သန်းနိုင်ဦး ● ကောင်းမွေလက်ဆင့် ကမ်းသူများ

သန်းနိုင်ဦး ● ကောင်းမွေလက်ဆင့် ကမ်းသူများ
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂ဝ၁၉

၂ဝ၁၈ မိုးမခ သြဂုတ်လထုတ်မှ ပြန်လည်ကူးယူဖော်ပြသည်။


မြန်မာ့လူ့အဖွဲ့အစည်းမှာ အမွေပေးသူနဲ့ အမွေလက်ခံသူရယ်လို့ ရှိတယ်။ ကောင်းမွေဖြစ်စေ ဆိုးမွေ ဖြစ်စေ အမွေလက်ခံသူ တွေ ရယူရစမြဲဖြစ်တယ်။  ကျွန်တော်တို့ကို ကောင်းမွေပေးခဲ့ကြသူတွေရှိတယ်။  သူတို့က ကျွန်တော်တို့ထက် လေးငါးဆယ် နှစ်ကြီးတဲ့ အရပ်ထဲက နောင်တော် အမတော်တွေသာဖြစ်တယ်။ သူတို့က အခုဆို အသက် ၄၅-၅ဝတန်းထဲ ရောက်နေကြပြီ။  အကြောင်းတိုက်ဆိုင်လို့ သူတို့အကြောင်းတွေးလိုက်တိုင်း ကျွန်တော့်နှလုံးသွေးတွေ နွေးနွေးထွေးထွေး စီးဆင်းနေမြဲ။ ကြည်နူးခြင်းရသ အပြည့်အဝ ပေးစွမ်းနိုင်စွမ်း ရှိသူတွေလည်းဖြစ်ကြတယ်။

အခုလို မိုးဦးလေဦးကာလတွေရောက်တိုင်း သူတို့ကို အထူးတလည်သတိရမိတယ်။ ရပ်ကွက်လမ်းလေး မိုးရွာလို့ ဗွက်ထတော့ သူတို့ကိုယ်တိုင်မြေတွေတူးသူတူး သယ်သူသယ်နဲ့ လမ်းလေးကောင်းအောင် မြေဖို့ ခဲ့ကြတယ်။ သူတို့ကိုယ်တိုင် ချွေးဒီးဒီးကျအောင် လုပ်ပြီဆိုမှတော့ လူကြီးတွေလည်း မနေသာတော့ပဲ ကျွန်တော်တို့ကို သူတို့နဲ့အတူပါဝင်ကူညီခိုင်းတယ်။ လူကြီးသူမတွေကတော့ လမ်းခင်းရင်ကုသုလ်ရတယ် ဘာညာပြောကြပေမဲ့ ကျွန်တော်တို့ရဲ့ နောင်တော် အမတော်တွေ ကတော့ ဘာမှပြောမနေကြဘူး။  လုပ်စရာရှိတာ သီချင်းလေးတအေးအေးနဲ့ မညီးမငြူ လုပ်ခဲ့ကြတယ်။

ရပ်ကွက်ထဲက မြေကွက်လပ်မှာ ကစားဖို့လုပ်ကြတော့ မြေညှိမြေဖို့ကြတော့လည်း သူတို့ပဲ။  အဲဒီကွင်းလေးမှာပဲ ညနေရောက်တိုင်းပိုက်ကျော်ခြင်းခတ်ကြ ကြက်တောင်ရိုက်ကြ ကစားခဲ့ကြတယ်။  ကြက်တောင်ကွင်းကလည်း တစ်ရပ်ကွက်လုံးမှာ ဒီတစ်ကွင်းသာရှိတယ်။ သူတို့ကစားလို့ပြီးတဲ့အခါ ကျွန်တော်တို့ကလေးတသိုက် သူတို့ ရက်ကက်တွေခဏငှားပြီး ရိုက်ခဲ့ကြ တယ်။ (အခုမှသာ ရက်ကက်လို့ ခေါ်ရမှန်းသိတာ။ ငယ်ငယ်ကတော့ ဘတ်တန်လို့ အလွယ်ခေါ်ခဲ့ကြတာပဲ။) ဘက်တန် ကလည်း နှစ်ချောင်းထဲရှိတာမို့ ကစားချင်တဲ့သူက ပိုင်ရှင်ဆီမှာ ခဏငှားပြီးဆော့ကြရတယ်။

