ကျော်ထင် ● လက်ဖက်ရည်သောက်ခြင်း

 ကျော်ထင် ● လက်ဖက်ရည်သောက်ခြင်း
(မိုးမခ) ဇန်နဝါရီ ၂၇၊ ၂၀၁၈

(၁) 
ကျနော် စွဲလမ်းတဲ့အထဲမှာ လက်ဖက်ရည်ဆိုင်ထိုင်တာလည်း ပါတယ်။ လက်ရှိ အသက်အရွယ်မှာတော့လက်ဖက်ရည်ဆိုင် ထိုင်ချိန် နှစ်ချိန်ရှိပါတယ်။ တစ်ချိန်က မနက်။ တစ်ချိန်က ည။မနက်နဲ့ ပတ်သက်တဲ့ လက်ဖက်ရည်ဆိုင် ထိုင်ချိန်ကတော့ ကျနော့်အတွက် သိပ်ပြီးပြောစရာ မရှိလှဘူးလို့ ထင်ပါတယ်။ ဒါပေမဲ့လည်း ကျနော့် ဘာသာ တစ်ယောက်တည်း စမ်းပြော ကြည့်တော့ အများသားဗျ။

မနက်ခင်း လက်ဖက်ရည်ဆိုင် ထိုင်ချိန်က ထူးပြီး မျှော်နေရတာတော့ မဟုတ်ဘူးလေ။ အဲ့ဒီ့အချိန်က မနက်လင်းတာနဲ့ ရောက်နေပြီကိုး။ အိပ်ရာက ထလိုက်ပြီဆိုတာနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ချိန်က ရောက်နှင့်နေပြီ။ ကျနော်လည်း နိုးပြီဆိုတာနဲ့ မနက်ခင်းမှာ လူတစ်ယောက်လုပ်ရမယ့် ခန္ဓာ့ဝေယျာဝစ္စတွေကို လုပ်တယ်။ ပြီးတာနဲ့ လက်ဖက်ရည်ဆိုင် အရင်ဝင်တယ်။ လက်ဖက်ရည် မှာတယ်။ သတင်းစာ ဝယ်တယ်။ လက်ဖက်ရည်နဲ့ သတင်း စာဟာ ကျနော့်အတွက်တော့ ဥဿာ စိန်ပန်း ဒန်းလှ ကိုရှာပါပဲ။ လက်ဖက်ရည်လေး တစ်ငုံ ငုံလိုက်၊ သတင်းစာ မျက်နှာစာတွေကို ရှာဖွေလိုက်နဲ့။ ကြားထဲမှာ ရေနွေကြမ်းငှဲ့ ကျိုက်လိုက်တာလေး ကောဆို မနက်ခင်းမှာ ကျနော်ဟာ ဆက်ရက်မင်းပဲဗျ။

လက်ဖက်ရည်ဆိုင်ထိုင်ရင်း၊ သတင်းစာဖတ်ရင်းနဲ့ တစ်ဆက်တည်းမှာပဲလူတွေရဲ့အကြောင်းကို ကျနော်ရှာဖွေ တယ်။ လောကအကြောင်းကို စူးစမ်းတယ်။ သတင်းတွေက ပြောတဲ့အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေ ဟာ တချို့လွမ်းစရာကောင်းတယ်။ တချို့ကို ထိတ်လန့်ရတယ်။ တချို့ကတော့ ဒေါသထွက်စရာကောင်း လောက်အောင်ကို နှိုးဆွနိုင်တယ်။ တချို့တလေကတော့ ရယ်ရတယ်ဗျာ။ အများစုကတော့ စိတ်ပျက်ရတာ ချည်းပါပဲ။ အားတက်ဖွယ်ဆိုတာက နွေကိုင်းတွေပေါ်က သစ်ရွက်တွေလိုနည်းနည်းနဲ့ ကျဲကျဲရယ်။

