လှကျော်ဇော - ဖေဖေရဲ့နောက်ဆုံးနေ့ရက်များ



လှကျော်ဇော - ဖေဖေရဲ့နောက်ဆုံးနေ့ရက်များ
(မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၉

၂၀၁၂-အောင်တိုဘာ ၁၀ရက် အသက် (၉၃) နှစ်မှာ ကွယ်လွန်သွားတဲ့ ဖေဖေ (ဗိုလ်ကျော်ဇော) ဟာ သက်ရှိထင်ရှားရှိနေမယ်ဆိုရင် ဒီနှစ် (၂၀၁၉ -ဒီဇင်ဘာ ၃ ရက်) မှာ အသက် (၁၀၀) ပြည့်မှာပါ။ ဒါ့ကြောင့်ရာပြည့်အထိမ်းအမှတ်အဖြစ် ဖေဖေနဲ့ပတ်သက်တဲ့ အကြောင်းအရာအမျိုးမျိုး (ကလောင်စုံ)တွေကို ပြန်လည်တင်လိုက်ပါတယ်။

 ဖေဖေကွယ်လွန်တာ (၁)နှစ် ပြည့်အဖြစ် ထုတ်ဝေခဲ့ဘူးတဲ့ "သူတို့ရင်ထဲက ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော၊  အတွဲ(၁) ၊ ဖြိုးမောက်သာစာပေ။" နဲ့ "အတွဲ (၂)။ နှင်းဆီနီစာပေ" ထဲက ဆောင်းပါးများ ကဗျာများဖြစ်ပါတယ်။


အတွဲ(၁) က နိုင်ငံခြားရောက်နေတဲ့ ကျွန်မတို့ရဲဘော်ဟောင်းအများစုက ရေးတာဖြစ်လို့ ပြည်ပကပဲ ထုတ်ဖို့ စီစဉ်ထားတာပါ။ ဖြိုးမောက်သာက သူတို့ ထုတ်ရဲတယ်၊ ထုတ်ပါရစေ ...  တောင်းသွားလို့ ပေးလိုက်ရတာပါ။ အတွဲ(၂)ကတော့ ပြည်တွင်းကသူများ ရေးတာပါ။ ဒါ့ကြောင့် တချို့ဆောင်းပါးတွေ
ထပ် သွားပါတယ်။ အခုကြုံတုန်း တောင်းပန်ရပါတယ်။ (လှကျော်ဇော)


 ၂၀၁၂ ဇူလိုင် ၂၃ ရက် မနက် အိပ်ရာမှ နိုး လာတဲ့အခါ ကျွန်မဘေးက အိပ်နေတဲ့ ဖေဖေရဲ့အသက်ရှူသံဟာ “ခရော ... ခရဲ ... ခရော ... ခရဲ” နဲ့ ချွဲသံတွေ ဖြစ်နေတာ သတိထား လိုက်မိပါတယ်။ ကျွန်မဟာ မေမေဆုံးပြီးတဲ့ နောက် (၁၉၉၉ ဒီဇင်ဘာ ၄ ရက်နေ့) မကြာ မီမှာပဲဖေဖေအိပ်တဲ့ ခုတင်ဘေးမှာ ခုတင် နိမ့်လေးတခု ချပြီး ဖေဖေနဲ့ အတူအိပ် လာတာ အခု ၁၃ နှစ် နီးပါး ရှိနေပါပြီ။ ဖေဖေ ဆေးရှုံတက်လည်း ဖေဖေ့ဆေးရုံ ခုတင်ဘေးမှာ ခေါက်ခုတင်လေးတလုံး ခင်း ပြီး အိပ်နေကျပါ။ဖေဖေ့အသက်ရှူပုံ မမှန်တာ သတိထားမိလိုက်တာနဲ့ ကျွန်မ ကမန်းကတမ်း ထပြီးဖေဖေ ဖေဖေ ဘာဖြစ်နေလဲလို့ မေးလည်း မေး၊ကိုယ်လည်းစမ်း လုပ်လိုက်မိပါတယ်။ ဖေဖေကနိုးနေပြီး ဘာမှမဖြစ်ပါဘူးလို့ ဖြေပါတယ်။
ကိုယ်ကတော့ မပူပါဘူး။ ဒါပေမဲ့ ဒီချွဲကျပ်သံဟာ ပြင်းထန်တဲ့အတွက် သိပ်တော့မဟန်ဘူးလို့ စိတ်ထဲမှာ ပြောမိပြီး လူနာတင်ကား လှမ်းဖုံးဆက် ခေါ်ပြီး ဆေးရုံတင်ဖို့ပြင်ရပါတော့တယ်။

