နွမ်းလျရုပ်ပုံလွှာ(၁) -ဖိုးရှမ်း
ကျော်ကျော်မြရည်စမ်း
(မိုးမခ) ဇန်နဝါရီ ၁၁၊ ၂၀၁၉
သူ့အမည်မှာ
ဖိုးရှမ်းဟု သိခဲ့ရသည်။ သူနှင့်ကျွန်တော်သည်
မြန်မာပြည်မြောက်ပိုင်းရှိ ဘူတာရုံလေးတရုံ၌
တွေ့ခဲ့ရခြင်းဖြစ်သည်။ ထိုနေ့က
ကျောက်စိမ်းမှော်တခုသို့ ကျွန်တော်သွားလိုသည်။ ထိုအရပ်၌ရှိသော
လူမှု ဘဝများကို မျက်မြင်တွေ့လိုသည်။
လုပ်ငန်းဆောင်ရွက်နေမှုများကို
တစေ့တစောင်းလေး အကဲခတ်ချင်သည်။ ထိုဘူတာရုံလေးတွင်
မိတ်ဆွေရုံပိုင်တယောက်
တာဝန်ကျနေသည်။ လမ်းခရီးအတွက် ကူညီလမ်း ပြပေးဖို့
လူတယောက်ရှာခိုင်းရာ ဖိုးရှမ်းကို
ကျွန်တော်နှင့်ထည့်ပေးလိုက်ခြင်းဖြစ်သည်။ အဖိုးစားနားအဖြစ်
များများမတောင်းဆိုသောဖိုးရှမ်းကို ထိုစဉ်ကအံ့သြခဲ့ရသေးသည်။ ဖိုးရှမ်းက ကျွန်တော့်ထံမှ
မှော်သို့အသွား အတွက် ၁၀၀၀ ကျပ်။ အပြန်ခရီးအတွက် အသွားတုန်းကလို
တစ်ထောင်ကျပ်သာ တောင်းဆို သည်။ ညအိပ်နေရန်အတွက်
ထိုစဉ်က မလွယ်ကူခဲ့ပါ။ နယ်မြေအခြေအနေအရ ညအိပ်ဖို့ မသင့်လျော်ဟု
ရုံပိုင်နှင့် ဖိုးရှမ်း
နှစ်ယောက်စလုံးက ဆိုကြသည်။
အသားဖြူဖြူ၊
မျက်ခုံးမွှေးထူထူ မျက်လုံးမျက်ဖန်ကျယ်သောဖိုရှမ်းသည် ဂျင်းဘောင်းဘီအဟောင်းတထည် နှင့် ထရက်ကုတ်တထည်ကိုဝတ်ဆင်ထားသည်။ ထရက်ကုတ်အင်္ကျီမှာ အတော်ပင်ဟောင်းနွမ်းနေသည်။ ဟောင်းနွမ်းသည်ဟုဆိုခြင်းထက် ကြေးညှော်အထပ်ထပ်တင်နေသည်ဟုဆိုရပေမည်။ နောက်ကျောဘက် တွင် အသင်းအဖွဲ့တခု၏အမည်ကိုရေးထားသော်လည်း
ကျွန်တော်ဖတ်၍မရ။ ထိုလမ်းခရီး၏အစ၌ပင် သူ နှင့်ကျွန်တော်
စကားတွေအများကြီးပြောဖြစ်ခဲ့ကြသည်။ သူကချည်း
ကရားရေလွှတ်သလို ပြောသွားခြင်း ဖြစ်သည်။ ကျွန်တော်က
စကားထောက်အဖြစ်သာနေလိုက်တော့သည်။ ဆိုင်ကယ်စက်ချို့ယွင်းသွား၍
ပြင်ဆင်ရသောအချိန်တစ်နာရီကျော်ကျော်အတွင်း၌
မောပန်းနွမ်းလျနေသောဖိုးရှမ်း၏လိပ်ပြာသည်
ကျွန်တော့် စိတ်ကို စာရေးဖို့အကြိမ်ကြိမ်တိုက်တွန်းသည်။ ထိုနေ့က
ဖိုးရှမ်းများစွာကိုလည်း
ကျွန်တော်တွေ့ခဲ့ရပါသည်။
ကျွန်တော့်ဘဝမှာ
ဆယ်ထပ်ကျောက်၊ ရာထပ်ကျောက်တွေ
ရခဲ့ဖူးတယ်ဆို အစ်ကိုယုံပါ့မလား။ အစ်ကို့ မျက်လုံးအကြည့်ကို
ကျွန်တော်သိပါတယ်။ ဒီကောင်ကတော့ ပေါက်ကရလေးဆယ် လာဖြီးနေတယ်လို့
အစ်ကိုထင်နေတယ်မဟုတ်လား။ ကျွန်တော်ရခဲ့တဲ့
ရာထပ်ကျောက်ဟာ အခုဆိုရင် တရုတ်ပြည်တနေရာ ရာမှာရှိနေမှာ။
တခြားတိုင်းပြည်လည်း
ရောက်ချင်ရောက်နေမှာပေါ့။ ကျောက်က အကြီးကြီးမှမဟုတ်တာ။ ရှိလှမှ
ခုနှစ်ဆယ်သားလောက်ပေါ့။
အစ်ကို အခုဝတ်ထားတဲ့ အနွေးထည်ကြီးရဲ့
ဘေးအိတ်ထဲထည့်သွား ရင်တောင်မှ ရပါတယ်။
ရာထပ်တယ်ဆိုတာကလည်း ဒီမှာတင်ရာထပ်တာ။ ဟိုဖက်မှာ
သိန်းထောင်ကြီးပိုင်းလည်း ဖြစ်ချင်ဖြစ်သွား လောက်တယ်။ ဒီမှော်မှာက ကျောက်အကြီးကြီးတွေ
သိပ်မမြင်ရပါဘူး။ အလွန်ဆုံးရှိလှမှ လက်သီးဆုပ် လောက်ကျောက်တွေ။ အစ်ကိုထင်သလို
မဟုတ်ပါဘူး။ လက်သန်းဖျားလောက်၊ လက်သည်းခွံလောက် ကျောက်နဲ့လည်း ဘဝပြောင်းသွားကြတဲ့သူတွေအများကြီးပဲ။ ကျွန်တော့်စကားနဲ့ကျွန်တော့်ပုံစံက အတော်ကြီးကွာတော့ အစ်ကိုယုံမယ်မထင်ဘူး။ အဲဒီလိုပဲ
ကျောက်ကောင်းရတဲ့နေ့တွေမှာ ကျွန်တော်က ဆာနေ တတ်တယ်။ ဟိုးတုန်းကတော့ ရင့်ထတာ၊ ရင်းထတာလို့
ပြောကြတယ်တဲ့။ အခုတော့ ဆာတယ်လို့ပဲ ပြော ကြတော့တယ်။ တကယ်လည်း ဆာတယ်ဆိုတာနဲ့
