မြဇင်ယော် ● မုန်တိုင်းနောက်ကွယ်က ငှက်ငယ်များ

မြဇင်ယော် ● မုန်တိုင်းနောက်ကွယ်က ငှက်ငယ်များ
(မိုးမခ) မတ်လ ၅၊ ၂၀၁၉

(၁)
နေဝင်သွားလေပြီ။ အိမ်အပြန်နောက်ကျမှာ စိုးရိမ်နေသော မောင်မြင့်လွင်သည် ဖုန်ပေနေသော လက်နှစ်ဖက်ကို ပြန်ကာ လှန်ကာ ခါပြီး ရေးကြီးသုတ်ပျာနှင့် အိမ်သို့ ပြန်ပြေးလာခဲ့လေသည်။ မမှောင်ခင် ပြန်မရောက်ခဲ့လျှင် ဖခင်ဖြစ်သူ၏ ကြိမ်း မောင်းရိုက်ပုတ်ခြင်းကို ခံရလိမ့်မည်။ စိတ်ကစောနေလေရာ သွားနေကျလမ်းပေါ်တွင် ခလုတ်တိုက်၍ ဟပ်ထိုးလဲကျလေ သည်။ ရင်ဘတ်အနည်းငယ် အောင့်သွားသည့်အပြင် ခြေမအသားလန်သွားပြီး သွေးများထွက်လာလေသည်။ သို့သော် မသုတ်အားသေးဘဲ အိမ်သို့သာ မြန်မြန်ရောက်ချင်နေမိသည်။ ခြံဝိုင်းထဲသို့အဝင်တွင် ဖခင်က မိခင်အား ခြေထောက်င့်နှင်မ့် လှိမ့်၍လှိမ့်၍ ကန်နေသည်ကို မြင်တွေ့လိုက်ရလေရာ သူ့ခြေလှမ်းများတုံ့သွားပြီး ရင်မှာတဒိန်းဒိန်း ခုန်လာလေသည်။ ကြောက်ရွံ့စိတ်၊ အားငယ်စိတ်၊ ဝမ်းနည်းစိတ်များ ဖြစ်ပေါ်လာပြီး မိခင်ဖြစ်သူအား ကြီးစွာသနားမိလေသည်။ မိခင်၏နှုတ်မှ တောင်းပန်သံ၊ အသနားခံသံများကိုလည်း မသဲမကွဲ ကြားနေရသေးသည်။ ဖခင်သည် ဘာ့ကြောင့်စိတ်ဆိုးနေသည်ကို မသိရဘဲ မောင်မြင့်လွင်ရပ်ကြည့်နေဆဲမှာပင် မိခင်ကို အိမ်ဦးကြမ်းပြင်မှ ''ဝုန်းခနဲ'' ကန်ချလိုက်လေသည်။ မြေကြီးပေါ် ပုံလျက်သားကျနေသော မိခင်ကို မောင်မြင့်လွင် သွား၍မထူရဲ၊ ရပ်နေသော နေရာမှလည်း မရွေ့ရဲပေ။ သူ့ကို တွေ့သွားလျှင် ဖခင်ကြီး၏ဒေါသက သူ့အပေါ် ပုံကျလာပေလိမ့်မည်။ တွေးရုံနှင့်ပင် ကြောက်ဒူးများတုန်၍ သူ့ကို မမြင်စေဖို့သာ ဆုတောင်းမိ လေသည်။ မောင်မြင့်လွင်သည် နဂိုကတည်းက ဖခင်ကို ကြောက်ရွံ့နာကျည်းပြီး မိခင်ကို သနားနေခဲ့လေရာ၊ ယခုကဲ့သို့ မိခင်ကို ရက်ရက်စက်စက် အိမ်ပေါ်မှ ကန်ချလိုက်သောအခါ ဖခင်အပေါ် ပို၍နာကျည်းမိလေသည်။

