K ငြိမ်းချမ်း - နွေနေကို ဖြတ်ကူးလားတဲ့ကဗျာဆရာရဲ့လေပြည်

K ငြိမ်းချမ်း - နွေနေကို ဖြတ်ကူးလားတဲ့ကဗျာဆရာရဲ့လေပြည်
(မိုးမခ) ဇန်န၀ါရီ ၁၇၊ ၂၀၁၉


ယနေ့ မြန်မာနိုင်ငံရဲ့အသွင်ကူးပြောင်းရေးကာလကြီးဟာ မလိုလားအပ်တဲ့ ပြဿနာပေါင်းသောင်း ခြောက်ထောင်နဲ့ သပွတ်အူ ရေမှာ မျောနေသလိုဖြစ်နေတာကို မြင်တွေ့နေရပါတယ်။ မလိုလားအပ်တဲ့ ၀ါကျကိုသုံးရတာက အသွင်ကူးပြောင်းရေးမှာ ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှု အားစမ်းမှုများမဟုတ်ဘဲ တမင်အကွက်ရွေ့ထောင်ချောက်ဆင် မှုများအဖြစ်ခံစားသိရှိနေရ လို့ဖြစ်ပါတယ်။

အဲဒီလို ဒီမိုကရေစီအသွင်ကူးပြောင်းရေးသွားနေတဲ့ကာလမှာ နိုင်ငံရေး စီးပွားရေးဂယက်တွေဟာ စာပေယဉ်ကျေးမှုမှာလည်း အနည်းနဲ့အများလာရောက်ရိုက်ခတ်နေတာတွေကလည်း အထင်းသားကြီးဖြစ်နေလို့ပါတယ်။ စာရေးဆရာတယောက် ပြန်/ ၀န်ဖြစ် လာတဲ့အခါမှာ စာပေသမားတွေက ငါတို့တော့ မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီဆိုပြီး ၀ိုင်းမျှော်လင့်ခဲ့ကြ ပါတယ်။ သို့သော်လည်းပေါ့ ယခု သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း လုံးချင်းစာအုပ်တွေပါဝင်တဲ့ စာပေလောကကြီးဟာ အသက်ငင်နေရုံမ ကဘဲ ဘယ်နေ့ သေမလဲစောင့်ကြည့်နေရတဲ့ကာလကြီးဖြစ်နေတာ စာပေလောကနဲ့နီးစပ်သူတိုင်း သိနေကြတာဖြစ်ပါတယ်။

ပြန်/၀န် စာရေးဆရာကိုယ်တိုင် စာပေဖွံ့ဖြိုးရေးတွေ မလုပ်ဖူးလားဆိုတော့လည်း လုပ်နေတယ်လို့ပြောရမယ့် အခြေအနေ တခုမှာတော့ ရှိပါတယ်။ သို့သော်လည်း အနာနဲ့ဆေး တခြားစီဖြစ်နေတာကတော့ သူကိုယ်တိုင်ဦးစီးထုတ်ခဲ့တဲ့ဂျာနယ်ကြီး အပတ်စဉ် ထွက်မလာတော့တာက သက်သေပါပဲ။ ကိုယ့်လောက ကိုယ့်လူလက်ထက်မှ ကျဆုံးနေရတဲ့စာပေလောကရယ်လို့ နွေခေါင်ခေါင် သစ်ပင်တပင်အဖြစ် တွေ့မြင်နေရတော့တာပါပဲ။

ဂျာနယ်၊ သတင်းစာ၊ မဂ္ဂဇင်းတွေ အသက်ငင်နေသလောက် လုံးချင်း(ကဗျာ၊ ၀တ္ထု၊ အက်ဆေးအပါအ၀င်)လောကကတော့ အနည်းငယ် အသက်ရှုလို့ရနေတာကို မြင်တွေ့ရပါတယ်။ စာအုပ်တိုင်းကို မဆိုလိုပေမယ့် တချို့စာအုပ်တွေအရင်းပြန်ရ အဲဒီ အရင်းလေးတွေနဲ့ နောက်တအုပ်အတွက် ထော့နင်းထော့နင်းလျှောက်လှမ်းနေကြရပါတယ်။

