မောင်စွမ်းရည် - ပြည်သူတို့ရဲ့ တော်လှန်ရေးနေ့ ပြန်ပေးလော့


မောင်စွမ်းရည် - ပြည်သူတို့ရဲ့ တော်လှန်ရေးနေ့ ပြန်ပေးလော့
(မိုးမခ) မတ် ၅၊ ၂၀၁၉

ဖက်ဆစ်ဂျပန်တွေကို ဗမာပြည်က တော်လှန်ခဲ့တာဟာ ပြည်သူတရပ်လုံးရဲ့ တော်လှန်ရေးပါ။ တပ်မတော်တခုတည်းရဲ့ တော်လှန်ရေး မဟုတ်ပါ။ တော်လှန်ရေးနေ့ဆိုတာ လွတ်လပ်ရေးနေ့ရဲ့ ရှေ့ပြေးဖြစ်လို့ အရေးကြီးတဲ့ နေ့တနေ့လဲ ဖြစ်ပါတယ်။ ပြည်သူတို့ရဲ့ တော်လှန်ရေးနေ့ကို စစ်အစိုးရက ဖျောက်ဖျက်ပြီး စစ်တပ်ရဲ့ တဦးတည်းမူပိုင်လုပ်ခဲ့ပါတယ်။ 'တပ်မတော်နေ့' တဲ့။

တပ်မတော်ဆိုတာ ဗိုလ်ချူပ်အောင်ဆန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဗမာလူမျိုး မျက်စိကုဆရာဝန်ကြီး ဦးလွန်းဖေရဲ့ အိမ်မှာ စခန်းထောက်ရင်း Burma Independence Army (BIA) ကို စတင်ဖွဲ့စည်းခဲ့တာဖြစ်လို့ ဖြစ်ခြင်းဖြစ်ရင် အဲဒီနေ့သာ တပ်မတော်နေ့ရယ်လို့ ဖြစ်သင့်ပါတယ်။ ၁၉၄၁ ဒီဇင်ဘာ ၂၆ ပေါ့။

ဗိုလ်နေ၀င်းက သူတို့အာဏာသိမ်းပြီးချိန်မှာ နိုင်ငံတကာရဲ့ ထောက်ခံမှုမရလို့ လွတ်လပ်ပြီး ဂျပန်ကို တွယ်ဖက်နေရပါတယ်။ ဒါကြောင့် ဂျပန်ကို ဖက်ဆစ်အဖြစ် တော်လှန်ခဲ့တဲ့ရက်ဖြစ်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကို သမိုင်းထဲက ဖျောက်ဖျက်ပေးချင်ပါတယ်။ ဒါ့အပြင်လဲ တော်လှန်ရေးနေ့ကို စစ်တပ်တဦးတည်းပိုင် လုပ်ချင်ပါတယ်။ ပြည်သူတွေရဲ့ ညီညွတ်တဲ့ တော်လှန်ရေးသမိုင်းကို မြန်မာ့သမိုင်းထဲက ဖျောက်ဖျက်ပစ်ပြီး ပြည်သူ့တော်လှန်ရေးစိတ်ဓာတ်ကို မှုန်ဝါးမှေးမှိန် သွားစေချင်ပါတယ်။ ဒါပေမယ့် သူတို့ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကိုတော့ "တောင်သူလယ်သမားနေ့" အဖြစ် သတ်မှတ်ပေးခဲ့တာဟာ ဘာမှ မဆိုင်ပါ။ ဆရာစံသူပုန်ဆိုတဲ့ လယ်သမားတွေရဲ့ ပုန်ကန်မှုကိုလည်း မှေးမှိန်ထားခဲ့ခြင်းအားဖြင့် တော်လှန်ရေးဟူသမျှကို တတ်နိုင်သမျှ မှုန်ဝါးပစ်ချင်တဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်တခုလည်း ပါရှိခဲ့ပါတယ်။

