ဇင်လင်း ● နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့်ယဉ်ကျေးမှုထူထောင်နိုင်မှသာ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းမည်

ဇင်လင်း ● နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသည့်ယဉ်ကျေးမှုထူထောင်နိုင်မှသာ လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းမည်
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉


မြန်မာနိုင်ငံ အစိုးရသည် ယခုနှစ် ဖေဖေါ်ဝါရီလတွင် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှု အထွေထွေနှင့် ရင်ဆိုင်နေရသည်။ ရခိုင် ပြဿနာဆိုင်ရာ နိုင်ငံတကာ ဖိအားများ၊ မြစ်ဆုံပြဿနာဆိုင်ရာ ပြည်သူလူထု၏ တောင်းဆိုမှုများ၊ တစ်ဆို့မှုအဖုံဖုံ ကြုံ နေရသော ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အခက်အခဲများနှင့် ယခု ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ စိန်ခေါ်မှု များ စသည်ဖြင့် အရေးကိစ္စများ ပေါ်ပေါက်လျှက် ရှိသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စသည် အစိုးရ၏ ကျန်ရှိနေသည့် သက်တမ်းအတွင်း အဓိကရင်ဆိုင်ရမည့် သမိုင်းရေးဆိုင်ရာ စိန်ခ်ါမှုဖြစ်နေသကဲ့သို့၊ ငြိမ်းချမ်းရေးခရီး ရှေ့တဆင့်တက်နိုင်ရေးမှာလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပဓါနကိစ္စဖြစ်နေသည်ကို တွေ့ရသည်။

အဆိုပါ အရေးကြီးပြဿနာများအပြင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍လည်း ပြည်သူလူထုအကြား ဝေဖန် သံ၊ မကျေနပ်သံများ ကြားနေရသည်။၂၀၁၇ ဇန္န၀ါရီ ၂၉ ရက်နေ့က ရန်ကုန် မြို့ မင်္ဂလာဒုံ လေဆိပ် လူမြင်ကွင်း တွင် ကြေးစားသေနတ်သမား၏ အနီးကပ်ပစ်ခတ် လုပ်ကြံခံလိုက်ရသည့် NLD ပါတီ၏ ဥပဒေအကြံပေး ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေ ကျွမ်းကျင်သူ ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် စီရင်ချက်ချရာတွင် တရားခံ ဇေယျာဖြိုးသည် ကြိုတင်ကြံစည် အကွက်ချကျုးလွန်သည့် (Organized Crime) အမှု၌ အရေးပါသူအဖြစ် ထင်ရှားပါလျက် အလွန်သက်ညှာ သည်ဟု အများ ပြည်သူ ထင်မြင်ယူဆဖွယ်ရှိနေကြောင်း မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ သက်ညှာလွန်းသော စီရင်ချက်နှင့် ပတ်သက်၍ အမျိုးမျိုးဝေဖန်သုံးသပ်မှုများ ပေါ်ပေါက်နေပြီး၊ တရားရေးမဏ္ဍိုင်၏ လွတ်လပ်မှုအခြေအနေအပေါ် သံသယ၀င်မှုများ ရှိနေသည်ကို ကြားသိနေရသည်။

