![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpyqhs-clD2hjzRlRGU2LUaFqM3iylJK1tR6LA4CEmbl4YQBOQNi0KPRcdsr5HlajTAwS4mJc22LRQ6cady0DkYYjWzQ51bEunMs12D7oiaL66BTYhdqJPQWrii9BPrUF53hxNqTDnLlU/s640/FreshPaint-0-2018.03.21-07.01.49.jpg)
မောင်အောင်မွန် ● ကျွန်တော်တွေးမိသလို ရေးပါမည် (၃၉၃)
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၉
အာဇာနည်ရှားပါးတဲ့ မြန်မာပြည်ဖြစ်ပါစေ
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၉
အာဇာနည်ရှားပါးတဲ့ မြန်မာပြည်ဖြစ်ပါစေ
(၁)
ကျနော်ပြန်တိုင်း ရွာအ၀င် သင်္ချိုင်း ကားလမ်းဘေးက မြင်နေကျ အာဇာနည် မခင်ကြွယ်ရဲ့ ကျောက်တိုင်လေး ရှိနေသေးလား။
၁၉၆၀ ခု၊အိမ်စောင့်အစိုးရလက်ထက် ရွေးကောက်ပွဲကာလမှာပါ။ ရွာကစက်ချုပ်သမလေး မခင်ကြွယ် မြို့ကအပြန်မှာ သန့်ရှင်းဖဆပလ အမတ်လောင်းအနိုင်ရရေးအတွက် ထဘီအ၀ါလေးဝတ်ကာ လှုပ်ရှားမဲဆွယ် ပေးနေတာကို လက်လုပ် လက်စား ရွာသားများလည်း သဘောကျနေကြသတဲ့။
ဒါပေမယ်လို့ တည်မြဲ ဖဆပလကို လိုလားသူတွေကတော့ ဘယ်ကြိုက်နိုင်ကြပါ့မလဲ။ သူတို့လည်း မဲဆွယ်ကြ ဟောပြောကြ ပေ မယ်လို့ ထဘီအ၀ါလေးဝတ်မလေး လောက်တော့ တက်ကြွခြင်းမရှိ။ မခင်ကြွယ်က ဈေးထဲမှာ လမ်းဆုံမှာ ကမ်းနာမှာ လူစည်ကားရာမှ ဥက္ကဋ္ဌကြီး ဦးနုရဲ့ ကိုယ်ကျင့်တရား သမာဓိတို့ကို အသံနေ အသံထား ကိုယ်အမူအရာနဲ့ ဟောနေပြောလို့ ပရိသတ်ကလည်း လက်ခုပ်တီးသြဘာပေးကြတယ်။
ကံဆိုးချင်တော့ မျက်စိနောက်ကာ ပစ်သတ်သွားတဲ့ စစ်သားဘယ်ပျောက်သွားတယ်မသိ။
မျက်မြင်အသိ သက်သေ၊ ရဲစခန်း၊မှုခင်းဆရာဝန်ဆိုတာတွေနဲ့ အလှမ်းကွာဝေးရသမို့ ထဘီအဝါလေးလွှမ်းကာ သင်္ဂြိုဟ် လိုက်တာတော့ ဟုတ်ပါရဲ့၊ အာဇာနည်ဖြစ်သွားရပုံကိုတော့ ကျနော်တွေးလို့မရ။
(၂)
ရန်ကုန်မြို့ ပြည်လမ်း စာပေဗိမာန်မြက်ခင်းပြင်မှာ ဟောပြောပွဲလုပ်လေ့ရှိပြီး ပြား ၅၀ ဝင်ကြေးပေးရတယ်။ ၂၅ ပြားက ကော်ဖီ သို့မဟုတ် လက်ဖက်ရည် တခွက်သောက်ဖို့၊ ကျန် ၂၅ ပြားကတော့ ထိုင်ခုံနေရာ စတာတွေအတွက်ဖြစ်ပါလိမ့်မယ်။ လူသန့်စည်းကမ်းရှိဖို့ စီစဉ်ရတာလည်း ဖြစ်နိုင်တယ်။
