မိုနေးသစ် ● မြစ်

မိုနေးသစ် ● မြစ်
(မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၈

အအေးလှိုင်း ဖြတ်နေတယ်ပြောတယ်။ ဒီရက်ထဲ တော်တော်လေး အေးလာတယ်။ မနက်ခင်း အေးနေတဲ့ မြောက်လေတွေ နဲ့အတူ နေခြည်ဖြာကျနေတဲ့ မြစ်နံဘေးကို ရောက်ခဲ့ပြန်ပါတယ်။ ဆောင်းတွင်းမြင်ကွင်းဟာ တည်ငြိမ်နေတဲ့ အနေအထားကို ရောက်လုပါပြီ။ သစ်ရွက်တွေစကြွေတယ်။ လေနည်းနည်းတိုက်တယ်။ မြင် လေ ရာအစိမ်းရောင်လွှမ်းနေတုန်းပါပဲ။

ရာသီဥတုတွေ ပုံမှန်အတိုင်း စီးဆင်းနေတာကိုပဲ မြင် ချင်တွေ့ချင်ပါတယ်။ တစ်နှစ်တခါအနေအထားသိသိသာသာပြောင်းလဲလာတဲ့ မြစ်ကိုတွေ့ရတာ နည်းနည်း စိတ်ထိခိုက်မိတယ်။ မနှစ်တုန်းကဖြောင့်နေတဲ့ မြစ်ကြောင်းဟာ ဒီနှစ်တော့ မြစ်လည်ခေါင်မှာ မြင်မကောင်းလောက်အောင် သောင်ကြီးထွန်းနေတာ တွေ့ရတယ်။

မြစ်ဆိပ်မှာ စက်တပ်လှေနှစ်စီး ဆိုက်ကပ်ထားတာတွေ့တယ်။ မြစ်ဆိပ်ရှေ့တည့်တည့်မှာ ကျွန်းတန်းကြီး တစ်ခုက ကာဆီးနေတယ်။ မြစ်ရဲ့အနာဂတ် ဟာ ဘယ် လောက်ထိသေချာမလဲ ဆိုတာကတော့ မရေမရာ။

ဟိုးငယ်ငယ်က မြစ်ဆိုတာကို မမြင်ဖူးခဲ့။ ကျနော့်မွေးဖွားရာဇာတိက ချင်းရိုးမ အစပ်နားက ရွာကလေးတစ်ရွာ။ ပုံတောင်ပုံညာ ရိုးမကိုကျော်ပြီးမှ ရောက်တဲ့ ဒေသ။ တောင်ကျချောင်းတွေ စမ်းချောင်းတွေနဲ့ပဲ ကြီး ပြင်းခဲ့ရ။ အထက်တန်းကျောင်းသားဘ၀ကိုကျော်ဖြတ် ပြီးတော့ မှ မြေပြန့်ဆီ ခရီးရှည်ချီတက်ခဲ့။

မြို့ကြီးတစ်မြို့ရဲ့ မြစ်ဆိပ်မှာ မြစ်ကိုမျက်ဝါးထင်ထင် မြင်ဖူးခဲ့ပါတယ်။ မြစ်ဆိပ်မှာ သင်္ဘောကြီးတွေ စက်တပ်ယာဉ်တွေတမေ့တမောမြင်ရတွေ့ရ။ မြစ်ရဲ့တကယ်အသုံးကျပုံကိုစတင် မြင်တွေ့သိရှိလာရတဲ့ အချိန်ပါ။

အရှေ့နဲ့အနောက်ကိုဆက်သွယ်ပေးမယ့် တံတားကြီး အဲဒီမြစ်ပေါ်မရောက်သေးတဲ့ ကာလတစ်ခုပေါ့။မြစ်ရဲ့ဟိုဖက်ကမ်းနဲ့ ဒီဖက်ကမ်းဟာ မြို့တစ်မြို့စာလောက်ကို တမျှော်တခေါ်။ လူငယ်စိတ်နဲ့ မြင်ကွင်းသစ်ကို တက် ကြွပျော်ရွှင်စွာရင်ခုန်ခဲ့ဖူးပါတယ်။ မြစ်မှာ စိုက် ၀င်နေတဲ့ ခံစားမှုတွေအကုန်လုံး နားလည်နိုင်စွမ်း မရှိခဲ့ ပေမယ့်လည်း အနာဂတ်ဆိုတာရှိသေးတဲ့ မြစ်ကို တွေ့လိုက်ရတဲ့ အခိုက်အတန့်ကို သတိတရရှိနေခဲ့ပါ တယ်။