တပြိုင်နက်ထဲတွင် ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးကိစ္စများကလည်း ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေး ကျယ်ဟု ဆိုနေရဆဲဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး ဆိုင်ရာများ ဆွေးနွေးရန်ဟူသော အကြောင်းပြချက်ဖြင့် တပ်မတော်က တိုင်းစစ်ဌာနချုပ် ၅ ခုအတွင်းရှို နယ်မြေများတွင် ၂၀၁၈ ဒီဇင်ဘာ၂၁ ရက်မှ ၂၀၁၉ ဧပြီလကုန်အထိ ၄ လကျော် စစ်ရေးလှုပ်ရှားမှုအားလုံးရပ်ဆိုင်းထားမည်ဟု တပ်မတော် က ကြေညာခဲ့သည်။ သို့သော် ယခု ၂ လ နီးပါး အချိန်ကုန်သွားသော်လည်း တပ်မတော်ညှိနှိုင်းရေးအဖွဲ့နှင့် EAOs အဖွဲ့ များ အကြား နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်ခြင်း မရှိသေးကြောင်း တွေ့ရသည်။ ထိုအတောအတွင်း တပ်မတော်၏  အပစ်ရပ် ကြေညာချက်ထုတ်ပြန်ပြီး တစ်လကျော်အကြာ ဇန်န၀ါရီ ၂၅ ရက်တွင် တပ်မတော်၏ သတိပေးချက် ထပ်မံ ထုတ်ပြန်ခဲ့သည်။ EAOs အဖွဲ့များ အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု၊ နယ်မြေ ကျော်လွန်လှုပ်ရှားမှု၊ လူသစ်စုဆောင်းမှုနှင့် ဆက်ကြေးကောက်ခံမှုများကို ၎င်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ နယ်မြေ ကျော်လွန်လှုပ်ရှားသည့် EAOs အဖွဲ့များ အနေဖြင့် ဖေဖော်ဝါရီ ၁၂ ရကနေ့ နောက်ဆုံး ထား၍ သတ်မှတ်နယ်မြေသို့ ပြန်လည်ဆုတ်ခွာရန် သတိပေးထားသည်။

လတ်တလောတွင် ရှမ်း မြောက်ဒေသ၌ ရှမ်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် RCSS နှင့် SSPP အကြား တိုက်ပွဲများ ဆက် ဖြစ်နေသည်။ ထို့ပြင် တအာင်းအဖွဲ့TNLA နှင့် SSPP ပူးပေါင်းအဖွဲ့နှင့် RCSS တို့ အကြားတွင်လည်း တိုက်ပွဲဖြစ်ပွားနေ သည်။ စစ်ပွဲများကြောင့် ဖေဖော်ဝါရီလ အလယ်မှစတင်၍ ဒေသခံများ တိမ်းရှောင်နေကြရသည်။ ဖေဖော်ဝါ ရီ ၁၆ ရက် အထိ စစ်ဘေး ရှောင်ပြည်သူ IDPs ၂,၀၀၀ ကျော်ရှိကြောင်း၊ လတ်တလောဖြစ်ပွားနေသည့် ရှမ်းမြောက်စစ်ရေးပဋိပက္ခ ဖြစ်ပွားရာဒေသ၌ တပ်မတော်တပ်များ ၀င်ရောက်လှုပ်ရှားပတ်သက်ခြင်း မတွေ့ရကြောင်း  ငြိမ်းချမ်းရေးသုတေသနအဖွဲ့ (MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက 7Day Daily သတင်းသို့ပြောကြားခဲ့သည်။  တိုင်းရင်းသားအဖွဲ့ အချင်းချင်း အကြား ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများကို လျစ်လျှူရှုမထားဘဲ၊ တာဝန်ယူဖြေရှင်းပေးရန် အစိုးရနှင့် တပ်မတော် ခေါင်းဆောင်များအား ‘ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်’(SNLD) ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က  တိုက်တွန်းထားသည်ဟု သတင်းကဆိုသည်။

ဤအတောအတွင်း ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေပိုင်းက ကျိုင်းတုံ-မိုင်းပျဉ်းကားလမ်းမပေါ်တွင် တပ်မတော်၏ တပ်ရင်း ၂ ရင်းမှ ယာယီတာဝန်အပြီး တောင်ကြီးမှ ကျိုင်းတုံသို့ ပြန်လာသည့် တပ်ရင်းမှူး ၂ ဦး စီးနင်းလာသော စစ်ယာဉ် တစ်စီး အား RCSS တပ်ဖွဲ့ဝင်များက တားဆီး၍ ယာဉ်ပေါ်ပါသည့် ‘ကြီးကြပ်ကန့်သတ်ပစ္စည်း’ အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းယူဆောင်သွားခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ခဲ့ ကြောင်း သိရသည်။ ထို့ပြင် ထုတ်ပြန်ချက်၌ တပ်မတော်အရာရှိများထံမှ သိမ်းယူသွားသော ကြီးကြပ်ကန့်သတ်ပစ္စည်း များ အားလုံးကို RCSS/SSA အနေဖြင့် တပ်မတော်ထံ အမြန်ဆုံးပြန်လည်ပေးအပ်ရန် အကြောင်းကြားကြာင်း၊  ပြန်လည် ပေးအပ်ခြင်းမရှိပါက လိုအပ်သလို အရေးယူသွားမည် ဖြစ်ကြောင်း ပါရှိသည်ဟု သျှမ်းသံတော်ဆင့်သတင်း၌ ဖေါ်ပြသည်။

အခြားတစ်ဖက်တွင်လည်း ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်တွင် NRPC နှင့် NCA-S EAO တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်နေသည်ဟု သတင်းအရ သိရသည်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့လယ် ၂ နာရီ မိနစ် ၃၀ ခန့်တွင် တပ်မတော်မှ RCSS ဗဟိုဌာချုပ် ရှေ့တန်း စခန်းများ အား ၁၂၀ မမ အမြောက်ဖြင့် ပစ်ခတ်ကြောင်းနှင့် ညနေ ၆နာရီခန့်တွင် အမှတ် (၃) စစ်ဒေသ ဌာနချုပ်အား ဒုံးကျည်များ ဖြင့် အတွဲလိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး RCSS အတွင်းရေးမှူး (၂) ‘ဗိုလ်မှူးကြီး စိုင်းငင်း’ အား သျှမ်းသံတော်ဆင့်က မေးမြန်းခဲ့ရာ အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“ဖြစ်စဉ်အမှန်က တပ်မတော် ထုတ်ပြန်ထားသလို မဟုတ်ပါဘူး။ အမှန်က အဲဒီနေ့ညဦးပိုင်းမှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ က လမ်းဖြတ်ကူးနေတုန်း တပ်မတော်အရာရှိတွေပါတဲ့ ကားနဲ့ ပက်ပင်းတိုးမိ ခြင်းဖြစ်တယ်။ သူတို့ ပြောသလို ကျနော်တို့ အခွန်ကောက်တယ်ဆိုတာ မဟုတ်ပါဘူးဗျာ။ လမ်းမပေါ်မှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ဖြတ်ကူးနေချိန်ဆိုတော့ လုံခြုံရေး အရ အဲဒီကားကို တားပြီး ကားပေါ်ပါ လူတွေကို စစ်ဆေးကြည့်တယ်။ တပ်မတော်အရာရှိ(၂)ဦးနဲ့ ယာဉ်မောင်းကို တွေ့ တယ်။ ကားပေါ်မှာ ဆက်ရှာကြည့် တော့ တပ်မတော်အတွက် အလွန်အရေးကြီးတဲ့ ပစ္စည်းအသုံးအဆာင်တွေကို လုံခြုံမှု မရှိတဲ့ ကားပေါ်မှာ တွေ့တယ်။ ဒီတော့ ကျနော်တို့ တပ်မှူးက စဉ်းစားတယ်။ ဒီလိုအရေးပါတဲ့ ကြီးကြပ်ကန့်သတ်ပစ္စည်း တွေ နဲ့ လုံခြုံမှုမရှိတဲ့ အခြေအနေအောက်မှာ ဒီ တပ်မတော် အရာရှိတွေကို ဒီအတိုင်းသွားခိုင်းရင် ဘေးဖြစ်နိုင်တယ်၊ အသက် အန္တရာယ်ရှိနိုင်တယ်၊ နောက်ပြီး ဒီကားလမ်းနဲ့ ဒီဒေသတစ်ဝိုက်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တွေလည်း များတယ်။ မတော်လို့ တခြားလက်နက်အဖွဲ့တွေနဲ့ တွေ့သွားမိရင် အသက်အန္တရယ်ရှိနိုင်တယ်။ အရေးကြီးတဲ့ တပ်မတော် ပစ္စည်းလည်း မဆိုင်တဲ့သူတွေ လက်ထဲပါသွားရင် တပ်မတော်အတွက်ရော တိုင်းပြည်အတွက်ပါ ထိခိုက် နစ်နာစေနိုင်တယ်။ အဲဒီလို ကျနော်တို့ တပ်မှူးက စဉ်းစားလို့ ဆုံးဖြတ်ချက်ကို ခပ်ပြတ်ပြတ်ချပြီး။ ကားပေါ်မှာ ပါလာတဲ့ တပ်မတော် အရာရှိ နှစ်ဦးကို ကောင်းကောင်းမွန်မွန် ရှင်းပြတယ်။ ပြီးတော့ ပစ္စည်းတွေကို စာရင်းအတိအကျလုပ်ပြီး ကျနော်တို့ တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းလိုက်တယ်။ ပစ္စည်းနဲ့ အရာရှိတွေရဲ့ လုံခြုံရေးအတွက် ပစ္စည်း ကျနော်တို့ ခေတ္တ ထိန်းသိမ်းပေးပြီး သင့်တော်တဲ့အချိန်ကျရင် အထက်အဆင့်ကတပ်မတော် အရာရှိတွေထံ တရားဝင် ပြန်လည်လွှဲအပ်ပေး မယ်ဆိုတာ အရာရှိနှစ်ဦးကိုတော့ နားလည်အောင် ပြောဆိုပြီး ကျိုင်းတုံဆီ ပြန်လွှတ်ပေးလိုက်တယ်။ ဖြစ်စဉ်အမှန်ကတော့ ဒါပါပဲဗျ။”