လိုက်ပါတယ်လေ။ ထမင်းဆာတာနဲ့ မတူဘူးအကို။
ထမင်းဆာတာ အောင့်ထားလို့ရပါသေးတယ်။ အဲဒီနေ့က ညနေစောင်းကြီးမှာ
တဲပြန်နားမလို့ စဉ်းစားနေ တုန်း ကျွန်တော့်ခြေထောက်အနားကို ကျောက်တုံးကကျလာတာ။ ကျွန်တော်က မြေစာသွန်နေပြီဆို ဘယ် တော့မှ ထိပ်မှာမနေဘူး။ ထိပ်မှာနေတဲ့လူတွေဆိုတာ
ခြေအနုတ်အသိမ်းမြန်မှဖြစ်တာအစ်ကို။ နို့မို့ ကျောက်တုံးမှန်ပြီးကျိုးမှာ။ ကျွန်တော်က
အရင်လိုမသွက်တော့ဘူးလေ။ ပြီးတော့ အေးအေးဆေးဆေးပဲ ခေါက်ချင်တယ်။ အဲတာနဲ့
အောက်ခြေမှာပဲနေတယ်။ ကျောက်ကောင်းရဖို့ဆို တာကလည်း ကံနဲ့ဆိုင်တယ်လို့ ပြော ကြတယ်။ ခြေထောက်နားကျလာတဲ့ကျောက်မှာ
စိန်တူအရာလည်းမမြင်တာနဲ့အပျင်းပြေဆိုပြီး လှမ်းခေါက် လိုက်တာပါ။ လက်ကလည်း
ကျောက်တုံးမြင်ရင် လှမ်းခေါက်တတ်တာ အကျင့်လိုဖြစ်နေပါပြီလေ။ ယမ်းကို မြင်လိုက်တာနဲ့
ကျောက်ကအခြေအနေကောင်းတယ်ဆိုတာ ကျွန်တော်သိ လိုက် တယ်။
ယမ်းဆိုတာက
ကျောက်စိမ်းရဲ့အခွံပေါ်မှာပါတဲ့ ဟင်းချိုမှုန့်လို
အချောင်းလေးတွေ။ ဘယ်လိုပြောရမလဲဆို တော့ ကျောက်စိမ်းရဲ့အင်္ဂါရပ်ပေါ့အစ်ကိုရာ။ ယမ်းညှက်တာ
ယမ်းကြမ်းတာကလည်း အထဲကကျောက်ရည်ကျောက်သားနဲ့ ဆိုင်တယ်အစ်ကို။
အစ်ကိုသိအောင်ပြောရမယ်ဆို
အများကြီးပြောရမှာဗျ။ ကျောက်အရည်အသွေးတင် အသေးစိတ်ပြောရမယ်ဆို
သုံးဆယ်ကျော်လောက်ရှိမယ်ထင်ပါတယ်။ ကျွန်တော်တို့ ကတော့
လွယ်လွယ်ကူကူ ပထမတန်းစား၊ ဒုတိယတန်းစား၊ တတိယတန်းစား၊
စတုတ္ထတန်းစားဆိုပြီး ၄ မျိုးလောက်ပဲ
မှတ်ထားလိုက်တယ်။ သေချာသိရင်တော့ကောင်းတာပေါ့အစ်ကို။
ခက်တော့ခက်တယ်အစ်ကိုရေ။ သိပြီး
အဆင်ပြေသွားတဲ့ လူတွေရှိသလို။ မသိပဲ အဆင်ပြေသွားတဲ့လူတွေလည်း
အများကြီးဗျ။ ကျွန်တော်ကတော့
သိပေမဲ့ အဆင်မပြေဘူးအစ်ကိုရေ။ အဲဒီကျောက်ရတုန်းက
ယမ်းကိုမြင်လိုက်တာနဲ့ ကျွန်တော်သေချာအောင်
ရေဆေးကြည့်လိုက်တယ်။ ကြိုးကသုံးပင်တောင်ပါတယ်ဗျာ။
အုန်းဆံကြိုးတင်ထားသလိုပ။ ထင်ထင်ရှားရှားကြီး။
အစ်ကို့ကို အံသြစရာပြောပြမယ်နော်။ ကြိုးပတ်သုံးခုနဲ့ကျောက်ဆိုတာ
မအောင်မရှိကျောက်လို့ ဆိုရိုးရှိကြ တယ်။ အဲတာကို ကျွန်တော်ကလည်း မသိတာမဟုတ်ဘူး။ အဲဒီကြိုးပတ်တွေကို
သေချာကြည့်နေရင်း ကျွန်တော့်ကိုယ်ထဲစိတ်ထဲမှာ မခံမရပ်နိုင်တဲ့ဝေဒနာတွေပေါ်လာတယ်။ ပြောရမယ်ဆို
ကျွန်တော်တအား ကြီးကို ဆာလာတာပါ။ ဖိုးဆာတာ။
ရေမဆေးသမားတွေဆီကနေ
ကျောက်ဝယ်ဖို့လာစောင့်တဲ့လောပန်းတဲတွေက
လုပ်ကွက်တွေနဲ့မဝေးပါဘူး။ တချို့လောပန်းတွေက
ကျောက်လည်းဝယ်တယ်။ သူတို့ကိုယ်တိုင်လည်း ရေမဆေးမွေးထားတယ်။ ရေ မဆေးမွေးထားတယ်ဆိုတာက
သူတို့တဲမှာပဲ ထမင်းကျွေးထားပြီး ကျောက်ရှာခိုင်းတာပါ။
ကျောက်ရခဲ့ရင် အစုခွဲပေးတာပေါ့။ ကျွန်တော်က
ကျောက်မရတဲ့နေ့ မရှိသလောက်ပါပဲ။ တနေကုန်ရှာလည်း
ကျောက်မျိုး တောင်မှ
မရတဲ့သူမျိုးတွေလည်း ရှိကြတယ်။ တချို့ကျောက်တွေကျပြန်တော့
မသိတဲ့သူဆို ကျောက်စိမ်း လို့ထင်ကြတယ်။ ကျောက်စိမ်းနဲ့ဆင်တဲ့
နုတ်ခေါ်တို့ ပလွန်တို့လည်း ရှိသေးတယ်အစ်ကို။ ထမင်းစားကျောက်လို့
ပြောကြတဲ့ ကျောက်လောက်တော့
ကျွန်တော်က နေ့တိုင်းရတယ်။ တစ်ထောင်၊ နှစ်ထောင်လောက်ရရင်
ထမင်းစားလို့ရတာပါပဲ။
ကျွန်တော်က
လောပန်းဆီမှာမနေဘူး။ ကိုယ့်ဟာကိုယ်