ဒီနှစ် (၂၀၁၂) နှစ်ဆန်းကစလို့ဖေဖေ ဆေးရုံတက်ဟယ်၊ ဆင်းဟယ် လုပ်နေရတာ ၄ ကြိမ်ရှိပါပြီ။ ချွဲကျပ်၊ အဖျားတက်နဲ့ ဆေးရုံ ကမန်းကတန်းတင်၊ ဆေးရုံရောက်ပြီး အဖျားကျ၊ နေကောင်းပြန်ဆင်း၊၁ ပတ် ၂ ပတ်ကြာ၊ အဖျားပြန်တက်၊ ဆေးရုံပြန်တင်နဲ့ သံသရာ လည်နေပါတယ်။

အသက် ၉၀ ပြည့် (၂၀ဝ၉) ပြီးကတည်းကအဆုပ်ရောင် ဖြစ်လိုက်ကောင်းလိုက်နဲ့းဆေးရုံမှာ အနေများ နေရတာပါ။ ဒီနှစ်ဆန်းနွေဉီးကတည်းက စလို့ မကြာခဏ အဖျားတက်လာတော့၊ ကျွန်မစိတ်ထဲ ဒီနှစ်ဆောင်းကျော်နိုင်ပါ့မလားလို့ သံသယ သောကတွေ ဝင်လာပါတော့တယ်။ ခါတိုင်းနှစ်တွေမှာဆို ဆောင်းဝင်လာမှ အဆုပ်ရောင်လိုက်၊ ကောင်းလိုက်နဲ့ နွေပေါက်လာရင် ပြန်ထူထူထောင်ထောင်နဲ့ ကောင်းမွန်လာတတ်ပါတယ်။ အစားအသောက်ကလည်း မပျက်ပါဘူး။ ဒါပေမဲ့ လည်ချောင်း
ကျဉ်းသလိုဖြစ်ပြီး မကြာခဏ သီးသီးလာလို့နောက်ပိုင်း ဆန်ပြုတ်ပဲ ကျွေးနိုင်ပါတော့တယ်။ အစားလည်း ကျလာပါတယ်။ အဲဒီ လည်ချောင်းကျဉ်းတယ် ဆိုတာက ပြဿနာပါ။ ဖေဖေမှာ သွေးတိုး၊ဆီးချို၊ နှလုံးရောဂါစတဲ့ ရောဂါကြီး ဘာမှ မရှိပါဘူး။

လည်ချောင်းကျဉ်းတယ်ဆိုတဲ့ စကားဟာ သုံးနေကျ အများနားလည်လွယ်တဲ့စကားမို့ သုံးလိုက်တာပါ။ တကယ်တော့လည်ချောင်းက ကျဉ်းသွားတာ မဟုတ်ပါဘူး။လူတွေမှာ လည်ချောင်းနဲ့ အစာပြွန်လမ်းကြောင်းဟာ ယှဉ်တွဲရှိနေပြီး၊ ပုံမှန်လူတွေမှာ အစာစားလိုက်ရင် အစာပြွန်နဲ့ လေပြွန်ကို ခွဲခြားထားတဲ့ တံခါးလေး က လေပြွန်ကို ပိတ်ပေးလိုက်တဲ့ အတွက် စားတဲ့အစာတွေ လေပြွန်ထဲ မဝင်တော့ဘဲ၊အစာပြွန်လမ်းကြောင်းအတိုင်း အစာအိမ်ထဲ ရှောရှောရှူရှူ ဝင်သွားပါတယ်။ အဲဒီတံခါးလေးကို အာရုံကြောက ထိန်းချုပ်ထားပါတယ်။ အသက်ကြီးလာတော့ အာရုံကြောတွေ အားနည်းလာ၊ အားပျော့လာရာက အဲဒီတံခါးလေးက မသွက်လက် တော့ပါဘူး။ တခါတလေ အလုပ်တောင် မလုပ်တော့ပါဘူး။ ဒီလိုအခါမျိုးမှာ အစာစား လိုက်ရင် အစာက လေပြွန်ထဲ ရောက်သွားပြီးသီးတော့တာပါပဲ။ ဒါမျိုးမကြာခဏ ဖြစ်ပွားပြီး ကြာရှည်လာရင် ဒီလို ဝင်လာတဲ့ အစာတွေကြောင့် လေပြွန်ရောင်၊ အဆုပ်ရောင်ဖြစ်လာတော့တာပါ ပဲ။