“ဒါပေမယ့် ခက်တာကဲ တဖက်မှာ အဆင်ပြေချောမွေ့အောင် သိမ်သိမ်မွေ့မွေ့ဆောင်ရွက်နေချိန်မှာ တပ်မတော်သတင်း အမှန်ပြန်ကြားရေးအဖွဲ့က ခြိမ်းခြောက်သလိုလို သဘောဆန်တဲ့ ထုတ်ပြန်ချက်တွေ မလိုအပ်ဘဲ ထုတ်လိုက်တော့ ပစ္စည်း ပြန်လွှဲပေးရေး ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်ကို ဖင့်နှေးစေတယ်။ ကျနော်တို့ဖက်က လူကြီးတွေလည်း ပြန်လွှဲပေးဖို့ လုပ် နေတာကိုတောင် လျစ်လျူရှုပြီး ထုံးစံအတိုင်း တပ်မတော်က ထစ်ကနဲ Statement ထုတ်လိုက်တော့ ကျနော်မှာလည်း တွန်းအားပေးဖို့ နည်းနည်း အခက်အခဲရှိတယ်။ အမှန်က ပစ္စည်းတွေ ပြန်လွှဲပြောင်းပေးဖို့ ညနေ (၃)နာရီကို သတ်မှတ် ထားတယ်။ မိုင်းပျဉ်းမှာ ပြန်လွှဲပေးဖို့။ ညနေ (၃)နာရီတောင် မထိုးသေးဘူး တပ်မတော်က ကျနော်တို့ ဌာနချုပ်ကို ၁၂၀ မမ အမြောက်ကြီးတွေနဲ့ စပြီး ပစ်လိုက်တော့ အခြေအနေက နည်းနည်း ရှုပ်ထွေးသွားတယ်။ ဒါပေမယ့် ဘာပဲပြောပြော ညနေ ၄း၃၀ နာရီမှာ ကြီးကြပ် ကန့်သတ်တဲ့ ပစ္စည်း တွေကို မပျောက်မရှ မယိုမယွင်း နဂိုအတိုင်းပဲ သက်ဆိုင်တဲ့ တပ်မတော် အရာရှိကို မိုင်းပျဉ်းမှာ စာရင်းနဲ့အတူ တရားဝင် ပြန်လည်လွှဲပြောင်းနိုင်ခဲ့တယ်။” ဟု ‘ဗိုလ်မှူးကြီး စိုင်းငင်း’ က သျှမ်းသံတော်ဆင့်သတင်းအား ရှင်းပြခဲ့သည်။