တဲလေးသပ်သပ်ထိုးပြီးနေတယ်။ တဲဆိုတာ အကြီး ကြီးမဟုတ်ပါဘူး။
အစ်ကိုမြင်ဖူးမှာပေါ့
ကားလမ်းဘေးက မုန့်ပျားသလက်ရောင်းတဲ့ တဲမျိုးလေးတွေလေ။
လေလုံဖို့အဓိကဆိုတော့
တွေ့ကရာအဆင်ပြေရာ ပီနန်စတွေဖြစ်ဖြစ်၊ ဗီနိုင်းစတွေဖြစ်ဖြစ်
ကာထားလိုက်တာ ပါပဲ။ အဲတာဆိုတဲဖြစ်ပြီ။ ညအိပ်လို့ရရင်ပြီးပြီပဲ။
ထမင်းစားကျောက်ရတယ်ဆိုလို့
ထမင်းစားတယ်လို့ ထင်လို့လား။ ထမင်းကအရေးမကြီးပါဘူး။
ခေါက်ဆွဲခြောက်ထုပ်ဖောက်စားပြီး
ရေသောက်လိုက်ရရင် ရပါတယ်။ အရေးကြီးတာက ဆေးရဖို့ပါပဲ။ ဆေးကတော့
တစ်ထောင်ရရင်လည်း
တစ်ထောင်၊ နှစ်ထောင်ရရင်လည်း နှစ်ထောင်ပါပဲ။ ဝယ်လို့ရပါတယ်။
အခုဆိုရင် ငါးရာဖိုးလည်း
ဝယ်လို့ရပါတယ်။ ရောင်းနေကြတာကတော့ ပုံစံအမျိုးမျိုးပါပဲ။ အစ်ကို
ရောက်ရင်တွေ့ပါလိမ့်မယ်။
စောစောပြောတဲ့ကျောက်ရတော့
ရောင်းနေကျလောပန်းဆီသွားပြတယ်။ သူက ကုန်းကလေးပေါ်မှာနေ တာ။
သူ့တဲကတော့ အပျံစားပါပဲ။ ဆိုလာပြားအကြီးကြီး ကို
ခေါင်မိုးပေါ် တင်ထားတယ်။ အထဲမှာလည်း တီဗီနဲ့ကက်ဆက်နဲ့။
ညနေဆိုလောပန်းက ဒရင်းဘက်ပေါ်မှာလှဲနေရင်း
ကျောက်ဝယ်တယ်။ ကျွန်တော်တို့ က အထဲမဝင်ရပါဘူး
အပေါက်ဝကနေစောင့်ရတယ်။ ကျောက်လောကမှာ
ခေါင်းတယ်ဆိုတဲ့စကားရှိတယ်အစ်ကိုရေ။ ကျောက်တလုံးရဲ့အတွင်းထဲမှာ
ဘယ်လိုအရည်ရှိမလဲဆိုပြီး
တဖြည်းဖြည်းထွင်းကြည့်တာကို လည်း ခေါင်းတယ်လို့ ဆိုကြတယ်။
ရေမဆေးသမားတွေဆီက
ကျောက်ဝယ်တဲ့လောပန်းကတော့ လာ ရောင်းတဲ့ရေမဆေးသမားကို
အရင်ခေါင်းတယ်။ လူကိုခေါင်းတာ။ သူတို့က
ကျောက်ကိုမြင်လိုက်တာနဲ့ သိနေပါပြီ။ သိနေပါပြီဆိုတာက
ဘယ်လောက်တော့တန်တယ်။ ဘယ်ဈေးကွက်နဲ့အဆင် ပြေတယ်။
ဘယ်သူလိုချင်နေတာ ဒီလိုကျောက်မျိုးပေါ့။
အဲဒီညနေလေးကို ကျွန်တော်မမေ့ပါဘူး။ ကျွန်တော့်ကျောက်ဟာ
အတော်ကြီးတန်မှန်း ကျွန်တော်သိတယ်။ ဒါပေမဲ့ ဘယ်လောက်တန်သလဲလို့ ကျွန်တော်မသိပြန်ဘူး။ ဈေးကောင်းကောင်းရအောင်
ဘယ်မှာရောင်း ရမယ်ဆိုတာကိုလည်း ကျွန်တော်မသိဘူးပေါ့။ လောပန်းက ကျွန်တော့်ကိုမြင်လိုက်တာနဲ့
ဆေးသမားဆို တာသိနေပြီ။ ဆေးသမားဆိုတာလည်း သိနေပြီ။ အရင်ရက်တွေတုန်းက သူ့အတွက်ဈေးကွက်မဝင်လည်း
ကျွန်တော်သွားပြတဲ့ကျောက်လေးတွေကို ဝယ်ထားတတ်ပါတယ်။ တစ်ထောင်တန်၊နှစ်ထောင်တန်လေး တွေပေါ့။ ကျွန်တော်တို့က
တစ်ညတာကို ငရဲကျသလို မကျော်ဖြတ်ရတော့ လောပန်းကို ကျေးဇူးတင်ရ တယ်။ တကယ်တော့ လောပန်းက
ကျွန်တော်တို့လိုလူမျိုးတွေကို မျှောထားတာပါ။ အဲတာကိုသိပါတယ်။ သိပေမဲ့ ကျေးဇူးတင်ပါတယ်။ ကျောက်ကောင်းရတော့လည်း
သူ့ဆီပဲသွားမိ တာပါ။
လောပန်းက
ဓာတ်မီးလေးနဲ့ကျောက်ကိုတချက်ပဲ
တောက်ကြည့်ပြီး ဘယ်လောက်လဲလို့ မေးပါတယ်။
ကျွန်တော်ဘယ်လောက်တောင်းရမလဲ
မပြောတတ်ဘူးဖြစ်နေတယ်။ လောပန်းတဲရဲ့အတွင်းဖက်အခန်းထဲ ကနေထွက်လာတဲ့ မွေးပျံ့ပျံ့အနံ့လေးကလည်း
ကျွန်တော့်ခန္ဓာနဲ့သွေးသားတွေကို ပိုပြီးတော့မခံမရပ်နိုင် အောင်
နှိပ်စက်နေတယ်အစ်ကိုရေ။ အရဲစွန့်ပြီး
သုံးသိန်းရချင်တယ်လို့ ပြောလိုက်တယ်။ ငါးသောင်းပေးမယ်၊
နောက်တယောက်ပြလို့
ပြောတော့ ကျောက်ပြမယ့်ရေမဆေးသမား တယောက်ဝင်သာ အောင်
ဘေးဖယ်ပေးလိုက်ရတယ်။ လောပန်းက
ကျွန်တော့်ကျောက်ကို ပြန်ပေးနေတယ်။ ကျွန်တော့်စိတ်ထဲမှာ
အဲဒီကျောက်ကို
သူကြိုက်ရဲ့သားနဲ့ ပြန်ပေးနေတယ်ဆိုတာကိုသိတယ်။ သိပေမဲ့
