မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၁၁) – အုပ်စုဖွဲ့ခြင်း


မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၁၁) – အုပ်စုဖွဲ့ခြင်း
– A Brief History of Humankind by Yuval Noah Harari
(မိုးမခ) ဇန်န၀ါရီ ၁၈၊ ၂၀၁၉

စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

ဆေပီယန်စ် (၁၁)

ဟိုမိုဆေပီယန်စ်တွေပဲ ပြင်ပမှာတကယ်မရှိတဲ့ အကြောင်းအရာတွေကို ပြောဆိုနိုင်တာပါ။ မနက်စာမစားခင်မှာပဲ လုံးဝမဖြစ်နိုင်တဲ့အရာ ၆ ခု ကို ဖြစ်နိုင်ပါတယ်လို့ ဆေပီယန်စ်တွေပဲ စိတ်ကူးယဉ်နိုင်တယ်ဆိုတာ လူတွေ အလွယ်တကူ သဘောတူကြမှာပါ။ မျေက်တစ်ကောင်ကို သူသေတဲ့အခါကျရင် မျောက်ကောင်းကင်ဘုံမှာ မရေမတွက်နိုင်တဲ့ငှက်ပျောသီးတွေ ရလိမ့်မယ်လို့ ကတိတွေပေးပြီး သူ့လက်ထဲကငှက်ပျောသီး ကိုယ့်ကိုပေးအောင် ဘယ်လိုမှအယုံသွင်းဖို့ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် ဒါ အဘယ့်ကြောင့်အရေးကြီးတာပါလဲ။ နောက်ဆုံးတော့လည်း စိတ်ကူးယဉ်တယ် ဆိုတာက လူကိုအန္တရာယ်ရောက်အောင် လမ်းလွဲစေ၊ အာရုံနောက်စေလို့ပါ။

 တောထဲသို့သွားပြီး သမင်တွေ၊ မှိုတွေ ရှာဖွေတဲ့လူတွေနဲ့ယှဉ်ရင် နတ်သမီးတွေ၊ နဖူးမှာချိုပေါက်တဲ့ ဒဏ္ဍာရီမြင်းတွေကို ရှာဖွေတဲ့လူတွေဟာ အသက်ရှင်သန်ဖို့အခွင့်အလမ်း ပိုနည်းပါးမှာပဲ။ တကယ်လည်းမရှိတဲ့ ကိုယ်စောင့်နတ်ဘုရားတွေဆီ နာရီပေါင်းများစွာ ဆုတောင်းတယ်ဆိုတာ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတီးပစ်တာနဲ့ မတူဘူးလား။ အဲဒီအချိန်ကို အစာရှာဖို့၊ တိုက်ခိုက်ဖို့ နှင့် လိင်ဆက်ဆံဖို့ သုံးတယ်ဆိုရင် ပိုမကောင်းဘူးလား။

စိတ်ကူးယဉ်ခြင်းဆိုတာကြောင့် ကျွန်တော်တို့ အရာဝတ္ထုတွေကို စိတ်ကူးပုံဖော်လာနိုင်ခဲ့တဲ့အပြင် အများနဲ့အတူ စုပေါင်းစိတ်ကူးယဉ်နိုင်တာတွေလည်း ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် သမ္မာကျမ်းစက ဖန်ဆင်းခြင်းပုံပြင်၊ သြစတျေးလျက အဘရိုဂျီနယ်တွေရဲ့ အိပ်ယာဝင်ပုံပြင်များ၊ အမျိုးသားရေးဝါဒီများရဲ့ ခေတ်သစ်နိုင်ငံတော် စတဲ့ လူအများလက်ခံတဲ့စိတ်ကူးယဉ်ပုံပြင်တွေ ကျွန်ုပ်တို့ ဖန်တီးလာနိုင်ခဲ့တယ်။

အဲဒီလိုစိတ်ကူးယဉ်နိုင်တာတွေကြောင့် ဆေပီယန်စ်တို့ဟာ များပြားလှတဲ့လူဦးရေနဲ့ ပျော့ပျောင်းညီညွှတ်စွာ အတူစုပေါင်းလုပ်ဆောင်နိုင်ခြင်း ဆိုတဲ့ အတိုင်းအဆမရှိတဲ့စွမ်းအားကို ရလာပါတယ်။ ပုရွက်ဆိတ်တွေ၊ ပျားတွေလည်း အလွန်ကြီးမားများပြားသောအရေအတွက်နဲ့ စုပေါင်းလုပ်ကိုင်နိုင်ကြပါတယ်။ သို့ပေမယ့် သူတို့ဟာ အလွန်တရာမှ မပြောင်းမလဲ တသမတ်တည်းကျပြီ.. နီးစပ်သိကျွမ်းသူတွေနှင့်သာ လက်တွဲအလုပ်လုပ်နိုင်တယ်။ ဝံပုလွေတွေ၊ ချင်ပန်ဇီတွေဟာ ပုရွက်ဆိတ်တွေထက် အများကြီး ပိုမို လိုက်လျောညီထွေစွာ စုပေါင်းလုပ်ဆောင်နိုင်ကြတယ်။ ဒါပေမယ့် သူတို့ဟာ အချင်းချင်း အလွန်ရင်းနှီးချစ်ခင်ကြတဲ့ အဖွဲ့ဝင်အရေအတွက်နည်းနည်းနဲ့သာ အဲဒီလို စုပေါင်းလုပ်ဆောင်နိုင်တာပါ။