ဖခင်သည် နံနက်မိုးလင်းလျှင် အရက်နှင့်မျက်နှာသစ်၍ ညရောက်သည်အထိ အရက်ကို ရေသောက်သလို သောက်လေ့ရှိ သည်။ သူလိုချင်သော အမြည်းမရလျှင်၊ သူသောက်ချင်သောအချိန် မသောက်ရလျှင် အကြောင်းအမျိုးမျိုးရှာ၍ မိခင်ကို နှိပ် စက်တတ်သည်။ မိခင်ခမျာမှာ နံနက်မိုးလင်းကတည်းက သားနှင့်ယောက်ျားဖို့ ချက်ပြုတ်လျှော်ဖွပ်ရသည့်အပြင် စားသောက် ဖို့လည်း ရှာဖွေပေးရသေးသည်။ မောင်မြင့်လွင်သည် မိခင်ကို ''ဘယ်လိုကူညီရမလဲ'' ဟုသာ အချိန်တိုင်း စဉ်းစားနေမိသည်။ အိမ်အလုပ်များကိုလည်း သူလုပ်တတ်သလောက် ကူညီပေးသည်။ နေ့စဉ်သာ ဤသို့နှိပ်စက်ခံနေရလျှင် ''မကြာခင် မိခင် သေသွားမလား'' ဟုတွေးရင်း ပူပန်မိသေးသည်။ ဖခင်ကို မုန်းလိုက်သည်မှာလည်း ဆိုဖွယ်ရာ မရှိတော့ချေ။ မိခင်ဖြစ်သူအား ''တဖုန်းဖုန်း'' နှင့် ပါးနားရိုက်နေစဉ်ကဆိုလျှင် ဖခင်ကြီးကို ကျောက်ငရုတ်ဆုံ၏ ကျည်ပွေ့နှင့်ပင် နောက်ကနေ ရိုက်ပစ်မည် ဟု စိတ်ရိုင်းဝင်မိသေးသည်။ သို့သော် ''အဖေ'' ဟူသောအသိက နောက်တွန့်သွားစေသည်။ တတ်နိုင်လျှင် ဖခင်အား အိမ် တွင်မနေစေချင်ဘဲ သူ့မယားငယ်များ၏အိမ်သို့သာ သွား၍နေစေချင်သည်။ ဖခင်သည် မောင်မြင့်လွင်၏မိခင်အပြင် နောက် ထပ် မယားနှစ်ယောက်ကို ထပ်မံယူထားသေးသည်။ မိခင်ဖြစ်သူနှင့် တလ ကိုးသတင်းလာနေလိုက်၊ မယားငယ်တွေ အိမ် အလှည့်ကျသွားနေလိုက်နှင့် အချိန်ကိုကုန်ဆုံးစေလေသည်။ ဖခင်မရှိသောနေ့များတွင် မောင်မြင့်လွင်တို့အိမ် အေးချမ်းလှ ဘိခြင်း။ ခက်သည်က ဖခင်သည် သူ့အပေါ်အနွံတာအခံဆုံးဖြစ်သော မောင်မြင့်လွင်၏မိခင်နှင့်သာ အချိန်အများဆုံး နေ ထိုင်လေသည်။ ဖြစ်နိုင်လျှင် မိခင်ဖြစ်သူအား ''အမေရယ် ဒီလူကြီးကို လက်မခံတော့ပါနဲ့၊ ကျွန်တော်တို့သားအမိနှစ်ယောက် ဖြစ်သလို လုပ်ကိုင်စားသောက်ကြရအောင်ပါ'' ဟု ပြောလိုက်ချင်သည်။ သို့သော်လည်း ဖခင်မရှိသည့်နေ့များတွင် တစုံတရာ ကို စိုးရိမ်သောကရောက်နေဟန်တူသောမိခင်သည် ဖခင်ပြန်ရောက်လာတော့မှ ထိုစိုးရိမ်နေခဲ့သော တစုံတရာကို စိတ်ချ သွားပုံရလေသည်။ ထိုအခါ မောင်မြင့်လွင် မပြောရက်တော့။ ဖခင်နှင့်ကင်းပြီးမနေနိုင်သော မိခင်ကိုသာ တိုး၍ သနားမိလေ သည်။ မြန်မြန်သာ လူကြီးဖြစ်လိုက်ချင်သည်။ မိခင်ကို လုပ်ကျွေးချင်သည်။ ကိုယ်ပိုင်လယ်မြေမရှိသော်လည်း သူရင်းငှားလုပ် ၍ ကျွေးနိုင်ပေမည်။ အမေစိုးရိမ်နေသော တစုံတရာကိုလည်း အကာအကွယ်ပေးချင်သည်။ ဖခင်မရှိဘဲ ဖခင်၏ဒုက္ခ မခံ စေရဘဲ မိခင်ကို သက်သောင့်သက်သာလေး နေစေချင်သည်။ ယခု လောလောဆယ်တွင်မူ မောင်မြင့်လွင် တတ်နိုင်သည်က ညစဉ် အိပ်ရာဝင် ဘုရားရှိခိုးပြီးတိုင်း ''မနက်ဖြန်ရောက်လျှင် အမေ အရိုက်မခံရပါစေနှင့်'' ဟု ဆုတောင်းရုံသာ ဖြစ်လေသည်။
★ ★ ★

