တိုးနှောင်မိုး
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၉
မနေ့ကတောက်လောင်နေတဲ့ ငါ့မျက်လုံးတွေဟာ
အခုတော့ ရေကူးနေပြီ
ငါဟာတော်တော်ဆိုးခဲ့တယ်
ကမ္ဘာကြီးကိုရော
ငါ့ကိုယ်ငါရော
သူငယ်ချင်းတွေကိုရော
ငါ့မိသားစုကိုရောပေါ့။
စကားလုံးတွေအပေါ်ငါမက်မောခဲ့သမျှ
ငါ့နှလုံးသားအပေါ်ငါ မောက်မာခဲ့သမျှ
ငါ့ကဗျာအပေါ်ငါ မက်မောမိသမျှ
တောက်စားခဲ့ဖူးတဲ့ချစ်မေတ္တာအတွက်
အရာရာကို ငါတောင်းပန်ပါတယ်
ကမ္ဘာကြီးကိုရောပေါ့။
ချက်လက်မှတ်တွေ တစ်စောင်ပြီး တစ်စောင်
ငါ့ရှေ့ဖြတ်သွာတာ ငါ ငေးကြည်မိတယ်
အမှောင်ကိုခဲနဲ့ထုပစ်ချင်လောက်အောင်
ညခေတ်ကြီးတခုလုံး
စကားလုံးနဲ့အသံတိတ်ဖြေရှင်းခဲ့တာကို
ငါတို့မျိုးဆက်ကဘာမှေ-ာက်သုံးမကျဘူလို့
အပြောခံဖို့ကြိုးစားအသက်ရှင်သလိုရှင်သန်မှုမျိုးနဲ့
ငါ့ရင်ကိုငါဖြဲပြီး ပုလဲရှာမိပါတယ်။
ချစ်သူကလွဲပြီး
မုန်းသူတွေလည်းမေတ္တာထားရှိပါတယ်။
အထီကျန်ဆန်ခြင်းရဲ့အမှန်တရားအတွက်
တဦးနဲ့တဦးချိတ်ဆက်
ကမ္ဘာသစ်ကိုယူဆောင်
ကဗျာဟာဆရာထက်ပိုတဲ့အနုပညာ
စက်ရုပ်တွေရင်ထဲငိုကြွေးရလောက်အောင်
ငါ့တို့စကားလုံးတွေ ထိလွယ်ရှလွယ်ဆိုတော့။
ယ္ခုပစ္စုပန်ယ္ခုကာလမှာပဲ
ရေနွားလိုဂေါ်ဂင်လိုမိုဒီလျှာနီလို
မောင်ချောနွယ်လို ခင်ဝမ်းလို ထူးအိမ်သင်လို
ရထားတွေအရည်ပျော်သွားတဲ့အနုပညာ
သူတိုခြေဖျားအောက်ကတိုးတိုးညင်ညင်
ဖြတ်စီးနေတဲ့အနာဂတ်ဟာ
ငါတို့ကဗျာ။
အဲဒီလိုပဲ
အချစ်စစ်ဟာ ဘယ်တော့မှမုသားမကင်းဘူး
အမှန်တရားဟာ အနုပညာဆန်တယ်
ကဗျာဆိုတာ အက်စပရင်ဆေးပြားမှမဟုတ်တာ
ကဗျာတွေဈေးကွက်ထဲရောက်အောင်
ကဗျာဆရာတွေဘယ်တော့မှမကြိုးစားဘူး။
ကဗျာရေးတယ်ဆိုတာ
ကိုယ့်ဆေးကိုယ်ဖော်သောက်တဲ့အနုပညာ
ကိုယ့်သံသယကိုယ်
ဥပေက္ခာပြုနေတဲ့သံယောဇဉ်
ကိုယ့်ချစ်မေတ္တာကိုယ်
ပြန်ကျင်ယူနေတဲ့သစ္စာတရား
ကိုယ်အတွေးအခေါ်ကိုယ်
ပြန်ထောင်ဖမ်းနေတဲ့ဟာကွက်
ကိုယ့်အမှန်တရားကိုယ်
ပြန်သွေးတိုစမ်းနေတဲ့တိုက်စစ်
ကိုယ့်သေတွင်းကိုယ်တူးနေတဲ့စိတ်ကူးစိတ်သန်းဆိုတာတွေကို
မင်းသိထာလိုက်စမ်းပါ A မွန်။ ။
တိုးနှောင်မိုး
Comments