ဖေဖေ့ကျန်းမာရေး ပြဿနာဟာအဲဒီပြဿနာပါပဲ။ နာတာရှည် အဆုပ်ရောင်ဖြစ်လာတော့ သုံးတဲ့ ပဋိဇီဝဆေးတွေကလည်း မတိုးတော့ပါဘူး။ ကျန်အင်္ဂါများကလည်း တဖြည်းဖြည်း စွမ်းအင် ကျဆင်းလာပါတယ်။ နောက်ဆုံး အထွေထွေ အင်္ဂါအများအပြား စွမ်းအင် ကျဆင်းမှု ဖြစ်ပြီး အသက်ပါ ပါသွားရတော့တာပါ။

ဖေဖေ့ကို ဇူလိုင် ၂၃ ရက်နေ့မှာဆေးရုံတင်တော့ အသက်အရွယ် ကြီးရင့်မှုကြောင့် အန္တရာယ်များတယ်ဆိုပြီး အထူးကြပ်မတ်ဆောင် (အိုင် စီ ယူ)ထဲသွင်းပါတယ်။ တပတ်ကြာတော့ အခြေအနေ ကောင်းမွန်လာလို့ အပြင်လူနာခန်းကို ရွှေ့ပေးပါတယ်။ဒါပေမဲ့ အစာကို ပါးစပ်က မကျွေးနိုင်တော့ဘဲးနှာခေါင်းက အစာပြွန်ထည့်ပြီး ကျွေးရပါတယ်။ တနေ့ကို ၃ နာရီ တကြိမ် ၄ ကြိမ်လောက် ခွဲပြီး အရည်အမျိုးမျိုး (နွားနို့၊ ဆန်ပြုတ်ကျဲ၊ ကြာမှုန့်ရည် စသဖြင့်) ကို ဆေးထိုးပိုက်နဲ့ စုပ်ယူပြီး အစာပြွန်ကတဆင့် သွင်းပေးရပါတယ်။ အဲသလို အစာတွေ ပြွန်ကတဆင့်သွင်းပေး နေရင်းကပဲ အပူတွေ အကြီးအကျယ် ပြန်တက်လာပြီး အဆုပ်ရောင် လက္ခဏာတွေဝင်လာလို့ သြဂုတ် ၁၅ ရက်မှာတော့ ဒုတိယအကြိမ် အိုင်စီယူ ထဲ ပြန်သွင်းရပါ တော့တယ်။ဒီတခါ အပူတက်တာဟာ ခါတိုင်းတက်နေကျနဲ့ မတူဘဲ ပြင်းထန်ပါတယ်။ ရေခဲအိတ်တွေ တင်ထားတဲ့ကြားက တခိုက်ခိုက်တုန်အောင် ဖြစ်နေပြီး အဖျားက ၃၉-၄၀ ဒီဂရီစင်တီဂရိတ်က မကျပါဘူး။ တခါတလေ နည်းနည်းကျသလိုဖြစ်ပြီး ချက်ချင်း ပြန်တက်ပါတယ်။ ချွဲတွေ မကြာခဏ စုပ်ထုတ်တော့မခံမရပ်နိုင် ဖြစ်လာတဲ့ ဖေဖေက ကျွန်မလက်ဆွဲပြီး “ပင်ပန်းဆင်းရဲလိုက်တာ သမီးရယ်၊တော်ပါတော့၊ ဖေဖေသွားပါရစေတော့”လို့ဆိုလာပါတယ်။

