ဇင်လင်း ● နိုင်ငံရေး သဘောကွဲလွဲမှုများကို လက်နက်နည်းဖြင့် အဖြေရှာ၍ မရနိုင်

 
ဇင်လင်း ● နိုင်ငံရေး သဘောကွဲလွဲမှုများကို လက်နက်နည်းဖြင့် အဖြေရှာ၍ မရနိုင်
(မိုးမခ) ဇန်နဝါရီ ၂ဝ၊ ၂ဝ၁၉

နှစ်သစ် ၂ဝ၁၉ ခုနှစ်တွင် လူသစ်စိတ်သစ် အခြေအနေသစ်များဖြင့် ငြိမ်းချမ်းသာယာစည်ပင်သော နိုင်ငံတော် အခင်းအ ကျင်း အသစ်ကို ပြည်သူလူထုက မျှော်လင့်ထားကြသည်။ သို့သော် ပြည်သူတို့ဆန္ဒ မပြည့်ဝခဲ့။ ပြည်ထဲအရေး ပေါက်နှင့်ကျေး ဟုဆိုသည့်အတိုင်း မျှော်လင့်သလို ဖြစ်မလာခဲ့။ လွတ်လပ်ရေး ၇၁ နှစ်ပြည့်မြောက်သည့် ၂ဝ၁၉ ခုနှစ် လွတ်လပ်ရေးနေ့တွင် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြား စောင့်ရဲကင်းစခန်း ၄ ခုကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ လွတ်လပ်ရေးနေ့သည် ပြည်ထောင်စုတစ်ခုလုံးအတွက် အရေးပါရုံမက နိုင်ငံရေးအရလည်း အလေးထားရမည့် သွေးစည်းညီညွတ်ရေး သင်္ကေတနေ့ဖြစ်သည်။ ထိုသို့သောနေ့ရက်မျိုးတွင် စောင့်ရဲကင်းစခန်း ၄ ခုကို အလစ်အငိုက် ဝင်တိုက်သည့် လုပ်ရပ်မှာ အလွန် စိတ်မချမ်းမြေ့ဖွယ် အကြမ်းဖက်မှုဟု ဆိုရပေမည်။ ဘူးသီးတောင်မြို့နယ်ရှိ ကျောင်းတောင်၊ ငမြင်းဘော်၊ ဂုပ်ပိနှင့် ခထီးလှ နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို AA အဖွဲ့က ဇန်နဝါရီ ၄ ရက်နံနက် ၆ နာရီခွဲခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ယခုဖြစ်ရပ်ကြောင့် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှု ဖြစ်စဉ် သည် ပိုမိုရှုပ်ထွေးလာတော့မည်ဟု ယူဆရသည်။  ရဲကင်းစခန်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ အစိုးရက သတင်းထုတ်ပြန် ရာ၌ “AA သောင်းကျန်းသူအဖွဲ့” ဟုသုံးနှုန်းပြီး AA ၏ တိုက်ခိုက်မှုကြောင့် ရဲကင်းစခန်း လေးခုမှရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကြောင်း၊ လက်နက်ငယ်မျိုးစုံအလက် ၄ဝ နှင့် ခဲယမ်းမျိုးစုံ ဆုံးရှုံးခဲ့သည်ဟုလည်း ဖော်ပြခဲ့သည်။

မကြာသေးမီက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်စွဲဖြင့် ‘ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်’ တစောင် ထုတ်ပြန်ခဲ့သည်။ ယခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂ဝ၁၉ ဧပြီ ၃ဝ ရက်အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို ရပ်ဆိုင်းပေးမည်ဟု ဆိုသည်။ တပ်လှုပ်ရှားမှု ရပ်ဆိုင်းထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့်ငြိမ်း ချမ်းရေး ဗဟိုဌာန (NRPC) နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရန်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

AA သည် ကချင်ပြည်နယ်  လိုင်ဇာဒေသ၌ အခြေပြုဖွဲ့စည်းခဲ့သည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် မှစတင်၍ ရခိုင်ပြည်နယ်အတွင်း အခြေချလှုပ်ရှားရန် ဆောင်ရွက်လာသောကြောင့် တပ်မတော်နှင့် AA အကြား တိုက်ပွဲများဖြစ်ပွား ခဲ့သည်။ ၂ဝ၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထိတွေ့မှုများ ပိုမိုပြင်းထန်လာသည်ဟု သတင်းများက ဆိုသည်။ တပ်မတော်၏ ဒီဇင် ဘာ ၂၁ ရက်ထုတ်ပြန်ချက်တွင် စစ်တိုင်း ငါးခု၌ ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းမည်ဟု ဖော်ပြခဲ့သော်လည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပါဝင်သဖြင့်၊ ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA အကြား တိုက်ပွဲများပိုမိုပြင်းထန်ခဲ့သည်။ ထို့ကြောင့် တပ်မ တော်ဘက်က အင်အားသုံးပြီး ထိုးစစ်ဆင်မှုအပေါ်လိုအပ်သည့် တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု  AA ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြောင်း ၇ ရက်နေ့စဉ်သတင်းအရ သိရသည်။

ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားလျှက်ရှိသော စစ်ရေးပဋိပက္ခနှင့်ပတ်သက်၍ နိုင်ငံထိပ်သီးခေါင်းဆောင်များ  ဇန္နဝါ ရီ ၇ ရက်နေ့ညနေပိုင်းက အရေးပေါ် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သတင်းများအရ သိရသည်။ နေပြည်တော် သမ္မတအိမ် တော်၌ ပြုလုပ်သည့် အရေးပေါ်အစည်းအဝေးတွင် သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီးစိန်ဝင်း၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူ၊ ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် တပ်မတော် စစ် ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့ တက်ရောက်ကြသည်ဟု သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ သည်။

နိုင်ငံထိပ်သီးခေါင်းဆောင်များ၏  ဇန္နဝါရီ ၇ ရက်နေ့ညနေပိုင်း အရေးပေါ်အစည်းအဝေးတွင် နိုင်ငံတကာ ဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ ရခိုင်ပြည်နယ် နှင့် နယ်စပ်လုံခြုံရေးကိစ္စလည်း ပါဝင်သည်ဟု အစည်းအဝေးအပြီးတွင် ပြုလုပ်သည့် သမ္မတရုံးသတင်းစာရှင်းလင်းပွဲ၌ ဦးဇော်ဌေးက ပြောကြားသည်။

“နယ်မြေခွဲခြားတဲ့ဟာက ဘယ်လိုလဲဆိုတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မေယုတောင်ရဲ့ အနောက်ဘက် ခြမ်း ARSA လှုပ်ရှားနယ်မြေပေါ့။ မေယုတောင်ကြောရဲ့ အရှေ့ဘက်ခြမ်း အဲဒါကိုတော့ AA လှုပ်ရှား နယ်မြေခွဲခြားထား တယ်လို့ Source တခုက သတင်းရတယ်။ နောက် Source တခုကကျတော့ AA ရော၊ ARSA ရောက ဘုံအကျိုးစီးပွား ရှိတယ်။ ဘုံအကျိုးစီးပွားသည် ဘာလဲ။ မူးယစ်ဆေးဝါး။ မူးယစ်ဆေးဝါးကနေရတဲ့ အကျိုးစီးပွားနဲ့ AA နဲ့ ARSA နဲ့ ပူးပေါင်း ပြီးတော့ ဥပမာ မေယုခရိုင်ကို ARSA ကို ပေးလိုက်၊ ကျန်တဲ့ရခိုင်ပြည် ရခိုင်နိုင်ငံတော်ဆိုတဲ့ ပုံစံမျိုးလည်း AA က လုပ်မယ် ဆိုတဲ့ Source တခု ကရတယ်။ နှစ်ပိုင်းရှိတယ်။ တခုကတော့ ဟိုဘက် ဒီဘက် မဟာမိတ်ပြုပြီး ပေါင်းပြီး ဟန်ချက်ညီ တိုက်ဖို့၊ တခုနောက်တခုက ပူးပေါင်းပြီး တစ်ခါတည်း တိုက်တဲ့ ပုံစံပေါ့နော်” ဟု ဦးဇော်ဌေးက ပြောသည်။

