လူနှင်းချို (မတ္တရာ) ● ဆေးလိပ်ကြောင်
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၁၈
(မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၁၈
ခိုင်လုံသည့် အကြောင်းပြချက်မရှိ။ နဝေတိမ်တောင်နှင့် သောက်တတ်သွားသည်ပဲ ဆိုရမည်။ ယောင်ချာချာကြီးဖြစ်နေ၍ ဒီဆေးလိပ်သောက်တတ်သွားရသည့် အဖြစ်က ကိုယ်တယောက်တည်းမဟုတ်။ ငါသူတပါးယောက်ျား မိန်းမ အကုန်။ သည်လိုပဲ ယောင်ချာချာဆေးလိပ်ခဲတတ်သွားကြသည်က များသည်။ တနေ့ဆေးလိပ်ကြောင်ဖြစ်ရမည်လို့ ဘယ်သူကများ သန္နိဋ္ဌာန်ချမည်နည်း။ ယောင်ကန်းကန်းနှင့်သာ အကြောင်ဘဝ ရောက်သွားရသည်။
ဖေဖေကတော့ တကျပ်ဖိုး သုံးလိပ်နှင့် ဆုံးပါး သွားရှာပြီ။ အစ်ကိုကြီးကရော။ မေမေ့ဆီ ခုထိဆေးလိပ်ဖိုး တောင်းနေတုန်း။ အသက်က ငါးဆယ်စွန်းပြီ။ အရက်ကြောင်,ကြောင်သည်ကို ပျောက်အောင်ကုပေးပြီးတာတောင် ကြောင်နေတုန်း။ ဆေး လိပ်ကြောင်။ မနက်ဆို ရောက်ချလာပြီ။ မေမေဆေးလိပ်ဖိုးပေးဦး။ နေ့လယ်လည်းမနားဘူး။ ညနေလည်းတခေါက်လာ တာလည်း ဒီဆေးလိပ်ဖိုးပဲ။ ဆေးလိပ်ကြောင်ကို လူတွေ မရိပ်စားမိသလိုမျိုးပဲ။ မေမေလည်း မရိပ်စားမိ။ တကယ်တော့ အစ်ကိုကြီးက အရက်ကြောင်ပြီးတော့ ဆေးလိပ်ပါ ဆက်ကြောင်နေခြင်းဖြစ်သည်။ လူတောထဲ ကိုယ်ယောင်ဖျောက်နိုင်လွန်း သည့် ဆေးလိပ်ကြောင်။ လူတွေအမြင်မှာ မထင်ပေါ်လှသည့် ဆေးလိပ်ကြောင်။
မေမေတောင် သူ့သားကြီးကို အရက်ကြောင်ဘဝကလွတ်တော့ ဝမ်းသာမဆုံးစွာ ဆေးလိပ်ဖိုး မညည်းမညူပေးနေသည်။ ဆေးလိပ်ကြောင်ကြီးကလည်းသူ့ ကိုယ်ကိုယ် ဆေးလိပ်ကြောင်မှန်းမသိ။ မနက်အိပ်ယာထကနေ ညဟောက်သံထွက်မှ မီးခိုးတိတ်သည်အထိ၊၊ကြောင်ချက်နာလှသည်။ ဒီအကြောင်မျိုးနှင့်ဆိုခြောက်ပေတွင်းထဲမြန်မြန်သွားရနိုင်သည်ကို မေမေ လည်း မသိ။ သူကိုယ်တိုင်လည်း မသိ။ မေမေ့သားကြီး ဆေးလိပ်ကြောင် ထပ်ကြောင်နေတာလို့ ပြောတော့ မေမေကရယ် နေသည်။ သူကလည်း မေမေနှင့်ရောယောင် လိုက်ရယ်နလိုက်သေး။ ရယ်ရင်းတဟွတ်ဟွတ်က တွဲပါနေသည်။ ချွဲသလိပ်က မနက်စောစောမှမဟုတ်တော့။ အဟမ်းအဟမ်းနှင့်။ စကားသုံးလေးခွန်းဆို အဟွတ်အဟမ်းကလည်း သုံးလေးကြိမ်။ အစ်ကိုကြီးဆေးလိပ်ကြောင်က တော်တော်ဆိုးနေပြီ။
သူငယ်ချင်းမောင်ဦးကျ တမျိုး။ ဗွီဒီယိုကြည့်ရင်းဒွေးစတိုင် ကြိုက်သွားသည်။ ဆေးလိပ်က အဓိကမဟုတ်။ ဒွေးစတိုင်သာ ပဓာန။ ဒွေး ဆေးလိပ်ခဲပုံက ဟန်ပါလွန်းလှသည်။ ဒွေးစတိုင်နှင့် ဆေးလိပ်ခဲရင်းဆေးလိပ်က လူကိုခဲသွားသည်။ ဒွေးဆုံးသွားတော့ ဒွေးစတိုင်လည်း နိဂုံးချုပ်သွားသည်။ မောင်ဦးလက်ကြားကဆေးလိပ်ကတော့ နိဂုံးမချုပ်နိုင်တော့။ အငွေ့တလူလူနှင့် စတိုင်မိနေသည်။ ဒွေးကြောင် မောင်ဦးတယောက် ဆေးလိပ်ပါ ဆက်ကြောင်နေခဲ့သည်။
တက္ကသိုလ်ပထမနှစ်။ ရွှေဒူးယားတဗူး တစ်ရာ။ မနက်စောစော ငူငေါင်နေသည့်အချိန်။ ကျူရှင်မယူတော့ သွားစရာလည်း မရှိ။ စာလည်းမကျက်ချင်။ သူက ဒွေးစတိုင်နှင့် ခဲနေသည်။ ပြတင်းပေါက်ကို ငေးရီရင်း မာန်ပါပါမှုတ်ထုတ်နေသည့် သူ့မီးခိုးတွေက လှနေသည်။ ငါ့လည်းတစ်လိပ်ပေးသမ်းကွာဆိုပြီး ငူငေါင်ခြင်းကို တိုက်ခိုက်လိုက်သည်။ မနက်တိုင်း မငူငေါင်တော့။ ကြောင်တော့ကြောင်သွားသည်။ ဆေးလိပ်ကြောင်။ မောင်ဦးက သူ့စတိုင်နှင့်သူ။ ကိုယ်က ဆေးလိပ်ကြောင်စတိုင်သက်သက်။
အစ်ကိုဝေပုံလည်း မထူးလှ။ သူက ကိုးတန်းလောက်ကတည်းက ခိုးခိုးကြောင်နေတာ။ မေမေသိရင် အတွယ်ခံရသည်။ ဒါလည်း မေမေ့ကွယ်ရာ ဆက်ကြောင်နေတုန်း။ ခုချိန်ထိ။ သူ့သမီးတောင် ဆယ်တန်းရောက်တော့မည်။ သူ့ဆေးလိပ်ကြောင်သက်က နှစ်အစိတ်တောင်ကျော်ရော့မည်။ တစက်ကလေးမှမလျှော့။ သူလာလျှင် မီးခိုးခေါင်းတိုင်ကြီး ကိုယ့်နား လာထိုင်နေတာနှင့် တူသည်။ မေမေကလည်း ငယ်ငယ်ကလို မတွယ်တော့။ ပထမနှစ်တုန်းက သူရော ဝဏ္ဏရောပါသည်။ လေးယောက်သား မနက်ထပြီဆို ရွှေဒူးယားဗူးလေးဆီ အလုအယက်။ တလိပ်တည်းကျန်လျှင်တော့ ထိုဒူးယား မသက်သာ။ ပါးစပ်လေးပေါက်ကြောင့်နားချိန်မရနိုင်တော့။ ဘယ်လောက်များ မိုက်မဲခဲ့သည့် ငကြောင်များပါနည်း။