ဖေဖေက သူအသက် ၉၀ ပြည့်တဲ့နေ့ (၂၀ဝ၉ ဒီဇင်ဘာ ၃ ) မှာ ကျွန်မကိုပြောခဲ့ဖူးတာ ရှိပါတယ်။ “သမီးရယ် ဖေဖေ ကိုယ့်ကိုယ်ကို ဒီလောက် အသက်ရှည်ရှည်နေရမယ်လို့ မထင်ခဲ့မိပါဘူး။ ဖေဖေ အသက်ရှည်ရတာဟာ သာမန် ကျန်းမာရေးကောင်းလို့ ရှည်တာ မဟုတ်ဘူး။ အတော့်ကို ကုသိုလ် ကောင်းတာပါ။ အသက်သေမယ့်ဘေးက အကြိမ်ကြိမ်လွတ်ပြီးမှ ဒီလောက်အထိ အသက် ရှည်လာတာ။ ဖေဖေ ကျေနပ်ပြီ။ ဗိုလ်ချုပ် (ဗိုလ်ချုပ်အောင်ဆန်းကို ဆိုလို) ထက် ၂ ဆလောက် အသက်ရှည်ရပြီပဲ သမီးရယ်။ သမီးလည်း ကျေနပ်တော့”လို့ ကျွန်မကို ပြောဖူးပါတယ်။ ဒါကြောင့်ပဲ ထင်ပါရဲ့။ဘယ်လိုပဲ မကျန်းမာဖြစ်လာဖြစ်လာ တခါမှမညည်းညူဖူးပါဘူး။ တခိုက်ခိုက် တုန်အောင်အဖျားတက်နေတာတောင် ဖေဖေ ဘယ်လိုနေလဲလို့ မေးရင် ဘာဖြစ်လို့လဲလို့တောင် သူက ပြန်မေးပါတယ်။

ဒါကြောင့် ဒီတခါ ဒီလို စိတ်လျှော့စကားပြောလာတော့ ကျွန်မလည်း ကြောက်လာပြီး ရွှေလီမှာနေတဲ့ မောင်အကြီး အောင်ကျော်ဇောကို လှမ်းခေါ် လိုက်ရပါတော့တယ်။ သူတို့ဇနီးမောင်နှံ နှစ်ယောက် ရောက်လာကြပြီး ကျွန်မတို့ ဝိုင်းဝိုင်းဝန်းဝန်းနဲ့ စကားပြောလိုက် အစာပြွန်နဲ့ အစာ သွင်းပေးလိုက်နဲ့ ပြောဟယ် ဆိုဟယ်နဲ့ အဖျားနှစ်ပတ်လောက် ပြတ်သွားပြီး ထူထူထောင်ထောင် ပြန်ဖြစ်လာပါ တယ်။ ဆရာဝန်တွေကလည်း ဒီလိုဆိုရင် နောက်တပတ်ဆိုရင် သာမန်လူနာဆောင်ကို ရွှေ့လို့ရပြီလို့ ဆိုလာပါတယ်။

အဲသလို အပြင်လူနာဆောင်ပြောင်းဖို့ ပြင်ဆင်နေချိန်မှာပဲ ရာသီဉတု ရုတ်တရက် အေးချလာပါတယ်။ ဆောင်းလည်းဝင်စပြုပြီကိုး။ အဲဒီရာသီဉတု အပြောင်းမှာ အဖျား ပြန်ဝင်လာပြီး ဒီတခါ အဖျားကတော့ဘယ်လိုမှ ပြန်ကျမလာ တော့ဘဲ တခြားရှုပ်ထွေးမှုတွေ (ဉပမာ-ကျောက်ကပ်စွမ်းအင်ကျမှု စသဖြင့်) ဝင်လာပြီး နောက်ဆုံး အောက်တိုဘာ ၁၀ ရက် နေ့မှာ ကွယ်လွန်သွား ရတာပါပဲ။ အိုင်စီယူ ထဲမှာချည်း ၂ လ နီးပါး ၅၅ ရက် နေသွားခဲ့ရပါတယ်။

