စိုးခိုင်ညိန်း ● ရေးလို့ မကုန်နိုင် မပြီးနိုင်တဲ့ ကဗျာ

စိုးခိုင်ညိန်း ● ရေးလို့ မကုန်နိုင် မပြီးနိုင်တဲ့ ကဗျာ
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂ဝ၁၉

လူတယောက်အကြောင်းကို ကဗျာတွေ စာတွေ ဖွဲ့နွဲ့ဖို့ ဆိုရန်မှာ ထိုလူတယောက်သည် ကြီးကျယ်ခန်းနား လေးစားအပ်တဲ့ လူတယောက်ဖြစ်ဖို့ လိုအပ်ပါသည်။ ထိုလူတယောက်၏ နိုင်ငံအပေါ်ချစ်စိတ်နှင့် နိုင်ငံအတွက် စွန့်လွတ်အနစ်နာ ခံခြင်းတို့ဖြင့် ရိုးသားဖြောင့်မတ်တည်ကြည် ခြင်းတို့ကို လူအများက လေးစားအားကျဂုဏ်ယူနေဖို့ လိုအပ်ပါသည်။ ထိုလူ တယောက်သည် သူရှင်သန်ရာ ဘဝတလျှောက်၌ သူ၏အနေအထိုင် အပြုအမူလုပ်ရပ်တို့သည် လူအများက လေးစားဂုဏ်ယူ ဖွယ်ရာဖြစ်နေဖို့ လိုသည်။ ဆိုခဲ့ပြီးသည့် အတိုင်း စာတွေ ကဗျာတွေ မြောက်များစွာဖြင့် ဖွဲ့နွဲ့ ရေးသားခံရသော သူမှာ ကျွန်တော်တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်ပါသည်။ သူ့အကြောင်းကို စာရေးဆရာများစွာက ရေးသားဖွဲ့နွဲ့ကြ သည်။ တယောက်တမျိုး မရိုးအောင်ပင် သူ၏ ကောင်းမွန်သော လုပ်ရပ်တို့က များပြားလှသည်။

ကဗျာဆရာတွေအများစုကလည်း ဗိုလ်ချုပ်အကြောင်းကို ရေးသားဂုဏ်ပြု ဖွဲ့နွဲ့ကြလေသည်။ ကဗျာတွေများပေမဲ့ အကြောင်းအရာက ထပ်မသွား၊ ရိုးအီမသွား၊ အားလုံးက အသစ်သစ်တွေချည်းပဲ ဖြစ်သည်။ အဖွဲ့အစည်းတချို့က ဗိုလ်ချုပ်ကဗျာ စုပေါင်းထုတ်ဝေသည်။ ကဗျာဆရာအချို့ကလည်း ဗိုလ်ချုပ်ရာပြည့်အမှတ်တရ ကဗျာစုပေါင်း ထုတ်ဝေကြတာတွေလည်း ရှိသည်။ မိမိသည်လည်း ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ ကဗျာ သုံး လေး ပုဒ်ကို ကိုယ်စွမ်းသလောက်  ရေးသားခဲ့သေးသည်။ မြောက်များစွာသော ဗိုလ်ချုပ်ကဗျာတွေ ဖတ်ရပေမဲ့ မိမိအဖို့တော့ ရိုးအီမသွားပါ။ ကဗျာတွေ ဖတ်တိုင်းဖတ်တိုင်း ဗိုလ်ချုပ်ကို လေးစားအားကျစိတ်သာ ဖြစ်ရပါသည်။