ဇန်နဝါရီ ၄ ရက်က ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းများကို AA က တိုက် ခိုက်ခြင်းသည် AA နှင့် ARSA ညှိနှိုင်းအစည်းအဝေး၏ ဆုံးဖြတ်ချက်မှဖြစ်လာသည့် အကျိုးဆက်ဟု ယူဆကြောင်း ဦးဇော်ဌေးကပြောသည်ဟု ၇ ရက် နေ့စဉ်သတင်းက ဖေါ်ပြသည်။ ၎င်းသတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ရခိုင်တိုင်းရင်း သားများအနေဖြင့် ရက္ခိုင့်တပ်မတော် AA အဖွဲ့ကို ထောက်ခံနေမှုကို ရပ်တန်းကရပ်ရန် သတိပေးပြောကြားခဲ့သည်။  အစိုးရ က ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားနေသည့် AA အဖွဲ့ကို သောင်းကျန်းသူအဖြစ် သတ်မှတ်ထားကြောင်း ဦးဇော်ဌေးက ပြော သည်။ စစ်ဆင်ရေးများ ထိထိရောက်ရောက်ဆောင်ရွက်ရန် တပ်မတော်ကို နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထား သည်ဟု လည်း ဦးဇော်ဌေးက သတင်းထောက်များအား ပြောကြားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်တွင်  AA စခန်း ၂ ခုရှိပြီး၊ ARSA စခန်း ၃ ခုရှိကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ် စစ် သံရုံး အား တပ်မတော်ဘက်က ကန့်ကွက်ထားပြီးဖြစ်သည်ဟုလည်း ဦးဇော်ဌေးက ဆိုသည်။ ယခုကဲ့သို့ လုပ်ဆောင် ခြင်းသည် လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေးလမ်းစဉ်နှင့် သွေဖည်နေကြောင်း၊ လက်ရှိပြုလုပ်နေသည့်  ငြိမ်းချမ်းရေးစကားဝိုင်း သို့ တက်လာရန်လည်း AA အဖွဲ့ကိုဖိတ်ခေါ်ထားကြောင်း စသည်ဖြင့် ဦးဇော်ဌေးက ဆိုသည်။

“ARSA ဆိုတာအကြမ်းဖက်အဖွဲ့အစည်း၊ ဒီလိုဒုက္ခပေးတဲ့ အဖွဲ့နဲ့ပူးပေါင်းဆောင်ရွက်တာ ကိုရပ်တန်းက ရပ်စေချင်တယ်။ ပူးပေါင်း ဆောင်ရွက်တာမလုပ်ရင်တောင် ARSA ကိုနိုင်ငံရေးအရလည်းကောင်း စစ်ရေးအရလည်းကောင်း အားသာ စေ မယ့်လှုပ်ရှားမှုတွေ AA ဘက်ကလုပ်တာမျိုးကို ရှောင်စေချင်တယ်။ ကျနော်တို့ အကြံပေးချင်တာကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေရင်းနဲ့ နိုင်ငံရေးစင်မြင့်ကို လာပါ။ တိုင်းရင်းသားတန်းတူခွင့်ရေးယူပါ” ဟု ဦးဇော်ဌေးက ပြောကြောင်း VOA သတင်းက ဖေါ်ပြသည်။

ယခုကဲ့သို့ အစိုးရ၏ စွပ်စွဲမှုများကို AA အဖွဲ့က ငြင်းဆိုထားသည်ဟု ဗွီအိုအေသတင်းအရ သိရသည်။ ယင်းစွပ်စွဲပြောဆို ချက်သည်  AA အဖွဲ့အပေါ် နိုင်ငံရေးအရ လုပ်ကြံစွပ်စွဲခြင်းသာဖြစ်သည်ဟု ရက္ခိုင့်တပ်မတော် ပြောခွင့်ရသူ ခိုင်သုခကို VOA ကဆက်သွယ်မေးမြန်းချိန်တွင်ပြောကြောင်း သိရသည်။

“ကျနော်တို့ ရက္ခိုင့်တပ်မတော်အနေနဲ့ကတော့ ဒါလုံးဝကို သူတို့ပြောတဲ့ အဖွဲ့တွေနဲ့ လုံးဝကိုဆက်စပ်ပတ်သတ်တာမှု တစုံ တခုမှမရှိဘူးဗျ။ အခုဦးဇော်ဌေး သမ္မတရုံးကပြောတာက ပြည်သူထောက်ခံထားတဲ့ ရက္ခိုင့်တပ်မတော်ကို အကြမ်းဖက် အဖွဲ့ လို့ ပုံဖော်ချင်တဲ့အတွက် သူတို့ဒီလိုမဟုတ်မမှန် လုပ်ကြံသတင်းတွေနဲ့ ကျနော်တို့ကို နိုင်ငံရေးအရ တိုက်ခိုက်နေတာဗျ” ဟု ခိုင်သုခက ဆိုသည်။

ရခိုင်တိုင်းရင်းသား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်၏  ပြောဆိုချက်များနှင့် ပတ်သက်၍ အောက်ပါအတိုင်း ဗွီအိုအေသတင်းတွင် တုံ့ပြန်ပြောဆိုခဲ့သည်။