နှလုံးသားကစွဲလန်းစိတ်တွေကို အဆပေါင်းများစွာဆွဲဆန့် ထားတယ်။အမြဲတမ်းနေသားတကျတရင်းတနှီးနေလာခဲ့တဲ့ ရင်ခွင်မို့ သဲသောင်ရယ် ကမ်းခြေရယ် တောင်ညိုအရိပ်ကျလုဆဲ ညနေခင်းတွေရယ်ဟာ ဘ၀ရဲ့ ညှို့ ချက်အပြင်းဆုံး ပန်းချီကားချပ်တွေ ဖြစ်လို့ နေခဲ့ပါ တယ်။ သူ့ရဲ့အဖြစ်အပျက်တွေကို အမြဲတမ်း စိတ်နဲ့ ရိုက် ဖြစ်နေတဲ့ ရင်ခွင်မှတ်တမ်းဝင် ရုပ်ရှင်ကားကြီးတစ်ကား လိုပါပဲ။ ကျနော်တို့ဟာ သူ့ရဲ့ ရင်ခုန်သံကိုသိတယ် သူ့ရဲ့ အတွေးကို ခံစား သိနားလည် ခဲ့ကြပါ တယ်။

လက်ပွန်းတတီး နေထိုင်ရှင်သန်လာရင်း သူနဲ့အသားကျလာခဲ့တာကြာပါပြီ။

ဆောင်းရောက်လာတဲ့အခါ သဲသောင်ပြင်ဖြူလွလွတွေ ပေါ် တံငါတဲလေးတွေရောက်လာတယ်။လမ်းလျှောက်ရင်းကျကျန်ရစ်ခဲ့တဲ့ခြေရာလေးတွေက နေရောင် အောက်မှာ ပန်းချီခဲခြစ်ကြောင်းလေးတွေလိုပါ။တည်ငြိမ်သွားတဲ့မြစ် ဟာကျောက်ဆောင် တွေအောက်ကိုလည်း သိသိသာသာရောက်ရှိသွားခဲ့ပါတယ်။

မနေ့က အနုပညာတစ်စု ပြုလုပ်ထားတဲ့ ကမ်းနား အနုပညာပြပွဲကိုရောက်သွားခဲ့ပါတယ်။ မြစ်ရဲ့အနုပညာကို တန်ဖိုးထား စောင့်ကြည့်မြတ်နိုးဖို့ရည်ရွယ်ထားတာသိရတော့ ချစ်မြတ်မိပါရဲ့။ အရင်ကတည်းကအနုပညာဆန်ပြီးသားမြစ်ဟာပိုပြီး နူးညံ့လှပလို့။

ဘယ်အချိန်ပဲဖြစ်ဖြစ် ဓာတ်ပုံအနုပညာတွေ ဖန်တီးဖန်တီး သူ့ရဲ့ အနုပညာမြောက်မှုကတော့ လျော့ကျမသွားပါဘူး။ရိုးအီမသွားပါဘူး။ မြစ်ရဲ့ရှုခင်းတွေဆိုတာ မိနစ်စက္ကန့်မလပ် အလှတရားတွေ ထွက်ရှိနေတာပဲဖြစ်ပါတယ်။ ဘယ်လိုမြစ်ရှုခင်းကို ပန်းချီကားထဲထည့်ထည့် ဆွဲဆောင်နိုင်တဲ့ ကင်းဗတ်စပေါ်က အနုပညာဖြစ်ပါတယ်။ မြစ်ကိုနောက်ခံထားပြီး ငယ် ငယ်က သူငယ်ချင်းတွေ ဘော်လုံးစုကန် ခဲ့ကြတာ သတိတရဖြစ်မိပါတယ်။

မြစ်ကမ်းနားဖက်မှာ လေတဖြူးဖြူးတိုက်နေတယ်။ အေးစိမ့်နေတယ် ပြီးတော့ကြည်လင်စပြုနေတဲ့ မြစ်ရေတွေကစီးလို့။ မြစ်တစ်ခုမှာ ရေနှစ်ခါချိုးလို့မရနိုင်ဘူးလို့ ပြောတယ်။ အခုတော့ရေချိုးဆိပ်ကျောက်ဆောင်ဟာ မြစ်နဲ့ တော်တော်ဝေးဝေး ကျန်နေခဲ့ပြီ။ ကြားထဲမှာ သဲ သောင် ပြင်ဖြူလွလွ။ ငယ်ငယ်က ချောင်းနံဘေးလေးမှာ သဲပုံအိမ်ကလေးတွေဆောက်ရင်း ကစားခဲ့ဖူးတယ်။