အဲဒီ ကူရာမဲ့ကာလကြီးမှာမှ ကဗျာဆရာ မိုးဦးဆွေညိန်းရဲ့နွေနေကိုဖြတ်တိုက်လာသော လေပြည်ဆိုတဲ့စကားပြေစုစည်းမှု စာအုပ်ငယ် တအုပ်ထွက်ရှိလာပါတယ်။ လင်းသစ်ရောင်စဉ်စာပေတိုက်က ထုတ်ဝေထားပြီး ကဗျာဆရာသစ္စာနီက လေပြည် တရားခေါင်းစဉ်နဲ့ အမှာစကားပါးထားပါတယ်။

အက်ဆေးဆန်ဆန် စကားပြေ၂၂ပုဒ် ပါဝင်ပြီး ပါဝင်တဲ့ စကားပြေများကတော့ လမ်းမကိုကျောခိုင်းသွားကြသူများ၊ အလင်း ကြွေသံအောက်မှာ၊ လူ့ဘ၀နဲ့ငါ့ဒြပ်စင်၊ အနုပညာချိန်း၊ ဆိုင်းဘုတ်များနဲ့နေထိုင်ခြင်း၊ အိမ်တစ်လုံးဆောက်ကြည့်ခြင်း၊ ငယ်ဘ၀ဖြတ်သန်းမှုနှင့် အဖေ့ပုံရိပ်တစ်စွန်းတစ်စ၊ နွေနေကို ဖြတ်တိုက်လာသောလေပြည်၊ အိပ်မက်များကို ရောင်းစားနေရခြင်း၊ ကံတရားနဲ့လူ့မနော၊ ကျွန်တော်နှင့်ဆေးမင်းကြောင်၊ လမ်း၌တွေ့သော သစ်တစ်ပင်၊ ရွှေဂုံတိုင်ရယ် ရေခဲဆိုင်ရယ် ဇူလိုင်ရယ်၊ ပိုကာဒေါင်းခြင်း၊ ရန်ကုန်ကို စွှန့်ခွာလိုခြင်း၊ ဖခင်တစ်ယောက်ရဲ့ပေးစာ၊ နည်းပညာထွန်းကားလာမှုနဲ့ စာဖတ်ခြင်း အလေ့အထုံ၊ လူငယ်၊ ခေတ်နှင့် ယုံကြည်ရာ၊ အပြုခံဖယောင်းတုံးလေးတွေရဲ့အနာဂတ်အရေး၊ အမိုက်တိုက်တွေ မဆုံးတဲ့စရိုက် ယဉ်ကျေးမှုရေချိန်နဲ့တိုးမိတဲ့အခိုက်၊ သူတစ်ပါး၏ ပါးစပ်၌ လမ်းဆုံးခြင်း၊ အမေ့ခံအလွမ်းများတို့ဖြစ်ပါတယ်။

ကဗျာဆရာ သစ္စာနီရဲ့အမှာစာမှာတော့ “သူ့စကားပြေများတွင် အကြောင်းအရာအစုံကို တွေ့ရသည်။ သူ့လူငယ်ဘ၀အမှတ်ရချက်များ၊ မိသားစုပုံရိပ်၊ အတိတ်ကာလ၊ နိုင်ငံရေး၊ သမီးအပါအ၀င် အနာဂတ် လူငယ် တွေအပေါ် ပူပန်စိတ်၊ ဘ၀နှင့်ရင်းကာရခဲ့သည့်တွေးတောဆင်ခြင်မှုများ အကြောင်းအရာမထပ်၊ ပုံသဏ္ဍန်မထပ်၊ ရှည်လည်း မရှည်လျား တိုတိုတုတ်တုတ်နှင့်ပင် ကိုယ်ပြောချင်တာတွေကို ထိထိမိမိပြောဆိုနိုင်တာ တွေ့ရသည်။ သူ့ဘ၀၊ သူ့အတွေ့အကြုံနှင့်ပတ်သက်၍လည်း ပင်ပင်ပန်းပန်းအုတ်ခဲခွဲရသည့် အလုပ်ကြမ်းသမားဘ၀မှ ပိုကာဖဲသမားဘ၀အထိ မချွင်းမချန်တင်ပြထားသည်။” လို့ထည့်သွင်းရေးသားထားပါတယ်။