ညကိုးနာရီတွင် ဆရာမပြန်သွားလေပြီ။ ယခုမှသာ မောင်သက်နိုင် ''ဟင်း'' ခနဲ သက်ပြင်းချနိုင်တော့သည်။ ညစဉ် ဆရာမပြန် သွားတိုင်း ''အိပ်ရတော့မည်'' ဟူသောအသိကြောင့် ခုန်ပေါက်မတတ်ပျော်သည်။ မိခင်ဖြစ်သူဆီသွားပြီး အိပ်တော့မည်ဟု တွေးနေစဉ် ''ဟေ့ကောင်သက်နိုင် ထွက်ခဲ့စမ်း၊ မင်း ဘယ်ချောင်ကပ်နေတာလဲ၊ ငါ့ဖို့ ပုလင်းနဲ့ခွက်ယူခဲ့စမ်း'' ဝေါခနဲ ကားဆိုက်သံနှင့်အတူ ဖခင်၏အသံက မိုးခြိမ်းသံလို ထွက်ပေါ်လာလေသည်။ မောင်သက်နိုင် မလှုပ်ရဲတော့ပေ။ စောစော တုန်းက အပျော်လေး ဘယ်ရောက်သွားသည်မသိ။ ကြောက်ရွံ့စိတ်များသာ လွှမ်းမိုးနေသည်။

''ရှင် အပြင်ကသောက်လာရင် အေးအေးဆေးဆေးနေ၊ ကျွန်မတို့သားအမိကို ဒုက္ခမပေးနဲ့၊ ရှင့်ဖာသာရှင် မူးလာရင် သွားအိပ် ချေ၊ မအိပ်ချင်သေးလို့ သောက်ချင်သေးရင်လည်း ကျွန်မသားကိုတော့ အယူမခိုင်းနဲ့၊ ကျွန်မသားလေး ရှင့်လိုဖြစ်သွားမှာ အကြောက်ဆုံးပဲ''

မောင်သက်နိုင်သည် မိခင်၏အသံကြောင့် အားရှိလာပြီး အကြောက်ပြေသွားသော်လည်း ဒူးများကတော့တုန်နေဆဲ။ သူ စိတ်အညစ်ရဆုံး ၊ မရောက်ချင်ဆုံးသောအချိန်ကို ရောက်လာခဲ့လေပြီ။

''ဘာပြောတယ်ကွ! ငါက ဘာဖြစ်နေလို့လဲ၊ ဒီမိန်းမ တော်တော်လူပါးဝတယ်၊ ငါ့လိုကောင်မျိုးရထားတာပဲ မင်း ကံကောင်း တယ်မှတ်ကွ''

''ချလွမ် --- ချွမ်း --- ခွမ်း ---''

ဧည့်ခန်းထဲရှိ စားပွဲပေါ်မှ ပန်းအိုးများ ကော်ဖီပန်းကန်များ အားလုံးကို ပေါက်ခွဲပစ်လေပြီ။ ထို့နောက်တွင် မိခင်၏ ရန်တွေ့သံ၊ ဖခင်၏ ကြိမ်းမောင်းသံများ ဆူညံဝေစည်လာတော့သည်။ မောင်သက်နိုင်အတွက်တော့ ဤမြင်ကွင်းမှာ ညစဉ်လိုလို မြင် တွေ့နေရသော ဇာတ်ဝင်ခန်းတခုဟုပင် ဆိုနိုင်လေသည်။ မိခင်ဖခင်တို့၏ရန်ပွဲမှာ တခါတလေ ပါးစပ်ဆိုင်းတီးရုံဖြင့် ပြီးသွား တတ်ကြသော်လည်း တခါတလေတွင် ဘီလူးဆိုင်း တီးတတ်ကြလေသည်။ မောင်သက်နိုင်၏ဖခင်သည် ဇနီးနှင့် ရန်ဖြစ်တိုင်း အိမ်တွင်ရှိသမျှ ပန်းကန်ခွက်ယောက်များကို စိတ်ရှိလက်ရှိ ရိုက်ခွဲပစ်တတ်သည်။ ခွဲစရာကုန်မှသာ ရန်ပွဲသိမ်းတတ်သည်။