ဖတ်ကြည့်လိုက်ရင်တခြားရပ်ကွက်က လူတွေကလည်း၊ ကျနော်တို့ ရပ်ကွက်ကလူတွေလိုပါပဲလားလို့ သိ လိုက်ရတယ်။ တခြားမြို့က လူတွေကလည်း၊ ကျနော်တို့မြို့ကလူတွေလိုပါပဲလားလို့ ခံစားရတယ်။ တခြားဒေသ က အဖြစ်အပျက် တွေကျတော့လည်း၊ ကျနော်တို့ဒေသက အဖြစ်အပျက်တွေလိုပါပဲလားလို့ နားလည်မိတယ်။ ကျနော်တို့ တစ်တိုင်းပြည်လုံး ကြိမ်မီးအုံးသလို ဖြစ်နေကြပါပကောလား။ ဒါပေမဲ့ တချို့တိုင်းပြည်က လူတွေကျတော့ ကျနော်တို့တိုင်းပြည်ကလူတွေလို မဟုတ်ကြပြန်ပါဘူး။ အားကျစရာ ကောင်းနေတာ တွေ့ရတယ်။

တကယ်တော့ ဒါဟာ သတင်းစာတစ်စောင်ကို လက်ဖက်ရည်ဆိုင်ထိုင်ရင်းအပေါ်ယံ အပယိကအမြင်နဲ့ ဖတ်ကြည့်မိတာပါ။ ဒီလိုဖတ်ကြည့်တော့ သတင်းစာဆိုတာ လွမ်း၊ ဆွေး၊ သော၊ ဒေါတွေ စုထားတဲ့နေရာလို့ မြင်တာပေါ့။ လွမ်း၊ ဆွေး၊ သော၊ ဒေါတွေနဲ့လက်ဖက်ရည်ကို မျိုချရတာကလည်း အရသာပါ။ ဒီတော့ လက်ဖက်ရည်ဆိုင် ထိုင်တာမှာ ရသစုံနှောနေတာပေါ့။ ဒီအရသာကိုလည်း ဘာနဲ့လဲမှာလဲ။ ဒါဟာ တစ်ယောက် တည်း ကျင်းပနေတဲ့ စကားဝိုင်းပဲမဟုတ်လား။ ဘာနဲ့မှမလဲနိုင်ပါဘူး။

အဲ့လို မဟုတ်ဘဲ တခါတရံကျတော့အကြောင်းအရာ အဖြစ်အပျက်တွေထက် ကိုယ့်အတွင်း အဇ္ဈတ္တကိုပဲ တူးဆွကြည့်ဖြစ်မိ ပါတယ်။ သတင်းစာထဲက အရပ်သုံးစကားလုံးတွေကို တရား(ဓမ္မ)သုံးစကားလုံးတွေနဲ့ ဖလှယ်ကြည့်မိတယ်။ နည်းနည်းလေး ကြီးကြီးကျယ်ကျယ် ပြောကြည့်ရရင် ရုပ်တွေအောက်က စိတ်တွေကို ရှာဖွေတာပေါ့။ အဇ္ဈတ္တလှိုင်းလုံးတွေကို အနိမ့်အမြင့် ခွဲကြည့်တာပေါ့။ အဲ့ဒီအခါကျတော့လည်း စိတ်တွေဟာ လက်ဖက်ရည် ပူပူ၊ ရေနွေးပူပူလို မဟုတ်ပြန်ဘူး၊ အေးနေရော။ (အဲ့ဒီ့အပိုင်းကိုတော့ သီးသန့်ထားပြီးနောက်မှ ရေးပါ့မယ်။)

(၂)
တကယ်တော့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုတွေ တခုပြီးတခုပြောင်းသွားတဲ့အထိ ကျနော်ကတော့ မပြောင်း လဲဘဲ ဒီနေ့အထိ ထိုင်ဖြစ်နေတာပါ။ ဆောင်းသိပ်အေးလို့၊ မိုးသိပ်စွေနေလို့ အိပ်ရာထ သိပ်နောက်ကျသွားလို့ ဆိုရင်တော့ မနက်ခင်းစောစော လက်ဖက်ရည် သောက်ချိန်လေး ပျောက်သွားတတ်တာရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ အစား မနက် ၉ နာရီ၊ ၁၀ နာရီလောက်မှာ သွားသောက်ပစ်လိုက်တာပဲ။ တခါတရံမှာတော့ ခဏလေးတောင် ထိုင်ချိန် ရလို့ ပါဆယ်ထုတ်ယူပြီး လုပ်ငန်းထဲကျမှသောက်ခဲ့ရတာလည်း ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒါက ဆယ်ခါ့ရံ တခါပါ။

