ဆိုင်းဗျူ - အသံတိတ် နှိပ်စက်နေတဲ့ တရုတ်တစ်သျှူးငှက်ပြောပင်များ

 
ဓာတ်ပုံ - ဖရဲစစ်ရှောင်ဒုက္ခသည်စခန်း၊ ကန်ပိုင်တည်မြို့၊ (ဆိုင်းဗျူ)

ဆိုင်းဗျူ - အသံတိတ် နှိပ်စက်နေတဲ့ တရုတ်တစ်သျှူးငှက်ပြောပင်များ
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၉

ကချင်ပြည်နယ်ထဲ ဝင်ရောက်စိုက်ပျိုးလာသည့် တရုတ်တစ်သျှူးငှက်ပျောပင်သည် လွန်ခဲ့သည့် ၅နှစ်ခန့် က စတင်ပြီး ဝိုင်းမော်မြို့နယ်ထဲက ကျေးရွာတွေမှာ စိုက်ပျိုးလာကြသည်ကို တွေ့ရသည်။ နိုင်ငံခြားကုမ္မဏီများ အများဆုံး လာရောက်စိုက်ပျိုး ရင်းနှီးမြုပ်နှံသည့် ဒေသမှာ စစ်ရှောင်ပြည်သူများ၏ မြေနေရာများ ဖြစ်သည့် ဝိုင်းမော် မြို့နယ်၊ နန်ဆန်ယာန်ကျေးရွာ၊ ဂါရာယာန်ကျေးရွာ၊ ဒဗက်ကျေးရွာများနှင့် နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသော ဝိုင်းမော်မြို့နယ်၊ မန်ဝိန်း၊ ဆိုင်လော်ဒေသများတွင်  အများဆုံး လာရောက်စိုက်ပျိုးကြသည်။

တရုတ်နိုင်ငံခြားကုမ္မဏီများသည် ထိုကျေးရွာများမှ ပြည်သူများ၏ မြေယာများကို တစ်ဧက ၂သိန်းဖြင့် ငှားရမ်းစာချုပ်ချုပ်ဆိုပြီး ၂ နှစ် ၃နှစ် ငှက်ပျောပင်များကို စိုက်ပျိုးကြခြင်းဖြစ်သည်။ တစ်ချို့က မြေယာများကို မိမိသဘောတူညီမှု မရှိဘဲ မတရားသိမ်းပိုက်ပြီး စိုက်ပျိုးကြသည်ဟုလည်း သိရသည်။ အချို့တောင်သူများမှာ မြေယာငှားရမ်းမှု လျော်ကြေး တစုံတရာမျှ မရရှိဘဲ နေနေကြသည်။ မူလအစကတည်းက စိုက်ပျိုးထားသည့် နှစ်ရှည်ပင်သီးနှံများ - လိမ္မော်သီးပင်များလည်း ဖျက်စီးခံခဲ့ရပြီး ငှက်ပျောစိုက်သည့်ကုမ္မဏီများမှ လျော်ကြေးငွေ နစ်နာကြေးပေးချေခြင်း မရှိကြောင်း ပြည်သူများက ပြောပြသည်။

''အဒေါ်ရဲ့ မြေဧကက ၇ ဧက ရှိတယ်။ စိုက်ထားတဲ့ ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ လိမ္မော်သီးပင်၊ ဒညင်းသီးပင် စိုက်ထားတယ်။ အကုန်လုံးပျက်စီးသွားပြီ။ တချို့အပင်ဆိုရင် အခုဆို စားလို့ရလောက်ပြီ ဟုတ်တယ်။ အပင်တွေအတွက် လျော်ကြေးလည်း မရဘူး။ သူများတွေဟာလည်း ငှားတယ်ဆိုတော့ ကျမတို့လည်း မငှားလို့ မရတော့ဘူး ငှားပေးလိုက်ရတယ်။ ၂ နှစ် စာ တရုတ်တွေကို ငှားလိုက်တာ'' ဝိုင်းမော်မြို့ မိုင်းနား ကေဘီစီစစ်ရှောင်စခန်းမှ ဒေါ်ဒွဲလိန်ကပြောသည်။