“သူတို့ကို ထောက်ခံသူလဲရှိမယ်။ မထောက်ခံသူလဲရှိမယ်။ ရခိုင်တမျိုးသားလုံးကထောက်ခံတယ်ဆိုပြီးတော့ ပြောလိုက် တာက ဘယ်လိုအချက်အလက်တွေကောက်ပြီး ရခိုင်ပြည်သူတွေကို အသိပေးသလို ပြောတာကိုတော့ ကျနော်တို့သိပ် ဘဝင်မကျဘူးပေါ့။ ဒုတိယအချက်က ARSA အဖွဲ့နဲ့ဆက်သွယ်တယ်ဆိုတဲ့ အထောက်အထားလဲ ကျနော်တို့ ဒီနေ့ထိ မတွေ့သေးဘူး။ သူတို့ဘက်က ဘယ်လိုယူဆလို့ အဲလိုပြောလဲ ကျနော်တို့ခန့်မှန်းလို့မရဘူး။ ARSA နဲ့ AA ပေါင်းမယ်ဆိုလဲ ကျနော်တို့ ရခိုင်ပြည်သူတွေလက်ခံမှာ မဟုတ်ဘူးလို့ ပြောချင်တယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။

ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ နယ်ခြားစောင့်ရဲစခန်း ၄ ခုအား AA က တိုက်ခိုက်ရာတွင် ရဲအရာရှိ တစ်ဦးအပါအဝင် ရဲ ၁၃ ဦးသေဆုံးခဲ့သည်။ တပ်မတော်နှင့် AA တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေသဖြင့် လူပေါင်း ၅,ဝဝဝ ကျော် စစ်ဘေး လွတ်ရန် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ကြားရသည်။ ဒေသခံပြည်သူများ အတိဒုက္ခ ရောက်နေရသောကြောင့် ၂ ဘက်စလုံးက ငြိမ်းချမ်းစွာ အဖြေရှာကြစေလိုကြောင်း ရခိုင်ပြည်သူအချို့က တောင်းဆိုလျက်ရှိသည်ဟုလည်း သတင်း များထွက်ပေါ်နေသည်။ ၎င်းကိစ္စနှင့် ပတ်သက်၍ AA အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ယခုကဲ့သို့ ဗွီအိုအေသို့ ပြောကြား ခဲ့သည်။

“စစ်ပွဲဖြစ်လို့ရှိရင်တော့ စစ်ဘေးဒုက္ခသည်ကတော့ ဖြစ်ကြတာပဲခင်ဗျ ဘယ်နိုင်ငံမှာမဆိုနော်။ ဒါကတော့ ၂ ဖက် စစ်ဖြစ်တဲ့ နေရာမှာ စစ်ရှောင်ဒုက္ခသည်ကတော့ ရှိကြမှာပဲ။ ဒါပေမယ့်လို့ အဲဒီ စစ်ရှောင်ဒုက္ခသည်တွေကို ကျနော်တို့ ဒုက္ခ မပေးဖို့ပဲ လိုတယ်။ သာမန်ပြည်သူတွေကို ကာကွယ်ပေးရမယ့်တာဝန်က စစ်တပ်တွေရဲ့ တာဝန်ဖြစ်တယ်။ အခုက မြန်မာ စစ်တပ်က အဲလိုမဟုတ်ဘူး သူတို့ကနေပြီးတော့ အရပ်ဖက်ပြည်သူတွေကို ရခိုင်တပ်မတော်ဘက် လုံးဝမထောက်ခံရဲအောင်၊ မပတ် သက်ရဲအောင် လက်နက်ကြီးတွေနဲ့ လှမ်းပစ်၊ နောက်ပြီးတော့ ရိက္ခာတွေဖြတ်တောက်၊ ရိုက်နှက်ညှဉ်းပမ်းတာတွေ အဲလိုမျိုး တွေလုပ်တယ်။”