ကိုယ့်ဘ၀အစုံ ဖြတ်သန်းမှုတွေအပေါ် ပြန်လည်ရေးသားတင်ပြရာတွင် ကမ္ဘာ့စာပေလောကမှာတော့ အအောင်မြင်ဆုံးကတော့ စာရေးဆရာကြီး အားနက်ဟဲမင်းဝေးဖြစ်ပြီး မြန်မာမှာတော့ စာရေးဆရာကြီး မောင်သာရဖြစ်ပါတယ်။ သူတို့ဖြတ်သန်းခဲ့ရတဲ့ ခေတ်ကာလကြီးကိုပဲ စာအရေးအသားအတတ်ပညာနဲ့ လက်ကမချချင်လောက်အောင် စာများဖန်တီးနိုင်ခဲ့ကြသူများဖြစ်ပါတယ်။

ကျနော်တို့လည်း ကဗျာဆရာ မိုးဦးဆွေညိန်းပြောတဲ့လေပြည်ကို ခံစားကြည့်ကြပါစို့။ သာမန်လေပြည်မဟုတ်ဘဲ နွေနေကို ဖြတ်လာခဲ့တဲ့လေပြည်တွေဆိုတော့လည်း အနည်းငယ်တော့ ပူလောင်အိုက်စပ်နေမလား။ စိုးရိမ်စရာတော့ ရှိမည်မဟုတ်ပါ။ ကျနော်တို့လူ့အဖွဲ့အစည်းဟာ အပူဒဏ်ကို ခါးစည်းခံနိုင်နေကြတဲ့သူများလည်း ဖြစ်နေလို့ပါ။

ကဗျာဆရာတယောက်ရေးထားတဲ့စကားပြေတွေဆိုတော့လည်း ကဗျာနံ့တွေပါဝင်ရောစပ်နေတာကိုလည်း ဖတ်ရှုကြရမှာဖြစ်ပါတယ်။ သို့သော်လည်း ဒါတွေဟာ တကယ့်လက်တွေ့ဘ၀ကိုဖြတ် တိုက်လာတဲ့ ၀ါကျတွေဖြစ်တယ်ဆိုတာကတော့ အထင်အရှားဖြစ်ပါတယ်။

“ဖြေရှင်းရလွယ်ကူသည့် ပုစ္ဆာများကိုပင် ဝေးဝေးမှာ ထားချင်သောသူများနှင့် စကားပြောရသည်မှာ ပင်ပန်းဆင်းရဲလှ၏။ တွန်းကန်တက်လာသောဒေါသကို မျိုမျိုချနေရတာ ပိုပင်ပန်းလှ၏။ ကျွန်တော့်ပတ်ဝန်းကျင်မှာ ဘာလုပ်နေမှန်းမသိသော ဘာဖြစ်ချင်မှန်းမသိသောသူတွေဟာ ပတ်ချာလည်ဝိုင်းနေသည်။ သူတို့တွေ ဘာကြောင့် ပြိုလဲနေကြရသလဲ။ သူတို့ကိုကြည့်ရင်း တစ်ခါတစ်ရံခေါင်းမူးချင်လာသည်။ လူ့အဖြစ်ဟာ ဘာလဲ။လူ့ဘ၀ဟာ ဘာလဲ။

လောကဓံမြစ်ပြင်မှာ မြုပ်ချည်တစ်ခါ နစ်ချည်တစ်လှည့်နဲ့ပေါ်တယ်ဆိုတာ မရှိလေတော့ စိတ်ဓာတ်စစ်ဆင်ရေးမှာ ကျွန်တော်လည်း အချိန်အခိုက်အတန့်မျှ ရှုံးနိမ့်တတ်ပါသည်။” (အလင်းကြွေသံအောက်မှာ မှ)