လက်ဖက်ရည်ဆိုင်ကိုတော့ အသက် ၁၈ နှစ်လောက်ကမှ စပြီး ထိုင်တတ်ခဲ့တယ်။ ကျနော် လက်ဖက်ရည် ဆိုင် စထိုင်တော့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုမှာ ကက်ဆက်သီချင်းခွေနားထောင်တဲ့ယဉ်ကျေးမှုနဲ့ တွဲလျက် တွေ့နေရပြီ။ လက်ဖက်ရည်ဆိုင် ဖွင့်ချင်ရင် ကက်ဆက်ကောင်းကောင်းတစ်လုံး အရင် မ,တည်ရတဲ့ခေတ်ပဲ။ လက်ဖက်ရည်ဆိုင် ကောင်း၊ မကောင်းဟာ ကက်ဆက်ကောင်း၊ မကောင်းနဲ့ပါ ဆိုင်နေတယ်။ ဆိုင်တွေက လက်ဖက်ရည်ဆိုင် လာထိုင်သူတွေကိုသီချင်းတွေဖွင့်ပြတယ်။

တခါတခါကျသူငယ်ချင်းတွေက သူတို့နားထောင်ချင်တဲ့သီချင်းခွေတွေ ယူလာပြီး၊ ဆိုင်ကို ဖွင့်ခိုင်းတယ်။ ကျနော်တို့လိုပဲ ဖွင့်ခိုင်းတဲ့သူရှိနေရင် အလှည့်ကျ ဖွင့်ပေးတယ်။ အဲ့ဒီ့တုန်းက ကက်ဆက်နဲ့လက်ဖက်ရည်ဟာ တနင်္လာနဲ့ရာဟူးဆိုတဲ့ မိတ်ဖက်ပဲပေါ့။ နောက်တော့ လက်ဖက်ရည်ဆိုင်ကိုတယ်လီဗေးရှင်းတွေနဲ့ တွဲတွေ့လာ ရတယ်။ ဆိုင်ထဲမှာ တယ်လီဗေးရှင်းကြီးတွေ တင်ပြီး video တွေ ပြပြထားလို့၊ အုံခဲနေတဲ့လူတွေ၊ ငေးမော ကြည့်ရှုနေတဲ့လူတွေ တိုးလာတယ်။ လက်ဖက်ရည်သမားစစ်စစ်တွေ ထိုင်မယ့်ခုံတွေမှာ တီဗွီအကြည့်သမား တွေ နေရာဝင်ယူသွားကြတယ်။ လက်ဖက်ရည်ဆိုင်မှာ စကားလက်ဆုံကျကြတဲ့သူတွေတောင်အငေး လက်ဆုံ ကျကုန်ကြတယ်။ အဲ့ဒီ့တုန်းကလည်းကျနော်ကတော့ လက်ဖက်ရည်အသောက်မပျက်ခဲ့သလို၊ စကားလက်ဆုံ ကျတာကိုလည်း မပစ်ပယ်ခဲ့ပါဘူး။

တကယ်တော့ ကျနော်ဟာလက်ဖက်ရည်သောက်တာနဲ့ သီချင်းနားထောင်တာကို တွဲတဲ့ယဉ်ကျေးမှု သန္ဓေ တည်ပြီးကတည်းက လက်ဖက်ရည်ဆိုင် ထိုင်လာခဲ့တာ။ လက်ဖက်ရည်ဆိုင်မှာ video ကြည့်တဲ့ ယဉ်ကျေးမှုကြီး ဖြတ်သန်းတော့လည်း အဲ့ဒီ့ရေစီးမှာ ကျနော်စီးမျောခဲ့တာပါပဲ။ ဒီဘက်ခေတ် အင်တာနက်တွေ မှိုလိုစားသုံးခွင့် ရတော့ ဝိုင်ဖိုင်နဲ့လက်ဖက်ရည်ဆိုင်ဟာ သမီးရီးစားလို အတွဲဖြစ်လာတယ်။ တတွဲတွဲပဲ။

ကျနော်ကတော့ ဝိုင်ဖိုင်ကို မက်လို့ မဟုတ်ဘဲ၊ လက်ဖက်ရည်သမားစစ်စစ်အဖြစ်နဲ့ တစွဲမြဲမြဲ ထိုင်ဖြစ်နေခဲ့ တယ်။

