သန်းဝင်းလှိုင် - ကြည့်ကန်ရှင်ကြီး ဘဝနှင့်စာပေ

 
သန်းဝင်းလှိုင် - ကြည့်ကန်ရှင်ကြီး ဘဝနှင့်စာပေ
(မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၈

ကြည့်ကန်ရှင်ကြီးအမည်ဖြင့် ထင်ရှားသော ကုန်းဘောင် ခေတ် စာဆိုတော်ကား သာမဏေပုဂ္ဂိုလ် ရှင်နန္ဒဓဇ ဖြစ်သည်။ ဆရာတော်သည် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ မြို့မြို့နယ် ၏ မြောက်ဘက် လင်္ကာတော ၁၀ ရွာအပါအဝင်ဖြစ်သော ကြည့်ကန်ရွာ၌ မြန်မာသက္ကရာဇ် ၁၁၁၉ ခုနှစ် (ခရစ် ၁၇၅၇ ခုနှစ်) တွင် ဖွားမြင်ခဲ့သည်။ မွေးနံတော်မှာ စနေသားဖြစ်ပြီး၊ ငယ်မည်မှာ မောင်နု ဖြစ်သည်။ သာမဏေဝတ်ဖြင့် စာပေသင်ကြား သည်။ အမျိုးအနွယ်ကား ကေတုမတီ ပြည့်ရှင်မင်း၏ အဆောင်မြဲ မင်းကြီး၏ မြစ်ဖြစ်သည်။ စဥ့်ကူးမင်းနှင့် ပဒုံ မင်းလက်ထက်တွင် လွှတ်တော်ရုံးတော်များ၌ ဝင်ရောက်အမှုထမ်းသည်။

 ဒေသန္တရဗဟုသုတရှာပြီးရန် မြန်မာနိုင်ငံအောက်ပိုင်း မြို့ ရွာများသို့ လှည့်လည်ခဲ့သည်။ အသက် ၃၀ တွင် လူ့ဘောင်ကို စွန့်ကာ သာမဏေပြန်ဝတ်ကာ ကြည့်ကန်ရွာဘုံသာထွန်းကျောင်း ၌ စာပေသင်ကြားပို့ချသည်။ ဆရာတော်သည် သာသနာ့ဘောင်၌ ရဟန်းလည်းမခံ၊ ပဉ္ဇင်းလည်းမတက်ဘဲ ကိုရင်ကြီးဘဝဖြင့်သာ နေခဲ့သည်။

ဆရာတော်ပြုစုခဲ့သော စွယ်စုံကျော်ထင် အမေးပုစ္ဆာသတ်ပုံ ကျမ်းကြီးနိဂုံး၌-
''အနောက်ဘက်တိုက် အပ္ဘန္တရ၊ အနောက်ဘက်တိုက်၏ အတွင်းဖြစ်သော ဣတိဝှယေ ကြည့်ကန်ဟူ၍ ခေါ်ဝေါ်အပ်သော ဂါမေရွာ၌ ဘုန်သာထွန်းဣတိဝေါဟာရေ ဘုံသာထွန်းဟူ၍ ခေါ် ဝေါ်သမုတ်အပ်သော ရမ္မေနှလုံးမွေ့လျော်ပျော်ဖွယ်ရှိထသော အာသနေကျောင်းနေရာ၌ ဝသန္တေနနေထသော'' ဟူ၍ ရေးသား ဖော်ပြထားသည်။

ကြည့်ကန်ရွာဘုံသာထွန်းကျောင်းကြီးတွင် သီတင်းသုံးကာ တပည့်များအား စာပေပို့ချရင်း စာပေများ ပြုစုသဖြင့် 'ကြည့်ကန် ရှင်ကြီး' ဟု ထင်ရှားခဲ့လေသည်။ ကြည့်ကန်ရွာကို အချို့က ကျည်းကန်၊ ကြည်းကန်၊ ကြေးကန်၊ ကြည်းကံ၊ ကြီးကံ၊ ကျေးကန် ဟူ၍ စာလုံးပေါင်းကြ၍ အယူအဆအမျိုးမျိုး တင်ပြကြသော်လည်း ကြည့်ကန်ရှင်ကြီး၏ ဇာတိရွာကမ္ဗည်းဆိုင်းဘုတ်၌ 'ကြည့်ကန်ရွာ' ဟုပင် စာလုံးပေါင်းထားသလို ကြည့်ကန်ရှင်နန္ဒဓဇက ပုဂံပြ္ဇုင်း သစ် ဦးအာစရထံပေးသည့် မေတ္တာစာတွင် 'ကြည့်ကန်' ဟူ၍သာ အသုံးပြုထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ကြည့်ကန်ဟုသာ သုံးနှုန်းလိုက်ပါသည်။

