နိုင်ဝင်းသီ ● မီးတောင်များ
(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၁၈
(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၁၈
သူ့ရဲ့ နောက်ခံကားချပ်ကို ကျွန်တော်တို့ မသိကြဘူး။ သူဟာ တောင်တန်းတွေရှိတဲ့အရပ်က ဆင်းသက်လာခဲ့တာလား။ ပင်လယ်ဘက်က ဆန်တက်လာခဲ့တာလား။ မြေပြန့်လွင်ပြင် အရပ်ဒေသဘက်ကလား။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ သေသေချာချာ မသိကြဘူး။
သူ့ရဲ့ဘဝမှာ ဘယ်လိုလူမျိုးတွေဟာ သူ့ရဲ့သူရဲကောင်း ဖြစ်လေမလဲ။ ကပ်စ်ထရိုလား။ နော်မန်ဘက်သွန်းလား။ ကတ်ကို ဘိန်းလား။ မောင်ချောနွယ်လား။ ချေဂွေဗားရားလား။ ကျွန်တော်တို့ထဲက ဘယ်သူကမှ မသိခဲ့ကြဘူး။
သူဟာ ကဗျာဆရာတစ်ယောက် အနေနဲ့ပဲ ကျွန်တော်တို့လက်ထဲက ဆေးပေါ့လိပ်တိုကို ကောက်ဖွာလိုက်တာပဲ။
သူဟာ ကဗျာဆရာတစ်ယောက်အနေနဲ့ပဲ ကျွန်တော့်ရှေ့က အရက်ခွက်ကို မော့ချလိုက်တာပဲ။
သူတို့လင်မယားဟာ ကျွန်တော်တို့မြို့လေးရဲ့ တစ်ခုသောတောင်ကုန်းလေးပေါ်မှာ လုံးချင်းအိမ်လေးငှားပြီး လာနေလိုက်သေးတယ်။
နွယ်ရိပ်သစ်ရိပ်စိမ်းစိမ်းနဲ့ အဲဒီကုန်းထိပ်လေးဟာ ကွန်ဆက်ချူရယ်ကျေးလက်လား။ အန်ပလပ်မြို့ပြလား။ ဒါမှမဟုတ်ရင် အဲဒီယဉ်ကျေးမှုနှစ်မျိုးစလုံး ရောထွေးစိမ့်ဝင်နေတဲ့ သီးခြားနိုင်ငံတော်လေးတစ်ခု ဖြစ်နေလေမလား။
ကျွန်တော့်မျက်စိထဲမှာတော့ အဲဒီနေရာလေးဟာ ဘီဗာလီတောင်ကုန်းထက်တောင် လှပနေသေးတယ်။ ခရိုးခရိုင် အိမ်စုလေးတွေဟာ ဟိုနေရာတစ်စု ဒီနေရာတစ်စု သူ့အုပ်စုနဲ့သူ ဆူညံပွက်လောထလို့။ ဈေးသေးသေးလေးတစ်ခု၊ အပေါင်ဆိုင်လေးတစ်ဆိုင်နဲ့ ညိုညစ်ညစ် လက်ဘက်ရည်ဆိုင်လေး နှစ်ဆိုင်၊ အရက်ပုန်းဆိုင်လေး သုံးလေးဆိုင်နဲ့အခြေခံလူတန်း စားတွေရဲ့ အကြမ်းထည်ဘဝလေးတွေကို ခင်းကျင်းဖြန့်ချထားတဲ့နေရာလေးတစ်ခုပါပဲ။
အဲဒီကုန်းထိပ်က သေတင်းကုပ်လေးတွေဆိုတာ ညဦးပိုင်းရောက်တာနဲ့မီးရောင်မှုန်မှုန်အောက်မှာ ကလေးငိုသံ၊ ဆဲဆိုရန်ဖြစ်သံ၊ သီချင်းဆိုသံ၊ ခွေးဟောင်သံ၊ ငြင်းခုန်သံများနဲ့ အမြဲတမ်း စီဝေလှုပ်ခတ်နေတဲ့ ညချမ်းချိန်ခါ အော်ပရာ။