ညဘက်လေအေးနဲ့ တနာရီကြာ ဟောပြောပွဲ နားထောင်အပြီး ကော်ဖီသောက်နဲ့ အတော်ဇိမ်ကျလို့ ကျနော်မကြာခဏ သွားနားထောင်တယ်။ အထူးသဖြင့် ဟောပြောမည့်ပုဂ္ဂိုလ်ကိုသဘောကျရင် သို့မဟုတ် အကြောင်းအရာကိုကြိုက်ရင် မလွတ်တမ်းရောက်သွားတယ်။
(၃)
ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာထင်အောင်က ၃၇ မင်းနတ်များအကြောင်း ဟောပြောမှာမို့ ကျနော်အစောကြီး ရောက်သွားတယ်။ ဆရာရေးတဲ့ Selections From Burmse Folk Tales ကို တက္ကသိုလ်သင်တန်းမှာ သင်ခဲ့ရသလို Burmese Drama ကိုလည်းဖတ်ဖူးပါရဲ့၊ သို့သော် ဒေါက်တာထင်အောင် ဗမာလိုရေးတဲ့စာအုပ်ရယ်လို့တော့ ဖတ်ဖူးဖို့ဝေးစွ ရှိတယ်လို့တောင် မကြားဖူးပါ။
ခုတော့ ဟန်ကျပြီ။ ဗမာလိုဟောပြောမှာလေ။
ဒေါက်တာထင်အောင်က ၃၇ မင်းနတ်များအကြောင်း ပြောသွားတာစုံသမို့ နားထောင်လို့လည်းကောင်း စိတ်ဝင်စားဖို့လည်း ကောင်းပေါ့။ ပန်းပဲမောင်တင့်တယ်အကြောင်းရောက်လာပြီ၊ ခွန်အားဗလကောင်းသူမို့ အန္တရာယ်လို့ ဘုရင်ကမြင်နေတာကို အားလုံးကသိကြတယ်။
နောက်ဆုံးတော့ မတရားအနိုင်ကျင့် ပန်းပဲမောင်တင့်တယ် အသတ်ခံရတော့ လူတွေက မကျေနပ်ကြ၊ ရှင်ဘုရင်ကိုလည်း မ ပြောရဲလို့ နတ်ဖြစ်သွားရတယ်ဆိုတဲ့ အယူအဆရှိပုံကို ထည့်ပြောသွားတယ်။
(၄)
ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာထင်အောင်က ၃၇ မင်းနတ်များအကြောင်း ဟောပြောမှ ပန်းပဲမောင်တင့်တယ်အား နတ်အဖြစ်လူတွေ ကိုးကွယ်လာကြပုံ အတွေးနဲ့ဆက်စပ်ကြည့်ရအောင်။ မတရား အသတ်ခံလိုက်ရတာကိုး။
ဟုတ်ပြီ။ ဗိုလ်ချုပ်အောင်ဆန်းတို့လိုမဟုတ်ပေမယ့် သူလည်း အာဇာနည်မခင်ကြွယ်ပေါ့။ ဗိုလ်အောင်ကျော်၊ မန္တလေးက အာဇာနည် ၁၇ ယောက်။ အများအကျိုးအတွက်လုပ်ဆောင်ရင်း မတော်မတရားအနိုင်ကျင့် အသတ်ခံရသူကို အဇာနည် အဖြစ်ဂုဏ်ပြုရင်း ကန့်ကွက်ဆန္ဒပြကြတာလေ။
အရှင်ဖမ်းမိပြီးမှ နောက်ကျောကနေ ပစ်သတ်လိုက်တဲ့သတင်းအရဆိုတော့၊ စောဘဦးကြီးအား ကရင်အာဇာနည်လို့ခေါ် နေကြတာလည်း ခေါ်ထိုက်ပေတယ်။ ဒါဆို ထောင်ထဲမှာနှိပ်စက်ခံရရင်း သေဆုံးသွားတဲ့ မြန်မာနိုင်ငံတော်ရဲ့ ပထမဆုံး သမတ စပ်ရွှေသိုက်ကော၊ အာဇာနည်မဟုတ်လော။