ကျွန်တော်ပြန်မယူ ရဲတော့ဘူး။
နည်းနည်းတော့တိုးပေးပါလို့ကျွန်တော့်ပါးစပ်က ထွက်သွားတယ်။
အဲဒီစကားကို ကျွန်တော်ပြောလိုက်တာမဟုတ်ဘူးအစ်ကို။ ဒါပေမဲ့
ကျွန်တော့်ပါးစပ်က ထွက်လာတာ။ လောပန်းက ခုနှစ်သောင်းပေးမယ်ပြောတော့ ကျွန်တော်ခေါင်း ညိတ်မိပြန်တယ်။ အဲဒါ
ကျွန်တော်ခေါင်း ညိတ်တာမဟုတ်ဘူးအစ်ကို။
ငွေခုနှစ်သောင်းရပြီဆိုတော့
အစ်ကိုက
ကျွန်တော့်စားဖို့သောက်ဖို့ အတော်လေးအဆင်ပြေပြီထင်လို့လား။
ဆန်တွေဆီတွေကျွန်တော်မဝယ်ပါဘူး။ ငွေတွေအကုန်လုံး
ဆေးနဲ့ပိုက်နဲ့ဝယ်သွားလိုက်တယ်။ ကျွန်တော့် တဲကို
မပြန်ပါဘူး။ တဲမှာဆို ဘေးချင်းကပ်တွေနဲ့နားငြီးတယ်လေ။ လူအသွားအလာ
မရှိသလောက်နေ ရာတွေအများ ကြီးပဲအစ်ကို။ ချောင်တွေပေါ့။ အဲဒီမှာပဲ
သွားနှပ်နေလိုက်တယ်။ ဘာမှမစားပါဘူး။ ဆာဖို့လည်းသတိမရပါဘူး။ နာရီတွေ
၊ရက်စွဲတွေဆိုတာ
ကျွန်တော်ဘယ်သိတော့မလဲအစ်ကိုရာ။ နေ ထွက်တာနေဝင်တာ
ကျွန်တော်စိတ်မှမဝင်စားတာ။ နောက်ရက်တွေတော့လည်း
မြေစာပစ်တဲ့ဆီကျွန်တော် ပြန်သွားရတာပါပဲ။
အဲဒီနေ့က ကျွန်တော်ရောင်းလိုက်တဲ့ကျောက်ဟာ
ဘယ်လောက်နဲ့ဈေးကွက်ဖွင့်သွားတယ်။ ဘယ်သူ့လက်ထဲရောက်သွားပြန်ပြီဆိုတာကတော့
မှော်နားနဲ့ကြားရတာ ပေါ့လေ။
မနာလိုဖြစ်လို့မရပါဘူးအစ်ကိုရာ။
မှော်ထဲမှာက
ကျွန်တော့်လိုအဖြစ်မျိုးတွေ အများကြီးရှိခဲ့ကြပါတယ်။ နောက်လည်း
ရှိနေမှာပေါ့အစ်ကို။ ကျွန်တော်အဲဒီလိုဖြစ်ခဲ့တာ တောင်မှ
တစ်ခေါက်ထဲမှမဟုတ်ပဲ။ နောက်တစ်ကြိမ်လည်း
အဲဒီလိုထပ်ဖြစ်ခဲ့တာပါပဲ။ စိတ်ကိုတင်းကြည့်ပါတယ်အစ်ကို။ မရဘူးဗျ။
ကျွန်တော်မပြော ပဲ
ကျွန်တော်မလုပ်ပဲ အော်တိုဖြစ်ဖြစ်သွားတာ။
ကျောက်အကြောင်းက
ကျွန်တော်နားလည်ပါတယ်။ ကျွန်တော်က
နမ္မားအုပ်စုထဲက ရွာလေးတရွာကပါ။ ရွာနာမည်တော့
သိချင်မနေပါနဲ့အစ်ကို။ ကျွန်တော်သိတတ်စအချိန်မှာ
အဖေမရှိတော့ဘူး။ အဖေက စုဆောင်းရေးအဆွဲခံရပြီး
ရွာပြန်မရောက်ခဲ့တော့ဘူး။ အမေက
သူရင်းငှားလိုက်တာပါပဲ။ မိသားစုနှစ်ယောက်ထဲဆိုတော့ လောက်ပါတယ်။
အဖေရှိတုန်းကလည်း
အဖေ့အားက ဘာမှမရခဲ့ဘူးတဲ့။ အဖေက ဘိန်းပဲရူနေတယ်လို့ အမေပြောဖူးတယ်။
ခတ်ပုံလို့လည်း
ပြောပါတယ်။ ကျွန်တော် ရှစ်တန်းအထိ ကျောင်းနေဖူးတယ်အစ်ကို။
ရှစ်တန်းကို နမ္မားသွားတက်ရတယ်။ မနက်အစောကြီး
လမ်းလျှောက်သွားရ တာပါ။ စက်ဘီးဝယ်ဖို့အဆင်မပြေဘူး။ ထမင်း
ထုပ်ယူသွားရပါတယ်။ ဘာပါမှာလဲအစ်ကိုရယ်၊ ဆီတိုဖူးနဲ့ ငရုပ်သီးစိမ်းပဲ ဟင်းလုပ်စားရတာပါ။ ဆောင်းတွင်းဆိုရင်တော့
မုန့်ညှင်းဖူးပေါင်းပေါ့။
ရှစ်တန်းကို
သုံးလေးလလောက်ပဲ
တက်လိုက်တော့တာ။ သီတင်းကျွတ်ပြီးတော့
သူငယ်ချင်းသုံးယောက်တိုင်ပင်ပြီး
အိမ်ပြေးကြတယ်။ ကျောင်းကိုနေ့တိုင်းကြီး လမ်းလျှောက်ရတော့
ပျင်းတာလည်းပါတာပေါ့။ ကျွန်တော်တို့သူငယ်ချင်းသုံးယောက်
နမ္မားဘူတာကနေ ဟိုပင်ဘူတာကိုရထားစီးကြတယ်။ လက်မှတ်ဝယ်စရာမလိုပါဘူး။
ကုန်ရထားဘရိတ်တွဲပေါ်တက်လိုက်ခဲ့ကြတ၊ နီးနီးလေးပဲ။
ဟိုပင်ရောက်တော့
အင်းတော် ကြီးကို ခြေကျင်လျှောက်ကြတယ်။ ပထမတော့
အင်းတော်ကြီးဘက်မှာ အဖေ့အမျိုးတွေရှိတယ်ဆိုပြီး
လိုက်ရှာကြအုံးမလို့။ အဖေက အရင်တုန်းက အဲသည်နယ်မှာ
ဆင်ဦးစီးလုပ်ခဲ့ဖူးတယ်လို့
အမေပြောဖူး တယ်။ နောက်တော့ ဘိန်းတအား ရူလွန်းလို့