 ကြည့်ကန်ရှင်ကြီး ပြုစုခဲ့သမျှသော စာပေကျမ်းဂန်များ အနက် မေတ္တာစာသည် အထင်ရှားနှင့် အပေါ်လွင်ဆုံးဖြစ်သည်။ မေတ္တာစာဟူသည် မေတ္တာကို အခြေပြု၍ ရေးသားပေးပို့သော စာပင်ဖြစ်သည်။ ကြည့်ကန်ရှင်ကြီး၏ မေတ္တာစာများသည် အင်းဝ ခေတ်က ပေါ်ထွန်းခဲ့သော ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ၊ ကန်တော်မင်းကျောင်းဆရာတော်တို့၏ မေတ္တာစာများနှင့်လည်း မတူချေ။ အင်းဝခေတ်ပေါ် မေတ္တာစာများမှာ ဘုရင်မင်းမြတ်ထံမှ အသက်ကို အလှူခံခြင်း၊ ဘုရင်မင်းမြတ်အား တရားနှင့်အညီ မင်းပြုရန် မေတ္တာရပ်ခံခြင်းမျိုးသာ ဖြစ်သည်။

 ကြည့်ကန်ရှင်ကြီး ပြုစုသော မေတ္တာစာများမှာ ၅၂၈ သွယ် သော မေတ္တာကို အကြောင်းပြု၍ မောင်နှင့် နှမ၊ သားနှင့်အမိ၊ ဆရာနှင့်တပည့်၊ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့ တစ်ဦးနှင့်တစ်ဦး ကမ်းလှမ်းပေးပို့သော မေတ္တာစာမျိုးများသာ ဖြစ်ပေသည်။ သို့သော် ယင်းမေတ္တာစာများသည် စလေဦးပုည၏ မေတ္တာစာများကဲ့သို့ သောင်းပြောင်းထွေလာ အကြောင်းမျိုးစုံပါသော မေတ္တာစာမျိုးများ လည်း မဟုတ်ပေ။ ကြည့်ကန်ရှင်ကြီး၏ မေတ္တာစာများမှာ ကြီးသူ က ငယ်သူကို ဆုံးမသြဝါဒပေးသော သဘောသက်ဝင်သည့် ဆုံးမစာ မေတ္တာစာများသာ ဖြစ်ပေသည်။

 ကြည့်ကန်ရှင်ကြီးသည် ယင်းမေတ္တာစာများထဲတွင် ထိုဆုံးမ စကားများ စကားပုံများသဖွယ် လင်္ကာများဖွဲ့ဆိုထားခဲ့ပေသည်။ သို့ဖြစ်၍ ကြည့်ကန်ရှင်ကြီးထွင်ခဲ့သော စကားပုံများမှာ သာယာ နာပျော်ဖွယ်ရှိသည့်အပြင် မှတ်သားရန်လည်း လွယ်ကူလှပေသည်။ သို့သော် အဓိပ္ပာယ်မှာ ကျယ်ဝန်းနက်နဲလှပေသည်။