“အိပ်ဖို့၊ စားဖို့၊ ကာမဂုဏ်မှီဝဲဖို့ဆိုတာလောက်ပဲသိတဲ့ တိရစ္ဆာန်တွေမှာ အတွေးအခေါ် မရှိပါဘူး။ လူမှာပဲ တွေးခေါ်တတ်တဲ့ အသိဥာဏ်ရှိတာမို့ သာပြီးသားအချက်ကိုလျော့သွားအောင်လုပ်ကြရင် ဘာတွေဖြစ် ကုန်ကြမလဲ။ ကျောချစရာတစ်နေရာကို အသည်းအသန်ရှာနေရတဲ့ မြို့ကြီးရဲ့ဒုက္ခနဲ့တွေ့နေရသူတွေအဖို့ ဒီအကြောင်းပြောနေရတာ အားနာစရာကောင်းလှပါတယ်။ ခေတ်ကြီးကလည်း သွားသုတ်သုတ် စားသုတ်သုတ် သေသုတ်သုတ် မဟုတ်လား။ ဆေးရုံလည်း ဆေးရုံမို့၊ ရဲစခန်းလည်း ရဲစခန်းမို့၊ သချိင်္ုင်းလည်း သချိင်္ုင်းမို့ ကြုံရတဲ့အခါ အဲဒီနေရာတွေက လူတွေဟာ တစ်ထေရာတည်း တူနေကြတယ်။ သိပ်တော့လည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ သူတို့ကို မွေးပေးလိုက်တဲ့ ‘လက်သည်’က တစ်ယောက်တည်းကိုး။”( လူ့ဘ၀နဲ့ငါ့ဒြပ်စင် မှ)

“လူတွေဟာ ‘ကိုယ့်အလုပ်ကိုယ် မလုပ်ရတဲ့ ပြဿနာနှင့် ကိုယ့်အလုပ်ကိုယ် မလုပ်ကြတဲ့ ပြဿနာနှစ်ခု’ကြာမှာပဲ ရှုပ်ထွေးကျင်လည်နေကြ၏။ ဘယ်လောက်ထိအောင် ရှုပ်ထွေးနေကြသလဲဆိုလျှင် အချို့သောသူများသည် ကိုယ့်ကိုယ်ကိုယ် လူမှန်း တိရစ္ဆာန်မှန်း ကွဲပြားစွာမသိတော့လောက်အောင်ပင် ချို့တဲ့ချူချာသည့် အဆင့်သို့ရောက်ရှိနေလေ၏။” ( အနုပညာချိန်း မှ)

“အခြားတိုင်းပြည်များတွင်တော့ မသိ။ ကျွန်တော်တို့တိုင်းပြည်တွင် ခေတ်စနစ်တစ်ခါပြောင်းပြီဆိုလျှင် ပထမဆုံးအလုပ်ဖြစ်ကြသည်မှာ ဆိုင်းဘုတ်ရေးဆရာပင် ဖြစ်ပေလိမ့်မည်။ ၀န်ကြီးဌာနကအစ လမ်းဘေးအမှိုက်မပုံရ ဆိုင်းဘုတ်အဆုံး အကုန်လိုက်ပြောင်းကြရသည်။ ထိုမှ ဌာနဆိုင်ရာအသီးသီး၏ လုပ်ငန်းရည်ရွယ်ချက်တို့ ဆောင်ပုဒ်တို့ ကြွေးကြော်သံတို့ စသည်ဖြင့် ဆိုင်းဘုတ်တွေ အသစ်ရေးကြရသည်။ ထို့ကြောင့် ဆိုင်းဘုတ်ဆရာများ အလုပ်ဖြစ်ကြသည်။” ( ဆိုင်းဘုတ်များနဲ့နေထိုင်ခြင်း မှ)

“ကျွန်တော်တော့ဖြင့် အိမ်တစ်လုံး၏ အဓိပ္ပာယ်သည် နေရေးအတွက် တစ်ခုတည်းဟု မယူဆပါ။ အိမ်တစ်လုံး၌ အနုပညာပါရမည်။ ချစ်ခြင်းမေတ္တာတရား ပါရမည်။ အတွေးအခေါ် ပါရမည် စသည်အားဖြင့် နွေးထွေးသည့် အလှဓာတ်များစွာ ထုံးမွှန်းနေသည်ဟု ယုံကြည်မိသည်။ အိမ်ဟူသည်မှာ ရုပ်ပိုင်းသဏ္ဍာန်သာမက စိတ်ပိုင်းသန္တာန်ပါ ယှက်နွယ်နေသည်ဟု အဓိပ္ပာယ်ဖွင့်ဆိုလိုခြင်းဖြစ်သည်။” (အိမ်တစ်လုံးဆောက်ကြည့်ခြင်း မှ)