အလုပ်ပြုတ်သွားတယ်လို့သိရတယ်။
အဖေ့ကို
သေချာမမြင်ဖူးလိုက်တဲ့ကျွန်တော်ဟာ အဖေ့အမျိုးတွေကို
ဘယ်လိုမှမရှာတတ်ပါဘူး။ နန့်မွန်းဖက်ကိုပြန်လာကြပြီး တရုတ်စားသောက်ဆိုင်တဆိုင်မှာအလုပ်တောင်းကြတယ်။
ဆိုင်ရှင်တရုတ်ကြီးက
ကျွန် တော်တို့သုံးယောက်စလုံးကို ခေါ်ထားလိုက်ပါတယ်။
ထင်းခွဲပေးရတယ်။ စားပွဲထိုးပေးရတယ်။
လက်သုတ်ပဝါတွေလျှော်ပေးရတယ်။ သူတို့စိတ်ထဲမတွေ့ရင်တော့
နားအုံအရိုက်ခံရတာပေါ့။ အဲဒီဆိုင်မှာ ကျွန်တော်တို့
ငါးလလောက်ကြာတယ်။ နောက်တော့ သင်္ကြန်တွင်း
အိမ်ပြန်အုံးမယ်ဆိုပြီး လခထုတ်ကြတယ်။ အလုပ်စဝင်ကတည်းက
ဘယ်လောက်ပေးမယ်ဆိုပြီး
မပြောခဲ့တော့ သူတို့ပေးသလောက်ပဲကျွန်တော်တို့ရ ခဲ့တာပါ။
ငါးလလောက် အလုပ်ပုံမှန်လုပ်ရပြီး
ထမင်းဝဝစားရတော့ ကျွန်တော်တို့ အတော်လေးတော့
လူကောင်ထွားလာကြပြီ။ လာစားတဲ့သူတွေက
ဟင်းတွေအများကြီး ကျန်ထားတတ်ကြတယ်လေ။
ပထမတော့
ကျွန်တော့်အတွက်ရတဲ့
ပိုက်ဆံလေးကိုကိုင်ထားရင်း အမေ့ကို လွမ်းလာတယ်။ အမေ့လက်ထဲ ကို ပိုက်ဆံထည့်ပေးဖူးချင်လာတယ်။ အမှန်အတိုင်းပြောရရင်
ကျောင်းပြန်တက်ခိုင်းမှာလည်း ကြောက် တယ်ဗျ။
စာတွေမလိုက်နိုင်တော့ ခဏခဏ
ဒဏ်ပေးခံရ။ မနက်အစောကြီး အိပ်ရာထပြီးကျောင်းကို လမ်း လျှောက်ရတာ
တွေ မကြုံချင်တော့ဘူး။ ကျန်တဲ့သူငယ်ချင်းနှစ်ယောက်ကလည်း
ကျွန်တော့်လိုပဲ ဖြစ်နေကြ တယ်။ ပိုက်ဆံလေးတွေကိုင်ပြီး
နန့်မွန်းဈေးနားမှာ
ကျွန်တော်တို့ယောင်လည်လည်ဖြစ်နေကြတယ်။
ကားစီးပြီးအိမ်ပြန်မယ်ဆို ဟိုပင်အထိ
ကားကြုံတွေရှိပါတယ်။ ပိုက်ဆံပေးစရာမလိုပါဘူး။
ကားသမားတွေနဲ့ကျွန်တော်တို့နဲ့
သိနေကြပြီ။ စားသောက်ဆိုင်မှာ လုပ်ခဲ့တော့ အသိတွေတိုးလာတာပါ။
အသိမိတ်ဆွေပေါ့လေ။ အဲဒီလို
ချာတိချာလည်ဖြစ်နေကြတုန်း ဖားကန့်ထဲသွားမယ့်
ကားတစီးပေါ်မှာ ကျွန် တော်တို့နဲ့ မျက်မှန်းတန်းမိနေတဲ့ လူကြီးတယောက်ပါလာတယ်။ အဲဒီလူကြီးက
လိုက်ခဲ့မလားမေးတုန်းမှာ ကျွန်တော်တို့က ဟိုင်းလတ်ကားနောက်ခန်းထဲရောက် နေကြပြီ။
အဲဒီလူကြီးက
ကျွန်တော်တို့သုံးယောက်စလုံးရဲ့ကျေးဇူးရှင်ပါ။ သူ့ကြောင့် ကျောက်စိမ်းအကြောင်း
သေသေ ချာချာနားလည်ခဲ့ရတာအစ်ကို။ ကျွန်တော်တို့ရောက်ပြီး မကြာခင်မှာ မိုးတွေစရွာတယ်။ အဲဒီလူကြီးက
ရေငုပ်ကျင်းလည်း ထောင်ထားတယ်။ ကျွန်တော်တို့ကို မငုပ်ခိုင်းပါဘူး။ ကျောက်ရွေးတဲ့နေ ရာမှာ
ပညာသင်ပေးတယ်။ ကလေးတွေဆိုတော့ တတ်လွယ်တယ်။ မျက်စိစူးတယ်တဲ့။ သုံးလလောက်နေ တော့
ကျွန်တော်တို့အတော်မျက်စိရေးကောင်းနေကြပြီ။ ရောက်စကတော့ စိမ်းရင် ကျောက်စိမ်းပဲ
ထင်နေ ကြတာ။ နောက်တော့မှ ကျောက်မျိုးဟုတ်တာ မဟုတ်တာကအစ ခွဲတတ်လာတာပါ။
ပထမတန်းစားကျောက်စိမ်းထဲမှာတောင်
အရောင်ကွဲတွေရှိတယ်အစ်ကို။ ပိုးမည်းတောင်ဇာကောင်ရဲ့
လည် ကုပ်အရောင်လည်းရှိတယ်။ ပိုးမည်းတောင်ဇာကောင်ဆို တာ
အစ်ကိုသိမယ်ထင်တယ်။ ရွှေပိုးကောင်ကို ပြောတာပါ။ အဲဒီအရောင်ကို
တရုတ်လူမျိုးတွေက
တန်လုရွှေလို့ ခေါ်ကြတယ်။ ဒေါင်းမြီးလည်ရောင်ဆိုတာလည်း ရှိသေးတယ်။
ကျောက်စိမ်းရဲ့အရောင်က ဒေါင်းအမြှီးရဲ့အရောင်လိုပဲစိမ်းစိုနေတာ။ ကတ္တီပါ
စိမ်းရောင်ဆိုတာကျတော့
ကတ္တီပါစစိမ်းသလိုပဲ။ အိအိစိမ်းစိမ်းကြီးအစ်ကို။ တရုတ်လို ဆွေးလုရည်
အရောင်ဆိုတာလည်း