ဘောလုံးတွေဘာတွေ ခတ်ကစားတော့လည်း မြို့နယ်အဆင့်မှာ ဆုဖလားတွေ ဒိုင်းတွေရအောင် ကန်နိုင်ကြသူတွေဖြစ်တယ်။  မိတ်ဆွေတို့ ကျွန်တော်ပြောရင် ခင်ဗျားတို့ ယုံလိုက်ပါ။  ရပ်ကွက် ဘောလုံး အသင်းကို ဆုဖလားရအောင် ယူနိုင်ခဲ့တဲ့ သူတို့မှာ ကိုယ်ပိုင်ဘောလုံးမရှိဖူးဘူး။ ကျွန်တော်တို့ ကလေးတွေ ကန်တဲ့ သံပုရာခြမ်းဘောလုံးတို့ မှော်ဘီဘောလုံးတို့နဲ့ သူတို့ ခဏတဖြုတ်လောက် လေ့ကျင့်ခွင့်ရခဲ့ကြတာ။  တကယ့်ပြိုင်ပွဲမှာတော့ မာဒေးကားတို့ ကြိုးချုပ်တို့ ဘောလုံးတွေနဲ့ ကန်ကြရတယ်။ (သံပုရာခြမ်းဘောလုံးက အလတ်စားဘောလုံးဖြစ်ပြီး အနီရောင် အစိမ်းရောင် လိမ္မော်ရောင်တွေဆိုပြီး လာတယ်။  မှော်ဘီဘောလုံး ကတော့ အခုပြိုင်ပွဲမှာကစားတဲ့ ဘောလုံးအရွယ်ဖြစ်ပေမဲ့ ရာဘာသားပါးတယ်။ ) လေ့ကျင့်တယ် ဆိုလို့လည်း အထင်မကြီးစေချင်ဘူး။ အလုပ်အားချိန်တွေမှာ နီးရာဘုန်းတော်ကြီးကျောင်းတွေက ကွက်လပ်ကျယ်တွေမှာ သွားကစားကြတာပဲရှိတယ်။ လေ့ကျင့်ချိန်မှာလည်း ခြေနင်းတွေဘာတွေ စီးတဲ့သူတောင် သိပ်မရှိဘူး။  အင်းဂ်လပ်တို့ ဒူးစွပ်တို့စွပ်ပြီး အကောင်းလုပ်ကစားခဲ့ရတယ်။ လေ့ကျင့်ချိန်မှာ ဂျာစီရယ်လို့လည်း ကောင်းကောင်းကန်းကန်း ဝတ်စရာရှိတာ မဟုတ်ဘူး။  စွပ်ကျယ်အင်္ကျီနဲ့ ပုဆိုးခါးတောင်းကျိုက်ပြီး ကန်ခဲ့ကြသူတွေဖြစ်တယ်။ သူတို့ ဘောလုံးကန်တဲ့အကြောင်း တွေးမိတိုင်း ရယ်စရာလည်းကောင်း၊ လွမ်းစရာလည်းကောင်း သနားစရာလည်းကောင်းရဲ့။ မြို့နယ်ဘောလုံးပြိုင်ပွဲမှာ ပြိုင်ပွဲ ဝင်တုံးက ရလာတဲ့ ဂျာစီအင်္ကျီလေး တရိုတသေ ဝတ်လာတတ်တဲ့သူတို့ပုံရိပ်တွေ အခုချိန်ထိ မျက်လုံးထဲမှာ စွဲမှတ်နေတုံး။ တကယ်တော့ အဲဒီတုံးက ဂျာစီဆိုတာကလည်း တံဆိပ်ရိုက်ဆိုင်က ဈေးထည်အဆင့် ဂျာစီတွေသာဖြစ်ပါတယ်။