ငှက်ပျောပင်စိုက်ပျိုးမှုကြောင့် ဘေးထွက်ဆိုးကျိုးကို ဒေသခံများသာ နောင်တွင် အများဆုံး  ခံစားရမည်ဖြစ်သည်။ ငှက်ပျောပင်ဖျန်းရာတွင် အသုံးပြုသည့် ဆေးရည်များသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု အများဆုံး ဖြစ်သည်။ သူ၏ဆေးရည်ကို တိရိစ္ဆာန်များ စားသုံးမိလျင် သောက်သုံးမိလျှင် သေဆုံးနိုင်သည်။ ငှက်ပျောခြံမှ အလုပ်သမားများသည် ၄င်းဆေးရည်ကို ချောင်ရေ မြစ်ရေများထဲတွင် ဆေးထည့်၍ ငါးများ ဖမ်းယူစားသောက်ကြသည်။ မလိုအပ်သည့်ထက် ငါးများစွာ သေဆုံးသွားခဲ့ခြင်းဖြစ်ရပ်များ ဝါရှောင်ကျေးရွာတွင် ဖြစ်ရပ်ရှိခဲ့သည်။ ကျွဲနွားများ ဆေးခတ်ထားသော ရေကို
သောက်သုံးမိသောကြောင့် သေဆုံးမိသည်ကိုလည်း ကြားနေရသည်။ ငှက်ပျောပင် စိုက်ပျိုးထားသည့်အနီးတွင် နေထိုင်သည့် ကျေးရွာများလည်း အကျိုးဆက်ကို ကြုံတွေ့ခံစားနေရသည်။

''ကျနော်တို့အောင်မြေသစ်မှာရှိတဲ့ ချောင်းထဲ ငှက်ပျောပင်မှာ ဖျန်းတဲ့ ဆေးရည်ခတ်တာကြောင့် ငါးတွေ အကုန်သေကုန်တယ်။ နှစ်မိုင်လောက်ရှိတဲ့ ငါးသေတွေ မြစ်ကမ်းမှာ သောင်တင်နေတယ်။ ဒီလို ငါးတွေသေသွားတဲ့အတွက်ကြောင့် ကျနော်တို့ နောက်ဆိုရင် ငါးဖမ်းစားလို့ မရတော့ဘူး။ အရင်ကဆို စားဝတ်နေရေးအတွက် ငါးမျှားစားလို့ ရတယ်။ အခုက ဒီလိုဆေးခတ်လိုက်လို့ ငါးမျိုးတုန်းသွားနိုင်တယ်''ဟု ဒေသခံ ဦးဇော်ထုန်ကပြောသည်။

ငှက်ပျော်ပင် စိုက်ပျိုးထားသော မြေယာသည် နောင်တွင် သီးနှံစိုက်ပျိုးမှု ခက်ခဲသွားနိုင်သည်။ မြေသြဇာများ ထုတ်ယူလိုက်သလို ဖြစ်သွားသောကြောင့် ဖြစ်သည်။ ဆေးဖျန်းမှုကြောင့်လည်း မြေယာများ ပျက်စီးသွားမှုကြောင့် ဖြစ်သည်။ ဓာတုဆေးဝါးများဖြင့် ဖော်စပ်ထားသော ဆေးရည်ပတ်ဖျန်းခြင်းကြောင့် ငှက်ပျောခြံထဲတွင် ပိုးမွှားများ၊ ပုရွတ်ဆိတ်များ နှံကောင်များလည်းမရှိကြောင်း ငှက်ပျောခြံတွင် သွားရောက်လုပ်ကိုင်ခဲ့ဖူးသော ရွာသူများကပြောပြသည်။

''ကျမတို့က မငှားချင်ဘူး။ တရုတ်တွေကို ငှားပေးလိုက်မယ် ဆိုရင် ငါးနှစ် ဆယ်နှစ် ဖြစ်သွားမယ်။ သူတို့ကို ငှားပေးလိုက်မယ်ဆိုရင် မြေဆီလွှာတွေပျက်စီးသွားမယ်။ ဒါကြောင့် ကျမတို့က မငှားပေးဖြစ်ဘူး'' ဟု မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် မလိယာန်စစ်ရှောင် စခန်းမှ ဒေါ်ထုလွမ်ကပြောသည်။

မြေယာငှားရမ်းမှုကို အချို့ပြည်သူများကလည်း စားဝတ်နေရေးအခက်အခဲကြောင့် ငှားပေးလိုက်ခြင်း အချို့က အတင်းအဓမ္မ သိမ်းပိုက်စိုက်ပျိုးခြင်းများ မြေပိုင်ရှင်တောင်သူများက ခံနေရသည်။ ပွဲစားများမှလည်း တရုတ်သူဌေးများနှင့် ပူးပေါင်းကာ အမြတ်ထုတ်ကြသည်။ မြေယာမှအခွန်ငွေ ကချင်ပြည်နယ်အစိုးရထံသို့ မည်မျှဝင်နေသည်၊ အခွန်ကောက်ခံမှုများကိုလည်း ပြည်သူများထံတွင် ချပြမှုရှိသင့်သည်။ တစ်သျှူးငှက်ပျော
စိုက်ပျိုးမှုကို ယခုအစိုးရလက်ထက်မှ စတင်စိုက်ပျိုးခဲ့ကြောင်းနှင့် ယခင်အစိုးရလက်ထက်တွင် စိုက်ပျိုးမှု မရှိခဲ့ကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးလဂျွန်ငန်ဆိုင်းက ဒုတိယအကြိမ် ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဖြေကြားထားသည်။