နောက်တနေ့ရောက်သောအခါ ဖခင်ဖြစ်သူ ဖြုန်းတီးပစ်သမျှ အိုးခွက်ပန်းကန်များကို မိခင်ဖြစ်သူက ပြန်လည်ဝယ်ယူရလေ သည်။ ဤနည်းဖြင့် မောင်သက်နိုင်တို့မိသားစု သံသရာလည်နေတော့သည်။ ဌာနဆိုင်ရာ အရာရှိဖြစ်သော မောင်သက်နိုင်၏ ဖခင်သည် ဝင်ငွေကောင်းသည်နှင့်အမျှ သောက်စားပျော်ပါးကာ အရာရှိစည်းစိမ်ကို အပြည့်အဝခံစားလေသည်။ တခါတရံ ဆံပင်နီနီ၊ ဆံပင်ဝါဝါ၊ မောင်သက်နိုင် မခေါ်တတ်သော ဆံပင်အရောင်နှင့် မိန်းကလေးများကိုလည်း အိမ်ခေါ်လာတတ်သေးရာ၊ ထိုအခါမျိုးတွင် မိခင်ဖြစ်သူက ယမ်းပုံမီးကျ ဒေါထလေတော့သည်။ နှစ်ဖက်အဖိုးအဖွားများရောက်လာကြပြီး ဖျန်ဖြေပေးမှ သာလျှင် ပြန်လည်သင့်မြတ်ကြလေသည်။

မောင်သက်နိုင်အတွက် မိခင်ဖြစ်သူသည် သူ၏ကမ္ဘာကြီးပင် ဖြစ်လေသည်။ မိခင်မျက်နှာ သာလျှင် သာသလို၊ နွမ်းလျှင် နွမ်းသလို နေတတ်သောအကျင့်လည်း ရလာလေသည်။ မိခင်ဖြစ်သူ ဒေါထနေသောအခါများတွင် နေစရာမရှိတော့ပေ။ နဂိုကတည်းက ဖခင်၏ချစ်ခြင်းမေတ္တာမရခဲ့သော မောင်သက်နိုင်သည် မိခင်ကပါ မျက်နှာသာမပေးသောအခါတွင်မူ ချောင် တချောင်မှာ ကျိတ်မှိတ်၍ ငိုကြွေးနေရရှာလေသည်။

 (၂)
''တူနှစ်ဖြာ ××× ရွှေဂဟေဆက်ဖို့ ××× သွေမပျက်တဲ့ မေတ္တာ ××× ရေစက်နဲ့ရှေးအလာ ××× '' မောင်မြင့်လွင်သည် သူ၏ မင်္ဂလာပွဲအခမ်းအနားတွင် မိခင်နှင့်ဖခင်တို့၏ အိမ်ထောင်ရေးအနေအထားများကို ပြန်လည်မြင်ယောင်နေရင်း ချွေးပြန်နေမိသည်။ မိမိ၏အိမ်ထောင်ရေးက အလားတူဖြစ်မည်လား ကြောက်မိသည်။ ရတက်မအေးဖြစ်မိသည်။ ထို့ကြောင့် သတို့သား အသစ်စက်စက်ဘဝကတည်းက ''ငါ ဘယ်တော့မှ ဇနီးကိုအနိုင်မယူဘူး၊ လက်နဲ့ရိုက်ပုတ်ဖို့ ဝေးလို့ ပါးစပ်နဲ့တောင် မအော်ဘူး မငေါက်ဘူး၊ သူ့အဖေသား သူ့အဖေလိုပဲလို့ ပတ်ဝန်းကျင်ကကဲ့ရဲ့ကြမှာကို သည်းမခံနိုင်၊ အဖေနဲ့မတူစေရ အဖေနေသလို မနေ'' ဟု သန္နိဋ္ဌါန်ချလိုက်လေသည်။