ဖေဖေက ဆေးရုံတက်ရတာမကြောက်ပေမယ့် အိုင်စီယူကိုတော့ ကြောက်ရှာတယ်။ ဆေးရုံ သာမန်လူနာဆောင်ဆိုရင် ကျွန်မက သူနဲ့ ၂၄ နာရီ မပြတ် နေနေတာပါ။ အပြင် သွားစရာရှိရင်လည်း နေ့လည်နေ့ခင်း သူအိပ်ချိန်မှာသာ သွားတာ ပါ။ ဒါ့ကြောင့် သူက ဆေးရုံလို့ သဘောမထားဘဲ အိမ်မှာနေရသလိုပဲ သဘောထားဟန်ရှိပါတယ်။ အထူးကြပ်မတ်ဆောင် ဆိုတာကတော သိကြတဲ့အတိုင်း တနေ့တ ကြိမ် ၁၅မိနစ်ပဲ အိမ်သား ၂ ယောက်ပဲ ဝင်ခွင့်ပြု တာပါ။ သူ့မှာတယောက်တည်း ဆရာဝန်တွေ၊သူနာပြုတွေ လူနာစောင့်တွေနဲ့ပဲ နေနေရတာပါ။ ဒါ့ကြောင့် အဲဒီထဲ ဝင်ကာစ ၁ ရက်က ကျွန်မနေ့ခင်း ဝင်တွေ့ရချိန်မှာ“သမီးက ဖေဖေ့ကို အကြာကြီး ပစ်ထားတယ်နော်”လို့ ကျွန်မကို သူက ရန်တွေ့ဖူးပါတယ်။

ကျွန်မကလည်း ဖေဖေ့ကို အိုင်စီယူ ထဲထားရတာလောက် စိတ်ဆင်းရဲတာ မရှိပါဘူး။ အပြင်သာမန် လူနာဆောင်မှာဆိုရင် အမြဲအနားမှာ ကပ်ပြုနေတော့ အပူတက်တက်ပြန်ပြီ၊ အပူကျ ကျပြန်ပြီ၊ ဆီးနည်းနည်းပြန်ပြီ၊ ဝမ်းချုပ် ချုပ်ပြန်ပြီနဲ့ ဘာမဆို ကိုယ်က အခြေအနေကို သိနေရတော့ စိတ်သက်သာပါတယ်။ အဲဒီထဲ သွင်းထားရတော့ အပူတက်နေတော့မလား၊ ဆီးတွေ
များ စိုနေမလား၊ ချွေးတွေများရွှဲနေမလားနဲ။တချက်မှ စိတ်မအေးရပါဘူး။ အဲဒီလိုအချိန်မျိုးဖုန်း သံမြည်လာရင်ပဲ ဆေးရုံကလူနာ သည်းလာလို့ ခေါ်တယ်ထင်ပြီး ရင်တုန်ဒူးပျော့ ဖြစ်ရပါသေးတယ်။ တနေ့ ၁၅ မိနစ်လေးပဲ တွေ့ရတော့ ဖေဖေနဲ့လည်း စကားပြော လူနာစောင့်ကိုလည်း မေးစရာ ရှိမေး၊ ပြောစရာရှိပြော၊ သတိပေးစရာရှိ ပေးနဲ့ တခါတလေ စကားတောင် ကုန်အောင် မပြောလိုက်ရပါဘူး။ သူနာပြုတွေက အချိန်စေ့ပြီဆိုပြီး လာနှင်တာပါပဲ။ ဆရာဝန်တွေနဲ့ကလည်း အခြေအနေတွေ မေးရပြောရသေးတာကိုး။

ဖေဖေ့အခြေအနေကို လွန်ဆွဲခဲ့ရတဲ့ စက်တင်ဘာလလယ် ကာလက အိုင်စီယူ ထဲအဝင် ခံစားရတဲ့ စိတ်သောက ကိုတော့ ဘယ်တော့မှ မေ့မယ်မထင် တော့ပါဘူး။ ကျွန်မတို့ အိမ်သားတွေက နေ့လည် ၃ နာရီ ခွဲကစပြီး ၁၅ မိနစ်ဝင် တွေ့ရပါတယ်။ တနေ့လုံးမှာ အဲဒီ ၁၅ မိနစ်ပဲ တနေ့ အိမ်သား နှစ်ယောက်ပဲ တွေ့ရတာပါ။ ကျွန်မတို့က ဝင်တဲ့အခါ လူနာခုတင် နံပါတ်အလိုက် တန်းစီပြီး အခန်းတခုထဲ ဝင်ရပါ
တယ်။ အဲဒီမှာ အ ပေါ်ရုံအကျင်္ီဝတ်၊ ဉီးထုပ်ဆောင်း၊ နှာခေါင်းစီးတပ်၊ ဖိနပ်လဲပြီးမှ လူနာခန်းထဲဝင်ရတာပါ။ အိုင်စီယူ ဆိုတာကလည်းအသည်းအသန် ပြင်းထန်တဲ့လူတွေသာထားတော့ အားလုံးဟာ ကိုယ်လို သူလိုချည်းပါပဲ။ သောကကိုယ်စီနဲ့ မဟုတ်လား။