တစ်သျှူးငှက်ပျောခြံထဲတွင် လုပ်ကိုင်နေသော အလုပ်သမားများသည် လုပ်အားခတန်းတူ ရရှိမှုလည်း မတူညီကြပါ။ တရုတ်နိုင်ငံသားများက ပိုမို ရရှိကြပြီး မြန်မာနိုင်ငံသားများက ကျပ် ငါးထောင် မှ ၈ ထောင် အထိသာ ရရှိကြသည်။ တရုတ်နိုင်ငံသားများမူ ကျပ်တစ်သောင်းကျော် ရရှိသည်။ ဆေးရည်ဖြင့် ငှက်ပျောပင် များကို ဖျန်းရသည့်အတွက်ကြောင့် အလုပ်သမားကျန်းမာရေး ဆိုးရွာစွာ ထိခိုက်မှု ဖြစ်လာနိုင်သည်။
ဆေးရည်ဖျော်စပ်ထားသည့် အနံ့သည် အလွန်ဆိုးရွာသည်ကို နေ့စဉ်ရှူရိုက်နေရသဖြင့် နောင်တွင် သူတို့အတွက် ကျန်းမာရေး ဆိုးရွာလာနိုင်သည်ကို သတိပြုသင့်သည်။

''ငှက်ပျောပင်ဆေးရည်အနံ့ကြောင့် ကိုယ်ဝန်ပျက်ကျသွားတဲ့သူလည်း ရှိတယ်'' ဟု ဝါရှောင်ကျေးရွာမှ ဝါရှောင်ဆရာတော်က မိန့်ကြားသည်။ ဒိန်ဂျန်ယာန်ကျေးရွာတွင် လုပ်ကိုင်နေသော ငှက်ပျောခြံအလုပ်သမားများသည် လူမှုကိစ္စရပ်များ အလုပ်သမားများ အရေးများနှင့်သက်ဆိုင်သော အကြောင်းအရာများကို ဝါရှောင်ဆရာတော်ထံတွင် လာရောက်တိုင်ပင်သူများရှိသည်။ ဝါရှောင်ဆရာတော်သည် အလုပ်သမားများနှင့်ထိတွေ့ဆက်ဆံနေသော ဆရာတော်တစ်ပါးလည်း ဖြစ်သည်။

ဝိုင်းမော်မြို့နယ်ရှိ ငှက်ပျောခြံများတွင် လာရောက်လုပ်ကိုင်နေသော အလုပ်သမားများသည် စစ်ကိုင်းတိုင်း နှင့် ရခိုင်ပြည်နယ်မှ ပြည်သူများ ပိုမိုများပြားလျှက်ရှိပြီး ဒေသခံများမှ လာရောက် လုပ်ကိုင်မှု အလွန်နည်းပါးသည်။ ငှက်ပျောခြံထဲတွင် မိသားစုလိုက် အိမ်ထောင်စုလိုက် လာရောက် လုပ်ကိုင်နေကြသည်။ သူတို့သည် ခေါင်းပုံအမျိုးမျိုး ဖြတ်ခံနေရသော်လည်း သူတို့ ဇာတိတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ကုမ္မဏီများပြုစေခိုင်းသမျှကို ခံနေကြရသည်။

ကချင်မြေက မြေဆီလွှာပျက်စီးမည့်အရေးကို အမြန်ဆုံး ထန်းသိမ်းဆောင်ရွက် လုပ်ကိုင်ရပါမည်။ ကျွမ်းကျင်ပညာရှင်များနှင့် မြေပြင်တွင် ကွင်းဆင်းဆောင်ရွက် အဖြေရှာ အရေးယူ ရပါမည်။ အခွန်ဝင်ငွေလည်း ရသင့်သမျှမရဘဲ မြေဆီလွှာများလည်း ဖျက်ဆီးခံရပြီး နောက်ဆုံးတွင် သုံးမရသည့် မြေများသာ ကချင်ပြည်သူများ ပိုင်ဆိုင်ရပါလိမ့်မည်။ လုပ်ငန်းရှင်များကမူ သူတို့အတွက် အမြတ်သာရ ရှိသွားလေသည်။ ငှက်ပျောပင်စိုက်ပျိုးမှုကြောင့် မြေဆီလွှာ ပျက်စီးကာ သီးနှံစိုက်ပျိုးမှုမှာ နောင်တွင် အခက်အခဲ ဖြစ်လာနိုင်ချေနှင့် စားနပ်ရိက္ခာအခက်အခဲ လူမှုဖူလုံမှုများကို စဉ်းစားစရာ အချက် ဖြစ်နေပါသည်။