 ကြည့်ကန်ရှင်ကြီး၏ မေတ္တာစာများသည် သောက၊ ဓမ္မ၊ ရာဇ အရေးသုံးဖြာတွင် လောကရေးက များသည်။ သူတီထွင်ခဲ့ သော စကားပုံများကို ဆန်းစစ်ကြည့်လျှင် ယေဘုယျအားဖြင့် သတိပြုဖွယ်၊ လိုက်နာဖွယ်ပြသော စကားပုံများနှင့် ဆုံးမစာဆန် သော စကားပုံများဟူ၍ နှစ်မျိုးတွေ့နိုင်လေသည်။
သတိပြုလိုက်နာဖွယ် ညွှန်ပြသော စကားပုံများထဲတွင် ကံ၊ ဉာဏ်၊ ဝီရိယအကြောင်းနှင့် ပတ်သက်၍-
'ကံရှိမှတတ်သည်၊ ဉာဏ်ရှိမှ မြတ်သည်'၊ 'ကံနှိုးဆော်မှ ထင်ပေါ်သည်၊ ဉာဏ်နှိုးဆော်မှ မြင်မြော်သည်'၊ 'ကံပင်ရှိသော် လည်း ဝီရိယချွတ်တတ်သည်'၊ 'ကံပင်ရှိသော်လည်း ဝီရိယကူရ မည်၊ ဉာဏ်ပင်ရှိသော်လည်း သတိကမူရမည်' ဟူ၍လည်းကောင်း၊ 'ကံရှိမှ ဥစ္စာတင်သည်၊ ဉာဏ်ရှိမှ ဟုတ်၍မြင်သည်'၊ 'ကံပင်ရှိ သော်လည်း ဝီရိယမယွင်းစေရာ' ဟူ၍လည်းကောင်း၊ ကံ၊ ဉာဏ်၊ ဝီရိယသုံးပါးစလုံး မယွင်းမချို့စေရန် သတိပေး ညွှန်ပြထားပေ သည်။

အပြုအမူ အပြောအဆိုများနှင့် ပတ်သက်၍လည်း ...
'ကြော့ကြမ်းလျှင် မုန်းတတ်သည်၊ သော့သွမ်းလျှင် ဆုံးတတ်သည်'၊ 'ဟော့ရမ်းလျှင် ရှုံးတတ်သည်'၊ 'မကြော့မကြမ်း နုရမည်'၊ 'မသော့မသွမ်းပြုရမည်'၊ 'မဟော့မရမ်း ရှုရမည်' စသည့် စကားပုံများဖြင့် လမ်းညွှန်ထားပေသည်။

လောကဓမ္မတာသဘောအရ ဖြစ်တတ်ပျက်တတ်ပုံများကို လည်း ...
'ပွဲမင်းလည်းငွေမှား၊ ဆေးသမားလည်းသားသေ၊ ဗေဒင် သမားလည်း နွားပျောက်၊ ဆောက်သမားလည်း အထွင်းမကောင်း၊ စောင်းသမားလည်း တေးမပီ၊ ပန်းချီသမားလည်း ဟန်မရ' စသည့် စကားပုံများဖြင့် တင်ပြထားပေသည်။ ထို့အတူ 'ချစ်နေကျ ရည်းစားမှ မုန်းသေးသည်၊ ဖြစ်နေကျပွဲစားမှ ရှုံးသေးသည်၊ ပုံခင်း က စကားမှား၍ငြိသည်၊ ခုံမင်းမှ တရားမှား၍ရှိသည်၊ မတွေ့လာ ကြံမောသည်၊ ရသေ့မှ ဈာန်လျှောသည်၊ မိုးများပင် ထန်သော်လည်း၊ ကန်တိုင်းက မပေါက်ပေ၊ ကြိုးစားပင်ကြံသော်လည်း ကြံတိုင်းမှ မမြောက်ချေ' ဟူသည့် စကားပုံများဖြင့်လည်း သတိပေးထား သည်။