မြို့ပြနဲ့ ကူးချည်သန်းချည် လုပ်နေတဲ့ဒိုင်နာတွေကလည်း ညဥ့်နက်တဲ့အထိ ပြေးလွှားခုန်ပေါက်လို့။ ကြယ်ပြာတွေကလည်း မီးပွားတွေ လွင့်ကျလာသလို တဖျစ်ဖျစ်နဲ့ လောင်ကျွမ်းဝင်းပလို့။
ကြယ်စုံညမျိုးဆိုရင် အုံခဲသီးထနေတဲ့ကြယ်ပွင့်တွေကို မော့ကြည့်နေရင်းနဲ့တစ်ခွက်ပြီးတစ်ခွက် ထိုင်သောက်ဖို့သိပ်ကောင်းတဲ့ နေရာလေးပါပဲ။
အဲဒီတောင်ကုန်းလေးမှာ သူနားခိုနေစဉ်အတွင်း ပျောက်ဆုံးနေတဲ့ သူ့ကိုယ်သူ ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။
သူဟာ မြုံနေတဲ့ အနာတစ်လုံး။ အနုပညာဟာ သူ့ဘဝထဲမှာ အေးခဲတိတ်ဆိတ်နေခဲ့တာကာလအတန်ကြာမြင့်သွားခဲ့ပြီ မဟုတ်လား။ ရိုးသားသန့်စင်ပြီး မောက်မာဝင့်ကြွားမှုတွေကင်းပတဲ့ ကျွန်တော်တို့ရဲ့ မြို့ကလေးကို သူရောက်လာတော့ လူရောစိတ်ပါ ငြိမ်းအေးသွားခဲ့ပုံရတယ်။ မြို့ကလေးဟာ ဟန်ဆောင်မှုကင်းမဲ့သလို မြို့ကလေးထဲမှာ မှီတင်းနေထိုင်ကြတဲ့လူတွေဟာလည်း ရိုးသားဖြူစင်ကြတဲ့ လူတွေပဲ မဟုတ်လား။
အဲဒီစိမ်းမြပူနွေးမှုတွေကပဲ ရပ်တန့်နေတဲ့သူ့ရဲ့အရေးအသားတွေကို မြစ်တစ်စင်းလိုစီးဆင်းသွားစေခဲ့။ အဲဒီ မြစ်ရေစီးကြောင်းကပဲသူ ရှုမြင်သုံးသပ်နေတဲ့ သူ့ရဲ့လောကသုံးပါးကို တည်ငြိမ်ရင့်ကျက်သွားစေခဲ့။
အနုပညာမှာသာ ရင့်ကျက်လာခဲ့ပေမယ့်မိသားစုဘဝကျတော့ သူဟာ အနည်းငယ်မျှလောက်ပင် မရင့်ကျက်ခဲ့လေဘူး။ အဲဒီကုန်းထိပ်လေးမှာ အိမ်ငှားပြီးနေလာခဲ့တဲ့ကာလတစ်လျှောက်လုံး သူတို့လင်မယားရဲ့ပဋိပက္ခဟာ ကျွန်တော် အမြဲတစေ ကြားနေခဲ့ရတဲ့ စစ်ပွဲပါပဲ။
လူ့ဘဝကို လက်ခံထားပြီဆိုရင် အလုပ်တစ်ခုခုတော့ ရှိနေရပါမယ်။ ကလေးနီတာရဲလေးတစ်ယောက် တိုးပွားလာတဲ့ သူတို့ရဲ့မိသားစုအတွက် အိမ်ထောင်ဦးစီးဖြစ်တဲ့ သူဟာ အလုပ်တစ်ခုခုတော့ လုပ်နေရမှာပေါ့။
သူဟာ အလုပ်တော့ လုပ်ပါတယ်။ စာပေလောကထဲက လူတစ်ယောက်ဖြစ်နေခဲ့တဲ့အတွက် သူ လုပ်ခဲ့တဲ့ အလုပ်တိုင်းဟာ မဂ္ဂဇင်း သို့မဟုတ် ဂျာနယ်တစ်ခုခုနဲ့ဆက်နွယ်ပတ်သက်ခဲ့တဲ့အလုပ်တွေချည်းပါပဲ။
ပြောစရာတစ်ခု ရှိတာက သူဟာ ဘယ်လိုတိုက်မျိုးမှာမှ မမြဲခဲ့ဘူး။ ဘယ်လောက်ပဲ ကောင်းတဲ့တိုက်မျိုးမှာပဲဖြစ်စေ သူဟာ ဘယ်တော့မှ ကာလ မရှည်လျားခဲ့ဘူး။ နောက်ဆုံးလုပ်ကိုင်ခဲ့တဲ့ ဂျာနယ်တိုက်နဲ့လည်းဟုတ်မလိုလိုနဲ့ နောက်ဆုံးမှာစိမ်းကားပြတ်တောက်သွားခဲ့ပြီ။