အဆိုပါ အဖြစ်အပျက် အခြေအနေကို လေ့လာကြည့်ရသည်မှာ အပစ်ရပ်ရေး/ငြိမ်းချမ်းရေးပြဿနာများကို ဖြေရှင်းရာ၌ စားပွဲဝိုင်းပေါ်ရှိ ခေါင်းဆောင်ပိုင်းများအကြား ဆွေးနွေး သဘောတူထားသော အချက်အလက်များကို အောက်ခြေမြေပြင်ရှိ တပ်မှူးတပ်သားများက ရှင်းလင်းစွာ သတင်းရရှိမထားသည်ကို တွေ့ရသည်။ အထက်အောက် အမိန့်နှင့် သတင်းအချက် အလက်များ အပြန်အလှန် မျှဝေဖြန့်ဖြူးမှု အားနည်းနေသော သဘောကို တွေ့ရသည်။ ‘ဗိုလ်မှူးကြီး စိုင်းငင်း’ က အစိုးရ/တပ်မတော်နှင့် ၎င်းတို့ EAOs မျာအကြား မည်သို့သော ပြဿနာများ ဖြစ်နေပါစေ၊ အကောင်းဆုံးနည်းမှာ  နှစ်ဦး နှစ်ဖက်အကြားတွင်  ရှိနေသော ဆက်သွယ်ရေးလမ်းကြောင်းမှတဆင့်၊ ပြဿနာများကို နည်းလမ်းရှာဖြေရှင်းသင့်သည်ဟု ဆိုသည်။ ထိုသို့မဟုတ်ဘဲ နိုင်ငံရေး၊ စစ်ရေးအရ အမြတ်ထုတ်ရေးဆီ ဦးတည်သော ထုတ်ပြန်ချက်များ ထုတ်ပြန်ပါက၊  ပြဿနာကို ဖြေရှင်းမရရုံမက၊ ပြဿနာများကို ပိုဆိုးစေသည်ဟု ဆိုသည်။ NCA အခြေခံမူ အပိုဒ် ၁ (ခ) ၌ ‘မြန်မာနိုင်ငံ တွင် သမိုင်းရှည်ကြာ ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန် ဆွေးနွေး ညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည့် ယဉ်ကျေးမှု တစ်ရပ် ထူထောင်ပြီး လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်နိုင်ရန်’ - ဟု ဆိုထားသည့် အတိုင်း  ရည်ရွယ်ကြောင်း ‘ဗိုလ်မှူးကြီး စိုင်းငင်း’ က ပြောကြားသည်။ ပြဿနာများကို ဆွေးနွေးခြင်း နည်းလမ်းဖြင့် ရိုးသားဖြူစင်စွာ ညှိနှိုင်းဆွေးနွေးပါက မလွဲမသွေ အဖြေကို တွေ့မည်ဟု ၎င်းက ဆိုသည်။

“အဲဒီအချိန်ဟာ ကျနော်အတွက်တော့ တကယ့် ကျဉ်းထဲကြပ်ထဲ ရောက်နေတယ်ဗျ။ ဆွေးနွေးနေတုန်း နောက်ကနေ အမြောက်နဲ့ လှမ်းပစ်တယ်ဆိုတော့ ဆွေးနွေးပွဲကနေ တခါတည်း Walk Out လုပ်ရင်လည်း ရတယ်။ ကိုယ့်အမှား မဟုတ် ဘူး။ ကျနော့်နည်းတူ တပ်မတော်ဖက်က ဆွေးနွေးဖော်ဆွေနွေးဖက်ကလည်း အနေရအထိုင်ရ ခက်တဲ့သဘောရှိတယ်။ အဲဒီမှာတင် ကျနော်ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်ရတယ်။ ဘယ်သူဖျက်ဖျက် ဒီဆွေးနွေးတွေ့ဆုံပွဲကိုတော့ အပျက်လို့မရဘူး။ ဒီပွဲဖြစ်ဖို့ အစိုးရ၊ တပ်မတော်၊ EAO တွေ မနည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရတယ်။ မတွေ့ကြတာလည်း လေးလနီးပါးရှိလို့ ငြိမ်းချမ်းရေးအပေါ် လူထုရဲ့ မျှော်လင့်ချက်ကလည်း ဝေဝါးလာတယ်။ ဒီလိုအခြေအနေအောက်မှာ RCSS ကိုယ်စားလှယ်ကို အလွတ်သဘောဆွေးနွေးပွဲကနေ ထွက်လိုက်တယ်ဆိုတာမျိုး မဖြစ်စေချင်ဘူး။ ၁၂ ရက် ပြည်ထောင်စု ညစာစားပွဲ အခမ်းအနားမှာ RCSS ကိုယ်စားလှယ်နဲ့ အစိုးရခေါင်းဆောင်တွေ၊ တပ်မတော် အကြီးအကဲတေ နဲ့ ရင်းရင်းနှီးနှီး ပြုံးပြုံးရွှင်ရွှင် လက်ဆွဲ နှုတ်ဆက်နေကြတဲ့ ပုံရိပ်တွေကို မညှိုးနွမ်းစေချင်ဘူး။ ရှိနေတဲ့ ယုံကြည်မှုတွေကို မပျက်ပြားစေလိုဘူး။ ဒါကြောင့် ဆွေးနွေးပွဲကို အောင်မြင်ပြီးဆုံးတဲ့အထိ ကျနော်တက်ရောက် ဆွေးနွေးခဲ့ပါတယ်။” ဟု ၎င်းက ထိုနေ့ညက အခြေအနေကို ရှင်းပြခဲ့သည်။