ထို့ပြင် 'မတတ်သေးလျှင် သင်ရသည်၊ အရပ်ဝေးလျှင် ကြင်နာသည်'၊ 'ပျော့ငြားလျက် တင်းလျှင်မခံနိုင်၊ လျော့ပါးလျက် ငြင်းလျှင် အကြံမှိုင်'၊ 'ပြွန်တွင်းသစ်မှ လုံရာသည်၊ ကျွန်ရင်းဖြစ် မှ ယုံသာသည်'၊ 'ရုန်းလျှင်မနိုင်၊ မုန်းလျှင်မပိုင်၊ မရုန်းမှနိုင်သည်၊ မမုန်းမှပိုင်သည်'၊ 'အမှုထိုက်သောကြောင့် ကြေးဆုံးပြန်ရသည်၊ အပြုမိုက်သောကြောင့် ကြေးကုန်ကြသည်။ ပုထိုးနီးဝေးမဆိုရာ စေတနာသာပဓာန၊ အမျိုးနီးဝေးမဆိုရာ မေတ္တာသာပဓာန၊ အသွေး တတ်မှ ထူးမြတ်စွာ တောက်သည်၊ အပြေးတတ်မှ ကူးခပ်ရာ ရောက်သည်၊ အတွေးတတ်မှ မှူးမတ်ရာရောက်သည်၊ မိုးကိုလင့် လျှင် မျိုးရင့်သည်၊ မင်းမှာလုပ်ချင်၏ တင်းကုပ်မှာ အချုပ်မခံဝံ့ ခံဝံ့၊ ပဲတင်းကို ရှုပ်ချင်၏ နှုတ်ခမ်းမွေးကို အနုတ်မခံဝံ့ခံဝံ့၊ မှိုနှင့် မျှစ်ကို နုတ်ချင်၏ ကျည်တုပ်မခံဝံ့ခံဝံ့' စသည့်စကားပုံများဖြင့် လူမှုရေးနယ်ပယ်မှ သတိပြုဆင်ခြင်ဖွယ်ရာများကို တင်ပြထား ပေသည်။

 ကြည့်ကန်ရှင်ကြီး၏ စကားပုံများတွင် ဆုံးမစာဆန်သော စကားပုံများ အများဆုံး ပါဝင်နေသည်ကို အောက်ပါအတိုင်း တွေ့နိုင်ပေသည်။

- မယားသေက အစားရ၏။ မိဘသေငြား အစားမရ။

- သေးမှသာ လှသည်မဟုတ်ပါ၊ ဝေးမှသာ ရသည်မဟုတ် ပါ၊ မသေးဘဲနှင့်ပင် လှပါသည်၊ မဝေးဘဲနှင့်ပင် ရပါ သည်။

- ဂူပျက်ကိုလည်း မအောင်းနှင့် လူပျက်ကိုလည်း မပေါင်း နှင့်၊ ဂူပျက်ကို အောင်းလျှင် ပိတတ်သည်၊ လူပျက်ကို ပေါင်းလျှင် ငြိတတ်သည်။

- ထန်းလျက်နှင့်တူသည်လို့ ကျောက်ဖြူကိုလည်း မနမ်း နှင့်၊ ကျွမ်းလျက်နှင့်မြူသည်လို့ အောက်သူကိုလည်း မစမ်းနှင့်။ ကျောက်ဖြူကိုနမ်းလျှင် ဖုန်ကပ်သည်၊ အောက်သူကိုစမ်းလျှင် ကုန်တတ်သည်။

- ကျတိုင်းလည်း ကုန်း၍မကောက်နှင့်၊ ရတိုင်းလည်း သုံး၍မဖျောက်နှင့်၊ ကျတိုင်းကောက်လျှင် လူရယ်သည်၊ ရတိုင်းဖျောက်လျှင် ဖြူလွယ်သည်။

- ဝမ်းဘဲဟင်္သာမြောင်းကို ပစ်၍ မြစ်ကိုရှာ ရေသာများ ၍ ငါးမတွေ့၊ ဝမ်းထဲတင်းကာ ဟောင်းကိုပစ်၍ သစ် ကိုရှာ နေရာမှား၍ ကြားမစေ့။

 ကြည့်ကန်ရှင်ကြီး ထွင်ခဲ့သမျှသော စကားပုံများမှာ များပြားလှချေသည်။ သူ၏စကားပုံတို့မှာ မှတ်သားရန် လွယ်ကူ သလောက် အနက်အဓိပ္ပာယ် နက်နဲကျယ်ဝန်းလှသဖြင့် မြန်မာ စာပေလောကအတွက် အကျိုးများလှပေသည်။