အကြောင်မျိုးစုံကို လူတွေသိသည်။ လက်ခံသည်။ အရက်ကြောင်။ ဆေးကြောင်။ ဦးနှောက်ကြောင် စသည်ဖြင့် လူတွေ ဆဝါးမိကြသည်။ အကြောင်ပျောက်ဖို့တောင် ဆေးရုံ ဆေးခန်းပို့ကြသည်။ ထိုအကြောင်များကိုသာ လူတွေက အကြောင်ဟု အသိမှတ်ပြုပုံရသည်။ ဆေးလိပ်ကြောင်ကိုကျ လူတွေ ရိပ်မိပုံမရ။ တရွာသားလုံးကြောင်၊ တမြို့သားလုံးကြောင်နေသည့် ဆေးလိပ်ကြောင်ကိုလူတွေအလေးဂရုမပြုတာ တော်တော်ဆိုးသည်။ တကယ်တော့ တကမ္ဘာလုံးကြောင်နေသည့် ဒီဆေး လိပ်ကြောင်ကို အလေးနက်ထားဖို့ကောင်းသည်။ အမျိုးသားရေးလှုံ့ဆော်မှုတရပ်အနေနှင့် ဆေးလိပ်ကြောင်ကို အသိပေးဖို့ လိုနေသည်။
တတိယကမ္ဘာစစ်ကို လူတွေ မရိပ်မိ။ တတိယကမ္ဘာစစ်ဆိုသည်မှာ နိုင်ငံအချင်းချင်း အားပြိုင်မှုမဟုတ်။ နည်းပညာတိုက်ပွဲမဟုတ်။ နယူကလီယာ စစ်ပွဲလည်းမဟုတ်။ ဆေးလိပ်က ကမ္ဘာပတ်၍ ပြာချနေခြင်းကို ဆိုလိုသည်။ လူတွေ တတိယ ကမ္ဘာစစ်ကို အဓိပ္ပါယ်မကောက်တတ်။ တတိယကမ္ဘာစစ်ဖြစ်နေသည်မှာ ကြာပြီ။ ပြာဖြစ်သွားသူများလည်း မနည်းမနောရှိပြီ။
အငွေ့တလူလူနှင့် ဆေးလိပ်ကြောင်။ ကိုယ့်စည်းစိမ်ကို ကိုယ်တိုင်မီးရှို့နေသည့် ဆေးလိပ်ကြောင်။ ကိုယ့်ကိုယ်ကိုယ် မီးရှို့နေသည့် ဆေးလိပ်ကြောင်။ အရည်မရ အဖတ်မရ ဆေးလိပ်ကြောင်။ ယုတ်စွအဆုံး ကြိုက်လှပါတယ်ဆိုသည့်အငွေ့တောင် ကိုယ်အပိုင်မရသည့် ဆေးလိပ်ကြောင်။ အငွေ့ထဲကဘယ်အရာကများ ဆေးလိပ်ကြောင်များကို ဖမ်းစားထားပါသနည်း။
အလွန်တော်သည့် ခွဲစိပ်ဆရာဝန်ကြီး ဒေါက်တာမြင့်ထူးလည်း ဆုံသွားရှာပြီ။ ဆေးရုံအုပ်ကြီးကတော်တော် နှမြောစရာ။ မြို့ မှာ တခေတ်ဆန်းအောင်တော်တာ။ သူကိုယ့်မြို့ကျကတည်းက ကိုယ့်မြို့ဆေးရုံလည်း ဟိုးဟိုးကျော်သွားတော့တာ။ သူ ကိုယ်တိုင် ခွဲစိပ်တာချည်းပဲ။ မအောင်မြင်တာ မရှိ။ ဘယ်မြို့ကြီးပြကြီးမှ လွှဲစရာလည်းမလို။ စေတနာကလည်း အတော်ထားတာ။ နိုး အသပြာဆိုသည့်ရှားပါး ဆရာဝန်ကြီး။