ပြီးခဲ့တဲ့နှစ်လေးငါးနှစ်လောက်က ဟိန်း ၏ ဗိုလ်ချုပ်ကဗျာကတော့ လူထုအကြား အတော်လေး ပေါက်သွားပါသည်။ အဲဒီကဗျာကို ဖေစ်ဘုတ်စာမျက်နှာ စဖတ်ခဲ့ရပေမဲ့ ရေးတဲ့သူကို မသိခဲ့ရပါ။ နောက်ပိုင်း စာမျက်နှာတွေရောက်မှ ရေးသူ ဟိန်း ဆိုတာ သိခဲ့ရခြင်းဖြစ်သည်။ သူ့ကဗျာသည် ဗိုလ်ချုပ်အထုပ္ပတ္တိ ကဗျာလို့တောင် ဆိုလို့ရနိုင်မည် ထင်သည်။ သူ့ကဗျာထဲတွင် ဗိုလ်ချုပ်ဖြတ်သန်းခဲ့သော နှစ်များတွင် ဗိုလ်ချုပ်၏ကိုယ်တွေ့ လုပ်ရပ်အဖြစ်အပျက် များစွာကို အသေးစိပ်ရေးဖွဲ့ထားလေသည်။ ဖတ်မဝလေသော ကဗျာတပုဒ်ဟု ဆိုရပါမည်။

ကဗျာဆရာ ခရမ်းပြာထက်လူ သည်လည်း ဗိုလ်ချုပ်အကြောင်း ကဗျာကို တစိုက်မတ်မတ် အံ့မခန်း ရေးဖွဲ့နိုင်သူ တယောက်ဖြစ်သည်။ သူ၏ ဗိုလ်ချုပ်အောင်ဆန်း ပြန်လာပြီ  ကဗျာကို မိမိ သိပ်ကြိုက်နှစ်သက်ခဲ့တာဖြစ်သည်။ ဒီနေရာမှာ သူ့ကဗျာကို ရေးပြချင်ပေမဲ့ ကဗျာကအနည်းငယ်ရှည်တဲ့အတွက်ကြောင့် ချန်ခဲ့ရပါသည်။ တလောက ကိစ္စတခုနဲ့ ဆရာခရမ်းပြာထက်လူနဲ့တွေ့ဖို့ ပဲခူးကို ရောက်သွားပါသေးသည်။ သူနဲ့ အတော်ကြာအောင် ကဗျာအကြောင်း စာအကြောင်းတွေ ပြောဖြစ်ပါသည်။ ဗိုလ်ချုပ်ကဗျာနဲ့ ပါတ်သက်၍ သူက အခုလို ပြောပါသည်။ "ဗိုလ်ချုပ်အကြောင်းက ကိုယ်ထဲအမြဲတမ်းပူးဝင်ပြီး နီးကပ်နေတာ ဘယ်အချိန်ထရေးရေး ရတယ်။ ကိုယ်က သူ့ကို သိပ်လေးစားပြီး သိပ်အထင်ကြီးနေခဲ့တာလေ။ သူနဲ့ပါတ်သက်ရင် အမြဲတမ်း သွေးကစီးဆင်းနေတာ။ အာဖရိက လူမည်းခေါင်းဆောင် မင်းဒဲလား အကြောင်း ကဗျာတပုဒ်လောက် ရေးသင့်တာပဲ။ ဒါပေမဲ့ ကိုယ်ရေးလို့မရဘူး။ ကိုယ်နဲ့ အလှမ်းကွာနေတယ်။ စီးဝင်မှုမရှိဘူး။ အဲ ဗိုလ်ချုပ်နဲ့ ပါတ်သက်ရင်တော့ ကိုယ်က အမြဲတမ်းရယ်ဒီပဲ"။ ဟုတ်ပါသည် ဗိုလ်ချုပ်နဲ့ ပါတ်သက်လျှင် ကျွန်တော်တို့ အမြဲတမ်း သွေးဆူခဲ့ကြပါသည်။ တကယ်တော့လည်း ဗိုလ်ချုပ်က ရေးလို့မဆုံးနိုင်တဲ့ မဟာ ကဗျာရှည်တပုဒ်ပဲ ဖြစ်ပါသည်။