ရှိသေး တယ်ဗျ။ သူကတော့ အစိမ်းရောင်မှာ အဝါရည်သမ်းသလိုလို
ထင်သွားရအောင် အရောင်နှစ်မျိုးရောနေ တာပေါ့။
အဲဒီကျောက်အရည်မျိုးကတော့ တခါမြင်ဖူးပြီးရင် နောက်တခါမြင်ရဖို့
ဆွေးနေရတော့တာ။ အစိမ်းရောင်ထဲမှာ
အပြာရောင်လေး နည်းနည်းသန်းနေတာကျတော့ လန့်လုရည်တဲ့။
ပြောရမယ်ဆို ကျောက်စိမ်းဟာ
ကျွန်တော်တို့နိုင်ငံထဲက ထွက်ပေမဲ့ အခေါ်စကားတွေက
တရုတ်စကားများပါတယ်အစ်ကို။
အဲဒီလိုအရည်မျိုးတွေကို
ကျွန်တော်တွေ့ခဲ့ရတာက ပွဲတိုက်တဲ့ဆီမှာပါ။ ကျွန်တော်က ဦးလေးနဲ့အပြင်ကို အဖော်လိုက်ပေးရတယ်လေ ။ဦးလေးဆိုတာက
ကျွန်တော်တို့ နန့်မွန်းဈေးနားမှာ ယောင်ချာချာဖြစ်နေတုန်း က ကားနဲ့ခေါ်ခဲ့တဲ့
လူကြီးကိုပြောတာပါ။ တခါတလေတော့ အရည်ကောင်းတွေကို ဖြတ်ခုံမှာတွေ့ရတယ်။ ကျွန်တော်တို့ ကြီးပဲဆို
အဲဒီလိုနေရာမျိုး ဘယ်ဝင်လို့ရမလဲအစ်ကို။ ဦးလေးနဲ့လိုက်ရလို့သာ မြင်ဖူးခဲ့တာပါ။ ငှက်ပျောညွှန့်ရောင်၊
ဖက်ဖူးရောင်တွေကို ခဏခဏတွေ့ဖူးပါတယ်အစ်ကို။ အဲတာမျိုးကျ ဦးလေးတို့က ဒုတိယတန်းစားအရည်မျိုးလို့
ခေါ်ကြတာ။ ဟုတ်ကဲ့အစ်ကို ပဲစိမ်းဆိုတာမျိုးကျတော့ တတိယတန်းစား အရည်ပေါ့လေ။
ဦးလေးဆီရောက်ပြီး
သုံးနှစ်လောက်ကြာတော့
သူငယ်ချင်းနှစ်ယောက်က မိန်းမရသွားကြတယ်။သူ တို့ကို ဦးလေးကပဲ
မင်္ဂလာဆောင်ပေးလိုက်တာပါ။ အရင်းအနှီး လုပ်ဖို့လည်း
ငွေထုတ်ပေးလိုက်တယ်။ တယောက်က ကုန်ခြောက်ဆိုင်ဖွင့်တယ်။
တယောက်ကတော့
ကျောက်လောကထဲမှာပါပဲ။ အဲဒီအချိန်မှာ ကျွန်တော်လည်း ဦးလေးရဲ့လူယုံဖြစ်နေပြီ။ ကိုယ်စားလှယ်လို့လည်း
ပြောလို့ရပါတယ်အစ်ကို။ အမေ့ဆီ တခေါက်ပြန်ရောက်တယ်။ အမေ့ကိုလည်း
ငွေအတော်အသင့်
ပေးခဲ့နိုင်ပါတယ်။ အမေက ကျန်းမာရေး ကောင်းတယ်။ ရွာမှာဆိုတော့
တော်တန်ရုံနေမကောင်းဖြစ်ရင်လည်း
အိမ်နီးချင်းတွေက ကြည့်ရှုကြတယ်အစ်ကို။ အမေက မိန်းမယူဖို့ပြောပါ
တယ်။ သူနဲ့နေဖို့ပြောပါတယ်။ ခက်တယ်အစ်ကို။ ကျွန်တော့်မှာ
ရည်စားမရှိဘူးလေ။
အမေ့ဆီကနေ မှော်ထဲပြန်ရောက်ပြီး
ခြောက်လလောက်မှာ ကျွန်တော်စပြီးပျက်စီးတာ။ ဘိန်းဖြူမလုပ်ပါ ဘူးအစ်ကို။ ကျွန်တော်
ဆေးလိပ်တောင်မှမသောက်ပါ ဘူး။ လေးကောင်ပေါ့အစ်ကို။ ဂျင်ဝိုင်းကို နေ့တိုင်း လိုသွားနေလိုက်တာ။ အဲဒီအချိန်မှာ
ဦးလေးက ကားအက်ဆီးဒင့်ဖြစ်လို့ မန္တလေးမှာ အရိုးဆက်နေရတာ။ ကျွန်တော့်ကို ဘယ်သူမှမတားကြပါဘူး။ ဦးလေးက
ကျွန်တော့်ကို ယုံကြည်ပြီး ငွေကိစ္စ၊ ကျောက်ကိစ္စ အကုန်လွှဲပေးထားတာပါ။ တစ်လလောက်ကြာမှ
ဦးလေးပြန် ရောက်လာတာ။ ကျွန်တော်ရှောင်မနေပါဘူး။ ဦးလေးကလည်း တခါတလေ မှားတတ်တယ်ဆိုပြီး
နောက်တခါထပ်မမှားဖို့ပဲ ပြောတာပါ။
အဲတာပိုဆိုးတာပေါ့အစ်ကို။ ကျွန်တော်က ဦးလေးဆူမယ်
ရိုက်မယ်လို့ထင်ထားတာလေ။ ဒါပေမဲ့ ကျွန် တော်အရင်လို မပျော်တော့ဘူး။ ကစားဝိုင်းကိုလည်း
သွား ချင်နေမိတယ်။ ညတိုင်ကျရင် ဦးလေးမသိ အောင် ဖန်စီဒိုင်းသောက်ပြီး အိပ်တယ်။ ဖန်စီဒိုင်းက
လက်ဖက်သုပ်ရောင်းတဲ့ဆိုင်မှာတင်ဝယ်လို့ရပါတယ်။ ငွေရှိရင် အား လုံးလိုလိုရပါတယ်အစ်ကို။ အစ်ကိုပြောသလို
မေတ္တာတွေ၊ သစ္စာတွေတော့ ကျွန်တော်မသိပါ ဘူး။ အချစ်တွေလည်း ဝယ်လို့ရပါတယ်။ အချစ်တွေဘာတွေ
ကျွန်တော်စိတ်မဝင်စားပါဘူး။ ဦးလေးက မဆူမရိုက်လို့ စိတ်မချမ်းသာဘူး။ စိတ်ဆင်းရဲတာလည်း