(၅)
အမည်သိသူ မသိလိုက်ရသူတွေ စဉ်းစားကြည့်ကြပါစို့။
၁၉၆၂ ခု၊ ဇူလိုင်လ ၇ ရက်နေ့ ရန်တက္ကသိုလ်နယ်မြေထဲ ပထမဆုံးအကြိမ် စစ်တပ်က ဝင်ရောက်ပစ်သတ်လို့ သေဆုံးသွား ကြတဲ့ ကျောင်းသားတွေ၊ ၈-၈-၈၈ အရေးအခင်းကာလအတွင်း မတော်မတရား အနိုင်ကျင့်ပစ်သတ်လို့ ကျဆုံးကြသူတွေ၊ ထောင်တွေထဲ ညှဉ်းပန်းနှိပ်စက်ခံရလို့ သေဆုံးကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နည်းနည်းနောနောလော။
အင်း အာဇာနည်တွေ မနည်းလှပါလား။
(၆)
လက်နက်ကိုင် ရင်ဆိုင်တိုက်ရင်း မဟုတ်ပဲ သေသေချာချာပြင်ဆင် အမြောက်နဲ့ပစ်လို့ သေဆုံးရတဲ့ ကချင်ဗိုလ်လောင်းတွေ၊ အင်းသူတို့ကိုလည်း ကချင်အာဇာနည်လို့ သတ်မှတ်ချင်ကြမှာပါ။ အလွတ်သတင်းထောက် ကိုပါကြီးအဖြစ်က ပိုမဆိုးပေ ဘူးလား။
အာဇာနည်တယောက်ရဲ့သွေး မခြောက်သေး၊ နောက်အာဇာနည် တယောက်ပေါ်လာတယ်။
အာဇာနည်တယောက်အတွက် ငိုလို့မပြီးသေး၊ နောက် အာဇာနည်တယောက်အတွက်ဆက်ငိုရတယ်။
လက်ရဲဇက်ရဲ စစ်အာဏာရှင်တို့က အာဇာနည်တွေ ခပ်မြန်မြန်နဲ့ ခပ်များများဖန်တီးနေတာ ထိတ်လန့်စွာသတိထားမိလို့ တောင်သူမကြီးဒေါ်ခင်ဝင်း နောက်ဆုံးဖြစ်ပါစေ၊ ၂၀၁၅ ခုစ၍ အာဇာနည်ရှားပါးသော မြန်မာပြည်ဖြစ်ပါစေလို့ ဆုတောင်း ခဲ့တယ်။
(၇)
၂၀၁၇ ခုကျတော့ အစိုးရကိုယ်စားလှယ်အဖွဲ့ဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာအတိုင်ပင်ခံ ဦးကိုနီ ရန်ကုန် လေဆိပ်မှာ နေ့ခင်းကြောင်တောင် မြေးလေးချီထားစဉ် အနားကပ်ပြီး ဦးခေါင်းကို သေနတ်နဲ့ပစ်သတ်သွားတယ်။ ဒေါက်တာ ထင်အောင်ပြောသလို လူထုက ဦးကိုနီအား အာဇာနီဟု။
အဲဒီလိုပစ်သတ်တာကို မြင်လိုက်တဲ့ တက္ကစီကားမောင်းသမား ကိုနေ၀င်းက အုတ်ခဲနဲ့လှမ်းထုလို့ ပစ်သတ်ခံလိုက်ရပြန်တယ်။ ကိုနေဝင်းလည်း အာဇာနည်ဖြစ်ရပြန်ပြီ။ အာဇာနည်တွေ ပိုပိုပြီးပေါ်ထွက်လာနေ၍ ဆုတောင်းရုံနဲ့ ရပ်မှာမဟုတ်၊ ဖြစ်ပေါ်လာ နေအောင် လုပ်နေတဲ့ခေတ်အခေါ် လက်မည်းကြီးကို အပြီးဖြတ်ပစ်ဖို့ ဝိုင်းဝန်းကြိုးပမ်းကြရပေလိမ့်မည်ဟု တွေးမိကြောင်းပါ။
၂၀၁၉ ခု၊ ဇန်န၀ါရီလ (၂၉) ရက်။
Comments