မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၁၆) – အာဒံနှင့် ဧဝတို့၏ တနေ့တာဘဝ



မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၁၆) –
အာဒံနှင့် ဧဝတို့၏ တနေ့တာဘဝ
 Sapiens – A Brief History of Humankind by Yuval Noah Harari
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၁၉ 


စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

ကျွန်တော်တို့ရဲ့ လူသားသဘာဝ၊ သမိုင်း နှင့် စိတ်ပိုင်းဆိုင်ရာသဘောတရားတွေကို နားလည်ဖို့အတွက် ကျွန်တော်တို့ရဲ့ဘိုးဘေးတွေဖြစ်တဲ့ အမဲလိုက်ရှာဖွေစားသောက်သူတို့ရဲ့ ခေါင်းထဲကို ဝင်ကြည့်မှ ရမှာပါ။ ကျွန်တော်တို့လူသားမျိုးစိတ်ရဲ့ သမိုင်းတလျှောက်လုံးနီးပါး ဆေပီယန်စ်တို့ဟာ ရှာဖွေစားသောက်သူတွေအဖြစ်သာ ရှင်သန်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ ကစပြီး လူဦးရေ ဆက်လက်တိုးပွားလာတာနှင့်အမျှ ဆေပီယန်စ်တို့ဟာ မြို့ပြအလုပ်သမား၊ ရုံးအလုပ်သမားတွေ အဖြစ် တစ်နေ့တာစားစရာကို ရှာဖွေကြရတယ်။ ဒါတွေအားလုံးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀,၀၀၀ က ဆေပီယန်စ်တော်တော်များများ လယ်သမားတွေ၊ တိရိစ္ဆာန်ထိန်းကျောင်းသူတွေအဖြစ်နဲ့ ရှင်သန်ခဲ့ပြီး ကျွန်တော်တို့ရဲ့ဘိုးဘေးတွေ နှစ်ပေါင်းထောင်သောင်းချီအောင် အမဲလိုက်ခဲ့ချိန်၊ အစာရှာဖွေစားသောက်ခဲ့ချိန်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် မျက်တောင်တစ်ခတ်မျှသာ ကြာမြင့်ပါတယ်။

အခုနောက်ပိုင်းရှင်သန်ဖွံ့ဖြိုးလာတဲ့ နယ်ပယ်တစ်ခုဖြစ်တဲ့ ဆင့်ကဲပြောင်းလဲခြင်းစိတ်ပညာက အဆိုပြုထားတာက ကျွန်တော်တို့ရဲ့ ဒီနေ့ခေတ်လူမှုအသိုင်းအဝိုင်း နှင့် စိတ်ပိုင်းဆိုင်ရာ စရိုက်လက္ခဏာတော်တော်များများဟာ အခုလိုအချိန်တော်တော်ကြာခဲ့တဲ့ စိုက်ပျိုးရေးခေတ်မတိုင်မီကာလမှာ ဖြစ်တည်ပုံပေါ်ခဲ့ပြီးသားလို့ ဆိုပါတယ်။ ဒီနေ့လိုခေတ်မှာတောင် ကျွန်တော်တို့ရဲ့ ဦးနှောက်တွေ၊ စိတ်တွေဟာ အမဲလိုက်အစာရှာဖွေတဲ့ဘဝနဲ့ သင့်တော်နေတုန်းပဲလို့ အဲဒီနယ်ပယ်ကပညာရှင်တွေက အခိုင်အမာပြောပါတယ်။ ကျွန်တော်တို့ရဲ့ လက်ရှိ အစာစားသောက်တဲ့ပုံစံ၊ လူမှုပဋိပက္ခတွေ နှင့် လိင်ဆိုင်ရာအပြုအမူတွေဟာ ကျွန်တော်တို့ရဲ့အမဲလိုက်ရှာဖွေစိတ်ထားတွေနဲ့ လက်ရှိ ခေတ်လွန်စက်မှုလုပ်ငန်းပတ်ဝန်းကျင်မှာရှိတဲ့ မီဂါမြို့ပြကြီးတွေ၊ လေယဉ်ပျံ၊ တယ်လီဖုန်း၊ ကွန်ပျူတာ စတဲ့အရာတွေ အပြန်အလှန်တုံ့ပြန်ခြင်းရဲ့ ရလဒ်ပဲဖြစ်ပါတယ်။