ဆရာကြီးတွေ့လိုက်ရရင် နားကြပ်ကိုသိုင်းထားလျက်။ လန်ဒန်ဗူးက လက်ထဲကမချ။ လူနာခန်းတွေ တခန်းပြီးတခန်း ရောင်း လှည့်ရင်တောင် လန်ဒန်ကို ပါးစပ်ထဲ ခဲထားသေးတာ။ လူနာ့ရင်ဘတ်ပေါ် နားကြပ်စမ်းပြီဆိုတာတောင် ပါးစပ်မှာ လန်ဒန်က ခဲလျက်ကြီး။ ဘာမှပြောစရာမရှိအောင်တော်သည့် ဆရာဝန်ကြီး။ မြို့ကလေးရဲ့အချစ်တော် ဆရာဝန်ကြီး။ ထိုဆရာဝန်ကြီးလည်းဆေးလိပ်ကြောင်,ကြောင်သွားရသည်။ ဆရာဝန်ကြီးဆုံးပါးသွားတော့ မြို့ကလေးနစ်နာသလို တိုင်းပြည်ကလည်း ဝန်ထမ်းကောင်းကြီးကို ဆုံရှုံးလိုက်ရသည်။
မသိနိုးနားကြောင်နေသည့် ဒီဆေးလိပ်ကြောင်ကို အကြောင်အဖြစ်သတ်မှတ်ပစ်လိုက်ဖို့ ကောင်းသည်။ ဟုန်းဟုန်းလောင်လျှင် ထိုမီးကိုငြှိမ်းသက်ဖို့ ထင်သာမြင်သာရှိသေးသည်။ ဝိုင်းအုံငြှိမ်းလိုက်ကြမည်သာ။ ဖွဲမီးလိုတအုံနွေးနွေးကျ မီးအဖြစ်မကြောက်။ အန္တရာယ်အကြီးစားအဖြစ် ဘယ်သူမှမထင်စား။ တရိပ်ရိပ်ပြာဖြစ်အောင်လောင်သွားတော့မှ ငိုကြီးချက်မလုပ်ကြသည်။ တကယ်တော့ ဖွဲမီးက ငြှ်ိမ်းရတာ မခက်။ အပူလည်း ဟပ်စရာမရှိ။ စေ့စေ့စပ်စပ်ကလေးတော့ ငြှိမ်းဖို့လိုသည်။
ဆေးလိပ်ကြောင်ကလည်း ဖွဲမီးနှင့်တူသည်။ အန္တရာယ်ကြီးအဖြစ် မမြင်နိုင်ခြင်းကိုက အန္တရာယ်ကြီးလွန်းနေသည်။ သူငယ်ချင်းနေယု အရက်ကြောင်တုန်းကလို ထင်ရာမြင်ရာတွေလည်းမပြော။ ငါ့ကို လူတွေလိုက်နေပြီ လိုက်နေပြီလိုလည်း မအော်။ ဟိုကောင်ငါ့ကိုသတ်တော့မှာ ငါ့ကယ်ပါဦးလို့လည်း ကယောင်ချောက်ချားမဖြစ်။ အတည်ပေါက် ယဉ်ယဉ်လေးကြောင်နေသည့် ဆေးလိပ်ကြောင်။ ဖွဲမီးလို ခန္ဓာတခုလုံးပြာဖြစ်အောင် ပြာချပစ်မည့် ဆေးလိပ်ကြောင်။ မျက်နှာစိမ်း သူခိုး အကြီးစား လိုပိရိလွန်းသည့် ဆေးလိပ်ကြောင်။ အဆုတ်တခုလုံး ဖြုတ်ခိုးသွားမှ ချုံးပွဲချငိုရသည့် ဆေးလိပ်ကြောင်။
