မောင်နောင်မွန် ● စေတနာ တစ်တန် ဥပေက္ခာတစ်စက်

မောင်နောင်မွန် ● စေတနာ တစ်တန် ဥပေက္ခာတစ်စက်
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၈

သူရိယနေမင်းကြီးက အနောက်ဂေါယာကျွန်းဆီတွင်မှေးတင်နေခဲ့လေသည်။ ပင်လယ်ကမ်းခြေအစပ်မှတိုက်ခတ်လာသောလေပြေအေးမှန်းမျက်နှာပေါ်ဆားပွင့်တွေလာတင်တော့သိလိုက်ရသည်။ မိုးကောင်းကင်ပေါ်တွင် တိမ်သားတိမ်လွှာ တို့က ပုစွန်ဆီရောင်အထပ်လိုက်ပြန့်ကျဲနေသည်။ မကြာမှီနေဝင်တော့မည်ဖြစ်ကြောင်းသြကာသလောကကြီးက အသိပေး နေ သည်။ အိပ်တန်းတက်မဲ့ငှက်ကလေးတွေအုပ်စုလိုက်ပျံသန်းနေပေသည်။ အလုပ်သိမ်းလို့အိမ်ပြန်လာသူများလမ်းမထက်တွင် လိုင်းကားနှင့်သော်လည်းကောင်း၊ စက်ဘီးနှင့်သော်လည်းကောင်း၊ လမ်းလျှောက်၍သော်လည်းကောင်း အုပ်စုလိုက် ရော တစ်ယောက်ချင်းစီရောကိုတွေ့ရသည်။

ဤအချိန်သည်အလုပ်သိမ်းချိန်ဖြစ်ကား အနားယူချိန်ဖြစ်သည်။ ထိုအချိန်တွင် လမ်းမထက်၌လူသွားလူလာများသည်။ မုန့်ဆိုင်တန်းတွင်လူတွေစည်လှသည်။ အရက်ဆိုင်ဘီယာဆိုင်တွင် လူတွေပြည့်ကျပ်နေသည်။ ကာလသားတို့က လှပျိုဖြူတို့ကိုပိုးပန်းဖို့ဟန်ပြင်နေချေသည်။

ထို့အချိန်တွင် ရပ်ကွက်ရှိဈေးတန်းထိပ်တွင်ရှိသော ဆေးခန်းတွင် လူတွေတစ်ယောက်စနှစ်ယောက်စတွေ့ရမည်ဖြစ်သည်။ ရပ်ကွက်ထဲတွင်ဆေးခန်းစစ်စစ်ဆို၍ ဤဆေးခန်းတစ်ခုသာရှိသည်။ ဆေးခန်းစစ်စစ်ဆိုသည်မှာ ဆရာဝန်ကိုယ်တိုင်ထိုင်၍ ဆေးခန်းလိုင်စင်အကျအနနဲ့ရှိခြင်းကိုဆိုလိုပေသည်။

ရပ်ကွက်ထဲတွင်အခြားဆေးခန်းနှစ်ခုရှိသေးသည်။ သို့သော် ထိုဆေးခန်းများသည် ဆရာဝန်ထိုင်သောဆေးခန်းမဟုတ်ချေ။ ကျောက်ထိုးဆရာနဲ့ သားဖွားဆရာမတစ်ယောက်တို့ဖွင့်ထားသည်။ ထို့အပြင် ဆေးကုသခွင့်လက်မှတ် (ဆမ) နဲ့ ဆေးခန်း လိုင်စင် မရှိချေ။