ဆေပီယန်စ်တွေကတော့ မရေတွက်နိုင်အောင် များပြားတဲ့တစိမ်းတွေနဲ့အတူ အလွန်တရာ လိုက်လျောညီထွေစွာပဲ စုပေါင်းလုပ်ဆောင်နိုင်ကြတယ်။ ဒါကြောင့်ပဲ ကမ္ဘာကို ဆေပီယန်စ်တွေက အုပ်စိုးရပြီး ပုရွက်ဆိတ်တွေက ကျွန်တော်တို့ရဲ့ အကြွင်းအကျန်များစားရ၊ ချင်ပန်ဇီတွေက တိရိစ္ဆာန်ရုံတွေ၊ စမ်းသပ်ခန်းတွေမှာ ပိတ်လှောင်ထားခံရတာပါ။

ပူဂျူး (Peugeot) ၏ သမိုင်းကြောင်း

ကျွန်တော်တို့ရဲ့ ဝမ်းကွဲတွေဖြစ်တဲ့ ချင်ပန်ဇီတွေဟာ အဖွဲ့ဝင်ဒါဇင်များစွာရှိတဲ့ အုပ်စုငယ်တွေဖွဲ့ပြီး နေထိုင်ကြပါတယ်။ သူတို့ကြားမှာ ရင်းနှီးတဲ့ သူငယ်ချင်းဆက်ဆံရေးတွေ ရှိပြီး၊ အတူ အမဲလိုက်ခြင်းတာ၊ တဦးနှင့်တဦးရင်ဘောင်တန်းပြီး ဘာဘွန်းမျောက်တွေ၊ ချီတာကျားသစ်တွေ နှင့် ရန်သူချင်ပန်ဇီတွေကို ဆန့်ကျင်တိုက်ခိုက်ကြပါတယ်။ သူတို့ရဲ့ ဆက်ဆံရေးဖွဲ့စည်းပုံဟာ အထက်အောက်သဘောဆန်လေ့ ရှိပါတယ်။ အုပ်စုမှာ အခရာကျတဲ့ အဖွဲ့ဝင်ဟာ အမြဲတမ်းအထီးတစ်ကောင် ဖြစ်လေ့ရှိပြီး သူ့ကို ခေါင်းဆောင်ထီး(alpha male) လို့ခေါ်ပါတယ်။ ကျန်တဲ့ ချင်ပန်ဇီ အထီးတွေ၊ အမတွေက အဲဒီခေါင်းဆောင်ထီးရှေ့မှာ ခေါင်းငုံ့ပြီး တအစ်အစ်အသံပေးခြင်းအားဖြင့် သူတို့ရဲ့နာခံခြင်းကို ပြကြပါတယ်။ လူသားတွေ ဘုရင်ရှေ့တွင် ဒူးထောက်တာနဲ့တော့ မတူဘူးပေါ့။ ခေါင်းဆောင်ထီးက အဖွဲ့အတွင်းမှာ အချင်းချင်းညီညွှတ်အဆင်ပြေကြအောင် ကြိုးစားအားထုတ်ရပါတယ်။ ချင်ပန်ဇီ ၂ကောင် ရန်ဖြစ်ကြတဲ့အခါ သူတို့ကြားဝင်ပြီး ရန်ပွဲကို ရပ်ပါတယ်။ ဒါပေမယ့် အများအကျိုးကိုသယ်ပိုးတဲ့ ခေါင်းဆောင်တစ်ယောက်လိုတော့မဟုတ်ဘဲ ချင်ပန်ဇီခေါင်းဆောင်ထီးဟာ သူလိုချင်တဲ့ အစားအစာတွေကို မောင်ပိုင်စီးထားခြင်း၊ အောက်ခြေပိုင်းက ချင်ပန်ဇီတွေကို အမတွေနှင့်မိတ်မလိုက်အောင် တားဆီးတာတွေ လုပ်တတ်ပါတယ်။

