နိုလှိုင်း ● နှစ်သစ်ဟောင်း
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၉
(မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၉
၁။
အဲဒီလိုနဲ့ ကျွန်တော်တို့ ၂၀၁၈ဆိုတာကြီးကို ထားခဲ့လိုက်ရတယ်ပေါ့။ ဖြစ်ပျက်ခဲ့သမျှကိစ္စတွေကိုမေ့ပြီးတော့လည်း စိတ်အသစ်နဲ့အတူ နှစ်သစ်ကိုဆက်သွားရလိမ့်မယ်ပေါ့။ မနက်ခင်းဟာ သူ့သဘာဝအတိုင်း နိုးထလာခဲ့ပါတယ်။ သူ့သဘောသူဆောင်ပြီး ကုန်ဆုံးသွားတဲ့နှစ်တစ်နှစ်အတွက် ကျွန်တော့်မှာဘာများနှုတ်ဆတ်စရာရှိပါ့မလဲဆိုတာ တွေးမိတယ်။ ဘယ်လိုအကြောင်းအရာတွေ မပြီးပြတ်သေးတဲ့လုပ်စရာကိစ္စတွေများ လုပ်ဖို့ကျန်ခဲ့သေးလဲလို့လည်း စဉ်းစားဖြစ်ပါတယ်။ ကျွန်တော့်အတွက်တော့ နှစ်ဟောင်းကိုပျော်ရွှင်စွာကုန်ဆုံးပစ်လိုက်မယ့်အကြောင်းလည်း မရှိသလို ပစ္စလက်ခတ်ထားခဲ့ဖို့လည်း မရည်ရွယ်ပါဘူး။ ပျော်ရွှင်စရာဆိုတဲ့ကိစ္စတွေလည်း ကျွန်တော့်အတွက်တော့ သိပ်ကိုရှားပါးနေတုန်းပဲပေါ့။ လောကဓံလည်း သူ့သဘာဝအတိုင်းနှိပ်စက်လာတတ်မြဲ။ ထုထောင်းရိုက်ပုတ်နေဆဲပေါ့လေ။ ဒီအတိုင်းပဲ မသိလိုက်မသိဘာသာ နှစ်အဟောင်းကို ချန်ရစ်ခဲ့ချင်ပါတယ်။ ကျန်ရစ်ခဲ့ရတော့မယ်ဆိုပေမယ့် ကျွန်တော်တို့ဘယ်လိုများဖြတ်သန်းကုန်ဆုံးခဲ့ပါသလဲတဲ့။ အဲဒီလို တွေးမိနေခဲ့တာပါ။ အဲဒီအတွက် ကျွန်တော့်ဘက်မှာလည်း ပြောစရာအကြောင်းတွေဒီထက်ပိုရှိခဲ့မယ်ဆိုရင် ကုန်ဆုံးသွားတဲ့နှစ်ထဲက အဖြစ်အပျက်နည်းနည်း ကျွန်တော့်ခံစားချက်နည်းနည်းနဲ့ ညည်းညူအော်ဟစ်ထားတဲ့ ဟိုရောက်ဒီရောက်စာတစ်စောင်ပဲ ဖြစ်မှာပေါ့။ ဘယ်ဆီကိုပို့လွှတ်လိုက်ရမှန်းမသိပဲ လက်ထဲကနေ ရုန်းကန်ပျံသန်းသွားတဲ့ ငှက်ကလေးတစ်ကောင်လိုပဲ ဖြစ်နေမှာပါ။ ကျွန်တော် တတ်နိုင်ခဲ့သလောက်နဲ့ပဲ ပေါ့လေ။
၂။