(က)
ဒေါက်တာ လင်းမောင်
လက်ထောက်ဆရာဝန်
----- ပြည်သူ့ဆေးရုံ
ညနေ ၅ နာရီမှ ၈ နာရီထိ

(ဆေးရုံဂျူတီရက်မှလွဲ၍ဖွင့်သည်) ဟူသော ဆိုင်းဘုတ်ကိုတွေ့ရပေမည်။  ညနေအလုပ်ဆင်းချိန်တွင်မှစဖွင့်သည်။ ညဘက် (၈ ) နာရီပိတ်သည်ဟုဆိုသော်လည်း ဒီရပ်ကွက်တွင်သာအိပ်သောကြောင့် ညရေးညတာများ အရေးကြီးလျှင်တခါတရံ လာနိုးတတ်သည်။ လာနိုးတိုင်းလဲ ထကြည့်ပေးသည်။ ဆေးကျောင်းတက်တုန်းက ဆရာကြီးများပြောပြခဲ့သော ကျင့်ဝတ်များ အတိုင်း လူနာများကိုစေတနာထားကာ ပြုစုကုသပေးသည်။ သို့သော် ကျင့်ဝတ်အတိုင်းဖြစ်အောင်အမြဲလုပ်သည်။ စီနီယာ ဆရာဝန်ကြီးများ၊ လုပ်ဖော်ကိုင်ဖက်ဆေးပညာနယ်ထဲမှ သူများကိုညီအကိုသဖွယ် သဘောထားသည်။ ဆေးခန်တွင် လည်း "ဥပဒါနံ အနုကမ္မဒယာ" ဟူ သောဆောင်ပုဒ်ကိုကပ်ထားသည်။

ဆေးရုံမှာ ဂျူတီချိန်ပြီးချိန်တွင် ဆေးခန်းစဖွင့်သည်။ ဆေးခန်းဖွင့်တာ ခြောက်လခန့်ရှိပြီးဖြစ်သောကြောင့် လူနာမှာအတော်အတင့်ရနေပြီးဖြစ်သည်။ အများစုမှာ ရာသီပေါ်ဖျားနာသာများသည်။ သွေးတိုး ဆီးချို ရောဂါသည်တယောက်စ နှစ်ယောက် စရှိသည်။ ဤသူတွေက ကျနော်ရဲ့ပုံမှန်ဖောက်သည်ဖြစ်သည်။

"ဆရာရှိလားခင်ဗျာ" ဟူသော အော်သံကြောင့် ကျနော်လည်း ထိုင်ငိုက်နေရာမှ နိုးသွားသည်။ ဆေးခန်းအနောက်ဘက် အခန်းထဲမှ ထွက်ကာ ဆေးခန်းထဲသို့ ဝင်ခဲ့သည်။


"ဦးကြီးဘာဖြစ်လို့လဲ" ဟု လှမ်းမေးလိုက်သည်။ "ဟုတ်ဆရာ အကြောဆေးလေးသွင်းချင်လို့ ခင်ဗျ" ဟုဆိုသည်။ "အော် ဦးကြီးအရင်က သွင်းဖူးလား ဘာဖြစ်လို့သွင်းချင်တာလဲ" ဟုပြန်မေးမိသည်။ "မဟုတ်ပါဘူးဆရာ ဒီလိုပါပဲ၊ ကျနော်က တလ တခါအကြောဆေးသွင်းနေကြလေ အဲဒါကြောင့်ပါ" ဟုပြန်ဖြေလေသည်။

"ဟာ ဦးကြီးကလဲ ဘာမဖြစ်ဘဲ ဘာလို့သွင်းမှာလဲ ဘယ်နှခါရှိပြီးလဲ အကြောဆေးသွင်းတာ" ဟုမေးမိသည်။  "သွင်းတာတော့ လေးခါ ငါးခါလောက်ရှိပြီးဗျ တစ်လတခါထိုးနေတာ မထိုးရရင်နေရတာမရှင်းသလို မပျော်သလိုဖြစ်နေတာဆရာရေ" ဟု လူနာမှအားတက်သရောရှင်းပြလေသည်။


"ဟုတ်ပါပြီး လတိုင်းသွင်းနေတာက ဘာဖြစ်လို့ထိုးရတယ်လို့ပြောတာလဲ အရင်တုန်းကဘယ်သူနဲ့သွင်းနေတာတုန်း" ဟု ကျနော် မေးမိသည်။ " ဒီလိုဆရာရေ ပထမ ဆုံးအကြိမ်သွင်းတုန်းက ကျနော်အလုပ်ပင်ပန်းတော့မောသလိုမူးသလိုဖြစ်တာ။ အဲဒါဟိုဘက်ရပ်ကွက်ထဲက ဆေးခန်းမှာသွားပြတာ။ အဲဒါသွေးပေါင်ချိန်တော့ သွေးပေါင်ကျနေတယ်ပြောတယ် သွေးပေါင် ချိန် အဲတုန်းက အပေါ်သွေး တစ်ရာ အောက်သွေး ခုနစ်ဆယ်ပြောတယ်။ အဲဒါနဲ့အကြောဆေးတစ်လုံးသွင်းပေးလိုက်တယ်။ ပီးတော့လည်းလတိုင်းသွင်းရင်ပိုကောင်းတယ်တဲ့" ဟု ပြောပြလေသည်။ ကျနော်လည်း ခေါင်းတွေ တသွင်သွင်ခါမိသည်။