ချင်ပန်ဇီအထီးနှစ်ကောင် ခေါင်းဆောင်နေရာယှဉ်လုကြပြီဆိုရင် အုပ်စုတွင်းမှာပဲ သူတို့ကိုထောက်ခံမယ့် တခြား ချင်ပန်ဇီအထီးတွေ၊ အမတွေနဲ့ ကိုယ်စီ မဟာမိတ်ဖွဲ့ကြတယ်။ မဟာမိတ်အဖွဲ့တစ်ခုမှာ အဖွဲ့ဝင်တွေကြားက သစ္စာရှိမှုဆိုတာ အဖွဲ့ဝင်တွေအချင်းချင်း နေ့စဉ်ပွေ့ဖက်တာ၊ ဖက်ယမ်းတာ၊ နမ်းတာ၊ အမွှေးသပ်ပေးတာ၊ အချင်းချင်းဦးစားပေးကြတာ စတဲ့ အတွင်းကျကျရင်းနှီးဆက်ဆံမှုတွေအပေါ် အခြေခံပါတယ်။ လူသားနိုင်ငံရေးသမားတွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့အခါ ပြည်သူတွေနဲ့ လက်ဆွဲနှုတ်ဆက်တာ၊ ကလေးငယ်တွေကို ပွေ့ချီနမ်းတာတွေ လုပ်သလိုမျိုးပေါ့။ ချင်ပန်ဇီအုပ်စုတစ်ခုမှာ ထိပ်ဆုံးရောက်ချင်တဲ့ အကောင်ဟာ သူ့ရဲ့အချိန်တော်တော်များများကို ပွေ့ဖက်ခြင်း၊ ချင်ပန်ဇီကလေးများကို ကျောပွတ်ခြင်း၊ နမ်းရှုံ့ခြင်း စတာတွေကို လုပ်ပါတယ်။ ခေါင်းဆောင်ထီးဆိုတာ ကာယအင်အား အသန်မာဆုံးဖြစ်လို့ ခေါင်းဆောင်နေရာကို ရတာမဟုတ်ဘဲ သူ့မဟာမိတ်အဖွဲ့ကို ကြီးမားတည်ငြိမ်အောင် ဦးဆောင်စုစည်းနိုင်လို့ဖြစ်ပါတယ်။ အဲဒီလို မဟာမိတ်ဖွဲ့တယ်ဆိုတာ ခေါင်းဆောင်နေရာအတွက် ပေါ်ပေါ်ထင်ထင်ယှဉ်ပြိုင်ကြတဲ့အခါမှာသာမက သာမန်နေ့စဉ်လုပ်ကိုင်နေကျ ကိစ္စတွေမှာလည်း အရေးကြီးတဲ့အဓိက ကဏ္ဍကနေ ပါဝင်ပါတယ်။ မဟာမိတ်အဖွဲ့ဝင်တွေဟာ တရင်းတနှီး ပူးပူးကပ်ကပ်နေကြတဲ့အချိန်တွေ ပိုများပါတယ်။ အစားအစာတွေကိုလည်း အချင်းချင်း မျှဝေစားကြပြီး ဒုက္ခရောက်ချိန်မှာလည်း တစ်ကောင်နဲ့တစ်ကောင် ကူညီကြပါတယ်။