စစ်ပွဲများကြောင့်လည်း စစ်ရှောင်ပြည်သူများ မြေယာများကို ငှားရမ်းမှု ဖြစ်စေလာသည်။ တစ်ချို့ စစ်ရှောင်စခန်းတွင်နေစဉ် ငွေကြေးအခက်အခဲကြောင့် မြေယာများကို ဈေးအနည်းငယ် ရယူပြီး မြေယာ များကို ငှားရမ်းပေးလိုက်ကြသည်။ မြေငှားရမ်းမှုသဘောတူညီမှုစာချုပ်ကိုလည်း ကုမ္မဏီများက သိမ်းဆည်းထားကြသည်။ မြေယာပိုင်ရှင်များလက်ထဲတွင် ပေးအပ်ထားခြင်း မရှိသည်မှာလည်း အလွန်စိုးရိမ်စရာကောင်းလှပါသည်။ ထိုသို့ နစ်နာမှုများစွာ ကြုံတွေ့ခံစားနေရသော စစ်ရှောင် ပြည်သူ အများအပြား ကြုံတွေ့နေရခြင်းဖြစ်သည်။ ပြည်သူအချို့က မြေယာများကို မတရားသိမ်းပိုက်ခြင်းလည်း ခံရသည်။

ကချင်ဒေသမှ စိုက်ပျိုးပြီး ထွက်ရှိလာသော ငှက်ပျောသီးများကို ထုပ်ပိုးပြီး နယ်စပ်ဂိတ်များဖြစ်သော ကန်ပိုင်တည် နယ်စပ်ဂိတ်များမှတဆင့် တရုတ်နိုင်ငံထဲသို့ တင်ပို့ပြီး ထိုမှတဆင့် အာဆီယံ နိုင်ငံအသီးသီးသို့ တင်ပို့ကြကြောင်း သိရသည်။ ကေအိုင်အိုဌာနချုပ် ဖြစ်သော လိုင်ဇာနယ်စပ်ဂိတ်မှလည်း တဆင့်ဖြတ်သန်း တင်ပို့ကြသည်။ ဓာတုဆေးရည်ဖြင့်ဖျန်းထားသော ငှက်ပျောပင်သည် လူတို့စားသုံးမိပါက ကျန်းမာရေးအရ ဆိုးရွာလာနိုင်သည်ကို မြင်နေမိပါသည်။ နိုင်ငံအသီးသီးမှ ပြည်သူများအတွက် စိုးရိမ်စရာကောင်းလှပါသည်။

ကချင်ပြည်နယ်တွင် ဧက တသိန်းကျော် စိုက်ပျိုးနေလျှက်ရှိနေသော တစ်သျှူးငှက်ပျောပင် စီမံကိန်းနောက်ကွယ်တွင် အမျိုးမျိုးသော ပျက်စီးလာနိုင်သော မြေယာအခက်အခဲများ ကြုံတွေ့လာနိုင်သည်။ စာချုပ်သက်တမ်းပြည့်ပြီးနောက် သူတို့ပြန်သွားလျှင် ကချင်ပြည်သူတွေဟာ  မြေသြဇာမရှိတော့တဲ့ မြေဆီလွှာကို ပိုင်ဆိုင်ရမည်မှာ အမှန်ဘဲဖြစ်နေပါသည်။ မြေယာငှားရမ်းမှုပါ အချက်အလက်စာချုပ်ကို ကချင်ပြည်နယ်အစိုးရမှ စိစစ်ရပါမည်။

'' ကျမရဲ့မြေကတော့ ၁ ဧက ဘဲရှိပါတယ်။ လိမ္မော်သီးပင် စိုက်ထားတယ်။ အဲ့တာလည်း ပျက်စီးသွားပြီး ငှက်ပျောစိုက်ဖို့လုပ်တဲ့အချိန် လျော်ကြေးလည်း မရဘူး။ တရုတ်သူဌေးတွေကို မြေငှားပေးလိုက်တာက သူငယ်ချင်းတွေ။ ကျမ စစ်ရှောင်စခန်းမှာ မရှိချိန် ငှားပေးလိုက်ကျတယ်။ မြေငှားရမ်းခလည်း သူငယ်ချင်းတွေဘဲ ယူစားလိုက်တယ်။ တရုတ်သူဌေးတွေ မြေဝယ်မြေငှား စာချုပ်ချုပ်တဲ့အချိန် သူတို့ကိုဘဲ တခါတည်း ပေးလိုက်ကြတယ်။ ကျမကတော့ ပိုက်ဆံမရသေးဘူး။ သူငယ်ချင်းတွေဆီသွားတောင်းတာ ၂ ခေါက် ရှိပြီး မရသေးဘူး။ မနှစ်တုန်းက ငှားပေးလိုက်တာ''ဟု ဒေါ်ကော့နောင်ကပြောသည်။

Comments