"ဒီလိုဦးကြီးရေ အကြောဆေးဆိုတာက အားဆေးတမျိုးကိုသွင်းတာပေါ့။ ဒါပေမဲ့ အဲဒါကဦးကြီးတို့ထင်သလောက်လဲ ထိ ရောက်မှုမရှိပါဘူး။ ဦးကြီးတို့ ကြက်ဥလေးသောက် အားဆေးလေးသောက်ပြီးရင် အားရှိတာလေးစား အဲဒါဆိုရပြီးခင်ဗျ။ ဦးကြီးတို့ထင်သလို လတိုင်းလဲသွင်းစရာမလိုပါဘူး။ ဦးကြီးတို့ အလုပ်တွေ ပင်ပန်းတဲ့ အခါ ခန္ဓာကိုယ်အားနည်းသွားတယ်။ အဲဒါဦးကြီးတို့အိပ်ရေးလေးဝဝအိပ်။ အားရှိတာလေးစားရင်ရပါပြီး။ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မကပြန်လည်ထိန်းသွားတာပဲ။ ခုက ဦးကြီးတို့က ဆေးစွဲသလိုဖြစ်နေတာ။ တလတစ်ခါဆေးမသွင်းရရင်ဘဲ ဦးကြီးတို့စိတ်မှာစွဲနေတာ။ အမှန်တော့ အဲဒါက ဦးကြီးတို့အကျင့်ဖြစ်နေတာ" ဟု စိတ်ရှည်လက်ရှည် ရှင်းပြမိသည်။

"အင်းပါ အဲဒါတော့ ဦးကြီးမသိဘူးဆရာရေ၊ ဒါဆိုခုက အကြောဆေးသွင်းပေးဦးမှာလား" မေးလေသည်။

"အင်းဒီလိုလုပ်ဦးကြီးရေ ဒီတခါတော့ မသွင်းပေးတော့ဘူး။ အားဆေးလေးသောက်ကြည့်လေ။ အားဆေးသောက်လို့မှ မသက်သာရင် ကျနော်ဆီပြန်လာခဲ့ ကျနော် ဆေးသွင်းပေးမယ်" ဟုပြောလိုက်သည်။

ထိုအခါဦးကြီး၏မျက်ဝန်းသည် အလိုမကျဟန်တွေတွေ့ရသည်။ သို့သော် မသိချင်ယောင်ကာ အားဆေးတစ်ကဒ်ရောင်းပေး လိုက်သည်။

ဆေးခန်းမှ ဦးကြီးထွက်သွားသည်ကို ကျနော်ငေးကြည့်နေမိသည်။ သူ့ကျောပြင်ကိုတဆုံးငေးနေမိသည်။ ကျနော်တို့ဆရာဝန် တွေသည်လည်း ခေတ်ပျက်တွင် အသက် ရှင်နိုင်ရန် ရရာနည်းနဲ့ ရုန်းကန်နေရသည်။ ယခုလည်းအကြောဆေးသွင်းသည်။ ဘယ်သူတွေထွင်လိုက်သည်မသိချေ။ အရေးကြီးလို့တခါသွင်းပေးလိုက်လျှင် ရပြီးဖြစ်သည်။ လစဉ်သွင်းရမည်ဟု မပြော သင့်ချေ။ ထိုသို့ပြောချင်သည် လူနာ၏ကျန်းမာရေးအသိကိုတလွဲပေးလိုက်ချင်ဖြစ်သည်။ လူနာတို့၏စိတ်တွင် အားနည်း သလို ခံစားရလျှင် အကြောဆေးသွင်းရမည်။ လစဉ်သွင်းရမည်ဟုစိတ်စွဲသွားမည်။ ထိုသို့ပြုလုပ်ခြင်းသည်စီးပွားရေးလုပ်သည်ဟုသာ ကျနော်မြင်မိသည်။