ချင်ပန်ဇီအုပ်စုတစ်စုရဲ့ အဖွဲ့ဝင် အရေအတွက်နှင့်ပတ်သက်လို့ဖြစ်စေ၊ အုပ်စုတွင်းဆက်ဆံရေးနဲ့ ပတ်သက်လို့ဖြစ်စေ သိသာထင်ရှားတဲ့ အကန့်အသတ်တွေရှိတယ်။ အုပ်စုတစ်စု ဆက်လက်တည်မြဲလည်ပတ်နိုင်ဖို့အတွက် အဖွဲ့ဝင်တွေအားလုံး တစ်ကောင်နဲ့တစ်ကောင် အတွင်းကျကျ ရင်းနှီးသိကျွမ်းကြဖို့ လိုပါတယ်။ ဘယ်တုန်းကမှ မဆုံဘူးတဲ့၊ ရန်မဖြစ်ဘူးတဲ့၊ အချင်းချင်း အမွှေးမသပ်ကြဘူးတဲ့ ချင်ပန်ဇီ၂ကောင်ဟာ သူတို့အချင်းချင်း ယုံကြည်လို့ရ မရ သိကြမှာ မဟုတ်ပါဘူး။ တစ်ကောင်နဲ့တစ်ကောင် ကူညီဖို့သင့်မသင့်ဆိုတာအတွက် ဘယ်ကောင်က အဆင့်ပိုမြင့်တယ်၊ မမြင့်ဘူးဆိုတာလည်း သိကြမှာ မဟုတ်ပါဘူး။ သာမန်အခြေအနေမှာ ရိုးရိုးချင်ပန်ဇီ အုပ်စုတစ်ခုမှာ အဖွဲ့ဝင်အကောင်ရေ ၂၀ မှ ၅၀ ကြားရှိတယ်။ အုပ်စုမှာ ချင်ပန်ဇီဦးရေ များလာတာနဲ့အမျှ သူတို့ရဲ့ လူမှုဆက်ဆံရေးတွေ ယိုယွင်းလာပါတယ်။ နောက်ဆုံးတော့ ခွဲထွက်မှုတွေဖြစ်ပြီး အုပ်စုအတွင်းက အကောင်တစ်ချို့က အုပ်စုသစ်တည်ထောင်တာတွေ ဖြစ်လာတယ်။ အဖွဲ့ဝင်ရာကျော်တဲ့ ချင်ပန်ဇီအုပ်စုတွေကို သတ္တဗေဒပညာရှင်တွေက စောင့်ကြည့်လေ့လာမှုတွေလုပ်ထားတာ များများမဟုတ် လက်တဆုပ်စာ သာသာပဲရှိတယ်။ ခွဲထွက်သွားတဲ့အုပ်စုဟာ နဂိုအုပ်စုနဲ့ ပူးပေါင်းလေ့မရှိဘဲ အစာရေစာနှင့် နယ်မြေအတွက် တိုက်ခိုက်ယှဉ်ပြိုင်တတ်တယ်။ အခုလိုမျိုး ချင်ပန်ဇီအုပ်စုတွေအချင်းချင်း ရှည်ကြာတဲ့စစ်ပွဲတွေဖြစ်ကြတာကို သုတေသနပညာရှင်တွေက မှတ်တမ်းတင်ထားတွေ ရှိတယ်။ ဒါတင်မက ချင်ပန်ဇီအုပ်စုတစ်ခုက သူတို့ရဲ့ဝန်းကျင်မှာရှိတဲ့ တခြားအုပ်စုတစ်ခုရဲ့ အဖွဲ့ဝင်တော်တော်များကို တမင်တကာရည်ရွယ်ပြီး မျိုးတုန်းသတ်ဖြတ်သလိုဖြစ်တာကိုတောင် တွေ့ရှိခဲ့ကြပါတယ်။

အစောပိုင်းလူသတ္တဝါတွေနှင့် ရှေးဦး ဆေပီယန်စ်တို့ရဲ့ လူမှုဆက်ဆံရေးဘဝမှာလည်း အဲဒီလိုမျိုး အဖြစ်အပျက်ပုံစံတွေ ကြီးစိုးခဲ့တယ်နဲ့ တူပါတယ်။ ချင်ပန်ဇီတွေလိုပဲ လူသတ္တဝါမှာလည်း ပင်ကိုဗီဇစိတ်တွေ ရှိပတယ်။ အဲဒီဗီဇစိတ်ကြောင့်ပဲ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေမှာ ရင်းနှီးတဲ့ သူငယ်ချင်းဆက်ဆံရေး၊ အထက်အောက်ဆက်ဆံရေးများ ဆိုတာတွေရှိခဲ့ပြီး အတူအမဲလိုက်တာ သို့မဟုတ် တိုက်ခိုက်တာတွေကို လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ချင်ပန်ဇီတွေရဲ့ ဆက်ဆံရေးဗီဇစိတ်လိုပဲ အဲဒီရှေးဦးလူသတ္တဝါတွေဟာလည်း အတွင်းကျကျရင်းနှီးကြပြီး သေးငယ်တဲ့အုပ်စုတွင်းမှာသာ ညီညွှတ်အဆင်ပြေခဲ့ပါတယ်။ အုပ်စုအလွန်ကြီးမားသွားပြီဆိုရင် သူတို့ရဲ့လူမှုဆက်ဆံရေး စနစ်ယိုယွင်းလာပြီး အုပ်စုကွဲသွားပါတယ်။ တကယ်လို့ အလွန်မြေဆီကောင်းတဲ့ တောင်ကြားတစ်ခုက ရှေးဦးဆေပီယန်စ် အယောက် ၅၀၀ ကို ကျွေးမွေးထားနိုင်ပေမယ့်လည်း အချင်းချင်းမသိကြတဲ့ တစိမ်းတွေအဖြစ်နဲ့တော့ အတူယှဉ်တွဲနေထိုင်ကြဖို့ မဖြစ်နိုင်ပါဘူး။ ဘယ်သူက ခေါင်းဆောင်လုပ်ရမယ်။ ဘယ်သူက ဘယ်နေရာမှာ အမဲလိုက်ပြီး ဘယ်သူက ဘယ်သူနှင့်မျိုးပွားမယ်ဆိုတာတွေကို ဘယ်လိုသဘောတူကြမှာပါလဲ။

ဘာသာပြန် - မာန်သီဟထွန်း

ပုံတွေကို အောက်ပါလင့်တွေကနေ ယူပါတယ်။ https://in.bookmyshow.com/…/war-for-the-planet-of-th…/106224

Comments