လူနာကို တွေ့တာနဲ့ လူနာကို မကြည့်နိုင်ဘူး။ လူနာဘေးမှာ တပ်ဆင်ထားတဲ့ လူနာအခြေအနေပြဇယားတွေ ပေါ်နေတဲ့ စက်ကိုအပြေးအလွှားကြည့်ရတယ်။ နှလုံးခုန်ဘယ်လောက်၊ အပူချိန်ဘယ်လောက်၊ သွေးဖိအားဘယ်လောက်၊ သွေး ထဲရှိ အောက်ဆီဂျင်ဘယ်လောက်ဆိုတာတွေကို ပြေးကြည့်ရတယ်။ အဲဒီလူနာအခန်း ဝင်ရင် တဒိတ်ဒိတ်နဲ့ဒီနေ့ ဘယ်လိုတွေ့ ရပါ့မလဲ။ ရေခဲအိတ်တွေ တင်ထားတာ တွေ့ရမလား။ မျက်လုံး မဖွင့်နိုင်ဖြစ်နေမလား။ ခြေတွေလက်တွေ ဖောရောင်
နေမလားနဲ့ ရင်တခုလုံး ဗြောင်းဆန်နေတာပါပဲ၊ အဲဒီ အချိန်ကာလလောက် သောကကြီးတာ မကြုံဖူးပါဘူး။
အခန်းထဲက ပြန်ထွက်ချိန် ရောက်လို့ ပြန်ထွက်တော့မယ်ဆိုရင် ကျွန်မ နှုတ်မဆက်ရက်လို့ ဖေဖေ့ကို ဘယ်တော့မှ နှုတ်မဆက်ဘူး။ ဖေဖေက သတိရှင်းပြီး နေတုန်းကတော့ ကျွန်မအခန်းထဲက ထွက်သွားတာကို မျက်စိတဆုံး လိုက်ကြည့်နေတတ်ပါတယ်။ ကျွန်မကလည်း အခန်းထဲ ဝင်တုန်း အပြေးအလွှားဝင်ခဲ့ပေမယ့် ထွက်တဲ့အခါ ရင်ထဲခဲဆွဲပြီး ထွက်ရသလိုပါပဲ။ ကိုယ့်ခြေထောက် ကိုယ်မသယ်နိုင်လောက်အောင်ဖြစ်ရပါတယ်။

သြော်-နေ့စဉ် ဒီဒုက္ခ ၂ လလောက်ပဲ ခံရလို့။ ရက်ရှည်လများသာ ခံရရင်တော့ ကျွန်မ ရူးကောင်းရူးနိုင်ပါတယ်။ အောက်တိုဘာလဆန်း ရောက်လာတော့ ဖေဖေ့ကို ကျွန်မတို့ စွန့်လွှတ်ရတော့မယ် ဆိုတာ လက်ခံလာရပါ တော့တယ်။ အဖျားက ကျသလိုဖြစ်လာပေမယ့် ကျောက်ကပ်စွမ်းအင်တို့၊ အသည်းစွမ်းအင်တို့ကျဆင်း လာနေပါပြီ။ အသက်ကြီးရင့်သူ
တွေမှာ အင်္ဂါစွမ်းအင်တွေဟာ တခုအပေါ်တခု မှီတည်ပြီး ချိန်ခွင်လျှာညိနေရတာပါ။ တခု ကျဆင်းလာရင် (လူငယ်တွေမှာလို မဟုတ်ဘဲ) နောက်တခုကလည်း ဖဲချပ်ပြိုသလို ကျဆင်း လာတတ်ပါတယ်။ ဖေဖေကလည်း သတိ သိပ်မရှင်းတော့ပါဘူး။ တခါတလေ မျက်လုံး ဖွင့်ကြည့်ပေမယ့် တခါတလေတော့ လည်း မြောနေဟန် ရှိပါတယ်။ အဲသလို အချိန်မျိုးမှာ ကျွန်မဟာ ဖေဖေခုတင်ဘေးက ကုလားထိုင်မှာ ထိုင်ပြီး (မတ်တတ်ရပ် နိုင်စွမ်း မရှိလို့ပါ)။ ဖေဖေကြိုက်နှစ်သက်လှတဲ့ “နိုင်ငံတကာ့သီချင်း”ကို တပိုင်းတစ ရွတ်ဆိုမိပါတယ်။

“ရဲဘော်တို့ ... လာ ... စုရုံးလေ ... အင်တာနယ်ရှင်နယ် ... ကမ္ဘာမှာ အကုန်ညီစေ ... ... ...”