သူတို့တွေလူပျိုပေါက် အပျိုပေါက်အရွယ် ရပ်ကွက်ထဲက ကစားကွင်းလေးထဲမှာ ညနေတိုင်း ကစားကြတယ်။ အထူးသဖြင့် ထုတ်စည်းထိုး၊ရွှေစွန်ညို၊ ရွှေတံခါးကြီးဖွင့်ပါဦး၊တူတူပုန်း၊ လေယာဉ်ပျံရှပ်ဒိုး စတဲ့ကစားနည်းတွေ ဗြောင်းဆန်အောင်ဆော့ကြတာများတယ်။  အဲဒီလို သူတို့ကစားနေချိန် ကျွန်တော်တို့ ကလေးတသိုက် ရောက်သွားရင် သူတို့နဲ့အတူ လက်ရေတပြင် တည်း ပါဝင်ကစားခွင့်ပေးတယ်။ ကျွန်တော်တို့က ငယ်လွန်းတဲ့အရွယ်မို့ လိုင်စင်ရကစားသမားအဖြစ် ကစားခွင့်မရပေမဲ့ ခွေးဝင်စား (ရေဘော်စာ)အဖြစ် ကျွန်တော်တို့ ကလေးတသိုက်ကိုသူတို့ကစားဝိုင်းမှာ ပါဝင်ခွင့်ပေးတယ်။  ခွေးဝင်စားဖြစ်ပေမဲ့ ကျွန်တော်တို့ကို မပစ်ပယ်ပဲ တန်းတူရည်တူ ကစားခွင့်ပေးခဲ့တယ်။  သူတို့ကျေးဇူးကြောင့် ကျွန်တော်တို့မှာ မြန်မာ့ရိုးရာ ကစားနည်းတွေနဲ့ လက်ပွန်းတတီး ထိတွေ့ခွင့်ရခဲ့တယ်။

ကျွန်တော်တို့ လူပျိုပေါက် ရောက်ချိန်မှာတော့ နောက်မျိုးဆက်ကို လက်တွဲခေါ်ယူဖို့ မေ့လျော့ခဲ့တယ်။  ကျွန်တော်တို့ မျိုးဆက်က အတ္တကြီးသူတွေပီပီ ကိုယ့်ပျော်ရွှင်မှုကို နောက်မျိုးဆက် ခွဲမပေးခဲ့ကြဘူး။  ဒီအကျိုးဆက်ကို အခုလက်တွေ့ခံစား လာရပြီ။  မြန်မာ့ရိုးရာ ကစားနည်းတွေ ကစားမဲ့သူတွေ မရှိသလောက် နည်းလာပြီ။  ကစားရကောင်းမှန်း မသိကြတော့ဘူး။  တကယ်တော့ မြန်မာ့ရိုးရာကစားနည်းတွေက အမိုးအကာအောက် ကစားရတဲ့ အင်ဒိုးကစားနည်းတွေရော ကွင်းပြင်ကျယ်မှာ ကစားရတဲ့အောက်ဒိုး ကစားနည်းတွေပါ များမှများ။  ကစားနည်းတိုင်းမှာ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းတွေရှိကြတယ်။  အုပ်စုဖွဲ့ကစားနည်းတွေက ကိုယ်လက်ကြံ့ခိုင်ရုံသာမကဘူး။  သင်းပင်းစိတ်ဓာတ်နဲ့ စုပေါင်းဆောင်ရွက်တတ်တဲ့ အကျင့် ကောင်းကို ပြုစုပေးရာရောက်တယ်။ ငွေကုန်ကြေးကျလည်း မများသလို အထောက်ကူပြု ကရိယာတွေလည်း မယ်မယ်ရရ မလိုဘူး။ မြန်မာ့ရိုးရာကစားနည်းတွေ အမြန်မှတ်တမ်းတင်ကြရမဲ့အရေး အခုကတည်းက လုပ်ဖို့ကောင်းပြီ။