ကိုယ်လည်း ပထမနှစ်တက်ကတည်းကြောင်ခဲ့တော့ ထပ်မကြောင်ချင်တော့။ ကြောင်ရမှာ ခပ်ကြောက်ကြောက်ဖြစ်နေမိ သည်။ ဆေးလိပ်ကြောင်တုန်းက တော်တော်ဆိုးဆိုး။ မနက်အိပ်ယာထ နှုတ်ခမ်းပတ်ပတ်လည် ချဉ်ချဉ်စူးစူးနှင့်။ အိပ်ယာအောက် အတိုရှာရတာလည်း အမော။ ကျောင်းသားတွေမြင်မှာလည်း စိုးရိမ်ရသေး။ ဆရာက အတိုရှာနေတာတွေ့သွားလျှင် အတန်းထဲ ဒင်းတို့ကိုဆိုဆုံးမဖို့ ခက်မှာ။ ဆယ်တန်းဆိုတာက အကုန်ကြောင်ချင်နေကြတာ။ အကြောင်ကုဋေကဋာကို ကိုယ်က ထိန်းချုပ်နေရတာ။ ကိုယ်တိုင် ဆေးလိပ်ကြောင်ဆိုတော့ လူမိလို့မဖြစ်။ ခိုးကြောင်နေရသည့် ဆေးလိပ်ကြောင်ဘဝတော်တော်ဆိုဆိုးကို ပြန်မရောက်ချင်တော့။
ပြန်တွေးကြည့်ရင် ကိုယ့်ဆေးလိပ်ကြောင်ဘဝ ဆိုးတာမှတော်တော်ဆိုးတာ။ ဗြောင်လည်း ကြောင်မရ။ မကြောင်ဘဲလည်း မနေနိုင်။ နေ့လည်ထမင်းစားပြီးချိန်ဆရာနားနေခန်းထဲရောက်ပြီဆို ပါးစပ်က ရွစိတက်နေပြီ။ ကြောင်စရာကမရှိ။ ပါးစပ်ထဲ သံပရာရည်ရေတံခွန်ကြီးစီးကျနေသလို ချဉ်နေတာ။ အခန်းဆီပြေးယူတော့လည်းမရှိ။ အခန်းထဲ ကြိုကြိုကြားကြားအနှံ့ရှာတော့လည်းမတွေ့။ အခန်းအပြင်ထွက်ပြီး မြက်ဖုတ်ထဲကိုယ်တိုင်လွှင့်ပစ်ထားသည့် အတိုရှာတော့လည်း မလွယ်။ ဆရာဘာပျောက်နေတာလဲ၊ သားတို့ကူရှာပေးမယ်၊သမီးတို့ကူရှာပေးမယ်တွေကနေ မလွတ်။ တပည့်တွေကို ဟိုလိုလို ဒီလိုလို ပြန်ဖြေရတာတွေကလည်း ကြာတော့ရှက်တောင်လာသည်။ အတိုတွေ့တော့လည်း လက်နဲ့အသာအုပ်။ ဒင်းတို့အလစ် အခန်းထဲပြေးဖွာ။ အတိုကုန်တော့ ခပ်တည်တည်နှုတ်ခမ်းသပ်ပြီး ပြန်ထွက်။ ဆေးလိပ်ကြောင်ဘဝက တော်တော်ဆိုးဆိုးပါပေ။
ဘက်စ်ကားပေါ် ဒရိုက်ဘာ ဆေးလိပ်ကြောင်တော့ ခရီးသည်တွေ အသက်ရှူကြပ် အနေခက်ရသည်။ ထိုစဉ်က ကိုယ်က လည်းခရီးသည်။ ကြောင်သောသူ၏အတွေးအခေါ်သည် reasonable မဖြစ်။ ကိုယ်အကြောင်ဖြေဖို့သာတွေးသည်။ ပတ်ဝန်းကျင်ကို အလေးဂရုမပြု။ ဆိုးသွမ်းလှသည့် ဒရိုက်ဘာကို ထရိုက်ပစ်လိုက်ချင်သည်။ ကိုယ်ဆေးလိပ်ကြောင်တုန်းက လည်း နဘေးကလူတွေ တော်တော်အနေဆိုးမည်ကိုတွေးမိရင်း အတိတ်ကိုအားနာမိလိုက်သည်။