သူ ဘယ်လို အရပ်ဒေသမျိုးကို ရောက်ရှိနေသလဲ။ ဘယ်သူကမှ အသေအချာ မသိကြဘူး။
လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်ကရပ်ကွက်ဈေးလေးထဲမှာ တွေ့လိုက်ရပါသေးတယ်ဆိုတဲ့ စကားတစ်ခွန်းက လွဲလို့သူ့ရဲ့အကြောင်းကို ဘယ်သူကမှ မပြောပြနိုင်တော့ဘူး။
သူဟာ ဆက်သွယ်မှုဧရိယာထဲမှာပဲလား။ ဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်နေလေသလား။ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ တိတိကျကျ မပြောပြနိုင်တော့ဘူး။
သူ ပျောက်ဆုံးသွားခဲ့တဲ့ ပထမနေ့ရက်တွေတုန်းကတော့ သူ့ရဲ့အကြောင်းကို လေထန်ကုန်းထဲမှာ ထင်မြင်ယူဆချက်ကိုယ်စီနဲ့ ပြောနေကြသေးတယ်။ ဒါပေမယ့်နောက်ရက်တွေမှာ အခြားအခြားသော လူတွေ၊ ဘဝတွေ၊အဖြစ်အပျက်တွေ စီးဝင်လာခဲ့တော့လည်း သူ့ရဲ့အကြောင်းဟာ မှုန်မှုန်ရီရီ....ဝေဝေဝါးဝါး။ တဖြည်းဖြည်းနဲ့ ပါးလျမှိန်ဖျော့သွားခဲ့။
ကျွန်တော်ကတော့ အနက်ရောင်ကျောပိုးအိတ်လေးလွယ်ပြီး အရောင်လွင့်ဂျင်းဘောင်းဘီ အမြဲဝတ်ဆင်လေ့ရှိတဲ့ သူ့ကိုမကြာမကြာ သတိရတတ်ပါတယ်။ အာရုံခံစားမှု ပြင်းထန်တဲ့ သူ့ရဲ့ အရေးအသားတချို့၊ပြီးတော့ သူ့ရဲ့ဘဝထဲမှာ သူ အသေအချာငြိခဲ့ဖူးတဲ့ ပြင်းပြင်းရှရှ မက်တယ်လ်တချို့။
အစွန်းသိပ်ရောက်လွန်းတာ မဟုတ်ပေမယ့် အစွန်းတစ်ဖက်ဖက်အပေါ် တည်မှီနေသလိုမျိုး။ နာကျင်မှုတွေဟာ နှစ်လိုဖွယ်မကောင်းသော်လည်းပဲ သူကိုယ်တိုင် နာကျင်မှုတွေထဲကို တရွေ့ရွေ့နဲ့ တိုးဝင်နေသလိုမျိုး။
အခုဆိုရင် လရောင်အောက်မှာ သူရဲ့အရိပ်ဟာ ရှည်လျားဆန့်ထွက်နေလေမလား။ ပြတ်တောက်ကျုံ့ဝင်နေလေမလား။ သူ့ရဲ့အရိပ်ကိုရော သူ မြင်မှ မြင်ခွင့်ရပါ့မလား။
သြဂုတ်လထုတ် မဂ္ဂဇင်းတစ်ခုထဲမှာ သူပေးထားခဲ့တဲ့ ကဗျာလေးတစ်ပုဒ် ပါလာတာကို သူ သိမှသိပါလေစ။ ဂျာနယ်တစ်စောင်ထဲမှာ သူ့ရဲ့စာမူလေးပါလာတော့ စာမူခလူကြုံယူလာခဲ့တဲ့ ကိုထွန်းဝေမြင့်ဟာ လေထန်ကုန်းရဲ့ညနေခင်းတွေထဲမှာ ရှာလို့ ...ဖွေလို့။ သူ့ရဲ့ အရိပ်စိမ်းစိမ်းကို။