ဤသို့ တပည့်များကို ပရိယတ္တိစာပေပို့ချရင်း စာပေအစုစု ကို ပြုစုနေစဉ်အတွင်း ဘိုးတော်မင်းတရား ခေါ် ပဒုံမင်းက ပင့် လျှောက်သဖြင့် အမရပူရရွှေမြို့တော် သာသနာပိုင် မောင်းထောင် ဆရာတော်ထံ ဝင်ကာ ပညာဆည်းပူးခဲ့ပြန်သည်။

ကုန်းဘောင်ခေတ်စာဆိုတော် ကြည့်ကန်ရှင်ကြီးနန္ဒဓဇ (၁၇၅၇-၁၈၁၃) ၏ မေတ္တာစာများကို (၁၇) စောင်ကို ရွေးထုတ် ၍ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဟောင်းနှင့် သီရိလင်္ကာနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါက်တာထင်အောင်က အင်္ဂလိပ် ဘာသာပြန်ကာ ၁၉၆၈ ခုနှစ်တွင် နယ်သာလန်နိုင်ငံ မာတီးနပ်စ် နစ်ဟော့ဖ် စာအုပ်တိုက်မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ အင်္ဂလိပ်ဘာသာ ပြန်စာအုပ်အမည်မှာ 'အင်္ဂလိပ်-မြန်မာစစ်ပွဲမတိုင်မီ ရေးသားခဲ့ သော မေတ္တာစာများ' (Epistles Written on the Eve of the Angle-Burmese War) ဖြစ်သည်။

 ကြည့်ကန်ရှင်ကြီး၏ မေတ္တာစာများမှာ မြန်မာစာပေသမိုင်း တွင် အလွန်ထင်ရှား၍ ဂန္တဝင်စာပေတစ်ရပ်အဖြစ် သတ်မှတ်ခဲ့ကြ သည်။ ရန်ကုန်တက္ကသိုလ်၏ မြန်မာဘွဲ့သင်ရိုးတွင် ခေတ်အဆက် ဆက် ပြဋ္ဌာန်းခံခဲ့ရ၍ ကုန်းဘောင်ခေတ် မြန်မာစာပေ၏ ရတနာ တစ်ပါး ဖြစ်သည်။

 ကြည့်ကန်ရှင်ကြီးသည် မေတ္တာစာအမျိုးမျိုးသာမက မုံရွေး ဆရာတော်က မေးမြန်းသော အမေး (၅၅) ချက်ကိုလည်း ဖြေတော် မူသည်။ မုံရွေးဆရာတော် အရှင်အရိယဝံသအာဒိစ္စရံသီနှင့် ကြည့်ကန်ရှင်ကြီးတို့ကား တစ်ဦးနှင့်တစ်ဦး အလွန်ပင် ရင်းနှီးသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ မုံရွေးဆရာတော်သည် ကြည့်ကန်ရှင်ကြီး အောက် အသက်အားဖြင့် ၉ နှစ်မျှငယ်သော်လည်း (မုံရွေးဆရာ တော်သည် သက္ကရာဇ် ၁၁၂၈ ခုနှစ်ဖွား၍ ကြည့်ကန်ရှင်ကြီးသည် သက္ကရာဇ် ၁၁၁၉ ခုနှစ် ဖွားဖြစ်သည်။) ရှင်ကြီးသည် ဆရာတော် ၏ ပညာဂုဏ်၊ သိက္ခာဝါ ကြီးမြင့်သောကြောင့် တစ်ဦးနှင့်တစ်ဦး ခင်မင်လေးစားသောအားဖြင့် 'အကြည်တော်သူမြတ်' 'နောင်တော် သူမြတ်' ဟု သုံးနှုန်း၍ မုံရွေးဆရာတော်ကမူ 'နန္ဒဓဇသူမြတ်' 'အကြည်တော်ဦးမြတ်' စသည်ဖြင့် သုံးနှုန်းကြလေသည်။
ယင်းတို့နှစ်ဦးကား တစ်ဦးနှင့်တစ်ဦး မတွေ့မမြင်ဖူးခင် ကပင် စာပေမှတစ်ဆင့် ရင်းနှီးပြီးသားဖြစ်သည်။