ကိုယ်ကြောင်ခဲ့၍ ကိုယ့်မျက်စိရှေ့ဆေးလိပ်ကြောင်သူတွေ့လျှင် ကိုယ်ချင်းစာခွင့်လွှတ်ရမည်လား။ ခွင့်လွှတ်ဖို့ မဖြစ်နိုင်။ ကိုယ်ကြောင်ခဲ့တာ ကိုယ့်အမှား။ သူကြောင်တာ သူ့အမှားသာဖြစ်သည်။ ဆေးလိပ်ကြောင်အချင်းချင်း စာနာနားလည်နေ လျှင် ကမ္ဘာကြီးတခုလုံး မီးခိုးအူနေတော့မည်။ ဆေးလိပ်ကြောင်သူကို တတ်နိုင်သည့်နည်းနှင့် ခြေထိုးပစ်အပ်သည်။ ခဲလက်စ ဆေးလိပ် ပြုတ်ထွက်သွားအောင် ဒေါက်ဖြုတ်အပ်သည်။ မိတ်ပျက် ဆွေပျက်လျှင်လည်း ပျက်တော့။ ဘဝမပျက်ဖို့က ပိုအရေးကြီးသည်။
တော်သေးသည်။ အစ်ကိုရင်းတမျှချစ်ခင်ရသည့်စက်ရှင်တရားသူကြီး ဆေးလိပ်မကြောင်တော့။ သူနှင့်နှစ်ယောက်တည်း သုံးနှစ်လောက်အတူနေခဲ့တော့ သူကြောင်တာတွေ မျက်လုံးထဲကမထွက်။ ရှေ့ပိုင်း နှစ်,နှစ်လောက်က သူ ဆေးလိပ်ကြောင်နေခဲ့တာ။ သေဒဏ်ထိချနိုင်တဲ့ ပါဝါဒီဂရီကြီးနှင့် တရားခွင်တက်လျှင် အဟမ်း အဟမ်းကြီးနှင့်က မကိုက်သေး။ ပါဝါ ပြတဲ့အဟမ်းမဟုတ်ဘဲဆေးလိပ်ကြောင်ကရတဲ့ အဟမ်းဆိုတာ တရားခံတွေရှေ့နေတွေမသိသော်လည်း သူ့ရုံးခန်းထဲ အလည်ရောက်နေသည့် ကိုယ်ကသိသည်။ အိပ်တော့ကြလည်း သုံးမီတာလောက်ဝေးတဲ့ သူ့အခန်းဆီက တဟွတ်ဟွတ်နှင့်။ နောက်တော့ ဖြစ်ချင်ရာဖြစ် ဆေးလိပ်မကြောင်ဖို့ ဇွတ်ပြောရတော့သည်။ အေးပါကွာ အေးပါကွာနှင့်။ ကြောင်လျက် ဟွတ်လျက်ကနေ ခုတော့ ဆေးလိပ်ကြောင်ဘဝ နိဋ္ဌိတံသွားသည်။ စက်ရှင်တရားသူကြီးက ဆေးလိပ်ကိုပါသေဒဏ်ပေး လိုက်နိုင်လို့ တော်သေးသည်။
ကင်ဆာကို အိမ်မွေးတိရစ္ဆာန်နာမည်မှတ်နေကြသည်လား မသိ။ ကင်ဆာကို ဖော်ဖော်ရွေရွေ ကမ်းလင့်နေကြသူများမှာ လျှော့မသွား။ တိုး၍နေသည်။ လမ်းပေါ်မှာ ဆေးလိပ်ကြောင်နေသည့် လူငယ်နှင့်။ တံတားပေါ်မှာ ထိုင်နေကြသည့်လူငယ်များကလည်း ဆေးလိပ်တဖက် သီချင်းတဖက်နှင့်။ ကိုယ့်ရည်းစားကိုယ်တောင် ဆေးလိပ်ကြောင်မဖြစ်ဖို့ မတတ်နိုင်တော့ သည့်ခေတ်။