(၃)
အဲ့ဒီလို ထိုင်ဖြစ်နေတဲ့အထဲကပြောစရာတွေ အများကြီးလို့ ထင်ထားတာက ညခင်းလက်ဖက်ရည်ဆိုင် ထိုင်ချိန်တွေပါ။ ဒီအချိန်ကို တနေကုန်လုံး ပင်ပန်းခဲ့သမျှတွေ နားရတော့မယ့်အခါတွေဖြစ်လို့ ပိုမျှော်မိတယ်။ ညဝိုင်းဟာ သက်ရှိသတင်းစာကြီး တစောင်ကို ဖတ်နေရသလို ဖြစ်နေတာကြောင့်လည်းပါတယ်။ ကျနော် ပြောတာထက် သူများပြောတာကို နားထောင်နေရတာကြောင့်လည်းပါတယ်။ နေညိုချိန်ဟာ ကျနော့်အတွက် တော့ညခင်း လက်ဖက်ရည်သောက်ချိန်နဲ့ နီးလာနေတယ်။

ကျနော့်လက်ဖက်ရည်သောက်ချင်တဲ့စိတ်က ဘယ်လိုပြောရမလဲ ” ရွှေမဂို ၊ နေမညိုစေနဲ့” လို့ပဲ ကြက်သမား စကား ငှားပြောရမလား။ မဂိုကြက်တွေက နေ မညိုလိုက်နဲ့။ နေညိုတာနဲ့ အိပ်တန်းတက်ပြီ။ ကျနော်လည်း ဘာထူးသေးလဲ။ မဂိုကြက်လိုပဲ၊ ည ၇ နာရီ ထိုးချိန်ကို စောင့်မျှော်နေရတာ။ ၇ နာရီဆိုရင် လုပ်ငန်းအားလုံး နားပြီ။ အိမ်ပြန် ထမင်းစားပြီ။ စားပြီးပြီဆိုတာနဲ့ လမ်းကြည့်ပြီ။ လက်ဖက်ရည်သောက် ထွက်ပြီ။ လက်ဖက်ရည် ကို ကျနော်သိပ်ကြိုက်တယ်ဆိုတာထက် လက်ဖက်ရည်ဆိုင်ထိုင်တာကို ကျနော်မက်မက်စက်စက်ဖြစ်ရတယ်။

ညခင်းမှာထိုင်တဲ့လက်ဖက်ရည်ဝိုင်းကတော့ မနက်ခင်းမှာသောက်တဲ့လက်ဖက်ရည်ဝိုင်းလိုမဟုတ်ဘူးပေါ့။ လူစုံတက်စုံမို့ တိတ်ဆိတ်မနေဘူး။ ငြိမ်မနေဘူး။ စိတ်ကူးမယဉ်နိုင်ဘူးလေ။ တကယ်တော့လည်း လက်ဖက် ရည်ဝိုင်းဆိုတာ လူတွေ အချင်းချင်း ဆွေးနွေးတဲ့နေရာ၊ နွေးထွေးတဲ့နေရာ မဟုတ်လား။ လက်ဖက်ရည်သောက် စကားဝိုင်းဟာ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေကစားနေသလိုပါပဲ။ စုံစီနဖာ ပြောကြတာ။ တစ်ယောက်စကား ရပ်သွား ရင် တစ်ယောက်စကား ရောက်လာတာပဲ။ မိသားစုအကြောင်းပြောတယ်။ ဘာသာရေးအကြောင်း ဆင်ခြင် တယ်။ ပညာရေးအကြောင်း တီးခေါက်ကြတယ်။

၂၀၁၂ ဒီဘက်ပိုင်းမှာတော့ ညညထိုင်တဲ့ လက်ဖက်ရည်ဝိုင်းတွေမှာ ပြောင်းလဲလာတာတွေ ရှိတယ်။ ယဉ်ကျေးမှုသစ်တစ်ခု ထိုးဖောက် ဝင်လာတာကို တွေ့ရတယ်။ ဝိုင်းထိုင်ကြတဲ့လူတွေအားလုံး လူချည်းသက် သက်မလာကြတော့ဘဲဖုန်းကိုယ်စီနဲ့ လာကြတယ်။ မကိုင်ဘူးဆိုတဲ့ ကျနော်တို့ထဲကသက်နိုင်တောင် ဖုန်းလေး တကိုင်ကိုင်နဲ့ ဖြစ်လာတယ်။ အင်တာနက်လေးဖွင့်၊ ဝိုင်ဖိုင်လေးဖွင့်ပြီး စကားဝိုင်းကနေ ခဏခဏထွက်ခွာသွား တတ်တယ်။ လက်ဖက်ရည်ဝိုင်းဟာ စားပွဲတဝိုင်းစာ မကတော့ပဲ တကမ္ဘာလုံးစာအသွင်ဆောင်လာတယ်။