အိမ်ချင်းနီးလို့ လူကြုံယူသွားပေးတဲ့မိုဃ်းဇော်ရဲ့ မျက်လုံးတွေထဲမှာလည်းမသေချာ မရေရာမှုတွေနဲ့ မှိုင်းလို့ ...မှုန်လို့။
မင်းနွယ်စိုးကတော့ ဆေးလိပ်မီးခိုးငွေ့တွေကြားက ၃၃လမ်းတိုလေးကို ငေးငေးရီရီကြည့်နေရင်းနဲ့ ပင့်သက်တွေ တစ်ချက်ပြီးတစ်ချက် ရှိုက်လို့။
၃၃ လမ်းတိုလေးကတော့ မိုးစက် မှုန်မှုန်ဖွဲဖွဲအောက်မှာ အေးစက်ငြိမ်သက်လို့။
အရေးအသားဟာ ဒီနေရာမှာပဲအဆုံးသတ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ မြို့ကလေးကို ရောက်ရှိလာခဲ့ဖူးတဲ့ ညီငယ်လေးတစ်ယောက်အကြောင်းကို ရိုးရှင်းသော စကားလုံးတွေနဲ့ ရေးဖွဲ့ထားခဲ့တဲ့ memoir လေး တစ်ခုပါပဲ။
ဖြစ်ချင်တော့ အဲဒီအရေးအသားဟာ ကျွန်တော် ပေးလိုက်တဲ့မဂ္ဂဇင်းမှာ ပါမလာခဲ့ဘူး။ တစ်ပုဒ်လုံးကို ဖြုတ်ပစ်လိုက်ရတယ်လို့အယ်ဒီတာလေးက ပြောပါတယ်။
အဲဒီကာလတုန်းက ကျွန်တော်တို့ရဲ့အရေးအသားမှန်သမျှဟာ "ဂီလိုတင်း" ဓားစက်နဲ့တူတဲ့ စာပေစိစစ်ရေးအောက်မှာ မလူးသာ မလွန့်သာနဲ့ ဖြတ်သန်းနေခဲ့ရတဲ့နှစ်ကာလတွေပါပဲ။
အစိမ်းရောင်မီးခိုးတွေ အူထနေတဲ့အဲဒီရက်စွဲတွေတုန်းက အလုံးစုံသောအနုပညာမှန်သမျှဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ ဝပ်ဆင်းငြိမ်သက်လို့။
အဲဒီတစ်ပုဒ်လုံး ဖြုတ်ပေးလိုက်ရတယ်ဆိုတဲ့ စာမူလေးကိုပဲ ဂျာနယ်တစ်စောင်ကအယ်ဒီတာလေးတစ်ယောက်က သူ့ဂျာ နယ်မှာ ထည့်မယ်ဆိုပြီး ယူသွားခဲ့ပြန်တယ်။ ဖြစ်ချင်တော့ တော်လှန်ပုန်ကန်တဲ့ အသုံးအနှုန်းတစ်လုံးတစ်ပါဒတောင် မပါတဲ့ အဲဒီစာမူလေးဟာ အဲဒီဂျာနယ်မှာလည်း တစ်ပုဒ်လုံးအဖြုတ်ခံရပြန်ပါတယ်။
ပြောမယ်ဆိုရင်တော့ အဲဒီခေတ်ကာလအပိုင်းအခြားဟာ စာရေးဆရာ၊ ကဗျာဆရာတွေအတွက် ကြောက်မက်ဖွယ် အရိပ်တွေထိုးကျနေခဲ့တဲ့ အမှောင်ခေတ်ပါပဲ။ အနုပညာ၊လူ၊ အတွေးအခေါ်၊ ယုံကြည်မှု၊ စိတ်ကူးစိတ်သမ်း။
အားလုံးဟာ မည်းမှောင်အေးစက်နေတဲ့ အမှောင်နေ့ရက်တွေထဲမှာ တငွေ့ငွေ့နဲ့ လောင်ကျွမ်းပြတ်ကျလို့။
အဲဒီကာလ အပိုင်းအခြားထဲမှာပဲ ညီလေးကဗျာဆရာဟာ ဘိုဟီးမီးယား တစ်ယောက်လို လွင့်ချင်တိုင်း လွင့်နေခဲ့ပြန်တယ်။ ဘဝမှာအခုလိုမျိုး ရေဆုံးရေဖျား လွင့်ခဲ့တာ ဘယ်နှစ်ကြိမ်တောင် ရှိခဲ့ပြီလဲ။ သူ့ကိုယ်သူတောင် မှတ်မိရဲ့လား မသိဘူး။