မဟုတ်ဘူးထင်ပါတယ်။ စိတ်လေတာ။ ဟုတ်တယ် စိတ်လေတယ်အစ်ကို။ အိပ်တယ်ဆိုတာထက်
တွေးနေမိတာပါ။ စိတ်ကဟိုရောက်သည်ရောက်ပါ။ မနက်အိပ်ရာထရင် အမြဲနောက်ကျတယ်။ အလုပ်ထဲလည်း
မပျော်ဘူး။
တနေ့တော့ ငွေအတော်များများနဲ့ကျောက်တစ်လုံးကိုယူပြီး
ဦးလေးမသိအောင် ထွက်သွားလိုက်တယ်။ မှော်တွေက ဆက်နေတာအစ်ကို။ ဦးလေးက ကျွန်တော့်ကို
ဖမ်းလည်းမဖမ်းခိုင်းပါဘူး။ ပြန်လာဖို့လည်း ဘယ်သူနဲ့မှ မမှာပါဘူး။
ယူခဲ့တဲ့ငွေက တညတောင်မခံပါဘူး။ ကျောက်ကိုက
နောက်တနေ့မှာ ရောင်းလိုက်တယ်။ ဈေးရတယ်အစ်ကို။ အဲဒီတုန်းက ကျွန်တော့်အနေအထားကို
သူတို့မနှိမ်ရဲသေးဘူး။ ရတဲ့ငွေတွေကို ဂျင်ထိုးလိုက်၊ ဖန်စီဒိုင်း သောက်လိုက်နဲ့
တစ်လနီးပါးလောက် ကျွန်တော်ဖြုန်းပစ်လိုက်တယ်။
အမေ့ဆီမပြန်ပါဘူးအစ်ကို။
အမေသိရင်တော့
ဘယ်လိုမှစိတ်ချမ်းသာမှာမဟုတ်ပါဘူး။ ပိုက်ဆံတွေကုန်သွားတော့
ကျွန်တော်နဲ့အတူတူလာခဲ့တဲ့
သူငယ်ချင်းဆီမှာ ဆယ်သိန်းခဏဆိုပြီးယူလိုက်တယ်။
အစ်ကို မှတ်မိတယ်မို့လား။
ကျွန်တော်နဲ့ကျောင်းနေဖက်သူငယ်ချင်းလေ။ နန့်မွန်းမှာ
စားပွဲထိုးအတူတူလုပ်ခဲ့ကြ တဲ့ကောင်ပေါ့။ သူကကြည်ဖြူပေမဲ့ သူ့မိန်းမက
သစ္စာဖောက်ကောင်ဆိုပြီး
ကျွန်တော့်ကို သိပ်ကြည်ပုံ မရ ပါဘူး။ အဲဒီငွေလည်း
ကျွန်တော်ဖြုန်းလိုက်တာ
ခဏပဲအစ်ကို။ မှော်တွေအနှံလျှောက်သွားဖြစ်ပါတယ်။ ကျောက်အကြောင်းလည်း သေသေချာချာသိထားတော့
စားဖို့သောက်ဖို့ မခက်လှဘူးပေါ့။ ဒါပေမဲ့ ကစား ဝိုင်းကို
အရင်လိုပုံစံနဲ့ မသွားနိုင် တော့
စိတ်လေမိတယ်။ ကျွန်တော့်ကိုလည်း အရင်တုန်းကလို
အဖက်မလုပ်ချင်ကြဘူးလို့ ခံစားရတယ်။ အဲဒီမှာ
ဆေးကို စသုံးဖြစ်တာပါ။ ဆေးဆိုတာ ဘိန်းဖြူပေါ့။
ကျွန်တော် ဆေးပြားတွေမသုံးပါဘူး။ ဆေးပြားသုံးပြီး
သွားတွေကြွေသွားတဲ့လူတယောက်မြင်ဖူးလို့ မသုံး တာပါ။ အဲဒီတုန်းက အကြောထဲမထိုးဘူးအစ်ကို။ ပေါ့ဆွဲတာ ပါ။ ဆေးက
မှော်ထဲမှာ ဈေးသိပ်မရှိပါဘူးအစ်ကို။ မြေစာတွေပစ်နေသရွေ့ ဆေးရဖို့ မခက်ခဲပါဘူး။ ကျွန်တော်က
ကျောက်တွေအကြောင်း သေသေ ချာ ချာသိတာကိုး ။ သူများမမြင်တဲ့ကျောက်ကို ကျွန်တော်မြင်ပါတယ်။ ရောင်းစရာဈေးကွက်ကိုလည်း
ကျွန်တော်သိတယ်အစ်ကို။ မျက်ခြေပြတ်လို့မရတဲ့အထဲမှာ ကျောက်ဈေးကွက်လည်း
ပါတယ်ပြောရမယ်။ မှော်ထဲမှာက ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး၊ဖြစ်ပြီဆို တော်ရုံမရပ်တော့ဘူးဆိုတာ
ဟုတ်တယ်ဗျ။
တနေ့တော့ ကျွန်တော်တို့ကို
ကျောက်ရှာဖို့ ခွင့်မပြုဘူး။ လုပ်ကွက်တွေအထဲကိုလည်းဝင်ခွင့်မရပါဘူး။ ကျောက်ကုမ္ပဏီက
လုံခြုံရေးခေါ်ထားတဲ့သူတွေနဲ့ ကျွန်တော်တို့ ရေမဆေးကျောက်ရှာတဲ့သူတွေနဲ့
ရိုက်ပွဲ ဖြစ်တာအစ်ကို။ အဲဒီနေ့မှာ ကျွန်တော် ဒေါက်တာစဖြစ်တော့တာပဲ။ အကြောထဲထိုးတဲ့
ဆေးသမားကို ချစ်စနိုးနဲ့ခေါ်ကြတာပါ။ ခနဲ့တာ ရွဲ့တာလည်း ပါမှာပေါ့အစ်ကိုရာ။ အကြောထဲထိုးရင်
ငွေသိပ်မကုန်ပဲ လစ်မစ်ရတယ်လေ။
ကျွန်တော်က မှော်တခုထဲမှာနေခဲ့တာ
မဟုတ်ပါဘူး။ မှော်အစုံရောက်ခဲ့တယ်။ မှော်တွေက အများကြီးအစ်ကို။ လုပ်ကွက်တွေလည်း
အများကြီးပေါ့။ လူတွေလိုပေါ့အစ်ကိုရာ ကျောက်တွေလည်း တမှော်နဲ့တမှော်
အသွေးအပွေးဘယ်တူပါ့မလဲ။ လူတယောက်ကိုရုပ်ရည်ကြည့်ပြီး၊ လေသံဖမ်းပြီး ဘယ်အရပ်ဒေသကလာ တယ်ဆိုတာ