အမှန်တကယ်ပင် ဤအတိုင်း ကြိုးစား၍ ကျင့်ကြံနေထိုင်လေသည်။ ဇနီးသည်ကို အလိုလိုက် အကြိုက်ဆောင်၍ ကြင်နာ ယုယရှာလေသည်။ ကံဆိုးသည်က ဇနီးချောလေးသည် မောင်မြင့်လွင်၏ဖခင်ကို မကြည်ဖြူ။ ထို့ကြောင့် မိခင်ကိုပါ ငြူစူလေ သည်။ ယခုအချိန်တွင် ဖခင်ကြီးမှာ အသက်အရွယ်ရလာသည့်အပြင် ကျန်းမာရေးယိုယွင်းလာသောကြောင့် အရက်ဖြတ် လိုက်ပြီး မောင်မြင့်လွင်၏မိခင်နှင့်သာ ပေါင်းသင်းနေထိုင်လေသည်။ ငယ်စဉ်ကတည်းက မိခင်ကို လုပ်ကျွေးပြုစုချင်ခဲ့သော မောင်မြင့်လွင်သည် အိုးအိမ်မခွဲဘဲ မိဘတို့နှင့်အတူ နေထိုင်မည်ဟု ရည်မှန်းထားသော်လည်း သူ့ဇနီးက မနေချင်ပေ။ သမီး ယောက္ခမချင်းလည်း မကြာခဏ စကားများကြ ရန်ဖြစ်ကြလေသည်။

မိခင်အပေါ် ကြင်နာသနားပိုခဲ့သူ မောင်မြင့်လွင်သည် ဇနီးချောက မိခင်အား ကက်ကက်လန်အောင် ရန်တွေ့နေသည်ကို မြင်ရသောအခါ အသည်းက ဆတ်ဆတ်ခါအောင်နာ၍ ဒေါသအမျက် ချောင်းချောင်းထွက်လေသည်။ ဇနီးကို စိတ်ရှိလက်ရှိ ထုရိုက်ပစ်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာလေသည်။ သို့သော် မိမိငယ်စဉ် ဖခင်ကြီးက မိခင်ကိုနှိပ်စက်ခဲ့သော မြင် ကွင်းများကို ပြန်လည်မြင်ယောင်လာသည်။ မိမိသည် ဖခင်ကြီးကဲ့သို့ မဖြစ်ချင်သလို ဇနီးသည်ကိုလည်း မိခင်ကြီးကဲ့သို့ မခံ စားစေလိုပါ။ မိမိသားသမီးများကိုလည်း မိမိငယ်စဉ်က စိတ်ဒဏ်ရာရခဲ့သလို မရစေချင်ပါ။ ထို့ကြောင့် ဇနီးအလိုကျ အိမ်ခွဲ နေခဲ့သည်။ ဖခင်ကြီး စွဲလန်းနှစ်ခြိုက်စွာ သောက်သုံးခဲ့သော အရက်ကိုလည်း စိတ်ထဲမှ အလိုလိုမုန်းမိကာ ရာသက်ပန် ရှောင်ကြဉ်လေသည်။ အလုပ်ကြိုးစားသည်။ သူရင်းငှားဘဝမှ လယ်ပိုင်ယာပိုင်ဘဝ ရောက်လာသည်။ သားသမီးများကို တတ်စွမ်းသမျှ စောင့်ရှောက်သည်။ အိမ်ခွဲပြီးချိန်မှ ယခု ဦးမြင့်လွင်ဘဝရောက်သည်အထိ မိဘတို့အပေါ်မှာလည်း ဝတ္တရား မပျက်ခဲ့ပေ။ ယခင်က မိခင်ဖခင်တို့အား ငြူစူခဲ့သော ဇနီးသည်ကိုလည်း အမျိုးမျိုးဖျောင်းဖျ စည်းရုံးကာ မိခင်ဖခင်တို့ လို လေသေးမရှိစေရန် အဝေးမှနေ၍ ဖြည့်ဆည်းပေးနေခဲ့လေသည်။
★ ★ ★