နှစ်စတုန်းက ကျွန်တော့်လက်ထဲမှာ ငွေစကလေးအနည်းငယ်ရှိခဲ့ဖူးတယ်။ နည်းနည်းလေးဆိုမှ တကယ့်နည်းနည်းလေးရယ်ပါ။ ဒါပေမယ့် အဲဒီငွေကြေးအနည်းငယ်လောက်ဟာ ပြီးဆုံးသွားခဲ့တဲ့နှစ်ဟောင်းက လက်ကျန်ငွေလား။ တစ်နေရာရာကဝင်လာတဲ့ဝင်ငွေအသစ်လားဆိုတာတော့ ကျွန်တော်မမှတ်မိတော့ဘူး။ တစ်ခါတစ်ခါကျရင် အဲဒီလို လက်ကျန်ရှိနေတတ်တဲ့ငွေအနည်းငယ်လောက်နဲ့လည်း ဘာရည်ရွယ်ချက်မှမရှိ ဟိုဟိုဒီဒီ လျှောက်သွားနေမိတာပဲလေ။ နောက်ပြီး အခုလောလောဆယ် ကျွန်တော့်မှာ အလုပ်ရယ်အကိုင်ရယ်လို့လည်း အတည်တကျမရှိဘူး။ အိမ်အပြင်ရောက်ရောက်နေတယ်ဆိုတာလည်း တစ်စုံတစ်ယောက်က ကျွန်တော့်ကိုအလုပ်ရှိလို့လှမ်းခေါ်မလား တစ်နေရာရာမှာငွေလေးနည်းနည်းလောက်ပဲထပ်ရှာနိုင်လိမ့်မလားရယ်လို့ ကျွန်တော်မျှော်လင့်နေမိတာလောက်ပဲ။ ဒါပေမယ့် အဲဒါလည်း မဖြစ်နိုင်ဘူးဆိုတာ သိနေခဲ့ပြီးသားပေါ့။ ကျွန်တော့်အတွက် လတ်တလောဝင်ငွေဆိုတာ တစ်ခါတလေရတတ်တဲ့ စာမူခအနည်းငယ်လောက်ရယ် တစ်ခါတစ်ခါကျမှ ရင်းနှီးတဲ့သူတွေလှမ်းခေါ်တတ်တဲ့ စက်ပစ္စည်းပြင်တဲ့အလုပ်တစ်ခုရယ်ပဲရှိတယ်။ အဲဒါတွေကလည်း အချိန်တိုင်းလုပ်ကိုင်နေရတာမျိုးမဟုတ်တော့ ကျွန်တော့်ဝင်ငွေက ပုံမှန်မရှိဘူး။ လခစားအလုပ်တစ်ခုခုဝင်လုပ်ဖို့ကျပြန်တော့လည်း ကျွန်တော့်မှာ လတ်တလော အဆင်သင့်မဖြစ်နေဘူးလေ။ ဒီလိုဖြစ်နေနေရတာလည်း ကျွန်တော့်အတွက် အကျင့်ပါနေပါပြီ။
ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင်တော့ ကျွန်တော့်မှာ ဒီထက်ပိုပြီးစုထားဆောင်းထားတဲ့ လက်ကျန်ငွေလေးအနည်းအကျဉ်းလောက် ရှိခဲ့ပါသေးတယ်။ ကိုယ်ပိုင်အလုပ်ကလေးလုပ်လို့ရမလိုပုံစံမျိုးလောက်ပေါ့လေ။ ဒီခေတ်ထဲ ကိုယ်ပိုင်လုပ်ငန်းဆိုလို့ သိပ်ကြီးကြီးကျယ်ကျယ်တွေများဖြစ်နေမလားလို့ မထင်ပါနဲ့ဦး။ ကျွန်တော်ဆိုလိုတာက ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်သေးသေးလေးတစ်ဆိုင်လောက် ဒါမှမဟုတ် ကားနဲ့ထီလက်မှတ်လှည့်ရောင်းလို့ရတဲ့ပမာဏလောက် လမ်းထိပ်မှာ ထမင်းကြော်ဆိုင်တစ်ဆိုင်လောက်ဖွင့်လို့ရမယ်ထင်ရတဲ့ ငွေကြေးအနည်းငယ်လောက်ကိုဆိုလိုတာပါ။ ဆိုင်းကြီးကန္နားကြီးနဲ့ဟီးထနေအောင်ဖွင့်ဖို့ဆိုတာတော့ ကျွန်တော့်အတွက် အိပ်မက်ထဲမှာတောင် ထည့်မမက်ရဲတဲ့ကိစ္စကြီးပါ။ ကျွန်တော်ဆိုလိုတာက ကိုယ့်အလုပ်လေးနဲ့ကိုယ်အေးအေးဆေးဆေးနေလို့ရမယ် ထမင်းစားဖို့အတွက်ပူစရာသိပ်မလိုတဲ့အလုပ်မျိုးတွေပေါ့။ ကျွန်တော်သွားချင်တဲ့အချိန် ကျွန်တော်သွားမယ်။ ဘယ်သူမှစေခိုင်းမှုမပါပဲ လွတ်လွတ်လပ်လပ်ရှင်သန်နေလိုတာပေါ့လေ။ ဒါပေမယ့် အဲဒီစိတ်ကူးဟာ အိပ်မပျော်ညတွေနဲ့အတူ လုံးပါးပါးခဲ့ရတယ်။ အဲဒီလိုငွေစကြေးစလေးကိုင်ထားခွင့်ရတဲ့နှစ်တစ်နှစ်ဟာလည်း ကျွန်တော့်ဘဝထဲကနေ အလျင်အမြန်ပဲထွက်ခွာသွားခဲ့ပြန်တာပါပဲ။
၃။
ဒီတစ်နှစ်အတွက်လည်း ဆောင်းရာသီရောက်လာခဲ့သလို နှစ်အသစ်ဟာ အလိုလိုရောက်လာဦးမှာပဲပေါ့။ နှစ်အဟောင်းကို စိတ်ကျေနပ်လောက်စရာပုံစံနဲ့ ကျွန်တော်ဖြတ်သန်းနိုင်ခဲ့တယ်လို့ ပြောလို့မရခဲ့ဘူး။ ဘယ်သူကများ ကိုယ့်လက်ရှိဖြစ်တည်မှုနဲ့ ရောင့်ရဲလွယ်တတ်ကြပါသလဲတဲ့။ ဘယ်သူကမှ ကိုယ်ရနေတဲ့အရာတွေနဲ့ ကျေနပ်နိုင်ကြလို့လဲ။ ကျွန်တော်ဟာ အမြဲတမ်း လိုအင်ဆန္ဒနောက်လိုက်ရင်း စိတ်ပင်ပန်းမွန်းကျပ်နေသူတစ်ယောက်တော့လည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော့်မှာ မိသားစုရှိတယ်။ ကလေးလေးတွေရှိတယ်။ ကျန်တာတွေဘာမှမစဉ်းစားဘူးဆိုရင်တောင် ကလေးတွေရဲ့ရှေ့ရေးကိုတတ်နိုင်သလောက် ငဲ့ကြည့်ရဦးမှာပါ။ ဝင်ငွေပုံမှန်ရတဲ့အလုပ်တစ်ခုကို ကျွန်တော်လုပ်ချင်ပါတယ်။ အရင်းအနှီးမရှိပေမယ့် လုပ်လို့ရတဲ့အလုပ်မျိုးတွေ ကျန်တော်ကြိုးစားကြည့်တယ်။ ဒါပေမယ့် ဒီတစ်နှစ်ထဲ ကျွန်တော့်မျှော်လင့်ချက်တွေဟာ သဲထဲသွန်တဲ့ရေလိုဖြစ်ခဲ့တယ်ဆိုတာကိုပဲ မချင့်မရဲပြောခဲ့ရပါတယ်။ တကယ်ကို သဲထဲသွန်တဲ့ရေတွေချည်းပဲ။ ကျွန်တော်ကြံစည်ခဲ့သမျှအရာမရောက်ခဲ့ စိတ်ကူးယဉ်အိပ်မက်ဟာ နှစ်ဟောင်းနဲ့အတူကျကျန်ရစ်ခဲ့တယ်လေ။ ကံတရားအတိုင်းပဲဆိုပြီး ကံကိုပစ်ချဖို့လည်း မရည်ရွယ်ပါဘူး။ တခြားအခြေအနေတစ်ခုနဲ့လည်း ကျွန်တော့်ဘက်ကမပြောင်းလဲနိုင် မဖန်တီးနိုင်ခဲ့ဘူးလေ။ ဒီတော့ ကံတရားအတိုင်းပါပဲ။
အခုဖြစ်နေရနေတဲ့ဘဝကလည်း ကျွန်တော်စိတ်လေပြီး လျှောက်လုပ်နေတဲ့အလုပ်တွေမှမဟုတ်ခဲ့တာပဲလေ။ စာတွေရေးဖြစ်ခဲ့တာကတော့ ကျွန်တော့်အတွက်နောက်ဆုံးမျှော်လင့်စရာဆိုတာထက် ကောက်ရိုးတမျှင်ဟာအသက်ကယ်ကြိုးလိုဖြစ်ခဲ့ပါတယ်။ ကျွန်တော်ပြောချင်တာက ဒီဘက်နှစ်ပိုင်းတွေမှာလုပ်ခဲ့သမျှ အယောင်ယောင်အမှားမှားနဲ့လုပ်မိလုပ်ရာတွေလုပ်ခဲ့တာမျိုးမဟုတ်ဘူးလို့ ဆိုလိုတာပါ။ ကူတွယ်ရာမဲ့သလိုဖြစ်နေတာမျိုးလည်း မဟုတ်ပါဘူး။ အစကတည်းက ဆုံးဖြတ်ခဲ့ပြီးသားမှာ တချို့ ကိစ္စတွေက ထင်သလိုဖြစ်မလာခဲ့တာမျိုးတွေပေါ့။ ကျွန်တော့်အတွက်တော့ စာတွေရေးဖြစ်နေတာကသက်သက် အလုပ်အကိုင်အဆင်မပြေတာကသက်သက်ပါပဲ။ ဒီလိုထမင်းငတ်တဲ့ကိစ္စတွေချည်း စိတ်ကူးယ်နေတာကိုးတဲ့။ ကျွန်တော်အနေနဲ့ စာထဲစိတ်ရောက်နေလို့ ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်နေတာမျိုးမဟုတ်ဘူးလို့ ဆိုပါရစေ။ ပြောခဲ့သလိုပဲ။ အတတ်နိုင်ဆုံးလှုပ်ရှးနေခဲ့တာပဲမဟုတ်လား။ ရှိတဲ့ငွေလေးသာ တစ်စစနဲ့ ကုန်သွားခဲ့ရတာ။ လစဉ်ဝင်ငွေအနည်းအကျဉ်းရရနေတဲ့ အလုပ်တစ်ခုပြီးတစ်ခု လျော့ပါးသွားခဲ့ရတာ။ စိတ်ကူးယဉ်စီစဉ်ထားတဲ့အလုပ်တွေ ပျက်သွားခဲ့တာ စသည်ဖြင့်ပေါ့။ စာတွေမရေးဖြစ်ခဲ့ဘူးဆိုရင် ဒီလိုအခြေအနေမှာ ကျွန်တော်ဘာဖြစ်နေမလဲလို့ မခန့်မှန်းတတ်ပါဘူး။ မွန်းကျပ်လွန်းတဲ့ညတွေထဲ ဝမ်းရေးအတွက်ကြံရာမရဖြစ်ဖြစ်နေတတ်တဲ့ အိပ်ရေးပျက်နာရီတွေက ကျွန်တော့်ကိုတစ်ခုခုတော့ဖြစ်သွားစေနိုင်ခဲ့တယ်မဟုတ်လား။ အခုလိုစာတွေရေးဖြစ်နေတာကတော့ ကျနေတဲ့စိတ်ကိုမရရအောင်ဆွဲတင်ခဲ့ရတဲ့ ကြိုးတစ်စလို့သာ ကျွန်တော်ခံစား တန်ဖိုးထားခဲ့ရပါတယ်။