ကျင့်ဝတ်နဲ့လည်းမညီဟုထင်မိသည်။ ယခုလည်း ထိုဦးကြီး၏မျက်ဝန်းထဲတွင် ကျနော်ကိုဆေးမထိုးဘူးလား ဟူသောအထင် သေးသောအကြည့်များမြင်မိသည်။ သို့သော် ကျနော်စိတ်ထဲတွင် ကောင်းတာလုပ်သည်ဟုသာ ခံယူထားသည်။ ယခု လည်း ဦးကြီးသည် ကျနော်ဆေးခန်းမှအပြန် ဘယ်ဆေးခန်းတွင် အကြောဆေး သွားသွင်းနေမည်မသိချေ။

ကျနော်၏ဆေးခန်းတွင် ဆေးကုရာတွင် ဆေးကုသည်ထက် ယခုကဲ့သို့ အသိပညာပေးရသည်က များသည်။ ကျနော်ထံတွင် လာပြသောလူနာများ၏အသိပညာကို တစွန်းတစကျနော်ပြုပြင်နိုင်လျှင်မြတ်သည်ဟုခံယူထားသည်။ ကာကွယ်ရေးသည် ကုသရေးထက် ပို၍ထိရောက်သည် ဟုခံယူထားသည်။ ထို့အတွက်ကြောင့် တတ် နိုင်သည်ဘက်က အသိပညာပေးကာ ကာကွယ်နိုင်သည်ရောဂါများကို ကာကွယ်နိုင်အောင်တတ်နိုင်သလောက်ပညာပေးနေသည်။ ထို့အတွက်ကြောင့် ကျနော် ဆေးခန်း၏၀င်ငွေသည် သူများတွေထက်လျော့နည်းသည်။ သို့သော်ကျနော်လိပ်ပြာလုံသည်။ ကျင့်ဝတ်နှင့်အညီပြုလုပ်သည်ဟုခံယူထားသည်။

ယနေ့အတွက်ကျနော်သည် ဖျားနာတဲ့လူနာတစ်ယောက်နဲ့ ဆီးချိုလူနာတစ်ယောက် နောက်ထပ်နှစ်ယောက်သာ ထပ်ပြီး ကုသရသည်။ ယနေ့အတွက်ကျနော်၏အလုပ်သည်ပြီပြီးဖြစ်သည်။ ကျနော်ဆေးခန်းနားက လက်ဖက်ရည်ဆိုင်တွင် အင်္ဂလန်ပရီမီယာလိဂ်ဘောလုံးပွဲတွေပြနေသည်။ ကျနော် ဆေးခန်းကိုပိတ်လိုက်သည်။ ဆေးခန်းတံခါးတွင်ကျနော်ဖုန်းနံပါတ်ကိုချိတ်ထားသည်။ လူနာလာလျှင်ခေါ်လိမ့်မည်။ ကျနော်ဘောလုံးပွဲကြည့်ရန်နဲ့ ညစာစားရန် ထိုဆိုင်လေးသို့ ထွက်လာသည်။

(ခ)
"ကလင် ကလင်" ဖုန်းမြည်သံနဲ့အတူလန့်နိုးမိသည်။ ခေါင်းအုံးနားကဖုန်းကိုကောက်ကိုင်မိသည်။ ဖုန်းမှနာရီကိုကြည့်မိတော့ မနက် ၂ နာရီရှိနေပြီးဖြစ်ကြောင်းသိရသည်။ မနေ့ည ဆေးခန်းပိတ်ကာ ဘောလုံးပွဲကြည့်ပြီးညစာစားသည်။ ထို့နောက် အိမ်နဲ့ဖုန်းပြောကာ စာအုပ်ဖတ်ရင်းအိပ်ပျော်သွားသည်။