မြင်ကွင်းထဲ ငယ်ငယ်ကဖေဖေ လမ်းရိုးကလေးတွေမှာ တံတားလေးတွေ ခင်းနေတာ သတိရမိ။ လမ်းသွားရင်း တစ်နေရာရာ မှာ လမ်းမကောင်းတာပဲဖြစ်ဖြစ် တံတား ကျိုးနေတာပဲဖြစ်ဖြစ် ပြုပြင်လိုက်ရမှကျေနပ်တတ်တဲ့ စိတ်။ ခုခေတ်ဆိုရင် တော့ ပရဟိတ ဘာလားခေါ်မလားမသိ။

အကိုငယ်ကတော့ မျိုးစေ့ပါလာတယ်။ သူဝါသနာပါတဲ့ အပင်လေးတွေလိုက်စိုက်တယ်။ စာစောင်တွေမှာပါလာတဲ့ အစိမ်း ရောင်မျိုး ဆက်ဆိုလား ကို သတိရမိ။ သူကတော့ ဘယ်အဖွဲ့အစည်းမှ မသိ ၊ အဖွဲ့ ဖွဲ့ရကောင်း မှန်း သူမသိ။ သူ့စိတ်ကူးနဲ့သူ ဖြတ်သန်းရင်း အပင်ငယ်လေးတွေကို ပြုစုပျိုးထောင်နေရတာကလည်း ၀ါသနာ။

ရေနည်းနည်းကျလာတော့ မြစ်ဟာ ပိုပြီးတည်ငြိမ်လာ ခဲ့ရ။နေခြည်နွေးနွေးအောက် လက်လက်ထနေတဲ့ရေလှိုင်းတွေနဲ့ မြစ်ဟာ သင်ဖြူးခင်းလို့။မြစ်ပြင်ကိုကြည့်ငေးရတာ လောကကနေခဏတာ ကင်းလွတ်ရသလိုပါ။ အတ္တတွေ လောဘ တွေ ဒေါသတွေကို ခဏတာ မေ့ထားလို့ရ။ မကောင်းတဲ့အရောင်တွေ ကိုမြင်ကွင်းထဲကနေ ခဏတာဖြုတ်ချထားလို့ရ။

နူးညံ့တဲ့ အတွေးတွေကို ငြိမ်သက်တဲ့ မြစ်ရဲ့ရင်ခွင်က နေ ရရှိခဲ့ပါတယ်။ ငါ့ မိသားစု ငါ့အဖေ ငါ့ အမေ ငါ့ပစ္စည်း ဆိုတဲ့ အတ္တကြီးမှုတွေဟာ မြစ်ရဲ့ တည်ငြိမ်အေးချမ်းမှု အောက်မှာ ပျောက်ကွယ်သွားရင် ဘယ်လောက်ကောင်းလိမ့်မလဲ။ ဆုတောင်းတွေနဲ့ မြစ်ရဲ့ရေစီးသံဟာ ရင်ခုန်သံတွေနဲ့အတူတူ ညင်သာစွာစီးဆင်းနေပါ တယ်။ လောကရဲ့အမှန်တရား ဟာ ခါးသီးပါလိမ့်မယ်။ ရရှိတဲ့ ဆေးခါးကြီးတွေ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် မကောင်းမှုတွေပပျောက်ဖို့ ဆေးခါးကြီးဟာ တကယ်ကိုလိုအပ်ခဲ့ပါတယ်။

သဘောထားကျဉ်းမြောင်းတတ်တဲ့ ဘယ်ယဉ်ကျေးမှု မျိုးကိုမဆို ငြင်းပယ်ခဲ့ပါတယ်။ သူ့ရဲ့စီးဆင်းမှုမှာ ဘယ်လိုညစ်ပေမှုမျိုးကို မဆို သဘောထားကြီးမားစွာ လက်ခံရယူပေးခဲ့တဲ့ မြစ်မကြီး ကငါတို့ရှေ့မှာ တည်ငြိမ်စွာ။

မိုနေးသစ်
0