သြော် ... ဒီလိုပဲ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အားတင်းခဲ့ ရပါတယ်။ အောက်တိုဘာ ၄ ရက်နေ့မှာတော့ အသက်ရှူရပ်သွားပါတယ်။ ဆရာဝန်တွေက ကျွန်မတို့မောင်နှမကို ဖုန်းဆက်ခေါ် ပြီး
အသက်ရှူပြွန်ချောင်း သွင်းမသွင်း မေးပါတယ်။ဖေဖေ့မှာ တကိုယ်လုံးပိုက်တွေ အမျိုးမျိုး သွယ်တန်းထားပြီးပါပြီ။ ဖေဖေကိုယ်တိုင်က“သွားပါရစေတော့”လို့ တောင်းပန် ထားပြီးပါပြီ။ ဒါကြောင့် ကျွန်မတို့ ပိုက်သွင်းဖို့ သဘော မတူတော့ဘဲ ရိုးရိုး တတ်နိုင် သလောက်ငြင်ငြင်သာသာဖြစ်ရေးသာ လုပ်ပေးပါလို့ ဆရာဝန်တွေကို ပြောလိုက်ပါတယ်။ ဖေဖေ့အတွင်း အင်္ဂါတွေ တခုပြီးတခု စွမ်းအင် ကျဆင်းလာနေပေမယ့် ဖေဖေရဲ့ နှလုံးက အားကောင်းစွာ ဆက်လက် လှုပ်ခတ်နေပါတယ်။ဒါကြောင့်မို့ အောက်တိုဘာ ၁၀ ရက် မနက်လင်းအားကြီး အချိန်အထိ ခံနေခဲ့ တာပါပဲ။

အောက်တိုဘာ ၁၀ ရက် နံနက် ၅နာရီ (တရုတ်စံတော်ချိန်) (ဗမာစံတော်ချိန်နံနက် ၃း ၃၀ ) မှာ ကွယ်လွန်သွားတဲ့ ဖေဖေ့ကို နောက်နေ့ (အောက်တိုဘာ ၁၁ ရက်) နံနက် ၁၀ နာရီမှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
ကိုယ့်ရပ်ကိုယ့် မြေသာဆိုရင်တော့ဖေဖေ့ကို ပါတီအလံလွှမ်းပြီး အင်တာ နေရှင်နယ်သီချင်းကို မိုးလုံးဟိန်း သီဆိုပြီး နောက်ဆုံးခရီးကို ပို့ပစ်မှာလို့ စိတ်ထဲမှာလည်း ကြိမ်းဝါးနေမိပါတော့တယ်။

မြန်မာပြည်သူတွေ အခုထိ ဆင်းရဲတွင်း နက်နေရတာကို စိတ်အထိခိုက်ဆုံးပဲလို့ ပြောတတ်တဲ့ဖေဖေဟာ သူရဲ့ မပြီးဆုံးသေးတဲ့ တာဝန်တွေကို နောက်မျိုးဆက် ပခုံးပေါ် ပြောင်းတင်ပေးခဲ့ပြီး ထာဝရ အနားယူသွားခဲ့ပါပြီ။ ဖေဖေနားပါတော့။

အသက် ၁၉ နှစ်အရွယ်ကစလို့ တသက်တာလုံး ပြည်သူကို အလုပ်အကျွေး ပြုခဲ့ပြုဖို့ပဲ စဉ်းစား၊  လုပ်ဆောင် ကြိုးစားခဲ့တဲ့ ဖေဖေ့စိတ်ဓာတ် ထာဝစဉ် အဓွန့်ရှည်ပါစေ။ ။

လှကျော်ဇော
၃၀-၁၀-၂၀၁၂၊

Comments