မြို့ပေါ်နေအရာရှိကြီး၏သား မောင်သက်နိုင်မှာ အရွယ်ရောက်လာကတည်းက အရက်ကိုကြိုက်တတ်လာလေသည်။ အစ တွင် မိခင်ဖြစ်သူက အမျိုးမျိုးတားဆီးနေ၍ ပုန်းလျှုးကွယ်လျိုးသောက်နေသော်လည်း မိမိကိုယ်တိုင် အရာရှိဖြစ်လာသောအခါ ပြောင်ပြောင်တင်းတင်းပင် သောက်လေတော့သည်။ မိခင်ခမျာလည်း အလုပ်ကို အကြောင်းပြလာသော မောင်သက်နိုင်ကို မတားဆီးသာတော့ပေ။

အိမ်ထောင်ပြုချိန်တွင်လည်း အရာရှိသူဌေးကြီး၏သား အရာရှိကလေးဖြစ်သောကြောင့် မြို့နေလူ တန်း စား များကြားတွင် '' ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်'' ဖြစ်နေလေသည်။ မိမိစိတ်ကြိုက် အမျိုးသမီးတစ်ယောက်ကို သေချာရွေးချယ်၍ လက် ထပ်ခဲ့သည်။ သို့သော်လည်း လူပျိုဘဝက အပျော်အပါးနှင့် အသောက်အစားများကို မစွန့်လွှတ်နိုင်။ အလုပ်ပင်ပန်းမှုများ၊ စိတ်ဖိစီးမှုများကို အကြောင်းပြကာ ကေတီဗီများ၊ အနှိပ်ခန်းများသို့ ပုံမှန်ချီတက်လေသည်။ သားနှင့်သမီး၏ ပညာရေးကို လည်း ဇနီး၏တာဝန်ဟုသဘောထားပြီး မိမိမှာ ပိုက်ဆံရှာပေးရုံဖြင့် တာဝန်ကျေရုံမက ပိုလျှံ၍ပင်နေသည်ဟု ယူဆလေသည်။ ဖခင်လက်ထက်တုန်းက မိခင်နှင့် ရန်ဖြစ်ကြလျှင် အိုးခွက်ပန်းကန်များကို ရိုက်ခွဲခဲ့ပြီး ယခု မောင်သက်နိုင်လက်ထက်တွင် ဇနီးနှင့်ရန်ဖြစ်ကြလျှင် လက်ရှိကိုင်နေသော နောက်ဆုံးပေါ်လက်ကိုင်ဖုန်းကို ပေါက်ခွဲ၍ ဒေါသကိုပြလေသည်။ မယားအငယ် အနှောင်းများကိုလည်း တစ်ယောက်ပြီးတစ်ယောက်ယူနေရာ လက်ရှိမိန်းကလေးသည် ဘယ်နှယောက်မြောက်မှန်းပင် မသိတော့ပေ။

အရာရှိကြီးဦးသက်နိုင်ဖြစ်သည်အထိ တနေ့ တနေ့ အလုပ်သွားလိုက်၊ ပျော်ပါးလိုက်၊ အိမ်ပြန်ရောက်လာလျှင် ဆူပူပေါက်ကွဲ လိုက်နှင့် သားသမီးဇနီးတို့အား အချိန်မပေးနိုင်လောက်အောင် အလုပ်ရှုပ်ရှာလေသည်။ မိခင်ကြီးက ...

''မြေးလေးတွေ မျက်နှာကြည့်ပါဦး သားကြီး၊ သူတို့အရှက်ရစေမယ့်ကိစ္စမျိုးတွေ မလုပ်ပါနဲ့။ သူတို့ကို ချစ်ချစ်ခင်ခင်လေး ဆက် ဆံပေးပါကွယ်' ဟု မကြာမကြာ ဖျောင်းဖျတတ်လေရာ အရာရှိကြီး ဦးသက်နိုင်က

''သူတို့ ဘာပူစရာလိုလဲအမေ၊ သူတို့ကို အကောင်းဆုံးကျောင်းမှာ ထားပေးတယ်၊ အတော်ဆုံးဂိုက်ဆရာမတွေ ခေါ်ပေး တယ်။ သူတို့ဝတ်နေတဲ့ အဝတ်အစား၊ သူတို့သုံးနေသမျှပစ္စည်းတိုင်းဟာ အကောင်းစားတွေချည်းပဲအမေ၊ ဘယ်မိဘက ကျွန်တော့်လောက် ဖြည့်ဆည်းပေးနိုင်လို့လဲ'' ဟူ၍သာ ပြန်လည်ချေပပြောဆိုတတ်လေသတည်း။

 မြဇင်ယော်

Comments