

အိုဘားမားနှင့် ပတ်သက်သော အစွန်းရောက်ဝါဒများသည် ရိပတ်ဘလိကန်ပါတီ၏ ထိပ်ပိုင်းကိုပင် ရောက်ရှိ၍လာသည်။ နိုင်ငံရေးခေါင်းဆောင်ပိုင်းကပင် အိုဘားမား၏ သမ္မတဖြစ်ခြင်းကို တရားမ၀င်ကြောင်း ပြောဆိုကြသည်။

လဘက်ရည်ပါတီလှုပ်ရှားမှုတွင် ပါဝင်သောသူများ တစ်ရာကျော်သည် လွှတ်တော်အတွက် အရွေး ခံကြရာတွင် လေးဆယ်ကျော်အနိုင်ရခဲ့ကြသည်။

နောင်သမ္မတဖြစ်လာမည့်သူ (ဒေါ်နယ်ထရမ့်၊ အပါအ၀င်၊ ရီပတ်ဘလစ်ကန်ခေါင်းဆောင်များသည် အပြန်အလှန်သည်းခံခြင်းဟူသော စံကိုချိုးပေါက်ကြသည်။ ရီပတ်ဘလစ်ကန်များက သူတို့၏ ပြိုင်ဘက် ဒီမိုကရက်များကို အမေရိကန်ကို ဆန့်ကျင်သူများ၊ အမေရိကန်ပြည်သူတို့၏ ဘ၀ကိုဖျက်စီးသူများဟူ၍ စွတ်ဆွဲပြောဆိုကြသည်။ သူတို့၏ စွတ်ဆွဲချက်အရ ဒီမိုကရက်သမ္မတအိုဘားမားသည် ဥပဒေကို ဆန့်ကျင် သောသူဖြစ်လျှင်၊ သူခန့်အပ်သော တရားရေးရာဝန်ထမ်းများကို မည်သည့်နည်းနဲ့မဆိုပိတ်ပင်ရမည်ဟူ၍ လွှတ်တော်အမတ်တက်ခရု (Ted Cruz) ကဆိုသည်။

အိုဘားမား၏ သမ္မတသက်တမ်းတွင်၊ အပြန်အလှန်သည်းခံခြင်းကို ချိုးဖောက်ခြင်းကြောင့်၊ နှစ်ဦး နှစ်ဖက်ထိမ်းသိမ်းခြင်းကိုပါ ပျက်စီးသွားစေသည်။ ရီပတ်ဘလစ်ကန်ပါတီသည် သမ္မတအိုဘားမား၏ အုပ်ချုပ် မှုကို အရာရာတိုင်းတွင် ဆန့်ကျင်သွားရန် ဆုံးဖြတ်သည်။ သမ္မတအိုဘားမားကို ဤတစ်ကြိမ်ထက်ပို၍ သမ္မတဖြစ်စေရန် ကြိုးပမ်းသွားရန် ဆုံးဖြတ်ထားသည်။

ရီပတ်ဘလစ်ကန်များသည် ဒီမိုကရေစီ၏ စံနှုန်းများကို ချိုးဖောက်သကဲ့သို့၊ သမ္မတအိုးဘားမား ဘက်က ဒီမိုကရက်များကလည်း သူတို့နည်းသူတို့ဟန်ဖြစ် ဒီမိုကရေစီ စံနှုန်းများကို ချိုးဖောက်သော နည်းဖြင့် တုံ့ပြန်လေသည်။

ယခုနိုင်ငံရေးဝေါဟာရအသစ်တစ်ခုနှင့် ၎င်း၏ အကျိုးဆက်များကို ရေးသားဖော်ပြပါမည်။ ထိုဝေါဟာရမှာ FILIBUSTER ဖြစ်သည်။