သက္ကရာဇ် ၁၁၅၂ ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ ရက် (ခရစ် ၁၇၉၀ ပြည့် နှစ် စက်တင်ဘာလ ၂၂ ရက်) ဗုဒ္ဓဟူးနေ့တွင် မုံရွေးဆရာတော်က ကြည့်ကန်ရှင်ကြီးထံ ပေးပို့သည့် 'အနုမတ္တေသုဝဇ္ဇေသုဘယဒဿဝီ' ချီမေတ္တာစာတွင်-

''သလ္လာဝတီ သီတာမြစ်ကြီး၏ အရှေ့မျက်နှာ၊ မုံရွေး ဇာတိ၊ ပဝတ္တိအခါ ဆားလင်းကြီးရွာက အရိယာဝံသ အာဒိစ္စရံသီ၊ ပီယဝါစာ မေတ္တာစကားကြားရောက်လိုက်ပါသည်။ သမ္မာသမ္ဗုဒ္ဓ ဘုရားဆုကို ယူတော်မူလေ့ရှိသော နန္ဒဓဇသူမြတ်'' ဟူ၍ သုံးနှုန်း ထားသည်ကို တွေ့ရသည်။ ထိုသို့သုံးနှုန်းချက်ကို ကြည့်ရှုဆင်ခြင် ခြင်းဖြင့် မုံရွေးဆရာတော်သည် ရှင်ကြီးဘုရား ဆုပန်သည်ကို မည်မျှလေးစားကြောင်း သတိပြုမိနိုင်ပေမည်။

ထို့ပြင် ''မမြင်မတွေ့ရဖူးသော်လည်း ၁၁၄၈ ခုနှစ်တွင် ညီတော်မြတ်တို့ ရပ်ကြီးရွာနေ မောင်ကလျာဏတို့တွင် မွှေးလှသော သတင်းကို၊ လေညှင်းယူ၍၊ ကြူလာကြိုင်လာသည်မှစ၍ တွေ့မြင် ချင်သောနှလုံး၌၊ ရစ်ထုံးမကွာစေတနာအလွန်ရှိ'' ဟူသော စကား ကိုထောက်ခြင်းဖြင့် သူတို့နှစ်ဦး ကျွမ်းဝင်ခင်မင်မှု၏ အစသည် ၁၁၄၈ ခုနှစ်ကဖြစ်ကြောင်း သိရပေသည်။

ဤသို့လျှင် ပုဂ္ဂိုလ်နှစ်ဦးတို့သည် အထူးကြည်နူးစွာ ဆက်ဆံရင်း မုံရွေးဆရာတော်က ''တတ်စိမ့်ထွေလာ''ချီ ရတု ပိုဒ်စုံဖြင့် ဗုဒ္ဓဝင်ဆိုင်ရာ အမေးပြဿနာပေါင်း ၅၅ ရပ်ကို ကြည့်ကန်ရှင်ကြီးအား မေးမြန်းခဲ့သည်။ (အမေး ၅၅ ချက်ကား အတိအကျမဟုတ်ပေ။ ပေါရာတာဒီပနီကျမ်း ပထမတွဲနှင့် ဗုဒ္ဓဝင် အမေးအဖြေစာအုပ်တွင် မူကွဲမရရှိမှုကြောင့် ပဉ္စမအမေးကျန်နေ ခဲ့သည်။ အဆိုပါအမေးကား ''မာရ်လည်းဖျက်ရာ၊ မြေမျက်နှာမှ၊ အပရာဇိတ၊ ပလ္လင်္ကသည်၊ ဘယ်မျှစွင့်စွင့် မြင့်လေသနည်း'' ပင် တည်း။ အမေးပုစ္ဆာတို့တွင် အချို့မှာ ကျမ်းဂန်၌ တိုက်ရိုက်မလာ သောနည်းတို့ဖြင့် မေးထား၍ ခဲခဲယဉ်းယဉ်းရှိလှသည်။ အချို့မှာ လည်း လွယ်ကူလှပေသည်။