“ထိုအိမ်လေးတွေပေါ်ကနေ ကျွန်တော်တို့ ပညာသင်ခဲ့ရတာတွေ အနုပညာအလုပ်တွေ လုပ်ချင်လာတဲ့ အစ်ကိုကြီးရဲ့ကျောင်းစာအုပ်တွေ မိုးရေထဲ ၀ဲပျံကျသွားခဲ့တာတွေ ညဥ့်နက်တဲ့အခါ ချောင်းတဟွတ်ဟွတ်သံတွေ ထွက်ကျလာလေ့ရှိသည့် အိမ်ကလေးရဲ့ပုံသဏ္ဍာန်တွေ စသည့်စသည့် ပုံရိပ်တွေကို မြင်ယောင်ရင်း အဖေ့၏ လောကဓံနှင့် စီးချင်းထိုးခဲ့ရပုံတွေကို သတိရမိပါသည်။ ထိုသို့ဖြင့် အဖေသည် အကြောင်းအမျိုးမျိုးကြောင့် ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းဆောက်ခဲ့ရသည့် အိမ်လေးပေါ်၌ပင် အသက်သိပ်မကြီးလှသေးသည့် ၅၂နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ရသည်။ အိမ်နှင့်ပတ်သက်၍ ကျွန်တော့်အဖေ၌ ပုစ္ဆာတွေ ဘာတွေများရှိခဲ့လေမလားလို့ အခု ကိုယ်ပိုင်အိမ်လေးတစ်လုံး ပိုင်ဆိုင်နိုင်ခွင့်ရှိမှ ကျွန်တော် တွေးနေမိသည်။” (ငယ်ဘ၀ဖြတ်သန်းမှုနှင့် အဖေ့ပုံရိပ်တစ်စွန်းတစ်စ မှ)

စာအုပ်တအုပ်လုံးရဲ့ခေါင်းစဉ်ဖြစ်တဲ့ နွေနေကို ဖြတ်တိုက်လာသောလေပြည်မှာတော့ ကဗျာဆရာဟာ ပင့်သက်လေပူတွေနဲ့အတူ လောကကို မေးခွန်းတွေထုတ်ထားတာကိုဖတ်ရှုရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တကယ့်အနုပညာဆိုတဲ့အရာကို ချစ်မက်စွာဖန်တီးခဲ့ကြသူတွေဟာ ဒုက္ခပေါင်းစုံက တဖက် ကိုယ့်အနုပညာအတွက် ရှင်သန်ရပ်တည်ဖို့က တဖက်နဲ့ တကယ်ပဲ မီးဝိုင်းခဲ့ကြရပါတယ်။ ဒါတောင် အဲဒီ သူတို့ဖန်တီးခဲ့တဲ့ အနုပညာကို ခံစားချစ်မက်သူတွေရှိဦးမှ။ ကဗျာဆရာရော ဒီအရာတွေကို ရှောင်လွဲလို့ ရခဲ့ပါ့မလား။

