ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - ဒီမိုကရေစီ၏ ကံကြမ္မာ ဒုတိယပိုင်း


ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - ဒီမိုကရေစီ၏ ကံကြမ္မာ ဒုတိယပိုင်း
ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၂၈
(မိုးမခ)  ဖေဖော်ဝါရီ ၂၈၊ ၂၀၁၉

Steven Levitsky နှင့် Daniel Ziblatt ရေးသာသော HOW DEMOCRACIES DIE စာအုပ်မှ Trump Against the Guardrails ကို ဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။

“ဒီမိုကရေစီ၏ ကံကြမ္မာ” ဆောင်းပါးတွင် သမ္မဒေါ်နယ်ထရမ့်၏ လက်ထက်တွင် ဒီမိုကရေစီ၏ ကံကြမ္မာဘယ်လိုဖြစ်နုငိသည်ကို သုံးသပ်၍ ပြထားသည်။ ထိုဆောင်းပါးတွင် ဖော်ပြခဲ့သည်မှာ-

ဒီမိုကရေစီ၏ ကံကြမ္မာသည် အာဏာရပါတီ ရီပတ်ဘလစ်ကန်ပါတီ၏ ခေါင်းဆောင်များ၏ လုပ်ရပ် အပေါ်တည်သည်။ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ၏ သစ္စာစောင့်သူများ (loyalists) အကန့်အသတ်ဖြင့် ထိမ်းချုပ်ခြင်း (containment) ကို ပြုလုပ်သူများ၊ သမ္မတကို ရာထူးမှဖယ်ရှားရန် ကြိုးပမ်းသူများ (ယခုအထိ မရှိသေးသော အရာ)၊ ပြည်သူတို့၏ ဆန္ဒ (public opinion) တို့၏ အပေါ်တွင် တည်ကြောင်းကိုရေးသား ဖော်ပြခဲ့သည်။

ယခုဆက်လက်၍ ဖော်ပြလိုသည်မှာ သမ္မတထရမ့်၏ ဒီမိုကရေစီကို ပျက်စီးစေသော လက်နက်ဖြစ် သည်။ ထိုလက်နက်မှာကား- အကျပ်အတည်းကာလ၊ ကပ်ဆိုက်သောကာလ၊ အရေးအခင်းကာလဖြစ် သည်။ (crisis) အထူးသဖြင့် လုံခြုံရေးနှင့်ဆိုင်သော အကျပ်အတည်းကာလမျိုးဖြစ်သည်။ အကြမ်းအဖက် သမားနှင့် အကြမ်းဖက်ဖြစ်ရပ်များအပေါ်ဆင်နွဲသော စစ်ပွဲများသည် နိုင်ငံရေးအပြောင်းအလဲကို ဖြစ်စေ သော နိုင်ငံရေးကစားကွက်များဖြစ်သည်။ ယင်းကစားကွက်များသည် အစိုးရကို ထောက်ခံမှုပိုမို၍ ရရှိစေ သောအရာများဖြစ်ကြသည်။

ပြည်သူလူထုသည် သူတို့၏ လုံခြုံမှုအတွက် စိုးရိပ်သောအခါတွင် အစိုးရ၏ အာဏာရှင်ဆန်ဆန် လုပ်ရပ်များကို ပို၍သည်းခံနိုင်ကြသည်။ တစ်ခါတစ်ရံတွင် အစိုးရ၏ လုပ်ရပ်များကို အားပေအားမြှောက်ပင် လျှင်လုပ်နိုင်ကြသည်။ သာမန်ပြည်သူလူထုသာမက၊ အရေးအခင်းကာလများတွင် တရားရေးရာဆိုင်ရာ ၀န်ထမ်းများ၊ အထူးသဖြင့်တရားသူကြီးများသည်ပင်လျှင်၊ သမ္မတ၏ အာဏာရှင်ဆန်ဆန်လုပ်ရပ်များ၊ အာဏာသိမ်းသည့် လုပ်ရပ်မျိုးတို့ကို လုံခြုံရေးကိုစိုးရိမ်၍ တားဆီးရန်ကိုဝန်လေးကြသည်။ နိုင်ငံရေးသိပ္ပံ ပညာရှင်ဝီလျံဟိုဝယ် (William Howell) ၏ အစိုးအရ၊ 9/11 တိုက်ခိုက်မှုများဖြစ်သောအခါတွင် သမ္မတ ဂျော့်ခ်ျဒဘလူဘွတ်(ရှ်)သည် သူလုပ်ချင်ရာကို သဘောရှိသည့်အတိုင်း လုပ်ရန်အခွင့်အရေး အပြည့်အ၀ရရှိခဲ့ သည်။