အခုလက်ရှိကာလမှာပဲ တချို့ကစားနည်းတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေက အရောရော အထွေးထွေးဖြစ်လာနေပြီ။ ရိုးရာကစားနည်းဆိုတာ လူမျိုးတစ်မျိုးရဲ့ ရိုးရာယဉ်ကျေးမှုပဲ မဟုတ်လား။  ဒီအချိန်မှတ်တမ်းမှတ်ရာနဲ့ စနစ်တကျ မှတ်တမ်း တင်နိုင်ခဲ့ရင် အချိန်မီနိုင်သေးရဲ့ အောက်မေ့ရတာပါပဲ။  အခုခေတ်ကလေးငယ်တွေ အီလက်ထရောနစ်ကရိယာတွေနဲ့ ကစားနေရင် အပြစ်တင်မစောလိုက်ပါနဲ့။  သူတို့ကို မြန်မာ့ရိုးရာကစားနည်းတွေနဲ့ ထိတွေ့ယဉ်ပါးအောင် လေ့ကျင့်ပေးဖို့ ပျက်ကွက်ခဲ့ကြတဲ့ ကျွန်တော်တို့မျိုးဆက် (လက်ရှိ အသက် ၄ဝ တန်းတွေ) ကိုသာ အပြစ်တင်လိုက်ကြပါတော့။ အခုတော့ တွေးမိတိုင်း တစစ်စစ်နဲ့ နာကျင်ကိုက်ခဲနေရပြီ။

ရပ်ကွက်သာရေးနာရေးတွေမှာ ကျွန်တော်တို့ရှေ့ကလူတွေ တက်တက်ကြွကြွပါဝင်ခဲ့တာလည်း အမှတ်ရစရာပါပဲ။  အလှူ တွေ မင်္ဂလာဆောင်တွေမှာ အချိုပွဲနဲ့မုန့်ပွဲတွေ ပွဲရှင်ကိုယ်တိုင် မျက်နှာလွဲရ လောက်အောင်အထိ စိတ်ချယုံကြည်ရတယ်။ လဘက်ပွဲကိုတော့ အမကြီးတွေက တာဝန်ယူတယ်။ အပျိုဖိတ် လူပျိုဖိတ်လို့ ရပ်ကွက်တွေမှာ ခေါ်လေ့ရှိပြီး အလှူမင်္ဂလာ ဆောင် မတိုင်မီ လက်ကိုင်ပုဝါလေးနဲ့ဖြစ်ဖြစ် လဘက်ရည်ပန်းကန်လုံးနဲ့ဖြစ်ဖြစ် ဖိတ်ကြားလိုက်ရင် အယုတ် အလတ် အမြတ်မရွေး တာဝန်ကျေအောင် လုပ်ပေးကြတယ်။ အခုတော့ အဲဒီအလေ့အထလည်း ရပ်ကွက်တွေမှာ သိပ်မရှိတော့ပါဘူး။ ပက်ကေ့ခ်ျဆိုတဲ့ ခေါင်းစဉ်အောက်မှာ တူညီဝတ်စုံဝတ် လူငယ်လေးတွေက တာဝန်ယူဆောင်ရွက်သွားကြတာများတယ်။

ရပ်ရေးရွာရေးတင်မက တမျိုးသားလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စတွေမှာလည်း တပ်ဦးမှာ သူတို့ရှိခဲ့ကြတယ်။  ကျွန်တော်တို့ အရပ်ထဲက အစ်ကိုကြီးတစ်ယောက်က တက္ကသိုလ်နောက်ဆုံးနှစ် စာမေးပွဲရဲ့ နောက်ဆုံးရက် ဖြေပြီးချိန်မှာ သူယုံကြည်တဲ့ တော်လှန်ရေးလမ်းကြောင်းကို လျှောက်လှမ်းဖို့ ရေခြားမြေခြားကို ထွက်သွားခဲ့တယ်။  အရပ်ထဲက သပိတ်စခန်းကို ဦးဆောင်တာလည်း သူတို့ပဲ။ သပိတ်စခန်းရှေ့က ကြော်ငြာ သင်ပုန်းမှာ အရေးတော်ပုံနဲ့ပတ်သက်တဲ့ သတင်းတွေ ဆောင်းပါးတွေ ကာတွန်းတွေကိုလည်း နီပြာတံတွေ အသုံးပြုလို့ လက်ဝဲစာလုံးတွေနဲ့ ပုံဖော်ခဲ့ကြတယ်။  တစ်ကွက် ကာတွန်းတွေတောင် ပါလိုက်သေးတယ်။  ခေတ်ပြောင်း စနစ်ပြောင်းမှာ မောင်းသံတဒူဒူပေးပြီး ဒေါင်းအလံတလူလူ လွှင့် နေကြသူတွေကို တွေ့ရတော့ သူတို့ကို ပိုလို့တောင်သတိရမိသေးတယ်။

