ကျော်နိုင် - အာရ်အိုင်တီ၊ ရွှေရတု၊ သြဘာလမ်းနဲ့ မျိုးဆက်သစ်တို့လျောက်သောလမ်း



ကျော်နိုင် - အာရ်အိုင်တီ၊ ရွှေရတု၊ သြဘာလမ်းနဲ့ မျိုးဆက်သစ်တို့လျောက်သောလမ်း
(မိုးမခ) မတ် ၃၊ ၂၀၁၉ 
(သူ့ဖေ့စ်ဘွတ်ကနေ ယူပါတယ်)

ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖေါ်နိုင်ဘို့အတွက် အိပ်မက်တွေမက်ရဲဘို့ အရင်ဆုံး လိုအပ်ပါတယ်။

၁၉၈၂ ခုနှစ် ဒီဇင်္ဘာလ (၁၃) ရက်နေ့မှာ ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ကို ပထမနှစ် မောင်သစ်လွင်ကျောင်းသားအဖြစ် ရောက်လာခဲ့တဲ့နေ့မှာဘဲ သြဘာလမ်းနဲ့ သြဘာလက်ခုပ်သံတွေကို မိတ်ဆက်သိရှိခဲ့ရပါတယ်။ ရိုးရိုးရှင်းရှင်းလေးပါ။ Building 1 လို့သတ်မှတ်ထားတဲ့ ပင်မဆောင်ကြီးနဲ့ Building 2 တို့အကြား ဆက်သွယ်ထားတဲ့ လမ်းလေးကို တစ်စုံတစ်ယောက် (ကျောင်းသား၊ ကျောင်းသူတွေပေါ့လေ) ဖြတ်လျှောက်တိုင်း လက်ခုပ်သြဘာပေးပြီး ဝိုင်းဝန်းအားပေးကြတာပါ။


ကျောင်းသားသစ်တစ်ဦးအနေနဲ့ အဲ့ဒီအတွေ့အကြုံဟာ ထူးဆန်းသလိုဖြစ်နေပေမယ့် ရက်ပိုင်းအတွင်းမှာဘဲ သြဘာလမ်းယဉ်ကျေးမှုနဲ့ အသားကျသွားခဲ့ပါတယ်။ ဆိုလိုတာက ကိုယ်တိုင်ပါဝင်ပြီး လက်ခုပ်သြဘာပေးတတ်လာခဲ့တာပါ။

အဲ့ဒီလမ်းလေး ဖြတ်လျှောက်သူတွေကို ဘာကြောင့် လက်ခုပ်သြဘာ ဝိုင်းပေးကြသလည်းလို့ စုံစမ်းကြည့်လိုက်တော့ RIT (BIT) ရဲ့အစောပိုင်းနှစ်တွေမှာ ဘွဲ့နှင်းသဘင်ကို ကျောင်းမှာဘဲလုပ်တယ်လို့ သိရပါတယ်။ ဘွဲ့ချီးမြှင့်ခံရမယ့်သူတွေဟာ Building 2 ဘက်ကနေ Building 1 ကို သြဘာလမ်းအတိုင်း ဖြတ်လျှောက်လာကြရမှာ Building 1 အထပ် (၃) ထပ်ရဲ့ ကော်ရီဒါ ပတ်ပတ်လည်မှာရှိနေကြတဲ့ ပရိသတ်က ဂုဏ်ပြုလက်ခုပ်သြဘာ ဝိုင်းပေးကြတဲ့ အစဉ်အလာကနေ အစပြုလာခဲ့တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ RIT စတက်တဲ့အချိန်မှာတော့ စက်မှုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ် (ယခု ရန်ကုန်တက္ကသိုလ်) မှာရှိတဲ့ ဘွဲ့နှင်းသဘင်ခန်းမမှာ ပြုလုပ်နေပါပြီ။

စက်မှုတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားတွေကို ဘယ်နှစ်ကစပြီး ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပပြုလုပ်တယ်ဆိုတာ သေသေချာချာမသိပေမယ့် ဦးသန့်အရေးအခင်းပြီးနောက် ၁၉၇၆ ခုနှစ်၊ ဒီဇင်္ဘာလမှာ ကျင်းပတဲ့ (၁၁) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကိုတော့ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပတယ်ဆိုတာကို သိရပါတယ်။