ထို့ကြောင့်လုံခြုံရေးဆိုင်ရာ အကြပ်အတည်း၊ အရေးအခင်းများသည် ဒီမိုကရေစီအတွက် အန္တရာယ်ရှိသောကာလဖြစ်သည်။ ထိုကာလတွင် နိုင်ငံခေါင်းဆောင်များသည် လုပ်ချင်ရာလုပ်နိုင်သော ကာလ ဖြစ်သည့်အတွက်၊ ဒီမိုကရေစီအဖွဲ့အစည်းများ၊ အဆောက်အအုံများကိုများစွာ အန္တရာယ်ပြုနိုင် သည်။ အတိုက်အခံများကို နှိမ်နင်းဖို့အကြောင်းရှာနေသော၊ အာဏာရှင်ဖြစ်ချင်သော ခေါင်းဆောင်များအတွက် အရေးအခင်းကာလသည် အခွင့်ကောင်းဖြစ်လေသည်။

အမေရိကန်နိုင်ငံတွင်လည်း လုံခြုံရေးဆိုင်ရာ ပဋိပက္ခများစွာကြုံဖူးပါသည်။ ထိုအခါသမ္မတများ သည် အာဏာကိုအပြည့်အ၀ သုံးစွဲခဲ့ကြသည်။ ထင်ရှားသော ဥပမာများမှာ-အေဘရာဟင်လင်ကွန်း (Abraham Lincoln) သမ္မတရူးစဘယ့် (Roosevelt)၊ သမ္မတဂျော့ဒဘယူဘွတ်(ရှ) (George W. Bush) တို့ လက်ထက်ဖြစ်ခဲ့ပါသည်။ သို့သော်ယင်းသမ္မတများသည် အခြေခံအားဖြင့် ဒီမိုကရေစီစံနစ်ကို လက်ခံ ထားပြီးသောပုဂ္ဂိုလ်များဖြစ်ကြသည်။ ထို့ကြောင့်နောက်ဆုံးတွင် ကိစ္စရပ်များ ပြီးစီးသွားသောအခါ၊ ဒီမိုကရေစီစံနစ်အတိုင်း ကျင့်သုံး၍ နိုင်ငံကို ထူထောင်သွားကြသည်။

သမ္မတဒေါ်နယ်ထရမ့်၏ လုပ်ရပ်များကို လေ့လာကြည့်လျှင်၊ အကယ်၍များ သူ၏လက်ထက်၍ အရေးအခင်းတစ်ခုခုသာကြုံလာခဲ့လျှင် ထိုအရေးအခင်းကို အခွင့်ကောင်းယူ၍ နိုင်ငံရေးအတိုက်အခံများကို တိုက်ခိုက်ခြင်း၊ လူများ၏ လွတ်လပ်မှုတို့ကို ချုပ်ကိုင်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ အမြင်မှာ ၎င်းသည်ယနေ့တွင် အမေရိကန်ဒီမိုကရေစီ ရင်ဆိုင်နေရသော အကြီးဆုံးအန္တရာယ်ဖြစ်သည်။ (ဤနေရာတွင် in our view “ကျွန်ုပ်တို့၏အမြင်မှာ” ဟူ၍ ဆိုထားသည်။ ကျွန်ုပ်တို့ဟူသည်မှာ ဤစာအုပ်ရေးသောသူများဖြစ်ပါသည်။)