ဗိုလ်ချုပ်ကဗျာတွေထဲက နောက်ထပ် လူကြိုက်များခဲ့သော ကဗျာတပုဒ်ကို ထုတ်ပြချင်ပါသည်။ ရေးတဲ့ ကဗျာဆရာက ဗိုလ်ချုပ်မွေးဖွါးခဲ့တဲ့ နတ်မောက်သား ကဗျာဆရာ။ ကဗျာဆရာက ဗိုလ်ချုပ်နဲ့ မွေးရပ်အတူတူဆိုတော့ ဗိုလ်ချုပ်နဲ့ ပိုပြီးသွေးနီးခဲ့ပေလိမ့်မပေါ့။ သူကတော့ ကဗျာဆရာ ဆောင်းဝေ (နတ်မောက်) ပဲဖြစ်ပါသည်။  ကဗျာဆရာ ဆောင်းဝေ (နတ်မောက်) ရဲ့ နင့်ကို နတ်မောက် ပြန်လာခဲ့ဖို့ ဆိုတဲ့ ကဗျာကို အပြည့်အစုံ ဖော်ပြလိုက်ပါတယ်။

နင့်ကို နတ်မောက်ပြန်လာခဲ့ဖို့

လာပြီ နောက်တယောက်
အနော်ရထာပြီးတော့ နောက်တယောက်
ဦးအောင်ဇေယျပြီးတော့ နောက်တယောက်
ကမ္ဘာကြီးကို ရွှေ့ပစ်မဲ့ နောက်တယောက်
ကိုယ်ယောင်ဖျောက်ပြီးလာတယ်
နတ်မောက်ကနေ တက်လာတယ်။

လာပြီ နောက်တယောက်
ခေါင်းမဖြီးပဲထားတယ်၊ တွေဝေတယ်
အသားညိုတယ်၊ အသားမရှိဘူး
စာဖတ်တယ်၊ ဦးနှောက်ခြောက်တယ်၊ ကျောင်းထုတ်ခံရတယ်
ရိုးသားလွန်းတော့ အရိုးပဲမြင်ရတယ်
သူ့လွတ်လပ်ရေးဆာလောင်မှုက
ထိတာနဲ့ ပြာကျသွားတော့မဲ့အတိုင်း။

လာပြီ နောက်တယောက်
ရုပ်ဖျက်တယ်၊ ဂျပန်ကိုခေါ်လာတယ်
အင်္ဂလိပ်ကိုမောင်းထုတ်တယ်၊ ဂျပန်ကိုပြန်တိုက်တယ်
ငြိမ်းချမ်းရေးဟာ အသက်ထရှင်တယ်
အအိပ်နည်းတယ်၊ အစားနည်းတယ်၊ ပျော်ရွှင်မှုနည်းတယ်
သုံးဆယ့်နှစ်နှစ်ထိ သူ မပျော်ရွှင်ခဲ့သမျှ
သူပျော်ရွှင်ရမဲ့အချိန် သူမရှိတော့ဘူ။

လာပြီ နောက်တယောက်
စီးကျနေတယ်
ပျားအုံထဲက ပျားရည်တွေစီးကျနေသလို သူ့ရိုးသားမှုဟာ

စီးကျနေတယ်
နေရူးရဲ့ ကုတ်အကျီထဲက စီးကျနေတယ်
အမှောင်မှာ လရောင်တွေစီးကျနေသလို သူ့အနာဟာ

စီးကျနေတယ်
အက်တလီရဲ့ စာချုပ်ဆီက စီးကျနေတယ်
ပင်လုံညီလာခံကနေ စီးကျနေတယ်

လူငယ်ဆိုပေမဲ့ တခုခုနဲ့ လေးလံနေတဲ့ သူ့ဆီက
တခုခုဟာ စီးကနေတယ်

သူ့စီးကျမှုကြောင့် နောက်လူတို့လွတ်မြောက်ကြောင်းပင်လယ်ဆီ
သူမရှိတော့ပေမဲ့ ခုထိသူ့အကြောင်းဟာ စီးကျနေတယ်။

သူဟာ သူမချစ်တဲ့သူတွေကို စူးတဲ့ ဆူးတချောင်းပါ
သူဟာ သူမုန်းတဲ့သူတွေကို ပေါက်ကွဲတဲ့ ဗုံးတလုံးပါ
တကယ်တော့ သူဟာ ချစ်တတ်တဲ့သူပါ
သူဟာ မမုန်းတတ်တဲ့သူပါ။