ကျောင်းမှာ ကျောင်းသားလူငယ်တွေ ကြောင်ကြသည်။ ရုံးမှာ ၊ဌာနာဆိုင်ရာတွေမှာ အဆင်ပြေသလိုကြောင်နေကြသည်။ နေရာစုံ လူမျိုးစုံ ရာထူးစုံ အကြောင်တူနေကြသည်မှာ ဆေးလိပ်ကြောင်ပဲဖြစ်သည်။
အရွယ်မရွေးကြောင်နေကြသည့် ဒီဆေးလိပ်။ ဆေးလိပ်ကြောင်ဘဝများနှင့် ဘာကိုရင်ဆိုင်မည်နည်း။ ဘယ်ကို ရင်ဘောင်တန်းမည်နည်း။ တမျိုးသားလုံးနှင့်သက်ဆိုင်သည့် အရေးကိစ္စ။ ပေါ့၍မဖြစ်။ ပျော့၍မဖြစ်။ တိကျထိရောက်စွာ ပြဋ္ဌာန်းသင့် သည့် ဆေးလိပ်ကြောင်ကင်းစင်ရေး အသက်ဝင်ဥပဒေ။ တိုင်းပြည်ကို ပန်းနာရင်ကျပ်မဖြစ်အောင် တွန်းနေရချိန်။ မျက်တွင်း ဟောက်ပက်များနှင့်တွန်းနေလျှင်တော့ သမိုင်းနိဂုံးချုပ်သွားလိမ့်မည်။ ဆေးလိပ်ကြောင်အရေအတွက် တနေ့တခြားများနေလျှင် တိုင်းပြည်ပါကြောင်သွားနိုင်သည်။
နိုင်ငံခြားသတင်းတခုဖတ်လိုက်ရသည်။ အဝလွန်သူများကို မသန်စွမ်းသူများအဖြစ်သတ်မှတ်မည်ဆိုသည့်သတင်း။ ထိုစဉ်က အဝလွန်နေသူတွေ စွေ့စွေ့ခုန်သွားကြသည်။ ဘာဆိုင်လို့ ဒီလိုသတ်မှတ်မှာလဲ ဘာညာနှင့် တော်တော်ပွဲဆူသွားသည်။ ကိုယ်ကိုယ်တိုင်က မီတာတရာ လောက်တောင် ပေါ့ပေါ့ပါးပါး ပြေးမပြနိုင်တော့။ ခြေကျိုးနေသူနှင့် မခြားတော့။ သို့သော် မသန်စွမ်းအဖြစ်သတ်မှတ်မည်ကိုတော့ ခါးခါးသီးသီး။
ထိုနည်းအတိုင်း ဆေးလိပ်ကြောင်သူများကိုလည်း အကြောင်စာရင်းသွင်းရမလို။ အရက်ကြောင်၊ ဆေးကြောင်၊ဦးနှောက်ကြောင်သူများ ဆေးရုံဆေးခန်းပို့၍ ပြန်လည်ထူထောင်ရေးလုပ်ရသည်။ အတည်ပေါက်ကြောင်နေကြသည့် ဆေးလိပ်ကြောင်များကိုလည်း ဒီအတိုင်းမထားသင့်တော့။ သူ့အကြောင်ကို သူရိပ်မိအောင်လုပ်ရမည်။ အသက်ရှည်အောင် ဥပဒေနှင့် နာနာရိုက်သင့်သည်။ ကင်ဆာတစ္ဆေထွက်ပြေးအောင် ဥပဒေသံပုံး နာနာထုသင့်သည်။
တော်တော်ဆိုးသည့် ဆေးလိပ်ကြောင်ပါပေ။
Comments