ဤသို့ မုံရွေးဆရာတော်နှင့် ကြည့်ကန်ရှင်ကြီးတို့၏ အမေး အဖြေကား မြန်မာစာပေဂန္ထဝင်တွင် ''မုံရွေးအမေး ကြည့်ကန် အဖြေ'' ဟူသော အမည်ဖြင့် ထင်ရှားပေသည်။ အဆိုပါအမေး အဖြေကို စာရေးဆရာကြီးမာဃက ''ဗုဒ္ဓဝင်အမေးအဖြေ'' ဟူ သောအမည်ဖြင့် ၁၉၃၈ ခုနှစ်တွင် ဋီကာဖွင့်လှစ် ရေးသားထုတ်ဝေ ခဲ့ဖူးသည်။


 ကြည့်ကန်ရှင်ကြီးက မေး၍ ကျီးသဲလေးထပ်ဆရာတော် (၁၈၁၇-၁၈၉၄) က ဖြေကြားတော်မူခဲ့သည်။ ပုစ္ဆာပေါင်း ၁၁၁၇ ပုဒ် ပါရှိသည့် စွယ်စုံကျော်ထင်သတ်ပုံနှင့် ပုစ္ဆာကျမ်းကြီးကိုလည်း ခရစ် ၁၇၉၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်တွင် ပြုစုပြီးစီးတော် မူခဲ့သည်။ စွယ်စုံကျော်ထင်ကျမ်းကို ကြည့်ကန်ရွာဘုံသာထွန်း ကျောင်း၌ သီတင်းသုံးစဉ် ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ယင်းကျမ်းတွင် 'သတ်ပုံလည်းပါ၊ ပုစ္ဆာလည်းရ၊ သိပ္ပံကုံလုံ၊ နှစ်ချက်ဆုံသော ကြောင့် စွယ်စုံကျော်ထင်မည်သောကျမ်း'ဟု အမည်ပေးခဲ့ပုံကို ရေးသားဖော်ပြထားသည်။

ယင်းစွယ်စုံကျော်ထင်ကျမ်းကို ကာရန် (၅၂) ခု၊ ပုစ္ဆာ ၁၁၁၇ ပုဒ်ဖြင့် ဖန်တီးထား၍ ပုစ္ဆာများမှာ စိတ်ဝင်စားဖွယ်ဖြစ် သည်။ ယင်းကျမ်း၌ ''ဘုရားရှင်စွယ်၊ သီဟိုဠ်ဝယ်၊ ဘယ်မင်း လက်ထက်ရောက်သနည်း'' စသည့် ဗုဒ္ဓဝင်ဆိုင်ရာမေးခွန်း၊ ''စန်းလဂ်ယှဉ်သွယ်ပူးရာဝယ်၊ ဘယ်ခွင်ဘယ်လျောက်ဝတ်မည် နည်း'' စသည့် လက်ဝတ်ရတနာ ဆင်မြန်းမှုဆိုင်ရာမေးခွန်း၊ ''ဂြိုဟ်နက္ခတ်ကြယ်၊ တာရာဝယ်၊ ရောက်ဖွယ်တစ်နေ့မည်မျှနည်း'' ဟူသော နက္ခတ္တဗေဒဆိုင်ရာမေးခွန်း စသည့် ထူးခြားသောမေးခွန်း များလည်း ပါဝင်သည်။