သူတို့ဟာ အနုပညာနဲ့ဒုံးဝေးသူတွေမဟုတ်ကြောင်း ကျွန်တော်ရဲရဲကြီး အာမခံရဲပါတယ်။  ရာသီဥတု သာသာယာယာရှိတဲ့ ညချမ်းကာလတွေမှာ ဂစ်တာဒေါင်ဒေါင်ဒင်ဒင်တီးလို့ လွမ်းတေးသီဆို ဟစ်ကြွေးကြတယ်။  သူတို့ဆိုတဲ့သီချင်းအများစုက ခင်မောင်တိုး၊ ကိုနေဝင်း၊ မွန်းအောင်၊ ထူးအိမ်သင်၊ ခိုင်ထူး၊ ကိုင်ဇာ၊ ခင်မောင်ထူး၊ လွှမ်းမိုး၊ ဗစ်တာခင်ညို၊ ကံ့ကော်တော မျိုးအောင် စတဲ့သူတို့ရဲ့ ခေတ်ပြိုင်ခံစားမှုကိုဖော်ပြတဲ့ သီချင်းတွေသာ များတယ်။  သူတို့ဆီက မကြာခဏကြားရတဲ့ သီချင်းက ခင်မောင်တိုးရဲ့ ကြိုးကြာသံ၊ ခွန်အားဖြည့် မိငယ်၊ လွန်ခဲ့သောနေ့၊ မွန်းအောင်ရဲ့ ဘဝဆက်တိုင်းအတူ၊ မိုးလုံးမှိုင်း၊ နှင်းဆက်နဲ့လမ်း၊ ငြိမ်းချမ်းရေးတိုက်ပွဲ၊ ကံ့ကော်တောမျိုးအောင်ရဲ့ အေးမိစံ၊ ဗစ်တာခင်ညိုရဲ့ နွေ၊ ထူးအိမ်သင်ရဲ့ ညီလေးရေ သီချင်းတွေက ကျွန်တော်တို့ အမြဲကြားနေရတဲ့ တေးသီချင်းတွေ။  သူတို့ဆိုတဲ့တေးသီချင်းတွေက သူတို့ဘဝ၊ သူတို့အတိတ်၊ သူတို့အရိပ်တွေ ဖြစ်တယ်။  ပျောက်ဆုံးသွားတဲ့ သူငယ်ချင်းကို တမ်းတတဲ့တေးတွေဖြစ်တယ်။ သူတို့ ယုံကြည်တဲ့ တော် လှန်ရေး အဘိဓမ္မာတွေလို့လည်း ဆိုနိုင်တယ်။

ဝတ်တာစားတာ နေတာထိုင်တာမှလည်း ခြိုးခြံချွေတာကြသူတွေသာဖြစ်တယ်။  ရောင့်ရဲမှုမှာ နေသားကျနေတဲ့သူ တွေဖြစ်တဲ့အပြင် အပိုဆာဒါးတွေလည်း လုပ်လေ့လုပ်ထ မရှိကြဘူး။ အိမ်ဟင်းအိမ်ထမင်း ခုံမင်ကြသူတွေဖြစ်ပြီး ရှိတာလေး နဲ့ အိုးလူးခွက်လူးစားကြတာပါပဲ။  ဗာဟီရလည်း မများကြရှာဘူး။  လဘက်ရည် ကိုတော့ စုံရေမက်ရေကြိုက်ကြတယ်။ လဘက်ရည်ဆိုင်တစ်ခါထိုင် သုံးလေးနာရီကြာအောင်ထိုင်တဲ့ မျိုးဆက်ဟာ သူတို့ပါပဲ။  လဘက်ရည်ဆိုင်တွေက သူတို့မျိုး ဆက်အတွက် တော်လှန်သော အတွေးအခေါ်တွေ ပေါက်ဖွားရာ ဘုံရိပ်သာတွေ ဖြစ်လို့ပါပဲ။ နေပူမိုးရွာမရှောင် လဘက်ရည် ဆိုင်ထိုင်ကြသူတွေ ဖြစ်ကြတယ်။