အရင်ဘယ်လူသားမျိုးဆက်ကမှ မခံစားလိုက်ရတဲ့ ပိုမိုများပြားတဲ့အရင်းအမြစ်တွေ၊ လူ့သက်တမ်းပိုရှည်လာတာ စတဲ့အရာတွေကို ဒီနေ့ခေတ်ပတ်ဝန်းကျင်က ကျွန်တော်တို့ကို ပေးစွမ်းပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေကြောင့်လည်း ကျွန်တော်တို့ဟာ ဒါတွေနဲ့မတန်ဘဲ သီးသန့်ကွဲထွက်နေတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးမှုများတာ စတာတွေလည်း မကြာခဏ ခံစားရပါတယ်။ ဘာကြောင့် အခုလိုဖြစ်ရတာကို နားလည်ဖို့အတွက် ဆင့်ကဲပြောင်းလဲခြင်းစိတ်ပညာရှင်တွေ အဆိုပြုထားတာကတော့ ကျွန်တော်တို့ကို အခုလိုပြုပြင်ပုံသွင်းလိုက်တဲ့ အမဲလိုက်ရှာဖွေစားသောက်သူတို့ရဲ့ကမ္ဘာ ကို ကျွန်တော်တို့ နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းလေ့လာဖို့လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်တို့ရဲ့ မသိစိတ်ဟာ အဲဒီကမ္ဘာထဲမှာ မသိမသာ နေထိုင်နေသေးတာကိုး။

ဥပမာပြောရရင် ဘာကြောင့် လူတွေဟာ ခန္ဓာကိုယ်အတွက်အကျိုးမရှိတဲ့ ကယ်လိုရီများတဲ့အစားအစာတွေကို အငမ်းမရစားသုံးကြတာပါလဲ။ ဒီနေ့ခေတ်က အလျှံပယ်ကြွယ်ဝတဲ့ လူ့အဖွဲ့အစည်းတွေ အဝလွန်ခြင်းဆိုတဲ့ကပ်ဆိုးမှာ ဆန့်တငင်ငင်ဖြစ်နေ ကြပါတယ်။ ဒါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကိုပါ အလျင်အမြန်ကူးစက်နေတယ်။ အချိုဆုံး၊ ဆီအရွမ်းဆုံးဖြစ်တဲ့ အစားအစာတွေကို ကျွန်တော်တို့တွေ ဗိုက်ကားတဲ့အထိ အငမ်းအရစားသောက်တတ်ကြတာဟာ ပဟေဋ္ဌိတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေဖြစ်တဲ့ ရှာဖွေစားသောက်သူတွေရဲ့ အစားအသောက်အလေ့အထတွေကို ဆင်ခြင်မိတဲ့အခါမှသာ အဓိပ္ပါယ်ရှိပါတော့တယ်။

သူတို့နေထိုင်ခဲ့တဲ့ ဆဗားနားဒေသ နှင့် တောတောင်တွေမှာ ကယ်လိုရီများတဲ့ ချိုမြိန်တဲ့အစားအစာတွေဆိုတာ အလွန်တရာမှပဲရှားပါးလှပြီး အစားအသောက်ဆိုတာကလည်း အများအားဖြင့် နည်းနည်းပဲ ရှိတာပါ။ လွန်ခဲ့တဲ့ နှစ် ၃၀,၀၀၀ က သာမန်ရှာဖွေစားသောက်သူတစ်ယောက်မှာ ချိုမြိန်တဲ့စားစရာဆိုလို့ သစ်သီးမှည့်ပဲ ရှိတယ်။ ကျောက်ခေတ်အမျိုးသမီးတစ်ယောက်ဟာ သဖန်းသီးမှည့်တွေ ပြွတ်နေတဲ့သဖန်းပင်တစ်ပင်နှင့်တိုးရင် အလုပ်သင့်ဆုံးကတော့ အဲဒီနေရာမှာပဲ သဖန်းသီးမှည့်တွေကို စားနိုင်သမျှ များများခူးစားမှာပါ။ ဒါမှပဲ အဲဒီတောအုပ်မှာရှိတဲ့ ဘာဘွန်းမျောက်တွေက တစ်ပင်လုံး ပြောင်သွားအောင်ခူးစားမသွားခင် စားခွင့်ရမယ်။ ကယ်လိုရီများတဲ့အစားအသောက်တွေဆို တဝတပြဲစားရမယ်ဆိုတဲ့ ပင်ကိုအသိစိတ်ဓာတ်ခံဟာ ကျွန်တော်တို့ရဲ့ဒီအဲင်အေထဲမှာ မွေးရာပါအမြစ်တွယ်နှင့်ပြီ ဖြစ်ပါတယ်။


ဒီနေ့ခေတ်မှာ မြင့်မားတဲ့တိုက်တွေမှာ ပစ္စည်းတွေပြည့်နှက်နေတဲ့ ရေခဲသေတ္တာတွေနဲ့ ကျွန်တော်တို့ နေထိုင်ကြပေမယ့်လည်း ကျွန်တော်တို့ရဲ့ ဒီအဲင်အေတွေကတော့ ကျွန်တော်တို့ဟာ ဆဗားနားမြက်ခင်းပြင်တွေမှာ ရှင်သန်နေကြဆဲလို့ ခံယူထားတုန်းပါ။ ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ ရေခဲသေတ္တာထဲမှာ ‘ဘင်နှင့်ဂျယ်ရီ ရေခဲမုန့်’ တွေတွေ့ရင် တစ်ပုံးလုံးကုန်အောင်စားပြီး ကုတ်အချိုရည်ဗူးကြီးတွေနဲ့မျောချကြတာ ဖြစ်ပါတယ်။