သမ္မတထရမ့်သည် ဒီမိုကရေစီအဖွဲ့အစည်းများကို တိုက်ရိုက်ဖျက်ဆီးသောအလုပ်ကို မလုပ်သေးပါ။ သို့သော် ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက်သောအလုပ်များကိုတော့ လုပ်ကိုင်လျှက်ရှိပါသည်။ နိုင်ငံရေး သိပ္ပံပညာရှင်ဒေးဘစ်ဘရွတ် (David Brooks) ၏ အဆိုအရ၊ သမ္မတထရမ့်သည် လူ့ကျင့်ဝတ်၏ စံများကို ချိုးဖောက်သည့်အတွက်၊ သူ့ပါတီကသူ့ကို ပေးသော ဆုလဒ်မှာ- သမ္မတလောင်းအဖြစ် အဆိုတင်သွင်းခြင်း ဖြစ်ပါသည်။ သူသည် သမ္မတရာထူးကို ရရှိပြီးသည့် နောက်ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက်သည့်အလုပ် များဖြစ်သည့် လိမ်ညာခြင်း၊ လှည့်စားခြင်း၊ အနိုင်ကျင့်ခြင်းအလုပ်များကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ပါသည်။

စံနှုန်းများကို ချိုးဖောက်ခြင်းအလုပ် (Norm-breaking) အားလုံးကို ဆိုးသည်ဟုတော့ မဆိုနိုင်ပါ။ ဥပမာတစ်ခုကို ပြရလျှင် ဇန်န၀ါရီလ 1977 ခုနှစ်တွင် သမ္မတဂျင်မီကာတာ (Jimmy Carter) နှင့် သူ့ဇနီး သည်အိမ်ဖြူတော်သို့ တစ်မိုင်ခွဲခရီးကို လမ်းလျှောက်၍သွားကြသည်။ နယူးယောက်နေ့စဉ်သတင်းစာ (New York, Daily News) က ယင်းအလုပ်သည် ရှေ့ကသမ္မတများအနေဖြင့် “မှန်လုံကားပေါ်မှ မဆင်းသော” ဓလေ့ထုံးစံကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ရေးသားသည်။

ဓလေ့ထုံးစံကို ချိုးဖောက်ခြင်းအလုပ်သည် တစ်ခါတစ်ရံတွင် ဒီမိုကရေစီကို အထောက်အကူဖြစ်စေ နိုင်ပါသည်။ 1840 ခုနှစ်က သမ္မတရွေးကောက်ပွဲတွင် ၀ီလျှံဟင်နရီဟယ်ရီစင် (William Henry Hanism) သည် ဓလေ့ထုံးစံတစ်ခုကို ဆန့်ကျင်၍ မဲပေးသူများနှင့်အတူလိုက်၍ မဲဆွယ်သောအလုပ်ကို ပြုလုပ်ခဲ့သည်။

နောက်ဥပမာတစ်ခုမှာ 1901 တွင် သမ္မတရူးစဘယ် (Theodore Roosevelt) သည်  လူမည်းခေါင်းဆောင် အယ်(လ)ဘားမားစ် သမ္မတနှင့် ညာစာအတူစားခဲ့သည်။ ထိုအချိန်က ၎င်းသည် ဓလေ့ထုံးစံတစ်ခုကို ချိုးဖောက်ခြင်းဖြစ်သည်။

ကမ္ဘာပေါ်တွင် လူမှုရေးဆိုင်ရာတန်ဖိုးထားမှုများသည် အမျိုးမျိုးပြောင်းနေသောကြောင့်၊ ဓလေ့ထုံးစံများ ချိုးဖောက်သောအလုပ်ကို လုပ်ခြင်းသည် လက်ခံရမည့်အရာတစ်ခုဖြစ်သည်။ တစ်ခါတစ်ရံ တွင်ဤအလုပ်သည် လုပ်သင့်လုပ်ထိုက်သော အလုပ်မျိုးပင်ဖြစ်နိုင်ပါသည်။