မည်သို့ပင် အပြန်အလှန် ဝေဖန်ပြစ်တင်နေကြသည်ဖြစ်စေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းနေကြ ချိန်တွင် စစ်ရေးဖြင့် အကြမ်းဖက်တိုက်ခိုက်မှု လုပ်ခဲ့ခြင်းကြောင့် နိုင်ငံတကာဖိအားများအောက်၌ မတည်မငြိမ်ဖြစ်နေသည့် ရခိုင်ဒေသအခြေအနေကို ပိုမိုရှုပ်ထွေးသွားစေသည်။ ယခုတိုက်ခိုက်မှုမှာ အကြမ်းဖက်လုပ်နည်းလုပ်ဟန်ဖြစ်နေသဖြင့်၊  နိုင်ငံရေးအရ ဝေဖန်သုံးသပ်ပါက AA အနေဖြင့် အရှုံးထွက်သည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာလို ကြောင်း AA တို့ကိုယ်တိုင် ပြောဆိုထားပြီး ဖြစ်သည်။ သို့သော် ယခုကိစ္စကြောင့် ကိုယ့်စကားကို ကိုယ်တိုင် ချေဖျက်ရာ ကျ ပေသည်။ နိုင်ငံရေးအရ AA အဖွဲ့ အရှုံးထွက်သည်ဟု ဆိုရခြင်းမှာ ထိုတိုက်ခိုက်မှုအပေါ် ပြည်တွင်းနိုင်ငံရေး ပါတီအချို့က လည်း ရှုံ့ချခဲ့၍ ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ယင်းဖြစ်စဉ်ကို  ပြင်းထန်စွာ ရှုံ့ချခဲ့ပြီး၊ သေဆုံးခဲ့ကြရသူများအတွက် ဝမ်း နည်းကြေကွဲရကြောင်း ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများကို ထောက်ခံကြောင်း၊ အမျိုးမျိုးသော အကြမ်းဖက်တိုက်ခိုက် မှုများကို ပြတ်သားစွာ ဆန့်ကျင်ကြောင်း နှင့်ပြဿနာများကို ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်လုံခြုံရေးကို အတူတကွထိန်းသိမ်း ကာကွယ်ရန် တိုက်တွန်းကြောင်း တရုတ်သံရုံး၏ ကြေညာချက်၌ ဖေါ်ပြထားသည်ကို တွေ့ရသည်။

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီ ၂၁ ရာစုပင်လုံညီလာခံကို ၃ ကြိမ်ကျင်းပပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံမူများ ချမှတ်မည်ဟု  အစိုးရနှင့် EAOs အချို့ သဘောတူထားခဲ့သည်။ သို့သော် မတူခြားနားသည့် ကွာဟချက်များကို  ညှိနှိုင်း ဖြေရှင်းရန် လိုနေဆဲဖြစ်သည်။ တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် ကိုတည်ဆောက်ရာတွင် စိန်ခေါ်မှုအမျိုးမျိုး ကြုံတွေ့ရမည်မှာ ဓမ္မတာဟုဆိုနိုင်သည်။ ထိုစိန်ခေါ်မှုများကို ကျော်လွှားရေး အတွက် အစိုးရတစ်ဖွဲ့တည်းအပေါ် တာဝန်ပုံအပ်ထား၍ မရနိုင်ပါ။ အထူးသဖြင့် ပြည်သူ့ရိက္ခာစားသုံးနေကြသော တပ်မ တော်အပါအဝင် ပြည်သူ့ဝန်ထမ်းများကလည်း အစိုးရ၏ မူဝါဒလမ်းစဉ် အောင်မြင်ရေးအတွက် စွမ်းစွမ်းတမန် ပါဝင်ဆောင် ရွက်ကြရပါမည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ကလည်း ပြည်သူတို့ မျှော်မှန်းသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးအတွက် အပြန်အလှန်ယုံကြည်မှုဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုသည်။ ထို့ကြောင့် နိုင်ငံရေး သဘောကွဲလွဲမှုများကို လက်နက်နည်းဖြင့် ဖြေရှင်းခြင်း မလုပ်ကြဘဲ၊ သဘောထားကြီးစွာဖြင့် ယာယီ အပစ်အခတ်ရပ်စဲရေးကို ဦးစွာပထမ တည်ဆောက်ကြစေလိုသည်။ ၎င်းအပြင် လွတ်လပ်ရေး၊ တရားမျှတရေး၊ တန်းတူရေး၊ ဆိုသည့် အခြေခံမူကို ခေါင်းဆောင် အားလုံးရိုးသားစွာ လက်ခံကြစေလိုသည်။ ထိုသို့မဟုတ်ဘဲ ပုဂ္ဂလဓိဋ္ဌာန် ဆန္ဒစွဲ ကြီး လွန်းနေပါက ၂ဝ၁၉ ခုတွင်လည်း ငြိမ်းချမ်းရေးသင်္ဘောကြီးအတွက် ဆိုက်ကပ်စရာ ကမ်းမမြင်ပါဟု ဆိုချင်ပါသည်။


First Weekly News Journal: Vol. 9, No. 368 (18-01-2019) တွင် ဖေါ်ပြသည့် ဆောင်းပါး။

Comments