ဒီတဝတပြဲစားတဲ့ဗီဇ သီအိုရီကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံကြပါတယ်။ တခြားသီအိုရီတွေကတော့ ဒီ့ထက်အများကြီးအငြင်းပွားစရာပါပဲ။ ဥပမာပြောရရင် ဆင့်ကဲပြောင်းလဲခြင်းစိတ်ပညာရှင်တစ်ချို့ အဆိုပြုတာက ရှေးခေတ်ရှာဖွေစားသောက်သူအုပ်စုတွေကို တစ်လင်တစ်မယားစနစ်ကို အခြေခံတဲ့ ‘သီးသန့်မိသားစုငယ်’ တွေနဲ့ ဖွဲ့စည်းထားတာ မဟုတ်ပါဘူး။ အဲဒီအစား သူတို့ကို တစ်ဦးချင်းပိုင်ဆိုင်မှုတွေ မရှိတဲ့၊ တစ်လင်တစ်မယားစနစ် မဟုတ်တဲ့၊ အဖေဘယ်သူလဲ မသေချာတဲ့ လူ့အဖွဲ့အစည်းအဖြစ် နေထိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။ အဲဒီလို လူအုပ်စုတစ်ခုမှာ မိန်းမတစ်ယောက်ဟာ ယောက်ျားများစွာနဲ့လိင်ဆက်ဆံနိုင်ပြီး အတွင်းကျကျသိကျွမ်းရင်းနှီးနိုင်သလို တချိန်တည်းမှာပဲ တခြားအမျိုးသမီးများစွာနဲ့လည်း အဲဒီလို ရင်းနှီးနိုင်ပါတယ်။ ပြီးတော့ အုပ်စုအတွင်းရှိ အရွယ်ရောက်ပြီးသူအားလုံးက ကလေးငယ်တွေကို အတူဝိုင်းဝန်း ပြုစုပျိုးထောင်ကြပါတယ်။ ဘယ်ယောက်ျားကမှာ ဘယ်ကလေးဟာ သူ့ကလေးမှန်း အသေအချာမသိတဲ့အတွက် ကလေးအားလုံးကို တန်းတူညီမျှ ပြုစုစောင့်ရှောက်ပါတယ်။

ခုလိုမျိုး လူမှုအဆောက်အအုံတစ်ခုဟာ ‘မယားပြိုင်ယူ စိတ်ကူးယဉ်လောက’ တစ်ခုတော့ မဟုတ်ပါဘူး။ အထူးသဖြင့် ကျွန်တော်တို့နဲ့အနီးစပ်ဆုံးဖြစ်တဲ့ ချင်ပန်ဇီတွေ၊ ဘိုနိုဘိုမျောက်တွေကြားမှာ ဒီအကြောင်းအရာကို ကောင်းကောင်း မှတ်တမ်းတင်ထားတွေရှိပါတယ်။ ဒီနေ့လိုခေတ်မှာလည်း တစ်ချို့လူ့ယဉ်ကျေးမှုတွေမှာ ဘုံဖခင်ဆိုတာကို ကျင့်သုံးနေကြဆဲပါ။ ဥပမာအားဖြင့် ဘာရီအိန္ဒိယလူမျိုးတွေ ရှိပါတယ်။ အဲဒီလို လူ့အသိုင်းအဝိုင်းတွေရဲ့ ယုံကြည်မှုတွေအရ ကလေးဆိုတာ လူတစ်ယောက်ရဲ့သုတ်ပိုးကနေ မွေးဖွားလာတာမဟုတ်ဘဲ မိခင်ရဲ့သားအိမ်ထဲမှာ သုတ်ပိုးများစွာ စုပေါင်းပြီးမှသာ ဖြစ်တည်လာတယ်လို့ ယူဆကြတယ်။ အဲဒါကြောင့် မိခင်ကောင်းတစ်ယောက်ဟာဆိုရင် မတူတဲ့ယောက်ျားအမျိုးမျိုးနဲ့ လိင်ဆက်ဆံရမှာပါ။ အထူးသဖြင့် သူမကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်ပါတယ်။ ဒါမှသာ မွေးဖွားလာမယ့် သူမရဲ့ကလေးငယ်ဟာ အကောင်းဆုံးအမဲလိုက်သမားရဲ့ စွမ်းရည်ကိုသာမက အကောင်းဆုံးပုံပြောတတ်သူ၊ အသန်မာဆုံး စစ်သည်တော်၊ အသိမ်မွေ့ဆုံး ချစ်တတ်သူ စသူတို့ရဲ့ စွမ်းရည်အမျိုးမျိုးကို အမွေရပြီး သူတို့အားလုံးကလည်း ဖခင်ပမာ သူ့ကို ဂရုစိုက်ကြမှာပါ။ ဒါဟာ အူကြောင်ကြောင်နိုင်တယ်လို့ ယူဆတယ်ဆိုရင် အဲဒီခေတ်က ခုခေတ်လို သန္ဓေဗေဒဘာသာရပ်တွေ မရှိသေးဘူးဆိုတာကို အမှတ်ရပါ။ ကလေးတွေကို လူအများကနေ မဟုတ်ဘဲ ဖခင်တစ်ယောက်နဲ့သာ ရတယ်ဆိုတဲ့ ခိုင်မာတဲ့အထောက်အထား လူတွေမှာ မရှိခဲ့ပါဘူး။