အဝတ်အစားလည်း ဟော့ဟော့ရမ်းရမ်း ဝတ်တာ မတွေ့ဖူးပါဘူး။ တက်ထရွန်လေး တောင်မြို့ထည်လေး လောက်သာ ဝတ်ခဲ့ကြတာပါပဲ။ သွားစရာ လာစရာ ရှိပါမှ စတစ်ကော်လာ လည်ကတုံးဖြူနဲ့ ရခိုင်လုံခြည်လေး ကောက်ဝတ်ခဲ့ကြသူတွေ သာဖြစ်တယ်။  ဆောင်းတွေအကြိမ်ကြိမ် အလီလီ ဖြတ်သန်းခဲ့ ကြပေမဲ့ ဖရီးဂျက်ကက် လက်ဆင့်ကမ်း ဝတ်ခဲ့ကြသူတွေ သာဖြစ်တယ်။ ရောင့်ရဲတင်းတိမ်ခြင်းဆိုတာ သူတို့အတွက် တီထွင်ခဲ့တဲ့ ဝေါဟာရလား အောက်မေ့ရအောင် တင်းတိမ်ရောင့် ရဲခြင်းမှာ ဂုဏ်ထုးထွက်ခဲ့ကြသူတွေဖြစ်တယ်။

သူတို့မျိုးဆက်က ရပ်ကွက်တိုင်းမှာ အဲဒီလိုပါပဲ။ သမိုင်းမှာ ကမ္ဗည်းရေးထိုးမခံခဲ့ရပေမဲ့ သူတို့ကတော့ ဂရုစိုက်နေမှာ မဟုတ်ဘူး။  အခုလို ကျွန်တော်က သူတို့အကြောင်း တခုတ်တရ ရေးဖွဲ့နေသူဟာ ကျွန်တော်ဆိုတာ သိခဲ့ရင် ကျွန်တော့်ဦး ခေါင်းကဆံပင်တွေထဲ သူတို့လက်ကြမ်းကြီးတွေနဲ့ ထိုးဖွရင်း သူတို့လုပ်ခဲ့တာတွေဟာ ဘာမှမဟုတ်လှတဲ့အကြောင်း ရယ်ကာမောကာ ပြောနေဦးမှာ မြင်ယောင်တယ်။  သူတို့အကြောင်းတွေ တွေးရတာ ကြည်နူးဖို့ကောင်းတယ်။  လောဘ ဒေါသ မောဟ နည်းလှတဲ့ သူတို့မျက်နှာတွေကို မြင်ယောင်ရတာလည်း ပျော်ရွှင်ဖို့ကောင်းတယ်။ သူတို့ ကြီးပြင်းခဲ့တဲ့ ခေတ်ကလည်း သူတို့ကို လောဘ ဒေါသ မောဟ နည်းအောင် ထုဆစ်ပေးခဲ့တယ်။

ကျွန်တော်တို့ရှေ့က မျိုးဆက်ကို တစ်ထွာတစ်ညို ဒီစာတိုနဲ့ ဂုဏ်ပြုပါတယ်။ အစ်ကိုတို့ အမတို့ရဲ့ အနစ်နာခံမှု စွန့်လွှတ်ခဲ့မှု တွေအတွက် ဦးညွှတ်ပါတယ်။ အကိုတို့ အမတို့ရဲ့ ယုံကြည်တဲ့ အဘိဓမ္မာ ခိုင်ကြည်ပါစေ။  အကိုတို့ အမတို့ တော်လှန်ရေး အောင်မြင်ပါစေ။ ကောင်းမွေ လက်ဆင့်ကမ်းသယ်ဆောင်ဖို့ ပျက်ကွက်ခဲ့တဲ့ ခပ်ညံ့ညံ့ ကျွန်တော်တို့ မျိုးဆက်ကို ခွင့်လွှတ် နိုင်ပါစေ။

သန်းနိုင်ဦး

Comments