လွင့်ရမယ့် လမ်းမတွေ သူ့ရှေ့မှာ ပြတ်တောက်သွားတော့မှပဲ သူဟာ ပထမမြို့တော်ကို ခြေကုန်လက်ပန်းကျပြီး နွမ်းနွမ်းလျလျ ပြန်ရောက်လာခဲ့။ ဝမ်းနည်းစရာတစ်ခုကသူ ချစ်လို့ အတည်ယူထားခဲ့တဲ့ သူ့ရဲ့ ကောင်မလေးဟာ သူနဲ့ ပြန်ပါမလာတော့ဘူး။ ကျွန်တော်တို့ မြို့မှာ မွေးဖွားခဲ့တဲ့ သူ့ရဲ့ သမီးငယ်လေးဟာလည်း ကောင်မလေးဘက်ကို ပါသွားခဲ့တယ်လို့ သိရပါတယ်။
မယုံကြည်စရာကောင်းလောက်အောင် စိမ်းကားပြတ်တောက်သွားခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အကြောင်းဟာကျွန်တော်တို့အတွက်တော့ စိတ်မောစရာ သတင်းအရင်းအမြစ်များ။
အဲဒီကာလ အပိုင်းအခြားထဲမှာပဲမင်းနွယ်စိုးဟာလည်း သံသရာခရီးရှည်ကြီးထဲကို ကသုတ်ကရက်နဲ့ ထွက်ခွာသွားခဲ့ပြန်လေတယ်။ သူ့ရဲ့နောက်ဆုံးခရီးကို အဝေးရောက်နေတဲ့ ကျွန်တော်ဟာ လိုက်မပို့ဖြစ်ပါဘူး။ စကားပြောရင် ညင်ညင်ဖွဖွလေး ပြောလေ့ရှိတဲ့ မင်းနွယ်စိုးဟာ ဆေးပေါ့လိပ်တိုလေး လက်ကြားညှပ်ပြီး မနက်စောစောတွေမှာ အိမ်ကို ရောက်လာတတ်ပါတယ်။ သူ့ရဲ့မျက်လုံးညိုညိုတွေဟာ အမြဲတမ်းလိုလို မှုန်မှိုင်းရီဝေလို့။ ထန်းပင်ကုန်းမှာ ကျွန်တော်နေတုန်းကလည်း ထန်းပင်ကုန်းအိမ်ကို သူ အမြဲ ရောက် ရောက်လာတတ်တယ်။ ထန်းပင်ကုန်းကနေ ညောင်သုံးပင်ကို သူ ပြန်တော့မယ်ဆိုရင် ပဲခူးစုကားဂိတ်က တင့်လွင်တို့ဆိုင်လေးမှာ သူ တစ်ထောက် နားတတ်ပါတယ်။ ထန်းပင်ကုန်းကနေပြီး အောင်ချမ်းသာကို ကျွန်တော်ပြောင်းလာတော့ သူနေတဲ့ညောင်သုံးပင်နဲ့ နီးကပ်သွားပြီမဟုတ်လား။ နံနက်တိုင်းလိုလို ကျွန်တော်တို့ရဲ့မြေဝါလမ်းလေးထဲမှာ သူ့ရဲ့ ခြေသံဟာ တရှပ်ရှပ်နဲ့။
ဆာမူရိုင်းနိုင်ငံတော် ထူထောင်ခဲ့တဲ့မိုဃ်းဇော်တစ်ယောက်လည်းပဲ ကျေးလက်ဆန်တဲ့ ကျွန်တော်တို့ရဲ့ မြို့ကလေးမှာ မရှိတော့ပါဘူး။ ယုဇနဘက်ကို ပြန်ပြောင်းသွားခဲ့တာ ကြာမြင့်သွားခဲ့ပြီ။ သူ ကျွန်တော်တို့ဆီမှာ နေခဲ့တုန်းကလည်း အမှတ်ရစရာလေးတွေ အတော်များများ ရှိခဲ့ပါတယ်။ နာဂစ်စ်ဝင်မွှေသွားပြီး တစ်မြို့လုံးနီးပါး ဗုံးဗုံးလဲပြိုသွားတဲ့အချိန်။ တချို့အိမ်တွေဟာ အမိုးအကာတွေ ပွင့်ထွက်ကုန်တယ်။ တချို့အိမ်တွေကတော့ ပြားပြားဝပ်ဆင်းသွားတယ်။ သစ်ပင် သစ်ကိုင်းတွေနဲ့ ဓာတ်တိုင်တွေ ဓာတ်ကြိုးတွေဆိုတာကတော့ လမ်းတိုင်းမှာလိုလိုလဲပြိုရှုပ်ထွေးပြီး မွစာကြဲထွက်နေလေတယ်။ မြို့ ပျက်ကြီးဟာ သက်ပြင်းတွေ တစ်ချက်ပြီးတစ်ချက်ရှိုက်ပြီး အမှောင်ထုထဲမှာတိတ်ဆိတ်အေးစက်လို့။ အဲဒီညက သူရယ်၊ကျွန်တော်ရယ်၊ကိုရန်ပိုင်ရယ် ..။ ငါးခြောက်တွေ တစ်မြှောင်းပြီး တစ်မြှောင်းဖုတ်၊ ဂရင်းရွိုင်ရယ်ကို တစ်ပြားပြီးတစ်ပြားမှာ..။ တိတ်ဆိတ်လေးနက်စွာနဲ့ မူးရစ်ရီဝေခဲ့ကြပေါ့။
ငမိုးရိပ် တိုးကြောင်ကလေး ရထားဟာတုန်တုန်ချည့်ချည့်နဲ့ နှေးကွေးလေးလံစွာတွားသွားနေတဲ့ ကင်းမလက်မည်းတစ်ကောင်။ တစ်နေ့ကို အနည်းဆုံး နှစ်ကြိမ်လောက်တော့ သူ့အိမ်ဘေးက ဖြတ် ဖြတ်သွားတတ်ပါတယ်။ တုန်တုန်ရီရီနဲ့ ဖြတ်သွားတဲ့အဲဒီရထားတွဲလေးတွေကို ငေးရီပင့်သက်ရှိုက်ရင်းနဲ့ပဲသူလည်း ကဗျာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ရေးဖြစ်ခဲ့တာပဲ မဟုတ်လား။
ထူးခြားတာတစ်ခုက ညီလေးကဗျာဆရာနဲ့၊ မင်းနွယ်စိုးနဲ့၊ မိုဃ်းဇော်နဲ့ ကျွန်တော်ဟာ မြို့သေးသေးထဲမှာ နှစ်ကာလတစ်ခုကြာမြင့်သွားအောင် အတူတကွ နေခဲ့ကြပေမယ့် လေးယောက်သားဟာ တစ်ခါမှ မဆုံစည်းခဲ့ကြပါဘူး။ ဘာသာစကားရော၊ ဘဝတွေပါ တစ်ယောက်နဲ့တစ်ယောက် နီးကပ်စွာတည်ရှိနေပါလျက်နဲ့ ကျွန်တော်တို့ဟာ ဘာဖြစ်လို့ မဆုံစည်းဖြစ်ခဲ့တယ်မသိဘူး။
တစ်ခါတစ်ခါတော့လည်း တစ်ယောက်ယောက်ကို ဖျတ်ကနဲ အမှတ်ရသွားခဲ့ရင်အာရုံဟာ နောက်တစ်ယောက်ဆီ ခုန် ခုန်ကူးသွားခဲ့တာ။
သတိတရစိတ်ဟာ တစ်ယောက်ယောက်ဆီ ငြိပါသွားခဲ့ရင် ကျန်တဲ့လူတွေဟာ အာရုံထဲကို စုပြုံတိုးဝင်လာခဲ့တာ။
ရာသီဥတုက ပူပြင်းနေပေမယ့် အတိတ်ထဲက လူတွေ၊ ရက်စွဲတွေ၊ဘဝတွေဟာ စိမ်းမြနေတယ်။ အဲဒီလေးယောက်ထဲမှာ မင်းနွယ်စိုးတစ်ယောက်ကလွဲပြီး ကျန်တဲ့နှစ်ယောက်ဟာ ကျွန်တော်နဲ့ ရေခြားမြေခြားသွားခဲ့ပြီ။
နီးလျက်နဲ့ ဝေးကွာခဲ့ကြတဲ့ ရင်ဘတ်တူသူငယ်ချင်းတွေကို ဒီတစ်ခါတော့ ဆုံဖြစ်အောင်ဆုံကြမယ်ကွာလို့များ ပြောလိုက်ရင်မင်းနွယ်စိုးဟာ သူ့ရဲ့ပင်ကိုယ်ဟန်ပန်အတိုင်းငွေ့ငွေ့ကလေး ပြုံးနေလေမလား မသိဘူး။
နိုင်ဝင်းသီ
Comments