သြဘာလမ်းရဲ့ လက်ခုပ်သံတွေအကြောင်း လေ့လာသိရှိခဲ့ပြီးနောက်မှာတော့ ငါတို့တွေဘွဲ့ယူရင်လည်း ဟိုးအရင်တုန်းကလို ကိုယ့်ကျောင်းထဲမှာဘဲ သြဘာလမ်းကို ဖြတ်လျှောက်ပြီးယူရရင် ကောင်းမှာဘဲဆိုတဲ့အတွေး ရံဖန်ရံခါ ဝင်လာတတ်ပေမယ့် အဲ့ဒီကိစ္စကို အလေးတယူ မစဉ်းစားခဲ့မိပါဘူး။ တနည်းအားဖြင့် အဲ့ဒီအိပ်မက်ကို သေသေချာချာ စူးစူးစိုက်စိုက် မမက်ခဲ့မိဘူးလို့ ဆိုရပါမယ်။

ကျွန်တော်တို့ မမက်ရဲခဲ့တဲ့ အိပ်မက်ကို မျိုးဆက်သစ်တွေက မက်ရဲခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ (၆) နှစ်က ရန်ကုန်နည်းပညာတက္ကသိုလ်ကို မောင်မယ်သစ်လွင်တွေအဖြစ် ရောက်ရှိခဲ့ကြတဲ့ မျိုးဆက်သစ်တွေဟာ သြဘာလမ်းရဲ့သမိုင်းကို ပြန်လည်အသက်သွင်းဘို့ အိပ်မက်ခဲ့ကြပါတယ်။ သူတို့နဲ့အတူ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ (YTUSU) ကလည်း အဲ့ဒီအိပ်မက်ကို ရဲရဲဝံ့ဝံ့ မက်ခဲ့ကြပါတယ်။


မျိုးဆက်သစ်ကျောင်းသားတွေဟာ သူတို့ရဲ့အိပ်မက်ကို အကောင်အထည်ဖေါ်ဘို့လည်း မဆုပ်မနစ်သောဇွဲလုံ့လတွေနဲ့ ကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။ သူတို့အားထုတ်မှုရဲ့ ရလာဒ်အဖြစ် ဒီကနေ့ (၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်) မှာတော့ ရန်ကုန်နည်းပညာတက္ကသိုလ်ရဲ့ အကြိမ် (၅၀) မြောက် ရွှေရတု ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျောင်းရဲ့ စုဝေးခန်းမမှာ ကျင်းပပြီး သြဘာလမ်းသမိုင်းကို ပြန်လည် ဆန်းသစ်စေခဲ့ပါတယ်။ အသတ်ခံရလို့ သေဆုံးခြောက်သွေ့ခဲ့ရတဲ့ သြဘာလမ်းကို ပြန်လည် အသက်သွင်းခဲ့ကြပါတယ်။

ကျောင်းသားတွေရဲ့အိပ်မက်ကို အကောင်အထည်ဖေါ်နိုင်ဘို့အတွက် ပါမောက္ခချုပ်အမှူးပြုတဲ့ ကျောင်းအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေရဲ့ နားလည်မှုနဲ့ ကူညီပံ့ပိုးမှုတွေဟာ အရေးပါတဲ့အခန်းက ပါဝင်ခဲ့တယ်ဆိုတာကိုလည်း ကျွန်တော်တို့ ကျေးဇူးတင် လေးစားစွာ အသိအမှတ်ပြုပါတယ်။


အဓိကအားဖြင့်တော့ အိပ်မက်မက်ရဲပြီး မက်တဲ့အိပ်မက်ကို အကောင်အထည်လည်းဖေါ်နိုင်တဲ့ မျိုးဆက်သစ်ကျောင်းသားတွေရဲ့ ရဲရင့်ခိုင်မာတဲ့ စိတ်ဓါတ်ကို အထူးတလည် ဂုဏ်ပြုမှတ်တမ်းတင်လိုက်ပါတယ်။

Comments