ထောင့်ကိုးရာလေးဆယ့်ခုနှစ် ဇူလိုင်ဆယ့်ကိုး
အရိုးပဲရှိတဲ သူ့အလောင်း သူ့အမေက ကြည့်ပြီးငေါက်တယ်
"နင့်ကို နတ်မောက်ပြန်လာခဲ့ဖို့ ပြောထားရဲ့သားနဲ့"
ငဲ့ကြည့်တော့ ကြွေသွားတဲ့ခရေပွင့်လေးဟာလည်း မွှေးတာပါပဲ
သတ်လို့မသေတဲ့ သမိုင်းဟာလည်း သူ့အကြောင်းရေးထားတာပါပဲ
အဲဒီနောက် သူ နတ်မောက် ပြန်မသွားနိုင်ခဲ့ဘူး။
လာပြီ နောက်တယောက်။

ဆောင်းဝေ (နတ်မောက်)

ကဗျာကို ဖတ်ပြီး ဗိုလ်ချုပ်ကို လေးစားအားကျ အထင်ကြီးစိတ်တွေ တဖွါးဖွါးဖြစ်ရသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခဲ့ရသော ဗိုလ်ချုပ်အတွက် စုတ်တသပ်သပ်နဲ့ ဝမ်းနည်း ပက်လက်ဖြစ်ရသည်။ အမျိုးသားရေး စိတ်ဓါတ်များလည်း စိတ်အားထက်သန်လာပါသည်။

ပြီးခဲ့တဲ့ နှစ်ပါတ်ကျော်လောက်က ရေစကြိုမြို့လေးမှာ နေတဲ့ အသိသူငယ်ချင်းတယောက်က ကျွန်တော်ဆီ ဖုန်းဆက်ပြီး ပြောပါသည်။ သူတို့ ရေစကြိုမြို့မှာ ကျင်းပတဲ့ စာပေဟောပြောပွဲ အကြောင်းဖြစ်ပါသည်။ အဲဒီဟောပြောပွဲမှာ ဆရာဗေလုဝက ကျွန်တော်ရေးပြီး ဂျာနယ်တဆောင်မှာ ပါခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအမည်ရတဲ့ ကဗျာကို ထည့်ရွတ်သွားလေသည်တဲ့။ ကြားကြားချင်းမှာ ကျွန်တော့်မှာ အတော်လေး ကြည်နူးဝမ်းမြောက်သွားပါသည်။ ကိုယ့်ကဗျာကို လူထုပရိတ်သတ်ရှေ့မှာ ကိုယ်နဲ့ မသိတဲ့ လူတယောက်က ရွတ်ဖတ်သွားတာဆိုတော့ ဗိုလ်ချုပ်အကြောင်း ရေးမိတဲ့ မိမိအနေနဲ့ ကျေနပ်နှစ်သက်ခြင်း ဖြစ်ရပါသည်။ ဗိုလ်ချုပ်အကြောင်းရေးထားတဲ့ ကဗျာဆိုတော့ လူတိုင်းက ဖတ်ချင်ပေမည်။ လူတိုင်းက ကြားချင်ပေမည်။ တကယ်တော့ ဗိုလ်ချုပ်က ဖတ်မဆုံးနိုင်တဲ့ကဗျာရှည်တပုဒ်။ ကျွန်တော်တို့ ရေးလို့မဆုံးနိုင်တဲ့ မဟာကဗျာရှည်တပုဒ်။ ဗိုလ်ချုပ်နဲ့ ပါတ်သက်ရင် ကျွန်တော်တို့မှာ တွေးစရာတွေက တပုံကြီး၊ ရယူစရာတွေက အများသား၊ အံ့သြစရာတွေက မနည်းမနော မဟုတ်ပါလား။ ။

စိုးခိုင်ညိန်း

Comments