မှန်းကြည့်လို့ရသလိုပဲ ကျောက်တွေကလည်း အပေါ်ခွံကိုကြည့်ပြီး ဘယ်မှော်ကကျောက်ဆို တာ
မှန်းလို့ရပါတယ်။ လူတွေမှာခြွင်းချက်ရှိသလိုပဲ ကျောက်တွေမှာလည်း ခြွင်းချက်ရှိတယ်
ဟုတ်တယ်အစ်ကို။ အခု ကျွန်တော်နဲ့အစ်ကိုသွားနေတဲ့မှော်က ကျောက်မျိုးစုံတယ်။ အသားဆန်းဆိုတာရှိသေးတယ်အစ်ကို။ စိမ်းမှ ကျောက်စိမ်း မဟုတ်ဘူး။ ရေခဲသားတွေ၊ ခရမ်းရောင်တွေရှိသေးတယ်။ ပေါလိသားဆိုတာ လည်း ရှိတယ်အစ်ကို။ ပြပေးချင်တာပေါ့အစ်ကို။ အရင်တုန်းကလိုဆိုရင်တော့
ပွဲတိုက်တဲ့ဆီခေါ်ပြ လိုက်ရင် လွယ်လွန်းလို့။ ဦးလေးက အခုထိ ဖားကန့်မှာ
ရှိပါတယ်။ ကျွန်တော်ဘယ်သွားရဲပါ့မလဲ။ သူငယ်ချင်းနှစ် ယောက်ကလည်း သူ့ဘဝနဲ့သူပေါ့။ လူဆိုတာ
ကိုယ်လုပ်ခဲ့တဲ့အတိုင်း ပြန်ခံစားရတယ်ဆိုတာ အမှန်ပဲနေ မှာ။
အမေ့ဆီကျွန်တော်ပြန်သွားသေးတယ်။
ဆေးသွားဖြတ်တာ။
ရွာကဆရာတော်ဆီမှာထားပြီးဖြတ်ပေးတယ်။ ဆရာတော်က ကောင်းရှာပါတယ်။
ဆေးမှူးနဲ့ဆေးထိုးပေး တယ်။ အားဆေးတွေလည်း
သွင်းပေးတယ်။ အိပ်ဆေးတွေလည်း သောက်ရတယ်အစ်ကို။
နေကောင်းလာတော့ နေ့ဆိုကျောင်းဝေယျာဝစ္စလုပ်ရတယ်။ တရားလည်း
ထိုင်ခိုင်းတယ်အစ်ကို။ ဆရာတော်စိတ်ကျေနပ်အောင်
နေရတာပါ၊ ကျွန်တော့်စိတ်က မငြိမ်ပါဘူး။
ဆွမ်းစားဆောင်အသစ်ဆောက်နေတော့
ကျွန်တော်ဝင်ကူနေလိုက်ပါတယ်။ သုံးလလောက်ကြာ တယ်အစ်ကို။
အဲဒီအချိန်မှာ အမေက
သီလရှင်ဝတ်သွားတယ်။ ရွာကအိမ်နဲ့ဝိုင်းကို
ကျွန်တော့်အတွက် ပေး ခဲ့တယ်။ နေကောင်းလာတော့
ကျွန်တော်အိမ်ပြန်နေတယ်အစ်ကို။ လယ်အလုပ်လည်း
ကျွန်တော်မလုပ်တတ်တော့
ရွာမှာယောင်ချာချာဖြစ်နေတာပေါ့။ မှော်ထဲပဲ
ပြန်တက်ဖြစ်တယ်အစ်ကို။ အိမ်နဲ့ ဝိုင်းကို
ရောင်း ပစ်လိုက်တယ်။ ကျောက်အကြောင်းပဲ ကျွန်တော်ကသိတာလေ။
ကျွန်တော့်စိတ်ကလည်း
ဆေးကိုမပြတ်ပါဘူး။ အခု အစ်ကိုမြင်တဲ့အတိုင်းပါပဲ။
အပေါ်ရောက်ရင် အစ်ကိုတွေ့လိမ့်မယ်။ မြေစာတွေသွန်နေပေမဲ့
ကျောက်မျိုးမပါသေးဘူး။ ခေါင်းပေါင် ကျင်းတယ်လို့ခေါ်တာပေါ့အစ်ကို။ အဲတာကြောင့်
ကျွန်တော့်ကို ဘူတာမှာတွေ့ရတာ။ ခိုင်းတဲ့အလုပ် လုပ်တာပဲအစ်ကို။ သံလမ်းဗိုလ်က
သံလမ်းကျောက်ထည့်ဖို့ခေါ်ရင်လည်း လိုက်လုပ်တယ်။
ဘာမှမရှိလည်း ရေသန့်ဘူးအခွံတွေ၊ ဂျပ်စက္ကူတွေ
လိုက်ကောက်ရောင်းတယ်အစ်ကို။ ငါးရာလောက်ရရင် ဆေးသုံးလို့ရပါတယ်။ ငါးထောင်ရှိလည်းကုန်တာပဲ။ ငါးသောင်းရှိလည်း
ကုန်တာပဲအစ်ကို။ အဲဒီအချိန်မှာ ဘာမှမစဉ်းစားနေပါဘူး။ နောက်ရက်အတွက်လား။ နောက်ရက်ဆိုတာ
မသေချာတဲ့ကိစ္စမို့ မစဉ်းစားပါဘူး။ ဖြစ်သွားတာပါပဲအစ်ကို။ တစ်ကျပ်မှမရှိတော့ လည်း
ငရဲခံနေလိုက်တာပေါ့အစ်ကို။ ခဏခဏကြုံဖူးပါပြီ။ ဆေးက မှော်ထဲနဲ့အောက်နဲ့ ဈေးကွာတယ်အစ်ကို။ အပေါ်မှာ
တစ်ထောင်ဖိုးက အောက်မှာ သုံးထောင်ဖိုး လောက် ရှိတယ်ဗျ။
ရှေ့နားကျရင်
ဝါးလှေကားကလေးတွေ့လိမ့်မယ်။ အဲတာမြင်ရင်
ခဏရပ်ပေးပါ။ ကျွန်တော်ချောက်ထဲဆင်းအုံးမယ်။ အတက်အတွက်
တစ်ထောင်ပေးအုံးအစ်ကို။ ခဏတော့
စောင့်ပေးပါ။ ရာသီဥတုက အေးလွန်းတော့ အကြောရှာဖို့ခက်တယ်။
မိုးရေဆိုတာကို တခါမှမသုံးဖူးပါဘူးအစ်ကို။ သွေးကိုအရင်စုပ်လိုက်တယ်။
ကျွန်တော့်သွေးနဲ့ကျွန်တော်ပြန်ဖျော်ပြီး
ထိုးလိုက်တာပါပဲ။ ကျွန်တော့်သွေးက သန့်သေးတယ်အစ်ကို။
ကျော်ကျော်(မြရည်စမ်း)
၈/၁/၂၀၁၉
Comments