FILIBUSTER (noun) အဘိဓာန်တွင် ဤဝေါဟာရ၏ အဓိပ္ပါယ်မှာ- Prolonged speaking အချိန် ကြာရှည်ဆွဲ၍ စကားပြောခြင်းဖြစ်သည်။ လွှတ်တော်တွင် အချိန်ကြာရှည်စွာဆွဲ၍ ပြောသောအလုပ်သည် ဒီမိုကရေစီနည်းအရ ပြုလုပ်ခွင့်ရှိသောအလုပ်ဖြစ်သည်။ သို့သော်ငြားလည်း ဤအလုပ်ကိုမကြာခဏ တမင်ပြုလုပ်ခြင်းသည် အလုပ်များကိုတမင်နှောင့်နှေးစေသည်။ တဖက်တွင်လည်း၊ အချိန်ကြာရှည်စွာဆွဲ၍ စကားပြောခြင်းကိုတားမြစ်လျှင်၊ တားမြစ်သောသူ၊ သို့မဟုတ်၊ ပါတီသည် ဒီမိုကရေစီအခွင့်အရေးကို ပိတ်ပင်ရာရောက်သည်။ အမေရိကန်၏ လွှတ်တော်သမိုင်းတွင် 2007 နှင့် 2013 ကြားတွင် FILIBUSTER (အချိန်ကြာရှည်စွာဆွဲ၍ စကားပြောခြင်း) အလုပ် 385 ကြိမ်တိုင်တိုင်၊ ရီပတ်ဘလစ်ကန်ပါတီဝင်များက ပြုလုပ်ခဲ့သည်။

2013 နိုဝင်ဘာလတွင် သမ္မတအိုဘားမား၏ ဒီမိုကရက်များက ဒီမိုကရေစီစံနှုန်းတစ်ခုကို ချိုးဖောက်သောနည်းဖြင့် တုံ့ပြန်ခဲ့သည်။ ထိုနည်းမှာ- သမ္မတ၏ လုပ်ငန်းများတွင် FILIBUSTER (အချိန် ကြာရှည်စွာဆွဲ၍ စကားပြောဆိုခြင်း) အလုပ်ကို မလုပ်ရန်တားမြစ်ခဲ့သည်။ ဤအလုပ်သည် ရေးသား၍ မထားသော စံတစ်ခုကို ချိုးဖောက်ခြင်းဖြစ်သည်။

သမ္မတအိုဘားမားသည် သမ္မတ၏ အာဏာကို (အခြေခံဥပဒေအရ သုံးခွင့်ရှိသော်လည်း) အပြည့် အ၀သုံးခြင်းကို လုပ်ဆောင်ခဲ့သည်။ ဤသည်ကားဒီမိုကရေစီ စံနှုန်း (ရေးသားမထားသော စံနှုန်း) ကို ချိုးဖောက်ခြင်းဖြစ်လေသည်။

အိုဘားမားက လွှတ်တော်က လုပ်ရမည့် အလုပ်ကို မလုပ်ဟူ၍ အကြောင်းပြကာ၊ သမ္မတ၏ အုပ်ချုပ်ရေးအာဏာကို အပြည့်အ၀သုံးလေသည်။ လွှတ်တော်သည် စွမ်းအင်ဆိုင်ရာ ဥပဒေကို မပြဋ္ဌာန်း သည့်အတွက် အစိုးရ၏အဖွဲ့များကို 2010 တွင် စွမ်းအင်ဆိုင်ရာ လုပ်ငန်းများကို လုပ်ရန်တိုက်ရိုက် အမိန့် ပေးသည်။ 2012တွင် လူဝင်မှုကြီးကြပ်ရေးဥပဒေများကို ပြဋ္ဌာန်းရန် ငြင်းဆိုသဖြင့် သမ္မတ၏ အာဏာဖြင့် လူဝင်မှုလုပ်ငန်းကို လုပ်သည်။ 2015 တွင် လွှတ်တော်သည် ရာသီဥတုဆိုင်ရာ ဥပဒေများကို ပြဋ္ဌာန်းရန် ငြင်းဆိုသောကြောင့် ဓါတ်ငွေ့လျှော့ချခြင်းအလုပ်များကို သမ္မတအာဏာဖြင့် လုပ်ကိုင်ဆောင်ရွက်မှု အီရန် နိုင်ငံနှင့် အနုမြူဆိုင်ရာ စာချုပ်ချုပ်ရာတွင် လွှတ်တော်၏ သဘောတူညီချက် မရရှိသဖြင့်၊ လွှတ်တော်၏ သဘောတူညီချက်မပါဝင်သော အုပ်ချုပ်မှုပိုင်းဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးသည်။

သမ္မတအိုဘားမား၏ လုပ်ဆောင်ချက်များသည် တရားဥပဒေကို မချိုးဖောက်သော်လည်း၊ ရေးသား၍ မထားသော အပြန်အလှန်သည်းခံခြင်းနှင့် ထိမ်းသိမ်းခြင်းမူဝါတို့ကို ချိုးဖောက်လေသည်။

(ဆက်လက်ဖော်ပြပါမည်)

Comments