“ခရမ်းလွန်ရောင်ခြည်တွေ အလျှံပယ်ထွန်းကားနေတဲ့ နွေရာသီကို ခက်ခက်ခဲခဲဖြတ်သန်းနေရတော့ အေးမြမယ့်သစ်ရိပ်တွေကိုလိုက်ရှာမိတယ်။ တစ်နည်းအားဖြင့် အစိမ်းရောင်တွေကို လိုက်ရှာမိတယ်လို့ဆိုရမယ်။ စိမ်းကားရင် စိမ်းကားပါစေ အစိမ်းရောင်တွေကို ကျွန်တော်တို့ချစ်ကြရတော့မယ်။ ကိုခင်ဝမ်းရေ အစိမ်းရောင်တွေကို သုံးရတော့မယ်။ ကျောကော့နေအောင် ခံနေရပေမဲ့ သဘာဝတရားရဲ့ပြုန်းတီးမှုအထွေထွေကို လူသားတွေဟာ သတိတရနဲ့ပြန်လည်ဆင်ခြင်ဖို့ရာ မေ့လျော့နေကြပါသေးတယ်။ လူသားတွေကို အရေပြားနဲ့အခြားသောရောဂါအထွေထွေပေးမယ့် ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့အတွက် အစိမ်းရောင် ကမ္ပ လာပြင်ကြီး ဖြန့်ခင်းပေးတော်မူပါ။ အလ္လာလ်နဲ့ယေရှုတို့ထံမှာ တောင်းဆုပြုမိသော်လည်း ဂေါတမဗုဒ္ဓထံ၌မူ “ကျွန်ုပ်တို့လူသားများက ပြုခဲ့သောကြောင့် ပျက်စီးယိုယွင်းခဲ့ရသည်ကို ကျွန်ုပ်တို့လူသားများကပင် ပြန် လည်ပြုပြင်ဖာထေးခြင်း ပြုရမည်”ဟု ၀န်ခံကတိပေးရပေမည်။ ဗုဒ္ဓက ‘ဘယ်သူမပြု မိမိမှု’ဟု ဟောကြားခဲ့သည်ကို ကျမ်းဂန်တွေမှာ ဆိုထားသည် မဟုတ်လား။”

ကျနော်တို့ရဲ့အမှားအယွင်းတွေကို သဘာဝတရားကြီးကတော့ ခွင့်လွှတ်ကျေအေးပေးမှာ မဟုတ်တာက သေချာနေသောကြောင့် မည်သူတွေကြောင့်ဖြစ်ခဲ့သည်ဖြစ်စေ ကျနော်တို့ပြန်လည်ဖြည့်စွက် စိုက်ပျိုးမှသာလျှင် သဘာဝတရားရဲ့ဒဏ်ခတ်မှုကို မခံရမှာဖြစ်တယ်ဆိုတာကို ကဗျာဆရာရဲ့စကားပြေကိုဖတ်ရင်းရရှိလိုက်ပါတယ်။ ကျန်တဲ့စာအုပ်ပါ အက်ဆေးများကို စာမျက်နှာအခက်အခဲကြောင့် ဒီနေရာမှာ ဆက်လက်ဖော်ပြဖို့ မရတော့လို့ ဒီမှာပဲ အဆုံးသတ်လိုက်ရပါတယ်။

အနှစ်ချုပ်ဆိုရရင် စာအုပ်တအုပ်လုံးရဲ့အက်ဆေးတွေဟာ ကဗျာဆရာ မိုးဦးဆွေညိန်း ဖြတ်သန်းခဲ့တဲ့ ဘ၀ထဲက တကယ့်လက်ရာများဖြစ်ပြီး ရိုးသားမှုအတိနဲ့လောကအပေါ် သူ့အမြင်များကိုပါ ထည့်သွင်းရေးသား ထားတယ်။ လေပြည်ဆိုပေမယ့်လည်း အလုံးစုံအေးမြမှုကို ရည်ညွှန်းထားတာ မဟုတ်ပါဘူး။ နွေနေကို ဖြတ်တိုက်လာရတာမို့ ပူလောင်အိုက်စပ်မှုတွေ စွတ်စိုကောင်း စွတ်စိုနေပါလိမ့်မယ်။ သို့သော်လည်း ယခုလိုစာအုပ်စာစောင်တွေ အကျအရှုံးများတဲ့ကာလမှာ အရဲစွန့်ထုတ်ဝေထားတာမို့ မြည်းစမ်းကြည့်ကြဖို့ ညွှန်းဆိုလိုက်ရပါတယ်။


စာရေးသူ- မိုးဦးဆွေညိန်း
စာအုပ်အမည်- နွေနေကို ဖြတ်တိုက်လာသော လေပြည်
အမျိုးအစား- စကားပြေ
ထုတ်ဝေသည့်တိုက်- လင်းသစ်ရောင်စဉ်
ထုတ်ဝေသည့်ကာလ- ၂၀၁၈။ နိုဝင်ဘာ
တန်ဖိုး-၂၀၀၀ကျပ်

Comments