ယခုဖုန်းသံကြောင့်သာ လန့်နိုးမိသည်။ ဖုန်းနံပါတ်ကြည့်မိတော့ နံပါတ်အစိမ်းဖြစ်နေသည်။

"ဟဲလို အမိန့်ရှိပါခင်ဗျာ" ဟုထူးလိုက်မိသည်။ ဖုန်းထဲမှ တဖက်လူမှ " ဟဲလိုဆရာလေးလားမသိဘူးခင်ဗျာ ကျနော်ဖိုးအောင်ပါ ဆရာလူနာပါခင်ဗျာ" ဟုပြန်ပြော လေသည်။

"အော်အေး အေး ပြောဘာဖြစ်လို့လဲ" ဟုကျနော်မေးလိုက်သည်။ " ဟုတ်ဆရာ အိမ်ခဏပင့်လိုရမလားမသိဘူး အဘိုးအရမ်း မောနေလို့ပါခင်ဗျာ" ဟုပြန်ပြောသည်။

"ဟာ ခင်ဗျားအဘိုးဟိုတနေ့ကတည်းက ဆေးရုံတက်ခိုင်းထားတယ်လေ နှလုံးအမောဖောက်နေတယ် ပြောထားတယ် မဟုတ်လား" ဟုမေးလိုက်သည်။

"ဟုတ်ဆရာရေ အဲဒီကေ့ဆရာဆေးထိုးပြီးတော့နည်းနည်းသက်သာသွားတာနဲ့မသွားဖြစ်ဘူး အိမ်မှာပဲနေလိုက်တာ ခုမှ အမောဖောက်တတ်လို့" ဟုဆိုလေသည်။

"အေး အေး ဒါဆိုလဲ ဆေးခန်းရှေ့လူတစ်ယောက်လွှတ်လိုက်ကွာ အဖော်ရအောင်လို့" ဟု ကျနော်ပြောလိုက်သည်။ "ဟုတ် ကဲ့ဆရာရေ" ဟုဆိုသော အသံကြားရသည်။ ကျနော်လည်းဖုန်းချကာ လိုအပ်သည်ဟု ထင်သည်များကို ဆေးအိတ်ထဲ ကောက်ထည့်လိုက်သည်။

ထိုလူနာသည် လွန်ခဲ့သောနှစ်ရက်က အမောဖောက်ကာ ကျနော်ဆီလာပြသည်။ လူနာသည်အသက်ရှစ်ဆယ်ကျော်ကာ ယခုအချိန်ထိဆေးလိပ်သောက်နေဆဲဖြစ်သည်။ ကျနော်စမ်းသပ်ပြီးနောက် နှလုံးမကောင်း သွေးကြောကျဉ်းတာ အရမ်းများ လို့ နှလုံးအမောဖောက်တာဟုယူဆကာ ဆေးတစ်လုံးထိုးပေးကာ ဆေးရုံသို့ သွား ခိုင်းသည်။ ကျနော်ရှင်များလည်းဟုတ်ကဲ့သွားပါမည်ဟုဆိုကာ အာမဘန္တေခံသွားသည်။ ယခုတော့မသွားဖြစ်။ အမောအရမ်းဆိုးလာမှ ညကြီးအချိန်မတော် အိမ်ပင့် ချေပြီး။


"ကိုဖိုးအောင်ဗျာ ဟိုနေ့ကတည်းက ဆေးရုံတင်သွားပါလို့ပြောနေတာ မတင်ဘူးဗျာ တော်သေးတာပေါ့၊ ဒီညကျနော်ဂျူတီ မရှိလို့ ကျနော်ဂျူတီကျတဲ့ညဆို ဘယ်လိုလုပ်မလဲ" ဟုဂရုဏာဒေါသောမြည်တွန်မိသည်။ ထိုအခါ ကိုဖိုးအောင်မှ မျက်နှာ ငယ်လေးဖြင့် "ဟုတ်ကဲ့ဆရာရေ ကျနော်တင်ဖို့ပဲ အဘိုးက သက်သာတယ်မသွားဘူး ပြောနေတာနဲ့ ကျနော်တို့လည်း မသွားဖြစ်တာ " ဟုပြန်ရှင်းပြသည်။