၎။
နှစ်ဟောင်းမှာ ဘာရခဲ့သလဲဆိုရင် ဒဏ်ရာရခဲ့တယ်။ ရင်ထဲမှာပန်းတွေပွင့်နေတာမဟုတ်ဘူးဆိုတဲ့ ဗန်းစကားလို ဆူးနင်းမိတဲ့နှစ်တစ်နှစ်ပါပဲ။ ကျွန်တော်မှမဟုတ်ပါဘူး။ အပြင်လောကမှာလည်း ဘာမှအရာမရောက်တဲ့အဖြစ်အပျက်တွေနဲ့ ထူးမခြားနားပြဇာတ်တွေနဲ့ ယိုယွင်းပျက်စီးလာတဲ့ဝမ်းတစ်ထွာကိစ္စတွေချည်းပဲပေါ့။ ကျွန်တော်တို့အားလုံးညည်းညူနေတဲ့ခေတ်မှာ ကျွန်တော်လည်းအားလုံးနဲ့အတူတူ သီချင်းတအေးအေး မနေခဲ့ရပါဘူး။ မလည်ပတ်တဲ့ဝင်ငွေအတွက် ဒီထက်ပိုပြီးတော့ ပြုတ်ကျမသွားအောင် အကြွေးနဲ့ကာထားရတယ်။ အခုထက်ပိုဟန်မပျက်အောင် ဆန္ဒမှန်သမျှ ချိုးနှိမ်ထားရတယ်။ လက်ဖက်ရည်သောက်ရင် မုန့်မစားရဲ စီးကရက်သောက်ချင်ရင် ရေသန့်ဘူးမဝယ်ရဲဘူးဆိုသလိုမျိုး ထမင်းစားပြီးတိုင်း ခံတွင်းချဉ်မှာစိုးလို့ ဘီယာသောက်ရင် တွက်ခြေမကိုက်မှာစိုးလို့ အဝတ်အစားဝယ်ရင် သေးကုန်မှာစိုးလို့စတဲ့အကြောင်းပြချက်တွေနဲ့ ချွေတာနေလိုက်တော့တယ်။ ဒါပေမယ့် ငယ်ထိပ်ပေါ်ရောက်လာတဲ့ပူပန်မှာကတော့ ဘယ်အချိန်မှ လျော့ပါးမသွားခဲ့ပါဘူး။ နောက်တစ်နှစ်လည်း နောက်အကြွေးစာရင်းအသစ်နဲ့ ပြန်လည်ပတ်ရဦးမှာပဲပေါ့။
ကျွန်တော့်တစ်ယောက်တည်းအတွက်ဆိုရင် ဟိုးတုန်းကလို ငွေယားကလေးရှိလာလို့ ဟိုဆိုင်ဒီဆိုင် သွားထိုင်လိုက်မဟဲ့ဆိုတဲ့စိတ်ကူးမျိုးက သိပ်ကိုရှားသွားခဲ့ပါတယ်။ တကယ်လည်း အဲဒီလိုသုံးနိုင်လောက်တဲ့အခြေအနေမျိုးမရတော့သလို ကိုယ့်လက်ထဲမှာလည်းအပိုသုံးစရာငွေကြေးတစ်စုံတစ်ရာမရှိတော့ဘူးလေ။ အရင်ကရခဲ့သလို လုပ်နိုင်ခဲ့သလောက်လည်း အလုပ်ကိုက မကောင်းတော့ပါဘူး။ တစ်ခါတလေ အပေါင်းအသင်းတွေနဲ့ဆိုင်ထိုင်တဲ့အခါ သိသိသာသာကိုပဲ အရင်ကလောက်တက်တက်ကြွကြွ ဖြစ်မနေတော့ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်သတိထားမိခဲ့တယ်။ ကိုယ့်မှာရှင်းစရာအဆင်သင့်ရှိမနေတဲ့အပေါ် အမြဲအားနာရတတ်လို့ ဆိုင်လည်းသိပ်မထိုင်ဖြစ်တော့ပါဘူး။ တစ်ခါတစ်ခါ ဘေလ်ရှင်းတဲ့အခါ စာရွက်ကိုယူကြည့်မိတဲ့အခါတွေဆို ပါးစပ်ဟောင်လောင်းနဲ့အံ့သြနေခဲ့ရတယ်။ ဈေးနှုန်းတွေက အရင်ကလိုမဟုတ်တော့ပါလား။ ဈေးကြီးလှချည်လား ဘယ်လိုစိတ်နဲ့များစားရသောက်ရမှာပါလိမ့်ဆိုပြီး အလန့်တကြားအိပ်မက်လန့်နိုးသွားသူလို ဖြစ်ရတယ်။ စီးကရက်တစ်ဘူးကအစ လမ်းဘေးကထမင်းပေါင်းတစ်ပွဲကအစ လက်ဖက်ရည်တစ်ခွက်ကအစ အရာရာအားလုံး ဈေးတွေတက်နေတယ်။ အဲဒါဘာလဲဆိုတော့ ကုန်ခန်းနေတဲ့စိတ်ဟာတည်းထားမရပဲ ပြုတ်ကျလာနေပါတယ်ဆိုမှ လတ်တလော ဘဝအဆင်မပြေပါဘူးဆိုမှ ပိုပိုခက်ခက်လာတဲ့ဝမ်းရေးတွေ ပိုပိုကျပ်တည်းလာတဲ့အခြေအနေတွေပေါ့။ ကျွန်တော်မှတော့လည်း မဟုတ်ပါဘူး။ ဒါတွေကို အကုန်လုံးရင်ဆိုင်နေကြရတာပါပဲ။ ကာရာအိုကေဆိုင်တွေများလာပေမယ့် လျော့ဈေးတွေနဲ့ပိုမိုဆွဲဆောင်လာရတယ်။ လောကပါလတရားတွေ ပိုမိုဆိတ်သုန်းလာတယ်။ ဓမ္မနဲ့အဓမ္မပိုပြီး အားပြိုင်လာခဲ့ပါတယ်။ အရာရာယိုယွင်းလာတဲ့စိတ်တွေနဲ့ ဘယ်တော့မှဆပ်မကုန်တဲ့အကြွေးတွေနဲသာ နှစ်ဟောင်းကိုနှုတ်ဆက်ခဲ့ရပါတယ်လို့ပဲ ဆိုပါတော့။ ဒါပေမယ့် အဲဒါတွေကိုမှ မလိုချင်ပါဘူး မရချင်တော့ပါဘူးဆိုလည်း ကိုယ်ရွေးထားတဲ့လမ်းမှာ ဒီအတိုင်းထားခဲ့လို့မရ ဖြုတ်ချချန်ရစ်ခဲ့လို့မရ နှစ်အသစ်ထဲထိအောင်ထပ်မံသယ်ဆောင်သွားကြရမှာပဲ မဟုတ်လား။ နှစ်ဟောင်းကသာ သူ့သဘောသူဆောင်ကျန်ခဲ့မယ် ပြဿနာအသစ်တွေကတော့ လက်မခံချင်လည်း ပါလာဦးမှာပဲမဟုတ်လား။ အားလုံး Happy New Year!။ ပျော်စရာ အမြန် ပြန်ရပါစေသားပဲပေါ့။
နိုလှိုင်း
၂၀၁၉ ဇန်နဝါရီ ၁
Comments