ဤအတောအတွင်းမှာပင် တပ်မတော်ကတစ် ဖက်သတ်အပစ်ရပ်ထားချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် ငြိမ်းချမ်းရေး အခွင့်အလမ်းကို မလွတ်တမ်းကြိုးပမ်းသင့်သည်ဟု  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားကြောင်း 7Day Daily သတင်းကဖေါ်ပြသည်။ ရှမ်းပြည် နယ်မြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချင်းချင်း တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင် နေရသည့် အခြေအနေကို မေးမြန်းရာ ၎င်းကထိုသို့ ထည့်သွင်း ပြောကြားသည်ဟု ဆိုသည်။ ဒေသခံများ ဒုက္ခကြုံတွေ့ နေရသည့် ကိစ္စ နှင့်ပတ်သက်၍ တပ်မတော်က သတိပေးချက်များ ထုတ်ပြန်ထားသကဲ့သို့ အပစ်ရပ်ပူးတွဲ စောင့်ကြည့် ကော်မတီ (JMC) လမ်းကြောင်းမှလည်း သတိပေးမှုများ ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။ တပ်မတော်က လေးလ တာ တစ်ဖတ်သတ် အပစ်အခတ်ရပ်စဲထားချိန်တွင် ငြိမ်းချမ်းရေး အခွင့်အလမ်းကို မလွတ်တမ်း ကြိုးပမ်းသင့်သည်ဟု  ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ အစိုးရသည် နိုင်ငံ့တာဝန်ယူခဲ့သည့် အချိန်မှ စတင်၍ နိုင်ငံ့အကျိုးအတွက် “ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းရေး၊ ပြည်သူများ၏ လူမှုစီးပွား ဘ၀များ မြင့်မားတိုးတက်ရေး”- စသည်ဖြင့် ရည်ရွယ်ချက် မူဝါဒများ ချမှတ်ထားသည်ဟု သိရသည်။ အထူးသဖြင့် ငြိမ်းချမ်းရေးအတွက် လက်ရှိအစိုးရက တစိုက်မတ်မတ် ကြိုးပမ်းလျှက်ရှိသည်ကို တွေ့ရသည်။ တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာ၌ စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ကြုံတွေ့ရမည်မှာ သဘာဝဖြစ်စဉ် ဟု ဆိုနိုင်ပါသည်။ ထို စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားရာတွင် အစိုးရတစ်ဖွဲ့တည်းအပေါ် မျက်နှာလွှဲထား၍ မရပါ။ ပြည်သူတစ်ရပ်လုံးက အားအင်အပြည့်ဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ကြရန် လိုပါသည်။ လက်ရှိအချိန်တွင် နိုင်ငံအတွက် ငြိမ်းချမ်းရေးသည် ပဓါနကျသကဲ့သို့ ဖွဲ့စည်းပုံပြင်ဆင်ရေးသည်လည်း တန်းတူအရေးကြီးပါသည်။ ထို့ကြောင့် လက်ရှိ အစိုးရ ကြိုးပမ်းလျှက်ရှိသော ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းစဉ်အား နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးကို လိုလားသော နိုင်ငံသားတိုင်း အားတက်သရော ၀န်းရံပါဝင်ကြဖို့ လိုပေသည်။

 23 February 2019, Saturday နေ့ထုတ် သူရိယနေဝန်းဂျာနယ်၌ ဖေါ်ပြသည့်ဆောင်းပါး။

Comments