ကျနော်လည်း သူနဲ့စကားပြိုင်လုနေလျှင်ပြီးမှာ မဟုတ်မှန်းသိသဖြင့် လူနာကိုသာစမ်းသပ်တော့သည်။ ထို့နောက် "အခြေအနေကတော့စိုးရိမ်ရတယ် ဆေးတစ်လုံး ထိုးပေးလိုက်မယ် ခုချက်ချင်းဆေးရုံတင်မှရမယ်" ဟု ပွင့်ပွင့်လင်းလင်းပြော လိုက်သည်။ ထိုအခါ ကိုဖိုးအောင်တို့လည်း ပြာပြာသလဲ ဖြစ်ကာ သူ့အမျိုးသမီးအား ဆေးရုံ တင်ရန်ပြင်ဆင်ခိုင်းသည်။

ကျနော်လည်း ဆေးတစ်လုံးထိုးပေးလိုက်သည်။ ထိုအခါ ကိုဖိုးအောင်သည် ကျနော်နောက်တွင်မျက်နှာငယ်လေးနဲ့ ရပ်နေ သည်။ ကျနော်လည်း သူတခုခုပြောစရာ စကားများရှိသည်ထင်မိသည်။ ထို့ကြောင့် ကျနော်ကပဲ "ကိုဖိုးအောင်ဆေးရုံတော့ခုချက်ချင်းတင်ဖြစ်အောင်တင်နော်။ မဟုတ်ရင် လူနာအသက်အန္တရာယ်စိုးရိမ်ရတယ်" ဟုစကားစလိုက်သည်။ ထိုအခါ ကိုဖိုးအောင်ပြောသောစကားသည် ကျနော် ကိုယ့်နဖူးကိုယ်ပြန်ရိုက်မိသည်။

"ဟုတ် တင်တော့တင်မယ်ဆရာ၊ ဒါပေမဲ့ ခုက ညနှစ်နာရီကျော်လောက်ဆိုတော့ ကျနော်တို့မနက်ငါးနာရီလောက်မှတင်လို့မရဘူးလား၊ ကျနော် ဟိုဘက်အိမ်က ကားသမားကို နိုးရတာအားနာလို့" ဟုဆိုသည်။ "အော်ခင်ဗျားက ကားသမားနိုးရမှာ အားနာတယ်ပေါ့၊ ကျနော်ကိုနှိုးရတာတော့ အားမနာဘူးပေါ့ အဲဒီလိုလား" ဟု စိတ်ထဲတွင်ပြောမိသည်။


သို့သော် အပြင်တွင်တော့ "ဟာမရဘူးလေ ခုချက်ချင်းတင်ပါ၊ ခင်ဗျာအဘိုးအသက်အရမ်းအရေးကြီးတယ်နော်" ဟုပြောကာ ကျနော်အိမ်ပေါ်မှဆင်းလာခဲ့သည်။

(ဂ)
ကျနော်လည်းဆေးခန်းပြန်ရောက်သည်အထိစိတ်ထဲမကြည်နိုင် ဖြစ်နေသည်။ ကားသမားတော့နိုးရအားနာသတဲ့။ ကျနော် တို့တော့ အားမနာချေ။ အရင်တနေ့ကပြောသောစကားကိုနားမထောင်ချေ။ စေတနာနဲ့မထိုက်တန်ဟု တခါတလေ ခံစားရ သည်။

ကျနော်လည်းမျက်စိကြောင်၍ တော်ရုံနဲ့အိပ်မပျော်နိုင်ဖြစ်နေသည်။ ထို့ကြောင့် ဖုန်းကိုဖွင့်ကာ အင်တာနက်သုံးလေသည်။ သို့သော် facebook ဖေ့ဘုတ်ပေါ်တွင် တက်လာသောပိုစ့်များမှာ "စောင်ဗမာဆရာဝန်တွေ ဘာဖြစ်တယ် ညာဖြစ်တယ်" ဆို သော ဆရာဝန်များကိုဆဲသောပိုစ့်များသာဖြစ်သည်။

ကျနော်လည်းအင်တာနက်ပိတ်ကာ မပျော် ပျော်အောင် ပြန်အိပ်လိုက်တော့တည်း။
0