ဒီ “ရှေးဟောင်းစုပေါင်းဆက်ဆံ” သီအိုရီကို လက်ခံသူတွေ အဆိုပြုတာက ဒီနေ့ခေတ်အိမ်ထောင်ရေးတွေမှာ မကြာခဏ လင်မယားဖောက်ပြန်မှုတွေ၊ လင်မယားကွာရှင်းမှု မြင့်တက်လာတယ်။ အဲဒါတင်မက ကလေးငယ်တွေ၊ လူကြီးတွေပါခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါလဏ္ခာပြဿနာပေါင်းစုံအမျိုးမျိုး အစပြုရာနေရာရှိပါတယ်။ အဲဒါကတော့ လူတွေကို တစ်လင်တစ်မယားစနစ် နှင့် ‘သီးသန့်မိသားစုငယ်’ တွေအဖြစ်သာ နေထိုင်ကြဖို့ အတင်းသွတ်သွင်း တာတွေကြောင့် ဖြစ်တယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဇီဝသဘောတရားတွေနဲ့ ကိုက်ညီမှုမရှိပါဘူး။

ပညာရှင်တော်တော်များက ဒီသီအိုရီကို ခါးခါးသီးသီးငြင်းပယ်ကြပြီး တစ်လင်တစ်မယားစနစ် နှင့် ‘သီးသန့်မိသားစုငယ်’ တွေအဖြစ်နေထိုင်ခြင်း နှစ်ခုလုံးဟာ လူ့အပြုအမူတွေရဲ့ အနှစ်သာရဖြစ်ကြောင်း အခိုင်အမာဆိုကြပါတယ်။ ရှေးခေတ်ရှာဖွေစားသောက်သူ လူ့အဖွဲ့အစည်းတွေဟာ ဒီခေတ်လူ့အဖွဲ့အစည်းတွေထက် ပိုပြီးတန်းတူညီမျှ ဘုံသဘောဆန်ပေမယ့်လည်း သီးသန့်ကွဲပြားမိသားစုများဖြင့် စုစည်းနေထိုင်ကြတယ်။ လင်မယားစုံတွဲတွေကလည်း မိမိတို့ပိုက်ထားတဲ့ ကလေးကိုယ်စီနဲ့ အချင်းချင်းမနာလိုမှုတွေ ရှိခဲ့ကြတယ်လို့ အဲဒီသုတေသန ပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့်ပဲ ဒီနေ့ခေတ်မှာ တစ်လင်တစ်မယားစနစ် နှင့် သီးသန့်မိသားစုငယ်တွေဟာ ကြီးမားကျယ်ပြန့်တဲ့ လူ့ယဉ်ကျေးမှုတော်တော်များများရဲ့ သတ်မှတ်ချက် ဖြစ်နေတာပါ။ မိန်းမ၊ ယောက်ျားတွေဟာ သူတို့ရဲ့ အိမ်ထောင်ဘက်တွေ၊ သားသမီးတွေနှင့်ပတ်သက်လာရင် အလွန်တရာပိုင်ဆိုင်လိုစိတ်ရှိကြပြီး ဒီခေတ်နိုင်ငံတွေဖြစ်တဲ့ ဆီရီးယား၊ မြောက်ကိုးရီးယား တို့မှာလည်း နိုင်ငံရေးအာဏာကို အဖေကနေ သားကိုသာ လွှဲပြောင်းပေးတာ ဖြစ်ပါတယ်။

ဘာသာပြန် - မာန်သီဟထွန်း

ပုံတွေကို အောက်ပါလင့်တွေကနေ ယူပါတယ်။

https://www.dreamstime.com/stock-illustration-eating-junk-f…
http://anygivenfood.com/giveaway-free-ben-jerrys-ice-cream/
https://www.canstockphoto.ie/fat-man-eating-fast-food-hambe…
https://www.pinterest.com/pin/203295370654631379/

Comments