နီးနီးထိုင်နေတဲ့ သူချင်း ပိုဝေးသွားသလို၊အဝေးကြီးက လူတွေလည်း အနီးကိုရောက်လာတယ်။ လက်ဖက်ရည်ဝိုင်းဟာ မကြာမကြာဆိုသလိုလူတစုလုံး စုံနေပေမယ့်၊ မျက်နှာချင်းဆိုင်၊ ဘေးချင်းယှဉ်ထိုင် နေကြပေမယ့် စကားတွေ မပြောဖြစ်ကြဘဲ ဖုန်းတွေပဲ ပွတ်နေတာမျိုး ကြုံနေရတယ်။ ဒါဟာ လက်ဖက်ရည်ဆိုင် ရဲ့ နောက်ထပ်ယဉ်ကျေးမှု အရွေ့လေ။

(၄)
တကယ်တော့ လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုဟာ ဘီယာဆိုင်ယဉ်ကျေးမှုတွေနဲ့ ယှဉ်ပြီး လူးလွန့်နေရတာ။ မြို့တောင်ဘက် အခြမ်းမှာဆို အရင်က လက်ဖက်ရည်ဆိုင်တွေအများကြီး။ ပေါ်ဦး၊ ရတနာ၊ပြုံးချို၊ရဲကိုကြီး၊ တိုးတက်ရေး၊ လပ်ကီး၊ မင်းစိန်၊ ရွှေနန်းတော်၊ ကြက်ဖ၊ နီလာ၊ မက္ကစီကို၊ ငြိမ်းချမ်း၊ ရွှေ၊ ကောင်းထက်၊ စွမ်း၊ ပြည့်ဝ၊ နန်းစိန် အများ ကြီးပဲ။ ဒါက မှတ်မိသလောက်၊စိတ်ထဲ ပေါ်လာသလောက် ချရေးကြည့်တာ။ မမှတ်မိတာနဲ့ဆိုင်သေးသေးတွေလည်း ရှိသေးတယ်။

ဒါပေမဲ့ နန်းစိန်နဲ့  ပြည့်ဝဆိုင်လောက်က လွဲရင် အခုတော့ မရှိတော့ဘူး။ တချို့က ဘီယာဆိုင် အသွင်ပြောင်း လိုက်ကြပြီ။ လက်ရှိ ကျနော်တို့ ထိုင်နေတဲ့စံတော်မီဆိုင်က လက်ဖက်ရည်တစ်ခွက် တစ်ရာတန်းလောက်မှာ ပေါ် လာ တာ။၂၀၀၅ လောက်ကမှ ဖွင့်တာ။ သံလမ်းအနောက်ဖက်ခြမ်းမှာ လောက်လောက်လားလား ထိုင်စရာဆိုလို့ ဒီ တစ်ဆိုင်ပဲ ရှိတော့တာ။ ဆိုင်ရှေ့မှာ ရေတမာပင်လေး နှစ်ပင်စိုက်လို့။ စ,စိုက်တော့ လက်ဖက်ရည်တစ်ခွက် ၁၂၅ ကျပ်။ အရိပ်ဖားဖားနဲ့ ခါချဉ်များများ ကျတဲ့အရွယ်ရောက်တော့ လက်ဖက်ရည် တစ်ခွက်က ၄၀၀ ဖြစ်နေပြီ။ ပင်စည်က ရှစ်လက်မပတ်လည်ရှိတယ်။

ပြီးခဲ့တဲ့သီတင်းကျွတ်တုန်းက အပင်ကို ကတုံး တုံးပစ်လို့ ခုမှ အခက်အရွက် ထွက်တာကို ပြန်စောင့်နေရ တယ်။ အပင်လေး အရွက်ဖားဖား ရှိတယ်ဆို နှင်းကျ သက်သာတယ်။ အပင်လေး အရွက်များများရှိတုန်းက နေ ထိုးသက်သာတယ်။ အဲ့ဒီ့ လက်ဖက်ရည်ဆိုင်ဆီသွားထိုင်ဖို့ နေညိုတာနဲ့ ကျနော်ဟာ မဂိုကြက်တစ်ကောင်လို ပြင်ဆင်နေပြီ။ လက်ဖက်ရည်ဆိုင်ယဉ် ကျေးမှုတွေ မပြိုလဲသေးသရွေ့…..။

ကျော်ထင်

Comments