ဖက်ဆစ်တော်လှန်ရေးဆိုတာ ဘာလဲ။ တချိန်က ဂျပန်ဖက်ဆစ်အကြမ်းဖက် နယ်ချဲ့ဝါဒီတွေဟာ ဗမာပြည်ကို ၀င်ရောက်သိမ်းပိုက်ပြီး ဗမာစီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အားလုံးကို ဖိနှိပ် ၀ါးမျို နင်းခြေခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်ချူပ်အောင်ဆန်းကိုယ်တိုင် ဦးစီးပြီး သူပြည်ပမသွားခင် သူကိုယ်တိုင် တည်ထာင် ဖွဲ့စည်းခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်ပြီး ဖက်ဆစ်တော်လှန်ရေးအတွက် ပဲခူးရှိ ဗိုလ်ကျော်ဇောရဲ့ အိမ်မှာ တွေ့ဆုံ တိုင်ပင် ဆွေးနွေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက စစ်ရေးတာဝန်ခံ၊ သခင်စိုးက နိုင်ငံရေးတာဝန်ခံ၊ သခင်သန်းထွန်းက နိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံ၊ သခင်သိန်းဖေက အိန္ဒိယပြည်မှာ မဟာမိတ်တပ်တွေနဲ့ ဆက်သွယ်ပြီး ဗမာလူငယ်တွေကို စစ်သင်တန်းပေးရန် တာဝန်ခံ၊ သခင်ဗဟိန်းက ပြောက်ကျားစစ်တာဝန်ခံ စတဲ့ တာဝန်တွေ ခွဲဝေယူပြီး တိုင်း ၇ တိုင်း ခွဲဝေ တာဝန်ယူစေတဲ့အခါမှ ရဲဘော်သုံးကျိတ်ဝင်တွေက တိုင်းအသီးသီးမှာ ဖြန့်ပြီး ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီတော့မှ ဗိုလ်နေ၀င်းက သခင်စိုးနဲ့ တွဲပြီး မြစ်ဝကျွန်းပေါ် တိုင်း ၂ မှာ စစ်ရေးတာဝန်ခံ အဖြစ်နဲ့ ဖက်ဆစ်တော်လှန်ရေးမှာ ကိုယ်ထိလက်ရောက် ပါဝင်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် သူက နိုင်ငံရေးသမိုင်းတွေ နိုင်ငံရေးဝေါဟာရတွေကို မှုန်ဝါးပစ်လိုက်တာ ဖြစ်ပါတယ်။

တပ်မတော်ကို ခေတ်သစ်လက်နက်ကိုင် အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့တဲ့သမိုင်းဟာလဲ အရေးကြီးပါတယ်။ ဒါကြောင့် တပ်မတော်နေ့ကို သတ်မှတ်ဖို့ လိုပါတယ်။ ဒါပေမယ့် တပြည်လုံးရဲ့ တော်လှန်ရေးနေ့နဲ့ ဆိုင်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ကိုတော့ မြန်မာသမိုင်းထဲက ပယ်ဖျက်မပစ်သင့်ပါ။ ပြည်သူဆိုတာ တပ်မတော်ရဲ့ အထက်ကပါ။ တပ်မတော်ကိုလဲ ပြည်သူက မွေးခဲ့၊ ပြည်သူက ကျွေးထားတာပါ။ ဒါကြောင့် ...

(၁) ပြည်သူတို့ရဲ့ တော်လှန်ရေးနေ့ ပြန်ပေးပါ။
(၂) တပ်မတော် စတင်ဖွဲ့စည်းတဲ့နေ့ကိုပဲ တပ်မတော်နေ့လို့ သတ်မှတ်ပါ။
(၃) တောင်သူလယ်သမားနေ့ကိုလည်း စစ်တပ်အာဏာသိမ်းတဲ့နေ့ မဟုတ်တဲ့နေ့ကို ပြန်ပြင်ပေးပါလို့
ပန်ကြားပါရစေ။

မောင်စွမ်းရည်
မတ် ၃၊ ၂၀၁၉
နယူးယောက်

Comments