 ကြည့်ကန်ရှင်ကြီး၏ ပညာဂုဏ်ကို ကျီးသဲလေးထပ်ဆရာ တော်က-
''--- စွယ်စုံကျော်ထင်အမည်ရှိသော ဤပုစ္ဆာကျမ်းကို စီရင်သော ရှင်နန္ဒဓဇကား ယောကျာ်းသာမညမဟုတ်။ ဇဝနဉာဏ်၊ တိက္ခဉာဏ်၊ ဂမ္ဘီရဉာဏ်တို့နှင့် ပြည့်စုံသည်။ ဆရာမွန် ဆရာမြတ် တို့၏ လက်မှ လျှို့ဝှက်ခဲတတ်သော ပိဋကတတ်ကျမ်း၊ ဗေဒင် ကျမ်းတို့ကို သင်ကြားနည်းယူသဖြင့် သူမတူနိုင်သော သတ္တိ၊ ဗျတ္တိရှိသည်။ ယင်းသို့ ပါရမီစံဉာဏ်ကဲကြီးမားသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်ရကား မြင်မြင်ဝါးဝါး သူတစ်ပါးတို့သည် ဖွဲ့ထား ကုံးသီနိုင်မည်ကို မဆိုထားလင့်၊ မေးခွင့်မေးရာကိုမျှ ကြံခြင်းငှာ မစွမ်းနိုင်ရာသောပုစ္ဆာ၊ သိလွယ်ငြားသော်လည်း၊ နောက်သားတို့ ပညာပွားရန် အကျိုးရှိသောပုစ္ဆာ၊ ဤပုစ္ဆာအရပ်ရပ်တို့ကို ပိဋကတ်၊ ဗေဒင်၊ ရာဇဝင်ကျမ်း၊ ဆန်းလင်္ကာ၊ လောကယတဖြစ်သော ဂန္တာရ ကျမ်း၊ ပုံပြင်ကျမ်းတို့မှ အဆန်းတကြယ် မှတ်ဖွယ်ကောင်းလှသော စကားအဆီအနှစ် အဆစ်အဖုတို့ကို ဖွေထုတ်၍ ပုစ္ဆာပြုခဲ့လေသည်'' ဟူ၍ ချီးမွမ်းထားလေသည်။

 ကြည့်ကန်ရှင်ကြီးရှင်နန္ဒဓဇ ပြုစုခဲ့သော စာပေကျမ်းဂန် များမှာ စွယ်စုံကျော်ထင်ကျမ်း၊ သတ္တောဝါဒီဆယ်လွန်းတင်ဂါထာ ကျမ်း၊ ကြည့်ကန်ရှင်ကြီးမေတ္တာစာ၊ ဖိုးသူတော်ဦးနု ဆုံးမစာ၊ ကြည့်ကန်လက်ရိုးဗေဒင်ကျမ်းနှင့် စကားပုံတို့ ဖြစ်ပေသည်။

ဆရာတော် ပျံလွန်သည့်ခုနှစ်ကို အတိအကျ မည်သူမျှ မသိသော်လည်း ခရစ်နှစ် ၁၈၁၃ ခုနှစ်ခန့် ပျံတော်မူသည်ဟု မှန်းဆကြသည်။

စာကိုး
၁။ ကျည်းကန်ရှင်ကြီးမေတ္တာစာနှင့် ခက်ဆစ်အဖြေ (ဆရာပွား တည်းဖြတ်)၊ ပြည်ကြီးမဏ္ဍိုင်ပိဋကတ်ပုံနှိပ်တိုက်၊ ၁၉၅၇။
၂။ လှသမိန်၊ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်၊ ဟံသာဝတီပုံနှိပ်တိုက်၊ ပကြိမ် ၁၉၆၁။
၃။ အရှင်နန္ဒဓဇ၊ စွယ်စုံကျော်ထင်ကျမ်း (ပထမအုပ်၊ ဒုတိယ အုပ်)၊ ဣစ္ဆာသယပိဋကတ်စာပုံနှိပ်တိုက်၊ ၁၃၁၇။
၎။ စိုးရွှေစင် ''မေတ္တာသရုပ်ပြ ကျည်းကန်စကားပုံများ'' ငွေတာရီမဂ္ဂဇင်း မှတ် ၁၉၃ (၁၉၇၆၊ ဇူလိုင်)
၅။ စိုးစိုး(ပန်းတောင်း) ''ကျည်းကန်ရှင်ကြီး၏ စကားပုံဆုံးမ စာများ'' ငွေတာရီမဂ္ဂဇင်း၊ (၁၉၈၀၊ ဒီဇင်ဘာ)
၆။ မောင်ဇေယျာ၊ ''ကျည်းကန်ရှင်ကြီးမေတ္တာစာ'' ခေတ်ဆန်း ဂျာနယ် မှတ် ၅၊ (သြဂုတ်၊ ၂၀ဝ၃)

ဓာတ်ပုံများ (ကြည့်ကန်ရွာရှိ သမိုင်းဝင်နေရာများ)















0