သို့သော် သမ္မတထရမ့်၏ ဓလေ့ထုံးစံများကို ချိုးဖောက်သောလုပ်ရပ်များမှာ လက်ခံနိုင်သော အရာ များမဟုတ်ကြပါ။ အကြောင်းတစ်ခုမှာ ထရမ့်သည် ဓလေ့ထုံးစံများကို တမင်သက်သက်၊ အစဉ်အလိုက် ချိုးဖောက်ခြင်းဖြစ်သောကြောင့် ဖြစ်သည်။ မည်သည့်သမ္မတမှ ဤမျှလောက်ရေးသားမထားသော စည်းမျဉ်းများ- များစွာကို အချိန်တိုတိုဖြင့် ချိုးဖောက်ခြင်းကို မပြုလုပ်ပါ။ ဒီမိုကရေစီစံနစ်ကို ဖျက်ဆီးကြ သူများသည် ရေးသားထားသော စည်းမျဉ်းများကိုအထူးဂရုစိုက်၍ လိုက်နာကြသည်ကို သတိပြုပါ။ ထရမ့် ချိုးဖောက်သော အချို့သော ဓလေ့ထုံးစံများမှာ အပရိက၊ ဘာမှအရေးမကြီးဟု ဆိုနိုင်ပါသည်။ ဥပမာ- နှစ်ပေါင်း 150 တိုင်တိုင် အိမ်ဖြူတော်၏ ဓလေ့ဖြစ်သော အိမ်မွေးတိရစ္ဆာန်ထားသည့် ဓလေ့ကို ချိုးဖောက် ခြင်းဖြစ်သည်။

သမ္မတများသည် ပထမဦးဆုံး မိန့်ခွန်းတွင်သုံးသော စကားလုံးများကို တော်တော်သတိထားကြ သည်။ သို့သော်လည်း ထရမ့်သည် ပထမဦးဆုံးသမ္မတမိန့်ခွန်း American carnage- အမေရိကန်လူမျိုး များ၏ အစုလိုက်အပြုံလိုက် လူသတ်ခြင်း-ဟူသော စကားလုံးကို သုံးခဲ့သည်ကို ကြားရသည်။

ထရမ့်သည် အရင်သမ္မတများထက် ထူးခြားသည်မှာကား ဒီမိုကရေစီအထောက်အကူဖြစ်စေသော ရေးသားမထားသည့် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်သည်။ ဥပမာ-ထရမ့်သည် သူ၏သမီးနှင့် သမက်တို့ကို ရာထူးများခန့်အပ်ခြင်းသည်။ ဥပဒေအရ တရားဝင်ပါသည်။ သို့သော်လည်း ရေးသားမထား သောဥပဒေအနှစ်သာရကို ချိုးဖောက်သည်ကို တွေ့ရသည်။ ၎င်းကိုအနည်းငယ် ထပ်ရှင်းရလျှင်၊ သမ္မတ သည် အစိုးရအဖွဲ့ထဲတွင် သူ၏ဆွေမျိုးများအားထည့်သွင်းခြင်းကို ဥပဒေအရတားမြစ်ထားသည်။ ထို့ကြောင့်၊ သူ့သမီးနှင့်သမက်တို့ကိုပေးသော ရာထူးများသည် ဥပဒေကို ချိုးဖောက်ခြင်း မဟုတ်ပါ။ သို့သော် ဥပဒေ၏ အနှစ်သာရဖြစ်သော၊ ရေးသားမထားသော စည်းမျဉ်းကို ချိုးဖောက်ခြင်းဖြစ်သည်။

ဤဆောင်းပါး၏ အနှစ်ကို ပြန်ပြောရလျှင်- သမ္မတထရမ့်သည် ရေးသားထားသော စည်းမျဉ်းများ အတိုင်း ဆောင်ရွက်သူဖြစ်သည်။ သူချိုးဖောက်သောအရာများမှာ ရေးသား၍မထားသော ဒီမိုကရေစီ၏ အနှစ်သာရဆိုင်ရာ စည်းမျဉ်းများဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)

Comments